Home သတင်း ရွေးချယ်မှုနဲ့ ပေးဆပ်မှုကြားက အမေ့လျော့ခံ CDM တွေရဲ့ ဘဝ

ရွေးချယ်မှုနဲ့ ပေးဆပ်မှုကြားက အမေ့လျော့ခံ CDM တွေရဲ့ ဘဝ

CH

တော်လှန်ရေးလုပ်နေတဲ့သူကိုအိမ်ထောင်ဖက်အဖြစ် ရွေးချယ်လိုက်တဲ့အတွက် ကိုယ့်အနားမှာ သူအမြဲ နေရမှာတော့ မဟုတ်ဘူးဆိုတာ သိပေမယ့် သူ့ကို ပိုင်ဆိုင်ခွင့်ရတဲ့အတွက် ပျော်တယ်လို့မနွေဦး(အမည်လွှဲ)ကပြောပါတယ်။

တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေသူ ဖြစ်သလို၊တဖက်မှာလည်း CDM လုပ်ထားတဲ့ ရဲတပ်သားကို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်လိုက်တာဟာ မနွေဦးအတွက် အကြီးမားဆုံးသော ရွေးချယ်မှု၊ဘဝအတွက်စိန်ခေါ်မှုတစ်ခုပါ။

သာယာ‌ဖြောင့်ဖြူးမယ့်ခရီး မဟုတ်မှန်းသိပေမယ့် အခုလိုကာလမှာ လက်နက်ကိုင်တော်လှန်ရေး တိုက်ပွဲဝင်နေတဲ့ ချစ်သူကို လက်တွဲဖော်အဖြစ် နောင်တမရဘဲ ရွေးချယ်လိုက်တာဟာ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကြောင့်လို့ သူကဆိုပါတယ်။

ချစ်သူစုံတွဲတွေ သေကွဲကွဲတာကိုမြင်တော့ ကြောက်တယ်။ ဒါပေမယ့် သူနဲ့ တစ်ရက်ပဲဖြစ်ဖြစ် နှစ်ရက်ပဲဖြစ်ဖြစ် နေခွင့်ရရင် ကျေနပ်ပြီဆိုတဲ့ အတွေးနဲ့ပဲ သူ့ကို ရွေးချယ်ခဲ့တယ်။ အဓိက သူနဲ့ နေခွင့်ရသလောက် နေမယ်ဆိုတဲ့ အတွေးနဲ့ပဲ ရွေးချယ်လိုက်တာပါလို့ မနွေဦးက ပြောပါတယ်။

အမေ့လျော့ခံ CDM တွေရဲ့ ဘဝ  

တချိန်က ရုံးမတက်နဲ့ ရုန်းထွက်”  ဆိုတဲ့ လမ်းမပေါ် ကျယ်လောင်စွာ ထွက်ပေါ်တဲ့ အော်ဟစ် ကြွေးကြော်သူတွေကြားမှာ မနွေဦး တစ်ယောက်လည်း ပါဝင်ကြွေးကြော်ခဲ့ပါတယ်။

တက်ကြွတဲ့ ခြေလှမ်းနဲ့ လမ်းမပေါ်ထွက် ဆန္ဒပြစဉ် အစိုးရဝန်ထမ်းတွေ ပြည်သူ့ဘက်ရပ်တည်လာချိန် အခိုက်အတန့် ဂုဏ်ယူအားတက်မိပေမယ့် ကိုယ်တိုင် CDM တစ်ယောက်ရဲ့ မိသားစုဘဝကို ရောက်ရှိသွားချိန်မှာ ထင်သလောက် လွယ်ကူချောမွေ့တဲ့ ဘဝခရီး မဟုတ်ဘူးလို့ဆိုပါတယ်။

ကိုယ်တိုင်ကလည်း တစ်ချိန်က CDM လုပ်ဖို့ လှုံ့ဆော်ခဲ့တယ်။ ဒါပေမယ့် အခုချိန်မှာ ကူညီပေးနိုင်လားဆိုတော့ မကူညီပေးနိုင်ဘူး။ CDM သမားတွေ ဒုက္ခရောက်နေတာမြင်တဲ့ အချိန်မှာ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘူးလို့ ခံစားရတယ်လို့မနွေဦးကဖွင့်ဟပြောပါတယ်။

