Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

သြဂုတ်လ ၆ ရက်ကနေ ၁၃ ရက်အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ရပါတယ်။

  • မင်းပြားမြို့နယ်မှာရေကြီးမှုကြောင့်သားအမိနှစ်ဦး ရေစီးနဲ့မျောပါသေဆုံး

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မိုးဆက်တိုက်ရွာသွန်းပြီး မြစ်ရေမြင့်တက်တာ၊ ရေကြီးရေလျှံတာတွေကြောင့် မင်းပြားမြို့နယ် က ဒေသခံ သားအမိနှစ်ဦး ရေစီးနဲ့မျောပါသေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

မင်းပြားမြို့နယ်၊ ပြင်ယောင်းရွာဒေသခံသားအမိသုံးဦးက ရွာနဲ့တစ်မိုင်အကွာ သာစည်ရွာကနေအပြန် သြဂုတ်၆ရက်နေ ညနေ ပိုင်းမှာ ရေကြီးနေတာကြောင့် လမ်းကိုမမြင်ရတော့ဘဲ ရေနစ်သွားရာက ရေစီးနဲ့ မျောပါပြီး နှစ်ဦးသေဆုံးသွားတာပါ၊

ရေစီးနဲ့မျောပါတာကြောင့် အသက်သုံးဆယ်ကျော်အရွယ်မိခင်ဖြစ်သူနဲ့ ငါးနှစ်အရွယ်သားဖြစ်သူတို့သေဆုံးခဲ့ပြီး ခုနှစ်နှစ် အရွယ် သားတစ်ဦး အသက်ရှင်ခဲ့ကျန်ပါတယ်။ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို သြဂုတ်၆ရက်ညနေပိုင်းမှာ ရှာတွေ့ ခဲ့ပြီး နောက်တစ်နေ့မှာ သဂြိုလ်ခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။

Source- Delta News Agency

  • ခါမ်းပါတ်မြို့က သက်ကြီးရွယ်အို ၂ ဦး စစ်ရှောင်ထွက်ပြေးစဉ် သေဆုံး 

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့က သက်ကြီးရွယ်အိုနှစ်ဦး စစ်ရှောင်ထွက်ပြေးစဉ် ရာသီဥတုဆိုးဝါးတဲ့ဒဏ်ကြောင့် ရှေ့ဆင့်နောက်ဆင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အဖိုးအဖွားနှစ်ဦးမှာ ခမ်းပါတ်မြို့ကနေ မိုင် ၄၀ ခန့်ကွာဝေးတဲ့ ကလေးမြို့ကိုထွက်ပြေးတိမ်းရှောင်လာစဉ် ဆိုးဝါးတဲ့ ရာသီဥတု ဒဏ်နဲ့အတူ တောလမ်းကြမ်းများ ကို ဖြတ်သန်းလာရတဲ့အတွက် ကလေးမြို့ရောက်ရှိချိန်မှာ ဆုံးပါးခဲ့တာပါ။

စစ်ကောင်စီနဲ့ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့်ခါမ်းပါတ်မြို့မှာ စစ်ရှောင်‌နေရသူ သုံးသောင်းကျော်ခန့်ရှိပြီး သက်ကြီးရွယ်အို တစ် ထောင်ကျော် ပါ၀င်တယ်လို့သိရပါတယ်။

Source- Ayeyarwaddy Times

  • ဖားကန့်မှာ ကမ်းပါးပြိုကျပြီး အမျိုးသမီးတစ်ဦး ရေစီးနဲ့မျောပါသေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ သာယာကုန်းကျေးရွာမှာ ဩဂုတ် ၅ရက် နေ့လယ်ပိုင်းက ကျောက်လုပ်ကွက်ဟောင်း ကန် ထဲကို  ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတဦး ရေစီးနဲ့အတူ မျောပါသေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက ရပါတယ်။

ကျောက်လုပ်ကွက်ဟောင်း ရေကန်မှာ အမျိုးသမီးနှစ်ဦးနဲ့ ကလေးနှစ်ယောက် ရေချိုးနေစဉ် ကမ်းပါးမြေစာတွေ အရှိန်နဲ့ပြိုကျ လာပြီး ရေလှိုင်းနဲ့အတူမျောပါသွားခဲ့ရာအမျိုးသမီးတစ်ဦးနဲ့ကလေးနှစ်ဦးကို ကယ်တင်လိုက်နိုင်ပြီး ကလေးမိခင်ကိုတော့ မကယ်တင်နိုင်ခဲ့ဘူးလို့ ဒေသခံတွေကပြောပါတယ်။

