Home ဆောင်းပါး ပထမဆုံးအမျိုးသမီးအမတ်ကိုစောင့်နေတဲ့ ပြည်နယ်လွှတ်တော်နှစ်ခု

ပထမဆုံးအမျိုးသမီးအမတ်ကိုစောင့်နေတဲ့ ပြည်နယ်လွှတ်တော်နှစ်ခု

သက်ပိုင်ထွန်း။ ။

၂၀၁၅ ရွေးကောက်ပွဲဟာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ နှိုင်းယှဉ်ရင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေအတွက် အခွင့်အလမ်းပိုများတယ်လို့ဆိုနိုင်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲတုန်းက ပြည်ထောင်စုအဆင့်နဲ့ ပြည်နယ်နဲ့တိုင်းလွှတ်တော်တွေမှာ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် ၄၄ ဦးသာ အနိုင်ရခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာတော့ ပြည်ထောင်စုနဲ့ ပြည်နယ်တိုင်း လွှတ်တော်တွေကို ဝင်ပြိုင်ရတဲ့ နေရာ ၁၁၅၀ မှာ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသမီး ကိုယ်စားလှယ် အရေအတွက်ဟာ ၂၀၁၀ထက် သုံးဆခွဲလောက် တိုးလာခဲ့ပြီး ၁၅၁ ယောက်အထိ ရှိလာခဲ့ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံက လွှတ်တော်တွေထဲမှာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေ မရောက်သေးတဲ့ လွှတ်တော် နှစ်ခု ကျန်နေပါသေးတယ်။ ရွေးကောက်ပွဲ ကျင်းပလိုက်တိုင်း ချင်းနဲ့ ကယားပြည်နယ် လွှတ်တော်တွေမှာ အနိုင်ရခဲ့တာကတော့ အမျိုးသားတွေသာဖြစ်ခဲ့ပါတယ်။

အကယ်၍များသာ ၂၀၂၀ ရွေးကောက်ပွဲမှာ ချင်း (သို့မဟုတ်) ကယား ပြည်နယ်လွှတ်တော်နေရာ တစ်ခုခုမှာ အမျိုးသမီးတစ်ယောက် အနိုင်ရခဲ့မယ်ဆိုရင် ဒါဟာ အဲဒီပြည်နယ်လွှတ်တော်တွေအတွက် သမိုင်းတလျှောက် ပထမဆုံးသော အမျိုးသမီးကိုယ်စားလှယ်ဖြစ်လာမှာဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ ချင်းပြည်နယ် လွှတ်တော်နေရာတွေအတွက် ကိုယ်စားလှယ်လောင်း (၆၃) ယောက်ဝင်ပြိုင်ခဲ့သလို ကယားပြည်နယ် လွှတ်တော်နေရာတွေအတွက် ကိုယ်စားလှယ်လောင်း (၃၁) ယောက်နဲ့ ဗမာတိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် တစ်ယောက် ရွေးကောက်ပွဲ ဝင်ခဲ့ကြပါတယ်။

ဒါပေမယ့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် တစ်ယောက်မှ အနိုင်မရခဲ့ပါဘူး။

ဘာကြောင့်ပါလဲ။အဖြေကတော့ ရွေးကောက်ပွဲဝင်ခဲ့တဲ့ထဲမှာ အမျိုးသမီးတစ်ယောက်မှ မပါခဲ့တာကြောင့်ပါ။ လွှတ်တော်နှစ်ခုအတွက် ရွေးကောက်ပွဲဝင်ခဲ့ကြတဲ့သူ (၉၅) ယောက်လုံးက အမျိုးသားတွေချည်းပါဘဲ။

နောက်ထပ် ငါးနှစ်အကြာ ၂၀၁၅ မှာလုပ်တဲ့ ရွေးကောက်ပွဲမှာတော့ ပြည်နယ်နှစ်ခုစလုံးမှာ ရွေးကောက်ပွဲဝင်ကြဖို့ အမျိုးသမီးတွေဟာ ကြိုးစားလာခဲ့ကြပါတယ်။

ဟားခါးမြို့မှာ တည်ဆောက်ထားတဲ့ လွှတ်တော် အဆောက်အအုံ အသစ်ထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ဖို့ အတွက် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေဟာ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ကြ ပါတယ်။

တောင်တန်းတွေထူတပ်တဲ့ မြန်မာနိုင်ငံအနောက်ဘက်ပိုင်းက ချင်းပြည်နယ်မှာ နေထိုင်ကြတဲ့ လူဦးရေ ငါးသိန်းနီးပါးထဲက တစ်ဝက်ကျော်က အမျိုးသမီးတွေပါ။ ဒါပေမယ့် ပြည်နယ်လွှတ်တော်ထဲရောက်ဖို့ ၂၀၁၅ ရွေးကောက်ပွဲ ဝင်ပြိုင်ကြတဲ့ အမတ်လောင်း (၉၅) ယောက် မှာ အမျိုးသားတွေက (၉၃) ရာခိုင်နှုန်း အထိ ရှိခဲ့ပြီး အမျိုးသမီးအနည်းငယ်သာပါဝင်ခဲ့ပါတယ်။

