Home သတင်း တပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာများ

တပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာများ

မတ် ၄ ရက်ကနေ ၁၀ရက်အတွင်း တစ်ပတ်တာ အမျိုးသမီး ဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI ကစု စည်းဖော်ပြလိုက်ပါတယ်။

မင်းပြားမှာ စစ်ကောင်စီတပ်သား၅ဦး သားအမိ ၂ ဦး ကို သတ်ဖြတ်ပြီး သမီးဖြစ်သူကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်

     ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ င/တန်းပျင်ကျေးရွာမှာ စစ်ကောင်စီ တပ်မ ၂၂ လက်အောက်ခံ၊ ခမရ ၂၀၅ တပ်ရင်းမှ စစ်သားငါးဦးကဇန်နဝါရီလ၁၇ ရက်မှာ သားအမိနှစ်ယောက် အနက် သမီးဖြစ်သူကို အုပ်စုဖွဲ့မုဒိမ်းကျင့်ခဲ့ပြီး သားအမိနှစ် ယောက်စလုံးကို သတ်ဖြတ်ခဲ့ပါတယ်။

     သားအမိ နှစ်ဦးအနက် မိန်းကလေးငယ်ကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ပြီး နှစ်ဦးစလုံးကို သတ်ဖြတ်ခဲ့တယ်လို့ စစ်ကောင်စီ တပ်သား ကိုကိုအောင်၀န်ခံထွက်ဆိုတဲ့ ရုပ်သံကို AA က ထုတ်ပြန်ထားပြီး ၊ပါဝင်သူတွေမှာ တပ်သားကိုကိုအောင် အပါအ၀င် တပ်ကြပ်ကြီးကျော်မျိုးနိုင်၊ ဒုတပ် ကြပ် သူရနိုင်၊ တပ်သားချစ်လွန်းနှင့် တပ်သား မျိုးအောင် စုစုပေါင်း  ငါးဦးက အုပ်စုဖွဲ့ မုဒိမ်း ကျင့်သတ်ဖြတ်ခဲ့တယ်လို့၀န်ခံချက်မှာဆိုပါတယ်။

    ရွာသို့ စစ်‌ကြောင်း ဝင်ရောက်စဉ် သားအမိနှစ်ဦးကို တွေ့တဲ့အခါ ဗိုလ်ကြီးနေလင်းကျော်က ခေါ်ယူခဲ့ပြီး မိန်းကလေးငယ် ငိုယိုငြင်းဆန်နေတဲ့ကြားက အိမ်တခု အောက်တွင် စစ်‌ကောင်စီတပ်ဖွဲ့ဝင် ငါးဦးက အဓမ္မပြုကျင့်ခဲ့တာပဲဖြစ်ပါတယ်။

Source- Mizzima

တရုတ်အထည်ချုပ်စက်ရုံပိတ်သိမ်းမှု အမျိုးသမီးလုပ်သားအများစု ခံစားခွင့်အပြည့်မရ

 လှိုင်သာယာမြို့နယ်မှာ ၁၀ နှစ်ကျော်ကြာ ဖွင့်လှစ်ခဲ့တဲ့ တရုတ်နိုင်ငံသားပိုင် Fullway Myanmar Clothing အထည်ချုပ် စက်ရုံမှာ ဖေဖော်ဝါရီ ၂၉ ရက်နေ့က အပြီးပိတ်သိမ်းခဲ့ရာ ခံစားခွင့်အပြည့်မရဘဲ နစ်နာခဲ့တဲ့အလုပ်သမား ၂၀၀ ခန့်ရှိတယ် လို့သိရပါတယ်။

အထည်ချုပ်စက်ရုံရှိ အလုပ်သမားအများစုမှာ အမျိုးသမီးများဖြစ်ပြီး စုစုပေါင်း ၂၀၀ ခန့်ရှိကာ အလုပ်သမားတွေအနေနဲ့ လုပ်သက်အလိုက် လျော်ကြေးအပြည့်အဝမရတဲ့ အပြင် တစ်လစာနို့တစ်ကြေးနှင့် ခွင့်ခံစားခွင့်အတွက် လျော်ကြေးလည်း မရဘူးလို့ စက်ရုံမှာ ၉ နှစ်ခန့်လုပ်ကိုင်ခဲ့တဲ့ အမျိုးသမီးအလုပ်သမားတစ်ဦးက ပြောပါတယ်။

စက်ရုံပိတ်သိမ်းတဲ့အကြောင်း အသိပေးခြင်းမရှိဘဲ ဇန်နဝါရီလလည်ပိုင်းကတည်းက စက်ပစ္စည်းများဖြုတ်သယ်နေတဲ့ အတွက် စက်ရုံအလုပ်သမားကိုယ်စားလှယ်အဖွဲ့ (WCC) က အလုပ်သမားဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာရုံးတွေကို စာပို့အသိပေး ခဲ့ပါတယ်

အပြီးပိတ်သိမ်းမည်ဆိုပါက ဥပဒေနှင့်အညီ လျော်ကြေးနှင့် ခံစားခွင့်များပေးရန် တောင်းဆိုခဲ့သော်လည်း စက်ရုံတာဝန်ရှိသူ များဘက်က နှုတ်ဆိတ်နေခဲ့ပြီး ဖေဖော်ဝါရီ ၂၉ ရက်နေ့ နောက်ဆုံးလစာ ထုတ်ပေးရာမှာတစ်ပါတည်း လျော်ကြေးပေးကာ စက်ရုံ အပြီးပိတ်သွားတယ်လို့သိရပါတယ်။

