Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဧပြီလ ၁ ရက်မှ ၇ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။

စစ်ရှောင်အမျိုးသမီး ၉၀၀ ကျော်အတွက် လစဉ်သုံးပစ္စည်း အရေးပေါ် လိုအပ်နေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်းနဲ့ ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းက စစ်ရှောင် အမျိုးသမီးတွေအတွက် လစဉ်သုံးပစ္စည်းတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီပေးနေတဲ့ အမျိုးသမီးတွေဆီက သိရပါတယ်။

မတ်လ ၂၂ ရက်ကစပြီး ဧပြီ ၃ ရက်နေ့ထိ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာ ၇ ရွာကျော်က အမျိုးသမီး ၉၀၀ ကျော်အပါ ဒေသခံထောင်ကျော် ရက်ရှည်စစ်ရှောင်နေရတဲ့အတွက် အမျိုးသမီးကျန်းမာရေးနဲ့ပတ်သက်ပြီးလိုအပ်ချက်တွေ ရှိလာတာဖြစ်တယ်။

“ကိုယ်ပါတဲ့ဟာကို တခြားအမျိုးသမီးလေးတွေ ရာသီလာတာတွေ့ရင် ထုတ်ပေးကြ၊ မျှသုံးကြရင်း ပါလာတဲ့အရေးပေါ် ပစ္စည်းလေးတွေက ကုန်ကြပြီ။ သွားဝယ်ဖို့ကလည်း ဝယ်စရာ ဆိုင်မရှိတာရယ် တော်တော်များများကလည်း လူချည်းပဲ ပြေးလာရတာဖြစ်တဲ့အတွက် ငွေကြေးမပါလာတော့ မဝယ်နိုင်ကြဘူး။” စစ်ရှောင်ကူညီပေးနေတဲ့ မအိသန္တာက ပြောပါ တယ်။

ဓမ္မတာလာချိန် ခန္ဓာကိုယ် ကိုက်ခဲနာကျင်မှုအတွက် စစ်ဘေးရှောင် ဆေးခန်းတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေဆီမှာ ဆေးဝါး တောင်းယူလို့ရပေမယ့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမှု ပြဿနာတွေကတော့ ကြုံနေရဆဲလို့ စစ်ရှောင်အမျိုးသမီး အချင်းချင်း ဖေးမပြီး နေနေကြရပါတယ်။

အမျိုးသမီး လစဉ်သုံးပစ္စည်း တထုပ်ကို အနည်းဆုံး ၁၀၀ဝ ကျပ်ကနေ စတင်ဝယ်ယူရပြီး စစ်ရှောင် အမျိုးသမီးတွေ အတွက် အများစာ ဝယ်ယူရတဲ့အခါ ငွေကြေးပိုင်း အခက်ခဲတွေလည်း ရှိတာဖြစ်တယ်။

စစ်ရှောင်စခန်းတခုမှာ အနည်းဆုံး အမျိုးသမီး လစဉ်သုံး အထုပ် ၁၀၀ ကျော် လိုအပ်ပြီး စစ်ရှောင်လူဦးရေပေါ်မူတည်ကာ လစဉ်သုံးအထုပ်ရေ ၃၀၀၊ ၅၀၀၊ ၁၀၀၀ စသဖြင့် လိုအပ်နေတာပါ။

ဒါ့အပြင် စစ်ဘေးရှောင် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် ဆေးဝါးတွေ လိုအပ်နေပြီး  ကိုယ်ဝန်ဆောင်၊ ကလေး သူငယ်နဲ့ အဖိုးအဖွားတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ အပြည့်အဝပေးနိုင်ဖို့ အကူညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Source – မြေလတ်အသံ

မတ်လအတွင်း မြေမြုပ်မိုင်းကြောင့် ဒေသခံ ၄ ဦးသေဆုံးပြီး အမျိုးသမီး ၈ ဦးထိခိုက်ဒဏ်ရာရ

ရှမ်းမြောက်မှာ မတ်လ တစ်လအတွင်း မြေမြှုပ်မိုင်းကြောင့် ဒေသခံအမျိုးသား ၄ ဦး သေဆုံးပြီး အမျိုးသမီး ၈ ဦး အပါ အဝင် ဒေသခံ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ 

ထိခိုက်ဒဏ်ရာရသူတွေထဲက အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၈ ဦးကတော့ ကွတ်ခိုင်မြို့နယ်ဖြစ်ပြီး နောက်ထပ် အမျိုးသား ၂ ဦးကတော့ နမ့်ခမ်းနဲ့ ဟိုပန်မြို့နယ် စံပြရွာက ဖြစ်ပါတယ်။