သေဆုံးသူအမျိုးသမီးက အသက် ၃၇ နှစ်အရွယ်ရှိပြီး ကျန်ရစ်တဲ့ ကလေးနှစ်ဦးမှာ ပွန်းပဲ့ဒဏ်ရာရရှိခဲ့သလို အခြားဒေသခံ အမျိုးသမီးမှာလည်း ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ပါတယ်။ သေဆုံးသူအမျိုးသမီးရဲ့ ရုပ်အလောင်းကိုတော့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ဖားကန့်မြို့နယ်)က ညနေ ငါးနာရီခွဲဝန်းကျင်မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

Source- Delta News Agency

  • သံတောင်မြို့က ဘွဲကရင် ကျွမ်းကျင်ပညာရှင် အငြိမ်းစားကျောင်းဆရာမကြီး နေအိမ် မီးရှို့ခံရ

ကရင်ပြည်နယ်၊ သံတောင်မြို့(၁၃ မိုင်)မှာ  ဩဂုလ်လ ၆ ရက်နေ့က ဘွဲကရင်ကျွမ်းကျင် ပညာရှင်အငြိမ်းစား ကျောင်းဆရာ မကြီး အဖီးနော်လဲဒါ နေအိမ်အပါအဝင် လူနေအိမ် ၆လုံးခန့်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သြဂုတ် ၅ရက်နေ့မှာ တောင်ငူမြို့မှတစ်ဆင့် စစ်ကောင်စီတပ်စစ်ကြောင်းတက်လာပြီး နောက် ညနေ ၄နာရီနာရီအချိန်ခန့် မှာသံတောင်မြို့ လမ်းဘေးနားမှာရှိတဲ့ လူနေအိမ်အချို့ကိုမီးရှို့တဲ့အပြင် ဥယျာဉ်ခြံထဲက ဆရာမအဖီးနော်လဲဒါ အိမ်ကိုပါ ဝင် ရောက်မီးရှို့ခဲ့ပါတယ်။

နေအိမ်မီးရှို့ဖျက်ဆီးခံရတဲ့ ဆရာမကြီး နော်လဲဒါက မြို့ရပ်မိရပ်ဖတစ်ဦးဖြစ်တာကြောင့် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိနဲ့ နေအိမ်မီးရှို့ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မီးရှို့ဖျက်စီးခဲ့တာကြောင့် နေအိမ်ရှိ စာအုပ်များမီးလောင်ပျက်စီးခဲ့တယ် လို့  ဒေသခံတွေကပြောပါတယ်။

Source- KIC News 

  • အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအရ မသင့်တော်တဲ့အပြုအမူများလုပ်ဆောင်မှုဖြင့် VOA မြန်မာပိုင်းဌာန ကြီး ကြပ်သူ ဦးသန်းလွင်ထွန်း ထွက်ခွာပြီဖြစ်တယ်လို့ဝန်ထမ်းများကိုအကြောင်းကြား

အမေရိကန်နိုင်ငံပိုင်သတင်းဌာန Voice of America (VOA) ၏ မြန်မာပိုင်းဌာနကို ကြီးကြပ်သူ ဦးသန်းလွင်ထွန်း ထွက် ခွာသွားပြီဖြစ်တယ်လို့ ယခုရက်ပိုင်းအတွင်း VOA ဝန်ထမ်းများကို တရားဝင် အကြောင်းကြားခဲ့တယ်လို့သိရပါတယ်။