Source-  Myanmar Now

စစ်တပ်ဖမ်းသွားတဲ့ မွန်ပြည်သစ်ပါတီခေါင်းဆောင်တဦးရဲ့ ညီမအပါအဝင် အမျိုးသမီးသုံးဦး ပြန်မလွတ်သေး

 မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD က နိုင်ငံရေး၊ စစ်ရေးဦးဆောင်အဖွဲ့ဝင်တစ်ဦးရဲ့ ညီမဖြစ်သူ အပါအဝင် ဒေသခံအမျိုးသမီးသုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး သုံးရက်မြောက်နေ့အထိ ပြန်မလွှတ်ပေးသေးဘူးလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေဟာ မွန်ပြည်သစ်ပါတီ(NMSP-AD)နိုင်ငံရေး၊ စစ်ရေးဦးဆောင်အဖွဲ့ဝင် နိုင်ကြည်စန်းရဲ့ ညီမဖြစ်သူ တောင်ပကျေးရွာနေ ဒေါ်မြင့်စန်း၊ ကမာဝက်မြို့မှ မွန်ပြည်သစ်ပါတီ(NMSP) မုဒုံမြို့နယ်ဆက်ဆံရေးရုံးတာဝန်ရှိသူတဦးရဲ့ ဇနီးဖြစ်သူနဲ့ ကော့ပီထော်ကျေးရွာမှ ဒေသခံအမျိုးသမီးတဦးတို့ ဖြစ်ပါတယ်။

မုဒုံမြို့နယ် ၊ကော့ပိထော်ကျေးရွာမှ ပြည်သူ့စစ်ခေါင်းဆောင် ဦးကင်ဘန်း၊ ဒုခေါင်းဆောင်ဦးငြိမ်းဦးနဲ့ စိန်တောင်ရပ်ကွက်မှ ပြည်သူ့စစ်ခေါင်းဆောင် ဦးပန်းတို့ကို အခုလ ၂ ရက်နေ့တွင်မွန်ပြည်သစ်ပါတီ( NMSP-AD )က ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် အဲဒီနေ့နေ့ညပိုင်းနဲ့ နောက်ရက်မနက်ပိုင်းတွေမှာ စစ်ကောင်စီလက်အောက်ခံ မုဒုံမြို့နယ် (၃၁၈)အမြောက်တပ်မှ အဲဒီအမျိုး သမီးသုံးဦးကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ဖွဲ့တွေ ဖမ်းဆီးထားတဲ့ အမျိုးသမီးသုံးဦးကို မုဒုံမြို့နယ် အမှတ်(၃၁၈)အဘစ် အမြောက် တပ်ရင်းမှာ ချုပ်နှောင်ထားပြီး ဒီကနေ့ ညနေပိုင်းအထိ ပြန်လွှတ်ပေးခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

Source- Delta News Agency

မဲဆောက်တွင် ယာဥ်တိုက်မှုကြောင့်ကွယ်လွန်ခဲ့သော ကျောင်းသူ၏ ဈာပနကျင်းပ

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ လေယာဉ်ကွင်းရှေ့ ယာဉ်တိုက်မှုမှာကွယ်လွန်ခဲ့တဲ့ အသက် ၁၀ နှစ်အရွယ်ကျောင်းသူ မနန်းသီရိနိုင် ရဲ့ ရုပ်အလောင်းကို မတ် ၆ ရက်နေ့လည်မှာ မဲဆောက်မြို့ ထေ့စပန်းမီးသင်္ဂြိုလ်စက်မှာ သင်္ဂြိုလ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့နေ့လယ် ၂ နာရီအချိန်ခန့်က မဲဆောက်မြို့၊ ဖတ်ထလဝစ်ကျောင်းမှာ အချိန်ပိုသင်ကြား နေတဲ့ မြန်မာ ကျောင်းသားတွေကြိုလာတဲ့ ပရိုဘောက်စ်ကားက မဲဆောက်လေယာဉ်ကွင်းရှေ့ မီး ပွိုင့်မှာ ရပ်ထားစဉ် မြေတင်လာတဲ့ ထိုင်းကား ၁ စီးက အရှိန်မထိန်းနိုင်ဘဲ အနောက်ကဝင်ရောက်တိုက်မိခဲ့တာပါ။

ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ကားမောင်းသူနဲ့ ကျောင်းသား ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက် ၁၀ နှစ်အရွယ် ကျောင်း သူ လေး မနန်းသီရိနိုင် မှာ မဲဆောက်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် မတ်လ ၄ ရက် တွင် သေဆုံးခဲ့ပြီး မြေတင်ကား မောင်းသူထိုင်းမိသားစုကလည်း ကွယ်လွန်သူ မနန်းသီရိနိုင် ၏ မိသားစုကိုတောင်းပန်ခဲ့ကာ လက်ရှိ မှာတော့ အဆိုပါမြေ တင် ကားမောင်းသူအား မဲဆောက်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ကွယ်လွန်သူ မိသားစုနဲ့ နီးစပ်သူများထံက သိရပါ တယ်။