ရွှေဖီမြေက ပြုစုထားတဲ့ စာရင်းအရ ဇန်နဝါရီလကနေ မတ်လအထိ သုံးလအတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးသွားသူ ၄ ဦးနဲ့ ဒဏ်ရာရသူ ၃၀ ဦးအထိ ရှိခဲ့ပါတယ်။

Source – ရွှေဖီမြေ

CNA ရဲမေများအတွက်ဆိုင်ကယ် ၉ စီး နဲ့အမျိုးသမီးအသုံးအဆောင်ပစ္စည်းများ လှူဒါန်း

အမေရိကန်အခြေစိုက် Angel Group အမျိုးသမီးအဖွဲ့အစည်းက  CNA ရဲမေများအတွက် မော်တော်ဆိုင်ကယ် ၉ စီးနဲ့ အခြားအမျိုးသမီး အသုံးအဆောင်များလှူဒါန်းခဲ့တယ် လို့သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အနေနဲ့ Kenbo ၁၂၅ ဆိုင်ကယ် များလှူဒါန်းခဲ့ကာ ဧပြီ ၂ ရက်နေ့မှာ Scooter အမျိုအစား ဆိုင်ကယ် ၃ စီးထပ်မံလှူဒါန်းခဲ့တာကြောင့် Angel Group လှူဒါန်းတဲ့ ဆိုင်ကယ် ၉ စီးရှိတယ်လို့သိရပါတယ်။

Angel Group အဖွဲ့အစည်းက CNA ရဲမေများအတွက်အင်္ကျီ၊ ဖိနပ်၊ အဝတ်အထည်များ၊ အမျိုးသမီးတွေရဲ့တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းတွေ၊ အစားအစာတွေ၊ အတွင်းခံတွေနဲ့ လိမ်းဆေးတွေကို လှူဒါန်းခဲ့တာဖြစ်တယ်။

Angel Group ကို ၂၀၂၂ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တာဖြစ်ပြီး တိုင်းပြည်နဲ့ လူမျိုးများအတွက် တဖက်တလမ်း က ပါဝင် ချင်သူများအနေနဲ့ Angel Group ဆီကို လစဉ်အမေရိကန် ဒေါ်လာ 20$ လှူဒါန်းခြင်းအားဖြင့် ပါဝင်နိုင်ကြောင်း အသိ ပေးထားပါတယ်။

Source – Zalen

မြန်မာနိုင်ငံမှာကစားမယ့် အမျိုးသမီးဘောလုံးအသင်းခြေစမ်းပွဲ ဘင်္ဂလားဒေ့ရှ်ဘက်ကဖျက်သိမ်း

မြန်မာနိုင်ငံမှာ ကျင်းပမယ့် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် လက်ရွေးစင် အမျိုးသမီး အသင်းတွေရဲ့ ချစ်ကြည်ရေးခြေစမ်းပွဲကို ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့အကြံပြုချက်အရ ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။

FIFA Day အထိမ်းအမှတ်အဖြစ် ယှဉ်ပြိုင်ကစားဖို့ မူလက စီစဉ်ထားခဲ့တဲ့ ပွဲစဉ်ဟာ မြန်မာနိုင်ငံရဲ့ လက်ရှိမတည်ငြိမ်မှု ကြောင့် ဖျက်သိမ်းသင့်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက အကြံပြုခဲ့တာဖြစ်ပါတယ်။

အစောပိုင်းတုန်းကတော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသမီး လက်ရွေးစင် အသင်းတွေရဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲ တွေကို ဧပြီ ၉ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ ကျင်းပဖို့ လျာထားခဲ့တာပါ။

အဲ့ဒီခြေစမ်းပွဲကို ဘင်္ဂလားဒေ့ရှ်ဘက်က ဖျက်သိမ်းသွားတာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဘက်ကတော့ တစုံ တရာ ထုတ်ပြန်အသိပေးထားတာမရှိပါဘူး။

Source – Delta News Agency   

ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တယ်ဆိုပြီး အမျိုးသမီးအဆိုတော်တစ်ဦးနဲ့ သရုပ်ဆောင်တွေကို အရေးယူ