အဲဒီတုန်းက ချင်းဒီမိုကရေစီအဖွဲ့ချုပ် ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ တို့ကတစ်ဦးစီနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ က နှစ်ဦး စုစုပေါင်း အမျိုးသမီးကိုယ်စားလှယ်လောင်း ခုနှစ်ဦးအထိ ဝင်ပြိုင်ခဲ့ကြပါတယ်။

ဒါပေမယ့် တစ်ယောက်မှ ချင်းပြည်နယ်လွှတ်တော်ထဲ ရောက်မလာခဲ့ကြပါဘူး။

Photo: Chin State Parliament’s Facebook

မြန်မာနိုင်ငံ အရှေ့ပိုင်းကမှာရှိတဲ့ ကယားပြည်နယ်မှာ လူဦးရေ သုံးသိန်းနီးပါးနေထိုင်ပြီး အဲဒီထဲကတစ်ဝက်ဟာ အမျိုးသမီးတွေဖြစ်ပါတယ်။ဒါပေမယ့် ပြည်နယ်တွင်းက အမျိုးသမီး ၁၅၀,၀၀၀ လောက်ထဲက တစ်ဦးတစ်ယောက်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် မဖြစ်ခဲ့ဘူးပါဘူး။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လုပ်တဲ့ ရွေးကောက်ပွဲတိုင်းမှာ ကယားပြည်နယ်လွှတ်တော်အတွက် အနိုင်ရတဲ့ ကိုယ်စားလှယ်က အမျိုးသားတွေချည်းပါဘဲ။

၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော် နေရာတွေအတွက် ဝင်ပြိုင်မယ့်အမျိုးသမီး တစ်ယောက်တောင် မရှိခဲ့သလို ၂၀၁၅ ရွေးကောက်ပွဲတုန်းကလဲ ဝင်ပြိုင်တဲ့သူ (၁၀၆) ယောက် မှာ အမျိုးသမီးက ငါးရာခိုင်နှုန်း လောက်သာရှိပြီး လူဦးရေအားဖြင့် အမျိုးသမီး ခြောက်ယောက် သာ ရှိခဲ့ပါတယ်။ ဒီတစ်ကြိမ်လည်း အမျိုးသမီး တစ်ယောက်မှအနိုင်မရခဲ့ပြန်ပါဘူး။

ကယားပြည်နယ်မှာ အမျိုးသမီးနိုင်ငံရေးသမားတွေနည်းသွားတာဟာ စစ်အစိုးရကာလတလျှောက် ပြင်းပြင်းထန်ထန် ဖိနှိပ်ခဲ့တာနဲ့ ဆက်စပ်နိုင်တယ်လို့ လွိုင်ကော်အခြေစိုက် ဝါရင့်နိုင်ငံရေးသမားကြီး ဒေါက်တာခင်စည်သူက သုံးသပ်ပါတယ်။

စစ်အစိုးရလက်ထက်မှာ ကယားပြည်နယ်ဟာ တနိုင်ငံလုံးမှာ ကြက်ဆူပင်အများဆုံးစိုက်နိုင်တဲ့ ပြည်နယ်အဖြစ် မှတ်တမ်းဝင်ခဲ့တာက နိုင်ငံရေးမှာဖိနှိပ်မှုဘယ်လောက်ကြီးခဲ့တယ်ဆိုတာကို ပြသရာရောက်တယ်လို့ NLD ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လဲဖြစ်တဲ့ သူကဆိုပါတယ်။

“(ကြက်ဆူပင်အများဆုံးစိုက်ခဲ့ကြရတယ်ဆိုတဲ့) အဓိပ္ပါယ်ကဘာလဲဆိုတော့ဖိနှိပ်မှုအများဆုံးပြည်နယ်ပေါ့။ အကြောက်တရားအများဆုံးပြည်နယ်ပေါ့။ ဒီအကြောင်းကြောင့်လည်းအမျိုးသမီးနည်းသွားတာဖြစ်နိုင်တယ်” လို့ ၁၉၈၈ အရေးအခင်းမှာပါခဲ့တာကြောင့် လွိုင်ကော်ဆေးရုံကအစိုးရဝန်ထမ်း ဆရာဝန်အဖြစ်ကနေ အနားပေးခံခဲ့ရတဲ့ ဒေါက်တာခင်စည်သူကဆိုပါတယ်။

Photo: Kayah State Hluttaw’s Facebook

၂၀၂၀ ရွေးကောက်ပွဲမှာတော့ တိုင်းရင်းသားပါတီတချို့ဟာ အမျိုးသမီးတွေကို ပိုပြီးနေရာပေးဖို့အတွက် ကြိုးစားလာကြသလို အမျိုးသမီးတွေကလည်းရှေ့တန်းရောက်လာကြပါတယ်။

ရှမ်း နဲ့ ကယား နှစ်ပြည်နယ်မှာရွေးကောက်ပွဲဝင်မယ့် ကယန်းအမျိုးသား ပါတီ က သူတို့ရဲ့ ကိုယ်စားလှယ်လောင်း ၁၀ ဦးမှာ ၅ ဦးက အမျိူးသမီးတွေဖြစ်ပါတယ်။