Source-   သံလွင်ခက်

ကမ္မရဲစခန်းအနီးနေ သားအမိနှစ်ဦး အသတ်ခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ အမှတ် ၃ ရပ်ကွက်၊ တောင်ခုံစျေးရပ်မှာ အသက် ၈၂ အရွယ် ဒေါ်ကြည်အောင်နဲ့ သမီးဖြစ်သူ အသက် ၄၈ နှစ်အရွယ် မမြင့်မြင့်ခိုင် (ခ) မခိုင်တို့ သားအမိနှစ်ဦး အသတ်ခံခဲ့ရပြီး အလောင်းတွေကို မတ် ၅ ရက် မနက် ၇ နာရီလောက်မှာ အိမ်နီးချင်းတွေက နေအိမ်မှာတွေ့ခဲ့ရတာလို့ဒေသခံတွေဆီက သိရပါတယ်။

အမေဖြစ်သူက လည်ပင်းလှီးသတ်ဖြတ်ခံထားရပြီး သမီးဖြစ်သူကတော့ အဓမ္မပြုကျင့်ခံထားရတဲ့ လက္ခဏာရှိသလို ရင်သားကို ဓားနဲ့မွှန်းခံထားရပြီး နောက်ကျောမှာ ဓားနဲ့ထိုးသွင်းထားတဲ့ ဒဏ်ရာ ၅ ချက်နဲ့ သေဆုံးနေတာကိုတွေ့ရသလို နေအိမ်ကနေ သားအမိ ၂ ဦးပိုင်ဆိုင်တဲ့ ဖုန်း ၂ လုံး၊ ရွှေ ၃ ကျပ်သားနဲ့ ငွေသားကျပ်ဆယ်သိန်းလည်း ပျောက်ဆုံးနေပါတယ်။

 သေဆုံးသွားတဲ့ သားအမိနှစ်ဦးဟာ နေအိမ်မှာ ၂ ဦးတည်းနေထိုင်ကာ သမီးဖြစ်သူက ရံဖန်ရံခါ ကုန်စိမ်းရောင်းတဲ့ အလုပ်ကို လုပ်ကိုင်ပြီးသူတို့တွေဟာ ပတ်ဝန်းကျင်နဲ့လည်း သဟဇာတဖြစ်အောင်နေသူတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလူသတ်မှုကျူးလွန်တာဟာ ကမ္မရဲစခန်းထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ လက်ချက်ဖြစ်နိုင်တယ်လို့ ဒေသခံတွေ က သုံးသပ်နေကြပြီး ကမ္မမြို့မှာ ညဘက်သွားလာလှုပ်ရှားနေတာ စစ်ကောင်စီအဖွဲ့တွေပဲရှိတာလို့လည်း ဆိုပါတယ်။

 သေဆုံးသူ ၂ ဦးရဲ့အလောင်းကိုတော့ ကျန်ရှိတဲ့ မိသားစုဝင်တွေရဲ့ဆန္ဒအရ အလောင်းတွေ့တဲ့ မနက်ပိုင်းမှာပဲ သင်္ဂြိုဟ်‌ပေး လိုက်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။​

Source-  မြေလတ်အသံ

မုံရွာနမခအနီးကျေးရွာများကို စစ်ကောင်စီမီးရှို့မှု သက်ကြီးရွယ်အို ၂ဦး မီးလောင်သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) အနီးရှိကျေးရွာများကို စစ်ကောင်စီတပ် စစ်ကြောင်းက မီးရှို့တာကြောင့် သက်ကြီးရွယ်အိုနှစ်ဦးမီးလောင်သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

မုံရွာနမခမှ အင်အား ၅၀ခန့်ရှိသော စစ်ကောင်စီ စစ်ကြောင်းက မတ်လ ၅ရက်နံနက်မှာ မုံရွာမြို့နယ်၊ ခိုးသန်းရွာနဲ့ ညနေ ဘက်မှာ ကြီးဗဒုံရွာကို ဝင်ရောက်မီးရှို့ခဲ့တာကြောင့်ခိုးသန်းရွာမှ အသက်၉၀ ကျော်အရွယ် ဒေါ် အုန်းကြည် မီးလောင် သေဆုံး  ခဲ့ပြီး အိမ်ခြေ၁၀၀ခန့် မီး လောင်ပျက်စီးသွားသလို ဗဒုံရွာမှ အသက် ၆၀ နှစ်အရွယ်ဒေါ်မှတ်တင်လည်း မီး‌လောင် သေဆုံးခဲ့ ကာ နေအိမ်၄၀ခန့် မီးလောင်ကျွမ်းသွားခဲ့တယ်လို့သိရပါတယ်။

Source-  Mizzima

ဘီးလင်းမြို့နယ်မှာ ရထားနဲ့ဆိုင်ကယ်တိုက်မိတာကြောင့်ဆိုင်ကယ်မောင်းသူ အမျိုးသမီးသေဆုံး

 မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်ကလေးကျေးရွာနဲ့ တဘတ်ဆွဲကျေးရွာကြားရှိ ကျေးရွာချင်းဆက် လမ်းမပေါ်၊မီးရထား လမ်းကူးမှာ မတ် ၇ ရက် က လမ်းဖြတ်ကူးတဲ့ ဆိုင်ကယ်နဲ့ ရထား တိုက်မိခဲ့ တာကြောင့်အသက် ၃၀ အရွယ် ဆိုင်ကယ်မောင်း နှင်သူ မအိသဲမွန်ဟာ ရထားကြိတ်မိပြီး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပါတယ်။

 ရထားကြိတ်ခံရပြီး သေဆုံးခဲ့တဲ့ အမျိုးသမီးကို ရှင်သန်ရေးနှင့်နာရေးကူညီမှုအသင်း-ဘီးလင်းနဲ့ မိုးကောင်း လူမှုကယ် ဆယ်ရေးအသင်းတို့က ဘီးလင်းပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။

Source- DVB

အသက် ၁၈နှစ်အရွယ်စစ်ရှောင်မိန်းကလေးငယ်တစ်ဦး ကလေးမီးဖွားပြီးစွန့်ပစ်မှုဖြစ်ပွား

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က စစ်ရှောင်စခန်းတခုမှာ အသက် ၁၈ နှစ်သာရှိသေးတဲ့ စစ်ရှောင်မိန်းကလေးငယ် က မွေးကင်းစကလေးငယ်တဦးကို မွေးဖွားပြီးပြီးချင်း စွန့်ပစ်ထားခဲ့တယ်လို့ စစ်ရှောင်အရေး အကူအညီပေးနေသူ တဦး ထံ က သိရပါတယ်။

  အဆိုပါအမျိုးသမီးငယ်လေးမွေးဖွားတဲ့ ကလေးငယ်ကိုဆေးခန်းက သေသေချာချာလေး အနှီးထုပ်ပြီး ပြန်လွှတ်လိုက် ပေမယ့် လမ်းမှာစွန့်ပစ်ခဲ့တာဖြစ်ပြီး ၊ယင်းမွေးစကလေးငယ်ကိုဒီးမော့ဆိုအနောက်ခြမ်း ဆီးဘူးမြို့က လင်မယားနှစ်ယောက် ခေါ်ယူမွေးစားလိုက်တယ်လို့သိရပါတယ်။

စစ်ရှောင်ကာလ ကြာလာတဲ့အခါ လိင်ပိုင်းဆိုင်ရာ အသိပညာ ဗဟုသုတ နည်းပါးတာနဲ့ သက်ဆိုင်ရာ လူမှု အဖွဲ့အစည်း တွေက သင်တန်းပို့ ချမျှဝေတာ မရှိတဲ့အတွက် အခုလို မလိုလားအပ်တဲ့ ကိုယ်ဝန်ဆောင်ခြင်း အကျိုးဆက်အနေနဲ့ ကလေး စွန့်ပစ်မှု တွေ ဖြစ်လာတာလို့ ရှမ်းတောင်က အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။

စစ်ရှောင်စခန်းမှာ ကလေးမွေးဖွားတဲ့အခါ ကျန်းမာရေးစောင့်ရှောက်မှုမရှိတာ၊ အာဟာရအတွက် လုံလောက်မှုမရှိတာနဲ့ ကလေးအသုံးအဆောင်ပစ္စည်းတွေ မရှိတာ၊ မိခင်ဖြစ်သူက ငွေရေးကြေးရေး အခက်အခဲရှိတာတွေကြောင့် ဖယ်ခုံမြို့နယ်က စစ်ရှောင်စခန်းမှာ တနှစ်ကို ၄ ကြိမ်ခန့် ကလေးစွန့်ပစ်မှုတွေ ကြုံနေရတယ်လို့ သိရပါတယ်။

 အများအားဖြင့် ဆယ်ကျော်သက် စစ်ရှောင်အမျိုးသမီးတွေက မွေးလာတဲ့ ကလေးငယ်တွေဟာ ပေါင်မပြည့် လမပြည့်တွေ များပြီး ရောဂါတွေနဲ့ မွေးလာတဲ့ အတွက်ကြောင့်လည်း ကလေးမိခင်က ကြောက်လန့်စိုးရိမ်ပြီး စွန့်ပစ်တာတွေ ရှိတယ်လို့ စစ်ရှောင်စခန်းမှာရှိတဲ့ သက်ကြီးပိုင်းတွေက ပြောပါတယ်။

Source-  DVB

နွေဉီးတော်လှန်ရေးမှာအမျိုးသမီးတွေရဲ့အနစ်နာခံပေးဆပ်မှုကိုမျက်ဝါးထင်ထင်တွေ့မြင်နိုင်တယ်လို့NUGအစိုးရပြည် ထောင်စုဝန်ကြီးချုပ်ပြော

 နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ အနစ်နာခံ ပေးဆပ်မှုကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပြီး တော်လှန်ရေးကာလ ၃ နှစ်ကျော်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ညှဉ်းပန်းသတ်ဖြတ်ခံရတဲ့ အရွယ်ရောက်ပြီး အမျိုးသမီး ၁,၁၃၄ ယောက်၊ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အယောက် ၂၈၀ နဲ့ အသက် ၁၈ နှစ်အောက် ၂၁၅ ယောက် ရှိခဲ့တယ်လို့ မတ် ၈ ရက် ဒီကနေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို NUG အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပေးပို့တဲ့ သဝဏ်လွှာမှာဖော်ပြထားပါတယ်။ 