လုပ်ဖော်ကိုင်ဖက် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအရ မသင့်တော်သော အပြုအမူများ ကာလကြာရှည် ပြုလုပ်ခဲ့တယ် ဆိုတဲ့ တိုင်ကြားချက်ကြောင့် လနှင့်ချီ စုံစမ်းစစ်ဆေးပြီးနောက် ဦးသန်းလွင်ထွန်းကို တာဝန်မှ ဖယ်ရှားလိုက်ခြင်းဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်းရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်လို့ VOA Burmese သတင်းခန်းမှ မြန်မာအမျိုးသမီးတစ်ဦးက စတိုင်ခြင်းဖြစ်ကာ စုံစမ်းစစ်ဆေးမှုများ စတင်ချိန်မှစ၍ ဦးသန်းလွင်ထွန်းကို လုပ်ငန်းခွင့်နဲ့ မပတ်သက်စေရန် အထက်တာဝန်ရှိသူများက အမိန့် ထုတ်ခဲ့ပါတယ်။

ဝါရှင်တန်ဒီစီရှိ VOA မြန်မာပိုင်းသတင်းဌာနမှာဝန်ထမ်းပေါင်း ၄၀ နီးပါးရှိတဲ့အနက် တစ်ဒါဇင်ခန့်မှာ အမျိုးသမီးများ ဖြစ်ပြီး ဦးသန်းလွင်ထွန်း စတင်အရေးယူခံရတဲ့ အချိန်မှစ၍ လက်ထောက်တစ်ဦးဖြစ်သူ ဒေါ်ခင်စိုးဝင်းက သတင်းခန်းကို ကြီးကြပ် နေတယ်လို့သိရပါတယ်။

Source -Myanmar Now

  • လွတ်ငြိမ်းဖြင့်လွတ်လာသည့် ရွှေမဟာနွယ် ပရဟိတအသင်းဥက္ကဋ္ဌ ပြန်လည်ဖမ်းဆီးခံရ 

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်၊ ၂၅ လမ်းနဲ့အရှေ့မြို့ပတ်လမ်းထောင့်၊ မဟာဇေယျာဘုံ အပိုင်း၂ ၊ သရက် ကုန်းကွက်သစ်က ရွှေမဟာနွယ်ပရဟိတသွေးလှူရှင်အသင်းနဲ့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး အဖွဲ့ဥက္ကဋ္ဌ မရွှေမဟာနွယ် (ခ) မနွယ်နွယ်ဝင်းကို သြဂုတ်လ၉ရက်နေ့မှာ စစ်ကောင်စီက ပြန်လည်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

မရွှေမဟာနွယ်က  ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့မှာ လွတ်ငြိမ်းနဲ့ မန္တလေးအိုးဘိုထောင်ကနေ လွတ်လာပြီးနောက် နှစ်လကျော် အကြာမှာ ပြန်လည်ဖမ်းဆီးခံရခြင်းဖြစ်ပြီး မည်သည့်နေရာမှာ ဖမ်းဆီးချုပ်နှောင်ထားတာ မသိရသေးသလို မည်သူကမှလည်း ဆက်သွယ်လာတာ မရှိသေးဘူးလို့ မိသားစုဝင်တဦးက ပြောပါတယ်။

သြဂုတ် ၉ ရက် နံနက်ပိုင်းမှာ စစ်ကောင်စီဝါဒဖြန့် ဟန်ငြိမ်းဦးတယ်လီဂရမ်ချန်နယ်မှာ မရွှေမဟာနွယ်က ရှစ်လေးလုံး ၃၅ နှစ်ပြည့်လှုပ်ရှားမှုမှာ ပါဝင်ပတ်သတ်တယ်လိုဆိုကာ ဖမ်းဆီးရန်လှုံ့ဆော်ခဲ့ပြီး နာရီပိုင်းအတွင်း Mask တပ်ထားတဲ့ မရွှေ မဟာနွယ်ကို မျက်လုံး ပုဝါနဲ့စည်းထားကာ အိမ်စီးကားအတွင်းရိုက်ကူးထားတဲ့ဓာတ်ပုံကို ဖြန့်ဝေခဲ့ပါတယ် ။

မရွှေမဟာနွယ်ဦးဆောင်တဲ့ ရွှေမဟာနွယ်ပရဟိတအသင်းက ၂၀၂၁ နိုဝင်ဘာ ၁၅ ရက်မှာ စစ်ဘေးရှောင်စခန်းနဲ့ မိဘမဲ့ ကျောင်းတွေအတွက် အဝတ်အထည် အလှူခံပေးနေချိန် မရွှေမဟာနွယ်ရဲ့ လူမှုကွန်ရက်အကောင့်မှတဆင့် ကွန်မန်ဒို အဝတ်အထည်များလည်း လှူဒါန်းနိုင်ကြောင်း ပို့စ်တင်ခဲ့ပြီးနောက် ယင်းနေ့ညနေပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အသင်းရုံးအတွင်းဝင်ရောက်ကာ မရွှေမဟာနွယ်အား ဖမ်းဆီးခဲ့တာပါ။ 