တေးသီချင်းဗီဒီယိုတစ်ခုရိုက်ကူးမှုတစ်ခုမှာ မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူးဆိုပြီး အဆိုတော် မေသူ၊ ဟာသသရုပ် ဆောင် အိုကေနဲ့ တခြားပါဝင်ပတ်သက်သူတွေကို ရန်ကုန်မြို့ ဗဟန်းမြို့မရဲစခန်းမှာ အီလက်ထရောနစ်ဆက်သွယ်ဆောင် ရွက်ရေးဥပဒေပုဒ်မ-၃၃ (က) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ စစ်တပ်မှ ဧပြီလ ၅ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။

လူမှုကွန်ရက်မှာ “ဘီယာဗိုက်” အမည်နဲ့ ထုတ်လွှင့်ခဲ့ပြသခဲ့တဲ့ တေးသီချင်းဗီဒီယိုဟာ အရှက်ကင်းမဲ့ပြီး မြန်မာ့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်နေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက စွပ်စွဲခဲ့တာပါ။

တေးသီချင်းဗီဒီယိုတွေကို နည်းလမ်းပေါင်းစုံနဲ့ ရိုက်ကူးထုတ်လွှင့်ပြသမှုတွေမှာ ဆင်ဆာမူဝါဒတွေကို မလိုက်နာရင် ဥပဒေ အရ အရေးယူမယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဧပြီလ ၄ ရက်မနေ့က ထုတ်ပြန်ပြီး နောက်နေ့မှာပဲအရေးယူကြောင်း ကြေညာခဲ့တာဖြစ်တယ်။

အခုရေးယူထားတဲ့ အီလက်ထရောနစ်ဥပဒေ ပုဒ်မ-၃၃ (က)မှာ အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေတဲ့ ပြုလုပ်မှုတစ်ရပ်ရပ် ကို ကျူးလွန်ရင်အနည်းဆုံး ထောင်ဒဏ် ငါးနှစ်ကနေ ခုနစ်နှစ်အထိ ချမှတ်နိုင်တဲ့အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒီပုဒ်မနဲ့ပဲ သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို ထောင်ငါးနှစ်၊ မော်ဒယ် နန်းမွေစံကို ထောင် ခုနစ်နှစ် ချမှတ်ခံထားရတာပါ။

Source – RFA

အာဏာသိမ်းကာလအတွင်း ကယားပြည်နယ်မှာ အမျိုးသမီးတွေအပါအဝင် အရပ်သား ခြောက်ရာကျော် သေဆုံး

စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်ကာလတွင်း ရှမ်းပြည်တောင်ပိုင်းနဲ့ ကယားပြည်နယ်မှာ အမျိုးသမီးတွေအပါ အဝင် အရပ်သား ၆၃၂ ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က ဧပြီလ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ကယားပြည်နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်တာကြောင့် စစ်ရှောင်နေရတဲ့အမျိုးသမီးတချို့သေဆုံးခဲ့ရပါတယ်။ အာဏာ သိမ်းကာလအတွင်း တိုက်ပွဲအကြိမ်အရေ တစ်ထောင်ကျော် ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၄၀၀ ကျော်ပြုလုပ်ခဲ့တယ်လို့လည်း PKPF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကယားပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်းမှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် ကနေ မတ်လ၂၃ ရက်အထိ  လေးလကျော် တိုက်ပွဲအတွင်း မယ်စဲ့၊ ဒီးမော့ဆို၊ ရွာသစ်၊ ရှားတော၊ မော်ချီး၊ နန်းမယ်ခုံနဲ့ မိုးဗြဲမြို့တွေကို ကရင်နီ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပါတယ်။ 

Source – RFA

ဟုမ္မလင်းမှာ ဗုံးကြဲခံရလို့ အမျိုးသမီးနဲ့ ကလေးငယ် ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ စစ်ရှောင်တွေခိုလှုံနေတဲ့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတို့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ၃ နှစ်သမီး၊သူ့ရဲ့မိခင်၊ အခြားအမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ရပါတယ်။

ဒီဗုံးကြဲခံရမှုမှာ ငါးလအရွယ် အပါအဝင် ကလေး ၇ ဦးနဲ့ အမျိုးသားတစ်ဦးလည်း ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ သေဆုံးသူ တွေကတော့ အသက် ၃ နှစ်အရွယ် မမေသက်ဇွန်၊ မိခင်ဖြစ် သူဒေါ်ဝင်းမာဦးနဲ့ ဒေါ်နန်းခမ်းမွန်တို့ သေဆုံးခဲ့ရပါတယ်။