အမျိုးသမီးတွေကို စစ်လက်နက်သဖွယ် အသုံးချနေတဲ့ အကြမ်းဖက်မှုတွေကို ကာကွယ်ဖို့ အမျိုးသမီးတွေကိုယ်တိုင် ဦးဆောင်ပါဝင်ပြီး အရှိန်အဟုန်မြှင့် လုပ်ဆောင်ရမှာဖြစ်သလို လိုအပ်တဲ့ ဘဏ္ဍာရေးအရင်းအမြစ်၊ နည်းပညာ အရင်းအမြစ်နဲ့ လူသားအရင်းအမြစ်တွေလည်း ရင်းနှီးမြှုပ်နှံဖို့ လိုအပ်နေတယ်လို့ မန်းဝင်းခိုင်သန်းက ပြောပါတယ်။

NUG အစိုးရအနေနဲ့ အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ စီမံကိန်းချ လုပ်ဆောင်နေသလို နိုင်ငံတကာ အသိုင်းအဝန်း အနေနဲ့လည်း မြန်မာပြည်သူတွေ လိုလား တောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက် ရေးအတွက် ထိရောက်တဲ့ ပံ့ပိုးကူညီမှုတွေ လုပ်ဆောင်ပေးကြဖို့လည်း တိုက်တွန်းထားတာပါ။

 Source- DVB

   ရေချယ်တေဇကို အီတလီနိုင်ငံတွင် အခြေချခွင့်မပြုဖို့နဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ဖို့  Justice For Myamar တောင်းဆို

အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူခြင်းခံထားရတဲ့ ထိပ်သီးခရိုနီသူဌေး ဦးတေဇသမီးဖြစ်သူ ရေချယ်တေဇ ခေါ် ထူးထွေး တေဇကို ဥရောပသမဂ္ဂအဖွဲ့ဝင် အီတလီနိုင်ငံတွင် အခြေချခွင့်မပြုဖို့နဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ရန် Justice For Myamar (JFM) အဖွဲ့က မတ် ၈ရက်နေ့မှာတောင်းဆိုလိုက်ပါတယ်။

အီတလီနိုင်ငံ မီလန်မြို့မှာ နေထိုင်ပြီး မကြာသေးမီက ဖက်ရှင်ကျောင်းတစ်ခုမှာပညာသင်ယူမှုပြီးမြောက်ခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် ရေချယ်တေဇက ဥရောပသမဂ္ဂကပိတ်ဆို့အရေးယူထားသော မိသားစုပိုင် ထူးကုမ္ပဏီအုပ်စုအတွက် အလုပ် ဆက် လုပ်နေတယ်လို့ မြန်မာစစ်တပ်ရဲ့ လူ့ခွင့်အရေးချိုးဖောက်မှုများအကြောင်းသာမက ပတ်သက်ဆက်နွှယ်သူများ ကို ဖော် ထုတ် နေတဲ့ JFM က ဆိုပါတယ်။

 ရေချယ်တေဇက အာဏာသိမ်းပြီးနောက် စစ်တပ်နှင့် ပူးပေါင်းတဲ့ လုပ်ငန်းသစ်တစ်ခုအပါအဝင် အနည်းဆုံး ထူးအုပ်စု ဝင်ကုမ္ပဏီ ၇ ခုမှာ ဒါရိုက်တာနဲ့ရှယ်ယာရှင်အဖြစ် ဆက်လက်ပါဝင်နေတဲ့အပြင် ထူးအုပ်စုရဲ့လက်အောက်ခံ One Fibre Company Limited နှင့် Pegu Wood Company Limited တို့မှာလည်း ရှယ်ယာရှင်ဖြစ်သလို အီတလီမှနေ၍ ဒါရိုက် တာအဖြစ် လုပ်ကိုင်နေပါတယ်။ဒါ့အပြင် စစ်တပ်အတွက် ရုရှားထုတ် စစ်လေယာဉ်နဲ့ အစိတ်အပိုင်းများဝယ်ယူပေးခဲ့ပြီး မကြာသေးမီက ဖျက်သိမ်းလိုက်တဲ့ Avia Export Company Limited မှာလည်း ဒါရိုက်တာနဲ့ရှယ်ယာရှင်အဖြစ် ပါဝင်နေတယ် လို့ဆိုပါတယ်။

ထူးအုပ်စုတွင် ဆက်လက်ပါဝင်နေတဲ့အတွက် ရေချယ်တေဇကို ၂၀၂၃ ဇန်နဝါရီမှာ အမေရိကန်က အရေးယူ ပိတ်ဆို့ ထားပြီး ဖခင်ဖြစ်သူ ဦးတေဇနဲ့အစ်ကိုတွေဖြစ်တဲ့ ပြည့်ဖြိုးတေဇ၊ ထူးထက်တေဇတို့ကို အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါတို့က ပိတ်ဆို့အရေးယူထားပါတယ်။