Source -Irrwaddy News

  • ဓားမြတိုက်မှုကြောင့် မွေးခါနီးကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက် သေနတ်နဲ့ပစ်ခံရပြီးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထန်းတောရပ်ကွက်၊ အင်းဖြတ်လမ်းရှိ နေအိမ်တစ်အိမ်ကို ဓားပြတိုက်မှုဖြစ်စဉ်မှာ မွေးခါနီး ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက် သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ 

သြဂုတ်လ ၁၀ရက် ညနေ ၃ နာရီမှာ အမျိုးသား ၇ ဦးက စစ်ဆေးစရာရှိလို့ဆိုပြီး ခြံဝင်းထဲဝင်ကာ ဓားပြတိုက်ခဲ့ရာမှာ နေအိမ် အိပ်ခန်းအတွင်းရှိ ကိုယ်ဝန်သည်ရဲ့ နားထင်ကို သေနတ်နဲ့ ပစ်ခတ် သွားခဲ့တာ ဖြစ်ပြီး၊ကိုယ်ဝန်သည်အမျိုးသမီးဆီကနေ အိုင်ဖုန်း 13 pro max ဖုန်း ၁ လုံးနဲ့ ဆိုင်ကယ်ကလစ်ဘီး ၁ စီးကို ယူဆောင်သွားကြတယ်လို့ သိရပါတယ်။

သေဆုံးသူအမျိုးသမီးဟာ လာမယ့်အောက်တိုဘာ ၁၈ ရက်မှာ မွေးဖွားမှာဖြစ်ပြီး သူနဲ့အတူ သန္ဓေသားယောကျ်ားလေး ၁ ဦးပါ သေဆုံးခဲ့သလို ယောက္ခမဖြစ်သူလည်း ကျည်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

Source- DVB

  • တောင်ညိုစစ်ကြောင်းမှ အမျိုးသမီးစစ်သည်တော်များ ပြည်ထောင်စုလမ်းမ လုံခြုံရေးဆောင်ရွက်

မော်လမြိုင်- ရေး-ထားဝယ် ပြည်ထောင်စုလမ်းမလုံခြုံရေး အတွက်  တောင်ညိုစစ်ကြောင်းက အမျိုးသမီးစစ်သည်များ လုံခြုံ ရေးဆောင်ရွက်နေတယ်လို့ Taung Nyo Column ကသတင်းထုတ်ပြန်ပါတယ်။

တော်လှန်ရေးကာလ ကြာမြင့်လာတာနဲ့အတူ အမျိုးသမီးတွေကလည်း စစ်ရေးရဲ့ အဓိကကျတဲ့ စစ်မျက်နှာ ပြင်များ အထိ လိုက်ပါပြီး တာဝန်ထမ်းဆောင်နေလျက်သလို မိုးဆက်တိုက်ရွာသွန်းမှုတွေကြားကနေ ပြည်ထောင်စုလမ်းမလုံခြုံရေးအတွက် စစ်ဆေးနေကြတာဖြစ်တယ်လို့ Taung Nyo Column ကဖော်ပြထားပါ တယ်။

Taung Nyo Column က အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက် အောက်မှာ ဖွဲ့စည်းထားပြီး မဟာမိတ်တပ်ဖွဲ့များနဲ့အတူ တိုက်ပွဲဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဖြစ်ပါတယ်။

Source- People’s Spring

  • ရိုဟင်ဂျာစက်လှေတစ်စီး စစ်တွေမြစ်အတွင်းတိမ်းမှောက်ခဲ့ရာအမျိုးသမီးအလောင်း၇လောင်းအပါအဝင် အလောင်း ၁၇ လောင်း ရှာဖွေတွေ့ရှိ