ဧပြီ ၁ ရက် ညနေ ၄ နာရီခွဲဝန်းကျင်က ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့နယ်ကြား မနော်သာကျေးရွာကို ဗုံးကြဲခဲ့တာဖြစ်ပါ တယ်။ ဒီမနော်သာကျေးရွာ၊ ကျွန်းကုန်းနဲ့ လက်ပန်သာကျေးရွာမှာ စစ်တပ်၊ ပျူစောထီး ခေါ် ပြည်သူ့စစ်၊ ရှမ်းနီအမျိုးသား များတပ်မတော် (SNA)တို့ တပ်စွဲထားပြီး တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲများပြင်းထန်နေတာပါ။

Source – Myanmar Now

ထိုင်းနိုင်ငံမှာ နယ်စပ်ဖြတ်လာတဲ့ မြန်မာအမျိုးသမီး ၂၉ ဦးအပါအဝင် ၁၂၃ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံကို နယ်စပ်ဖြတ်ပြီး တရားမဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၂၃ ဦးကို ကန်ချနပူရီ ခရိုင်ထဲမှာ ဧပြီလ ၄ ရက်က ဖမ်းမိတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် Kanchanaburi News က ဖော်ပြထားပါတယ်။

ကုန်တင်ကားလေးစီးနဲ့ လိုက်ပါလာတဲ့ မြန်မာနိုင်ငံသားတွေကို ကန်ချနပူရီခရိုင် နော်ဘူဝါးရပ်ကွက်ထဲက စွန့်ပစ်အိမ်မှာ ဖမ်း မိခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးမိတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ အမျိုးသား ၉၄ ဦးနဲ့ အမျိုးသမီး ၂၉ ဦးပါဝင်တယ်လို့ အဲဒီဖြစ် စဉ်ကိုသိတဲ့ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသားတချို့က ပြောပါတယ်။

ထိုင်းနိုင်ငံကို တရားမဝင်လာရောက်တဲ့ မြန်မာနိုင်ငံသားတွေ များလာတာကြောင့် ထိုင်းအစိုးရက အခုနောက်ပိုင်း ခံဝန် ထိုးပြီး မြန်မာနိုင်ငံဘက်ပြန်ပို့တာများတယ်လို့ သိရပါတယ်။

Source – RFA

၄ မွှာပူးကို မွေးဖွားချိန် မိခင်နဲ့ ကလေး ၂ ဦးသေဆုံး၊ ကျန်ရစ်တဲ့ကလေး ၂ ဦးအတွက် အကူအညီလိုအပ်နေ

ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်အစပ် သံတောင်ကြီးမြို့နယ်၊ လမ်းကူးကျေးရွာမှာ ၄ မွှာပူးကလေးကို  မွေးဖွားချိန် မိခင်နဲ့ က လေး ၂ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မတ် ၂၉ ရက်မှာ လမ်းကူးကျေးရွာနေ အသက် ၂၉ နှစ်အရွယ် အမျိုးသမီး ၁ ဦးဟာ ၄ မွှားပူးကိုယ်ဝန်ကို မွေးဖွားစဉ်မှာ ကလေးငယ် ၃ ဦးကို မွေးဖွားပြီးနောက် ဝမ်းဗိုက်ထဲကျန်ရှိကလေးငယ်တဦးကို ဆက်လက်မွေးဖွားချိန်မှာ မမွေးနိုင်တော့ဘဲ ကလေးငယ်ရော မိခင်ပါ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

မွေးဖွားပြီးတဲ့ကလေးငယ် ၃ ဦးအနက် နောက်ထပ်တဦးဟာလည်း မတ် ၃၁ ရက်မှာ ထပ်မံသေဆုံးသွားခဲ့တယ်။ ကိုယ်ဝန် ဆောင်သည်မိသားစုဟာ ငွေကြေးမပြည့်စုံသလို တိုက်ပွဲတွေကြောင့် မကြာခဏစစ်ဘေးရှောင်ရတာမျိုးတွေဖြစ်ပြီး ဆေးရုံ ဆေးခန်းမပြနိုင်တာကြောင့် လက်သည်နဲ့သာမွေးခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့်လည်း အက်ထရာဆောင်းမရိုက်နိုင် ဘဲ ကလေးအမွှာပူးရှိနေတာကို မသိရှိခဲ့ကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီမိသားစုမှာ ထပ်မံမွေးလာတဲ့အမွှာကလေးတွေအပြင် အရင်ကမွေးထားတဲ့ အသက် ၇ နှစ်၊ ၅ နှစ်နဲ့  ၂ နှစ်အရွယ်ကလေး  ၃ ဦးလည်းရှိနေသေးတယ်လို့ သိရပါတယ်။

Source – မြေလတ်အသံ

Author:

Related Articles