 ရေချယ်တေဇက ပေါ့ပ်အဆိုတော်တစ်ဦးအဖြစ် ၂၀၁၉ တွင် “ကမ္ဘာ” တေးသီချင်းအယ်ဘမ်ကို ထုတ်ဝေဖြန့်ချိခဲ့ပြီး YouTube တွင် ကြည့်ရှုသူ သန်းချီတဲ့ တေးသီချင်းဗီဒီယိုများထုတ်လုပ်ဖြန့်ချိရန် ဖြစ်လာခဲ့သလို နာမည်ကျော် မဂ္ဂဇင်း တစ်စောင်ဖြစ်သည့် Vouge Italia က ရေချယ်တေဇကို မော်ဒယ်အနေဖြင့် ရေးသားဖော်ပြဖူးပါတယ်။

 Source- Myanmar Now

 စစ်အာဏာရှင်ဆန့်ကျင်ရေးတွင်ပါဝင်နေသည့် အမျိုးသမီးများ၏ ရဲစွမ်းသတ္တိကို အသိအမှတ်ပြုကြောင်း သံရုံးအသီးသီး ထုတ်ပြန်

 ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုကို တွန်းလှန်ဆန့်ကျင်ရာတွင် အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်နေတဲ့ မြန်မာအမျိုးသမီးတွေရဲ့ ရဲစွမ်းသတ္တိကို အသိအမှတ်ပြုတယ်လို့ မတ်လ ၈ ရက်မှာ ကျရောက်တဲ့  နိုင်ငံတကာ အမျိုးသမီးများ နေ့မှာ ရန်ကုန်မြို့မှာရှိတဲ့ သြစတြေးလျ၊ ကနေဒါ၊ နယ်သာလန်၊ နယူးဇီလန်နိုင်ငံနဲ့ အမေရိကန် ပြည်ထောင်စုတို့က သံရုံးအကြီးအကဲတွေနဲ့ ဗြိတိန်နိုင်ငံ လက်ထောက်သံရုံးအကြီးအကဲများက ထုတ်ပြန်လိုက်ပါတယ်။

  အဆိုပါ အမျိုးသမီးတွေက ၎င်းတို့ရဲ့ မိသားစုတွေကို ထောက်ပံ့ပေး၊ စောင့်ရှောက်ပေးရင်းနဲ့ မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့ ဒီမိုကရေစီတစ်ရပ်ထူထောင်နိုင်ရန် ကြိုးပမ်းမှုတွေကို ဆက်လက်ဦးဆောင်နေကြတယ်လို့ သံရုံးတွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

  မြန်မာအမျိုးသမီးတွေရဲ့ နေ့စဉ်လုပ်ဆောင်ချက်တွေကတစ်ဆင့် မြန်မာအမျိုးသမီးများ အားလုံးပါဝင်သော၊ ငြိမ်းချမ်းသော၊ ဒီမိုကရေစီ အနာဂတ်ရရှိစေဖို့ကြိုးပမ်းမှုမှာ ၎င်းတို့၏အရေးပါမှုကိုပြသနေကြောင်း၊ အမျိုးသမီး များနဲ့ မိန်းကလေး ငယ်များ က အကြမ်းဖက်မှုဒဏ်ကြောင့် ပို၍ထိခိုက်လွယ်ကြပြီး ပဋိပက္ခနှင့် ဆက်နွှယ်သော လိင်အခြေပြု အကြမ်းဖက်မှုအပါအဝင် ကျား၊မ ဖြစ်တည်မှုအခြေပြု အကြမ်းဖက်မှုပုံစံများအားလုံးကို နေရာတိုင်း တွင် တားဆီးရန်မှာ လူတိုင်း၏ တာဝန်ဖြစ် တယ် လို့ သံရုံးတွေရဲ့ ထုတ်ပြန်ချက်အသီးသီးမှာ ဖော်ပြထားပါတယ်။

 နောက်ခံအခြေအနေအမျိုးမျိုး၊ စွမ်းဆောင်ရည်အမျိုးမျိုးရှိကြတဲ့ အမျိုးသမီးတွေနဲ့ မိန်းက‌လေးငယ်အားလုံးက မြန်မာနိုင်ငံ အနာဂတ်ကိုပုံဖော်ရာမှာအဓိကအခန်းကဏ္ဍကပါဝင်သင့်ပြီး ကျား၊ မ တန်းတူညီမျှရေး ကိုမြှင့်တင်ရန်၊ အမျိုးသမီးတွေ နဲ့မိန်းကလေးငယ်တွေရဲ့စွမ်းရည်မြှင့်တင်ပေးရန် ချမှတ်ထားတဲ့ သန္နိဋ္ဌာန်များ ဆက်လက်၍ ခိုင်ခိုင်မာမာရှိ နေတယ်လို့ ဖော်ပြထားပါတယ်။

Source- သံလွင်ခက်

အာဏာသိမ်း ၃ နှစ်အတွင်း ချင်းအမျိုးသမီး ၆၀ ဦးထက်မနည်းသေဆုံး

   စစ်အာဏာရှင်ကိုဆန့်ကျင်နေတဲ့တော်လှန်ရေးမှာ တိုက်ပွဲဝင်နေတဲ့ အမျိုးသမီးရဲဘော်များအပါအဝင် ချင်းအမျိုးသမီး ၆၀ ဦးထက်မနည်း အသက်ဆုံးရှုံးထားခဲ့ရတယ်လို့  Chin Civic Movement (CCM) က ထုတ်ပြန်ပါတယ်။

 အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုတဲ့အနေဖြင့် နွေဦးတော်လှန်ရေးတွင် ကဏ္ဍပေါင်းစုံမှ ပါဝင်ကြတဲ့ ချင်းအမျိုးသမီးများကို Chin Civic Movement (CCM) မှ အထူးဂုဏ်ပြုဖော်ပြထားပြီးချင်းအမျိုးသမီးများသည် ၎င်းတိုရဲ့ လုပ်နိုင်မှု၊ သန်မာမှု၊ ရဲရင့်မှု၊ လူမျိုးနှင့် တိုင်းပြည်အတွက် ပေးဆပ်အနစ်နာခံနိုင်မှုများကို နွေဦးတော်လှန်ရေးကာလတွင် သက်သေပြသခဲ့ပြီးဖြစ်တာကြောင့် ချင်းအမျိုးသမီးများသည်လည်း ချင်းလူမျိုးများ၏ သူရဲကောင်းများပင် ဖြစ်ကြောင်း (CCM) ကဆိုပါတယ်။

Source-  သံလွင်ခက်

ဝက်လက်က အမျိုးသမီးငယ်ကို PDF က သေနတ်နဲ့ပစ်သတ်ခဲ့မှုအတွက် မိခင်ဖြစ်သူ NUGထံ တိုင်ကြား

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သခွတ္တောရွာသူ မယုမွန်ထိုက်ကို ဝက်လက် PDF တပ်ရင်း ၂၊ တပ်စိတ်မှူးဖြစ်သူ ကိုပြည့် ကပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၆ရက်ညနေပိုင်းမှာ သေနတ်နဲ့ပစ်သတ်ခဲ့မှုနဲ့ပတ်သက်ပြီး မိခင်ဖြစ်သူက ပြည်ထောင်စု လွှတ်တော် ကိုယ်စား ပြုကော်မတီ (CRPH)၊ NUG အစိုးရယာယီသမ္မတအပါအဝင် လူ့အခွင့်အရေးဝန်ကြီးဌာန၊ ဗဟိုတိုင်ကြားမှု ဆိုင်ရာ ကော်မတီ၊ အမျိုးသမီး၊ လူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနတို့ကို မတ်လ ၆ ရက်နေ့စွဲနဲ့ စာပို့တိုင်တန်းထားတယ်လို့ သိရပါတယ်။

 မယုမွန်ထိုက်ကိုသတ်ဖြတ်သွားသူ PDF ရဲဘော် ကိုပြည့်ဟာ အခင်းဖြစ်ပွားပြီးနောက် သက်ဆိုင်ရာတပ်ရင်းမှာ အဖမ်းခံခဲ့ တယ်လို့ သတင်းသာကြားရပေမယ့် ဆက်လက်ဆောင်ရွက်နေတဲ့အခြေအနေတွေကိုတော့ မိသားစုဝင်တွေအနေနဲ့ ဘာမှ မသိရှိရဘူးလို့သိရပါတယ်။

 ဝက်လက် PDF ဖြစ်သူ ကိုပြည့်က ဖေဖော်ဝါရီ ၂၆ ရက်ညနေပိုင်းမှာ မယုမွန်ထက်ရဲ့ သခွတ္တောရွာရှိနေအိမ်ကို ရောက်ရှိ လာပြီး ၎င်းကိုပြန်မကြိုက်လို့ဆိုကာ မယုမွန်ထိုက်ကို မိဘဆွေမျိုးတွေရှေ့မှာ သေနတ်နဲ့အနီးကပ်ပစ်သတ်ခဲ့တာပါ။

သေဆုံးသူအမျိုးသမီးဟာ မန္တလေးမြို့နေ အမျိုးသားစိတ်ခံယူထားသူအမျိုးသမီး(Tomboy)နဲ့ လိင်တူချင်းချစ်ကြိုက် နေသူ ဖြစ်ပြီး  ၎င်းရဲ့ချစ်သူကောင်မလေးကို မိဘတွေရှေ့မှာ လူမဆန်စွာသတ်ဖြတ်သွားတဲ့အတွက် တရားမျှတမှုလိုချင်တယ် လို့ ချစ်သူမိန်းကလေးက ပြောပါတယ်။

 Source-  ​မြေလတ်အသံ

ဆောမှာ လက်နက်ကြီးကြောင့် ကလေးတစ်ဦးနဲ့ CDM ကျောင်းဆရာမတစ်ဦး သေဆုံး

  မကွေးတိုင်း ဆောမြို့နယ်မြောက်ပိုင်း ကျောက်ထုမြို့နားက ကြန်တောရွာကို မတ်လ ၇ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲဝန်း ကျင်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ ၆ နှစ်အရွယ် ကလေးတစ်ဦးနဲ့ CDM ကျောင်းဆရာမတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