မလေးရှားနိုင်ငံကို ထွက်ခွာလာတဲ့ ရိုဟင်ဂျာစက်လှေတစ်စီး ပြီးခဲ့သည့်ရက်ပိုင်းက စစ်တွေမြစ်အတွင်း တိမ်းမှောက်သွားခဲ့ရာ ယနေ့အချိန်ထိ အမျိုးသမီးအလောင်း၇လောင်းအပါအဝင်  အလောင်း၁၇ လောင်း ရှာဖွေတွေ့ရှိထားပြီး ပျောက်ဆုံးနေသူ ၃၀ ခန့်ရှိတယ်လို့ သိရပါတယ်။

ရိုဟင်ဂျာ ၅၅ ဦး လိုက်ပါလာတဲ့ စက်လှေက  ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အနောက်ပြင်ကျေးရွာမှ ဩဂုတ် ၆ရက်နေ့ ညနေမှာထွက်ခွာလာပြီးနောက်တစ်နေ့တွင် စစ်တွေမြို့၊ပွိုင့်ကမ်းခြေအနီးတွင် လှိုင်းဒဏ်ကြောင့် တိမ်းမှောက်သွားခဲ့ပါတယ်။

စက်လှေတွင်အမျိုးသမီး ၁၂ ဦးနဲ့ အမျိုးသား ၄၃ ဦး ပါဝင်ပြီး အသက် ၁၇ နှစ်နဲ့အထက်အရွယ်တွေ ပါဝင်ပါတယ်။

အဆိုပါရိုဟင်ဂျာများမှာ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်များမှ ဖြစ်ပြီး စားဝတ်နေရေးကျပ်တည်းမှုကြောင့် မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်  အနောက်ပြင်ကျေးရွာတွင် စုရပ်အဖြစ်သတ်မှတ်ကာ ထွက်ခွာလာကြ ခြင်းဖြစ်တယ်လို့သိရပါတယ်။

Source- Myanmar Now

  • စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် လသားအရွယ်ကလေးငယ်နဲ့ အမျိုးသမီးနှစ်ဦးသေဆုံး

ကိုင်းနဲ့ က်လက်အစပ်မှာရှိတဲ့တလိုင်းရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ၈ လသားအရွယ် ကလေး ငယ်နဲ့ အသက် ၂၃နှစ်အရွယ်မိခင်အပြင်အသက်အသက် ၆၅ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးလည်း  သေဆုံးခဲ့တယ်လို့ သိရ ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးနဲ့အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ပြီး ရဟန်းတစ်ပါးအပါအဝင် ထိခိုက်ဒဏ်ရာရသူ ၁၅ ဦးအထိရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Source- BBC

  • သံဖြူဇရပ်မှာ ကလေးနဲ့ အမျိုးသမီးတွေပါဝင်တဲ့ ရိုဟင်ဂျာ တစ်ရာ့ငါးဆယ်နီးပါးဖမ်းဆီးခံရ 

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာ သြဂုတ် ၁၁ရက်နေ့က အမျိုးသမီးနဲ့ ကလေးတွေပါဝင်တဲ့ ရိုဟင်ဂျာ ၁၄၅ ဦးဖမ်းဆီးရမိပြီး ယင်းတို့ကိုအမှုဖွင့်အရေးယူ ဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့ ပြည်နယ်စစ်ကောင်စီနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါ တယ်။

သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာနဲ့ ကလိန်ပဒေါကျေးရွာအကြားမှာ  ရေးမြို့ဘက်ကနေ သံဖြူဇရပ်မြို့နယ်ဘက်ကို မောင်းနှင် လာတဲ့ မြေသယ်ယာဉ်ကားလေးစီးကို ရပ်တန့်စစ်ဆေးရာမှာ တရားမဝင်လိုက်ပါလာတဲ့ ရိုဟင်ဂျာ ၁၄၅ ဦးကို ဖမ်းဆီးရမိခဲ့ တာပါ။