“အမျိုးသမီးတွေ ပါဝင်မှုက အရေးကြီးတယ်။ သူတို့ အချင်းချင်း စကားပြောတဲ့ နေရာ မှာ ပိုပြီးတော့ အလေးသာတယ်။ အကြောင်းအရာတွေကို ပိုသိတဲ့ အတွက် လူထုကို အကျိုးပြုမယ့် ကိစ္စတွေ၊ အရေးကြီးတဲ့ ကိစ္စ တွေနေရာမှာ ပိုပြီးထိရောက်တယ်” လို့ ပါတီဥက္ကဌ ဖြစ်သူ ခွန်းဘီထူးက ဆိုပါတယ်။

ခရစ္စတီးနား (ခ) မူဂလိုရီယာက မယ်စဲ့မြို့နယ်မှာ ကယန်းအမျိုးသားပါတီ ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်မှာ ပါ။

“၂၀၂၀ မှာတော့ဖြင့် တိုင်းရင်းသားတွေနဲ့ အမျိုးသမီးတွေရဲ့အရေးကို လှုပ်ခါစေနိုင်မယ့် အခြေအနေ တစ်ခုကို ကျမတို့ဖန်တီးချင်တယ်” လို့သူကဆိုပါတယ်။

အမျိုးသားတွေသာ ကြီးစိုးတဲ့ ပြည်နယ်လွှတ်တော်ထဲမှာ ပထမဆုံးအမျိုးသမီးပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာဖို့အရေးအတွက် သူ့ရဲ့ကြိုးပမ်းမှုက စိန်ခေါ်မှုတွေတော့ရှိနေဆဲပါ။

အမျိုးသမီးတွေဟာ အမျိုးသားများနောက်မှာဘဲရှိနေတယ်ဆိုတဲ့ ဓလေ့ထုံးတမ်းတွေ နဲ့ စီးပွားရေးအခြေအနေက အမျိုးသမီးတွေ နိုင်ငံရေးဇာတ်ခုံပေါ်ရောက်ဖို့ အဓိကစိန်ခေါ်မှုတွေဖြစ်တယ်လို့ သူကထောက်ပြပါတယ်။

ရွေးကောက်ပွဲအနိုင်ရပြီး လွှတ်တော်ထဲ အမျိုးသမီးတွေ ဟန်အရရောက်သွားတာမျိုးမဟုတ်ဘဲ အမှန်တကယ် ထိရောက်တဲ့ ဆုံးဖြတ်ချက်တွေလုပ်နိုင်ဖို့ ရည်ရွယ်တယ်လို့လည်း သူကဆိုပါတယ်။

Photo: ကယန်းအမျိုးသားပါတီ ကိုယ်စားလှယ်လောင်း ခရစ္စတီးနား (ခ) မူဂလိုရီယာ

၂၀၂၀ ရွေးကောက်ပွဲမှာတော့ ကယားပြည်နယ်လွှတ်တော်နေရာအတွက် ဝင်ပြိုင်မယ့် အမျိုးသမီး အရေအတွက်က အရင်နှစ်တွေထက်တိုးလာပါတယ်။ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က (၃) ဦး၊ အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) က (၃) ဦး၊ တိုင်းရင်းသားပါတီတွေဖြစ်ကြတဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက (၂) ဦးနဲ့ ကယန်းအမျိုးသားပါတီက (၁) ဦးစီ စာရင်းပေးထားပါတယ်။

ချင်းပြည်နယ်မှာကတော့ ကယားပြည်နယ်လို သိသာတဲ့တိုးတက်မှုမတွေ့ရသေးပါဘူး။

ချင်းပြည်နယ်လွှတ်တော်အမတ်နေရာလွတ် ၁၈ နေရာအတွက် NLD က အမျိုးသမီးအမတ်လောင်း (၁) ဦးပါဝင်ခဲ့ပေမယ့် အတိုက်အခံ USDP နဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လို တိုင်းရင်းသားပါတီတွေမှာကတော့ အမျိုးသမီးကိုယ်စားလှယ်လောင်း တစ်ယောက်မှမပါဝင်သေးပါဘူး။

စိန်ခေါ်မှုတွေကြားထဲကနေ ကယားပြည်နယ်အတွက် ပထမဆုံးအမျိုးသမီးပြည်နယ်အမတ်ဖြစ်ဖို့အတွက် ကယန်းအမျိုးသားပါတီက ခရစ္စတီးနား (ခ) မူဂလိုရီယာက ရွေးကောက်ပွဲဝင်ဖို့ အသင့်ဖြစ်နေပါပြီ။

နိုင်ငံရေးမှာ အမျိုးသမီးတွေ နေရာပိုရလာရေးအတွက် အမျိုးသမီးတွေကိုယ်တိုင်လုပ်ရမယ့်အရာတစ်ခုကို သူကအခုလို အကြံပြုပါသေးတယ်။

“သူများနေရာပေးတာဘဲထိုင်မစောင့်နဲ့။ သူများခင်းပြီးသားစားပွဲကိုဘဲထိုင်မစောင့်နဲ့”

Author:

Related Articles