   ကျောက်ထုမြို့ အမြောက်တပ်ကနေ သုံးမိုင်ခန့်ဝေးတဲ့ ကြန်တောရွာကို လက်နက်ကြီးနဲ့ ၁၁ ချက် ပစ်ခတ်ခဲ့တာမှာ ရပ်ရွာ တွေထဲကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် သေဆုံးသူတွေမှာ အသက် ၆ နှစ်အရွယ် KG ကျောင်းသား မောင်အာကာဘုန်းခန့်နဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာပါဝင်သူ CDM ကျောင်းဆရာမ အသက် ၃၆ နှစ် အရွယ် မဝင်းဝင်းခိုင်တို့ဖြစ်တယ်လို့ ပြောပါတယ်။

 လတ်တလောမှာတော့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ကြန်တောရွာအပါအဝင် ကံကြီးရွာ၊ ပြင်လယ်ရွာ စတဲ့ ရွာသုံးရွာ က လူနှစ်ထောင်ခန့် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

Source-   RFA

ဝက်လက်မြို့မှာ အမျိုးသမီးတစ်ဦး သတ်ခံရပြီး သုံးဦးဖမ်းဆီးခံထားရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ဟလင်းရွာကို မတ်လ ၈ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာစဉ် စစ်ဘေးရှောင်နေတဲ့ ဒေသခံအမျိုးသမီးတစ်ဦးကို ပစ်သတ်ထားခဲ့ပြီး နောက်ထပ် အမျိုးသမီးသုံးဦးကိုလည်း ဖမ်းခေါ် သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 ရွာအနီး သရက်ခြံထဲမှာ စစ်ဘေးရှောင်နေတဲ့ အသက် ၆၇ နှစ်အရွယ် ဒေါ်ခင်ဝင်းကိုပစ်ခတ်ခဲ့သလို ၁၀ နှစ်အရွယ် မိန်း ကလေးနှစ်ဦးနဲ့ အသက် ၄၀ အရွယ် မအေးတို့ကို စစ်ကြောင်းကဖမ်းခေါ်သွားတယ်လို့ ဒေသခံတစ်ဦးက ကိုပြောပါတယ်။

 နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်အထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် ဒီမိုကရေစီရေး လှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း လေးထောင်ခြောက်ရာကျော် (၄၆၅၀ ဦး) သေဆုံးခဲ့ပါတယ်။ 

Source- RFA

မြန်မာအမျိုးသမီးနဲ့မိန်းကလေးငယ် ၁၀ သန်းဝန်းကျင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေရှိနေတယ် လို့ UN ထုတ်ပြန်

 မြန်မာနိုင်ငံက အမျိုးသမီးနဲ့မိန်းကလေးငယ် ၁၀ သန်းဝန်းကျင်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက် တွေ ရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက ဒီနေ့အပြည်ပြည်ဆိုင်ရာအမျိုးသမီးများ နေ့မှာထုတ်ပြန်လိုက်ပါ တယ်။

 ဒီလိုလိုအပ်ချက်တွေအတွက် တုံ့ပြန်ဆောင်ရွက်ဖို့ အမျိုးသမီးအရပ်ဘက်အဖွဲ့အစည်း တွေက အရေးပါပေမယ့် အဲ့ဒီအဖွဲ့ အစည်းတွေဆီကို တရားဝင်ဖွံ့ဖြိုးရေးအကူညီအားလုံးရဲ့ ၁ရာခိုင်နှုန်းတောင် မရတာကိုလည်း ထောက်ပြ ထားပါတယ်။

 နိုင်ငံတွင်းမှာ ဆင်းရဲနွမ်းပါးမှုနှုန်းဟာ ၂၀၂၁ ခုနှစ်မှာ နှစ်ဆမြင့်တက်လာပြီး လူပေါင်း ၁၃သန်းက စားနပ်ရိက္ခာ မလုံလောက် တာကိုကြုံနေရကာ လူ‌ပေါင်း ၂ ဒသမ ၆ သန်းကလည်း နေရပ်စွန့်ခွာနေကြရချိန် ထိခိုက် လွယ်တဲ့အုပ်စုမှာ ပါဝင်နေတဲ့ အမျိုးသမီးနဲ့မိန်းကလေးငယ် တွေဟာ အဖယ်ကြဉ် ခံရဆုံးသူတွေထဲမှာပါဝင်လာကြရတယ်လို့ ကုလသမဂ္ဂမြန်မာရဲ့ ထုတ် ပြန်ချက်မှာဆိုထားပါတယ်။

   ဒီလိုနိုင်ငံတွင်း အကျပ်တည်းတွေကြောင့် ကျားမ ကွာဟမှုကို ပိုသက်ဆိုးရှည်စေပြီး လူကုန်ကူးမှု၊ ကျား-မ အခြေပြု အကြမ်းဖက်မှုနဲ့အရွယ်မတိုင်ခင်အဓမ္မလက်ထပ်ရန်စေခိုင်းတာတွေခံနိုခြေတိုးလာနိုင်တဲ့အပြင်၊အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးနဲ့မိန်းကလေးတွေရဲ့ ပညာသင်ကြားခွင့်၊ အလုပ်လုပ်ကိုင်ခွင့်နဲ့ အကြမ်းဖက်ခြင်းမခံရဘဲ နေထိုင်ခွင့် တွေလည်း ဆုံးရှုံးနေရတယ်လို့ ထုတ်ပြန်ထားပါတယ်။

 Source- BBC

Author:

Related Articles