ဖမ်းဆီးခံရသူတွေထဲမှာ ပြည်တွင်း ရခိုင်ပြည်နယ်ဘက်ကလာတဲ့ အသက် ၁၀ နှစ်နဲ့ ၁၀ နှစ်အောက်အရွယ် ကလေး ခုနစ်ဦးအပါအဝင် အမျိုးသား၉၉ ဦး၊အမျိုးသမီး၁၈ ဦး၊ဘင်္ဂလားဒေ့ရှ်ကလာသူအမျိုးသား ၂၈ ဦးပါဝင်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ဖမ်းဆီးရမိတဲ့ ရိုဟင်ဂျာတွေကို သံဖြူဇရပ်မြို့နယ်၊ စက်သစ်ရပ်ကွက်က မြို့နယ်အား ကစားခန်းမမှာ ယာယီ နေရာချထား ပေးထားပြီး ပြည်တွင်းကလာတဲ့ ရိုဟင်ဂျာတွေကို လ.ဝ.ကအက်ဥပဒေပုဒ်မ-၆(၂)(၃)၊ ဘင်္ဂလားဒေ့ရှ်က လာသူ တွေကိုတော့ လ.ဝ.ကအက်ဥပဒေပုဒ်မ-၁၃(၁)နဲ့ရိုဟင်ဂျာတွေကို တင်ဆောင်လာတဲ့ စက်လှေသမားနဲ့မော်တော်ယာဉ် မောင်း နှင်သူတွေကိုလည်း စစ်ကောင်စီက အမှုဖွင့်အရေးယူသွားမှာဖြစ်သလို သိရပါတယ်။

Source- Delta News Agency   

  • လိင်တူချင်း လက်ထပ်ထိမ်းမြားမှု ကေအန်ယူဥပဒေနှင့် မကိုက်ညီ

 လိင်စိတ်ခံယူမှုကွဲပြားသူ (သို့မဟုတ်) လိင်တူချစ်သူ အချင်းချင်းလက်ထပ်ထိမ်းမြားခြင်းက ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ)ရဲ့ မူဝါဒ ပြဋ္ဌာန်းချက်နဲ့ကိုက်ညီမှုမရှိသေးသလို ကေအန်ယူရဲ့ ဥပဒေ ပြဋ္ဌာန်းချက် တွေနဲ့ ငြိစွန်းတယ်လို့ ဩဂုတ် ၁၀ ရက်က ပြုလုပ်တဲ့ ကေအန်ယူ သတင်းစာရှင်းလင်းပွဲမှာ ကေအန်ယူ ခေါင်းဆောင်တွေက ပြောကြားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့တဲ့ ကေအန်ယူထိန်းချုပ်နယ်မြေအတွင်း လိင်တူချင်းလက်ထပ် ထိမ်းမြားခြင်းနဲ့ပတ်သက်လို့ ကေအန်ယူ ဒူးပလာယာခရိုင်တွဲဘက်အတွင်းရေးမှုး စောမိုးအဲ့ဒို့ရဲ့လက်မှတ်နဲ့ ဒီကိစ္စဟာ ကေအန်ယူရဲ့ ရာဇဝတ်မှု ဥပဒေပုဒ်မကို ကျူးလွန်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဒီဖြစ်စဉ်အပေါ် သတင်းစာရှင်းလင်းပွဲမှာ ကေအန်ယူ ဗဟိုအလုပ်အမှုဆောင်ကော်မီတီအဖွဲ့ဝင် ပဒိုနော်ဒါးဒါးက ဒါဟာ ကေ အန်ယူရဲ့ ရာဇဝတ်ဥပဒေ ပုဒ်မ ၂၃၈အရ ဓမ္မတာနဲ့ဆန့်ကျင်တဲ့ ပြစ်မှုမြောက်ကြောင်းနဲ့ ထောင်ဒဏ် ၅နှစ်အထိ ချမှတ်နိုင် ကြောင်း ပြောကြားခဲ့ပါတယ်။

ကေအန်ယူ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ထပ်လောင်း ဖြည့်စွက်ပြောဆိုရာမှာ LGBT အခွင့်အရေးဟာ ကရင့် လူမှုအသိုင်းအဝိုင်းမှာ ပညာပေးနိုင်တဲ့အနေအထားမရှိသေးသလို ကရင်လူ့အဖွဲ့အစည်းကလည်း လက်ခံနိုင်တဲ့အနေ အထား မရှိသေးတဲ့အတွက် တစ်ဦးချင်းရဲ့ ရပိုင်ခွင့်အသုံးချမှုမှာ မိမိရဲ့ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းမတူတဲ့ လူ့အဖွဲ့အစည်းအတွက် အနှောင့်အယှက်မဖြစ်ဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ် ။

Sources – DVB

Author:

Related Articles