ပြည်သူ့ဘက်က ရပ်တည်ချင်တဲ့ စိတ်တစ်ခုတည်းကြောင့်သာ CDM တွေအဖြစ် ရပ်တည်ခဲ့ကြပေမယ့် တချို့CDM ဝန်ထမ်းတွေရဲ့ဘဝတွေဟာ ဒုက္ခနဲ့ပြသာနာတွေ အကြားမှာ မေ့လျော့ခံနေရဆဲပါ။

မပြေလည်မှုတွေကို တင်းခံရင်း မိသားစုဝင်တွေကြားမှာ နားလည်မှု၊ သည်းခံနိုင်မှု အတိုင်းအတာ လျော့ပါးလာတဲ့ချိန်မှာ အော်ဟစ်ဆဲဆို အပြစ်တင်မှုတွေကြားမှာ CDM မိသားစုဝင်တွေ ရှင်သန်နေကြရတယ်။

တော်လှန်ရေးကြောင့် ပေးဆပ်လိုက်တဲ့ လူတွေကိုကြည့်ပြီး သနားတယ်။ မေ့လျော့သွားခြင်းကို ခံရတယ်။ သူတို့ရွေးချယ်မှုကြောင့် ခံရတဲ့ဆိုတာထက် အားလုံးအတွက် ရွေးချယ်လိုက်တာပါလို့ မနွေဦးက ဆိုပါတယ်။

မနွေဦးကဘဝနဲ့ရင်းပြီး ရွေးချယ်လိုက်တဲ့ အိမ်ထောင်ရေးခရီးဟာ သူ့အဖို့မလွယ်ကူခဲ့ပါဘူး။ ရင်းခဲ့ရတဲ့ အရာများစွာ ရှိနေပါတယ်။ CDM ရဲတပ်သားတစ်ဦးကိုအိမ်ထောင်ဖက်အဖြစ်ရွေးချယ်လိုက်တာကြောင့်စွန့်လွှတ်ခဲ့ရတဲ့အရာတွေရှိခဲ့ပါတယ်။

CDM လက်တွဲဖော်ကြောင့် အလုပ်ရပ်နားခံရ

မနွေဦးဟာသူ့ရဲ့အလုပ်ကရတဲ့ လုပ်အားခလစာနဲ့မိသားစုနဲ့ အမျိုးသားကို တတ်နိုင်တဲ့ ဘက်ကနေ ပံ့ပိုးပေးဖို့ရည်ရွယ်ခဲ့ပေမယ့် အဲဒီ ရည်ရွယ်ချက်ဟာ သဲထဲရေသွန် ဖြစ်ခဲ့ရပါတယ်။

လက်ထပ်ပွဲအတွက် အလုပ်ကနေ ခွင့်ယူပြီး နောက်တစ်ရက်မှာ မနွေဦး အလုပ်က ရပ်နားလိုက်ပြီ ဖြစ်ကြောင်း သူအလုပ်လုပ်နေတဲ့ အဖွဲ့အစည်းက အကြောင်းကြားလာပါတယ်။ မျှော်လင့်မထားတဲ့ အခြေအနေမို့ ဝမ်းနည်းရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ဘူးကြောင်း အခုလိုပဲ ဆိုပါတယ်။

ကိုယ့်အဖွဲ့အစည်းကို အားကိုးမိတယ်၊ ကာကွယ်ပေးမယ်လို့လဲ မျှော်လင့်မိတယ်။ ဒါပေမယ့် အမျိုးသားက CDM ဖြစ်တဲ့အပြင် တော်လှန်ရေးမှာပါတဲ့အတွက် အလုပ်ထုတ်ဖို့ပဲ သူတို့ ဆုံးဖြတ်လိုက်ကြတယ်လို့ မနွေဦးက စိတ်မကောင်းစွာရင်ဖွင့်ပြောပါတယ်။

မနွေဦးဟာ လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း (NGO) တစ်ခုရဲ့ ဝန်ထမ်း တစ်ယောက်အဖြစ် ဆက်လုပ်ချင်ခဲ့ပေမယ့် ဘဝလက်တွဲဖော်က CDM ဖြစ်နေတာကြောင့် အဲဒီ အလုပ်တာဝန်ကနေ ရပ်နားခံခဲ့ရပါတယ်။

တရား မမျှတပေမယ့် ထုတ်ပြောခွင့်မရခဲ့

တရားမျှတမှု မရှိဘူးလို့ ထုတ်ဖော်ပြောချင်ပေမယ့် တချို့အခြေအနေတွေကြောင့် ကိုယ့်အဖွဲ့အစည်းကို ပြန်မတုံ့ပြန်နိုင်ဘဲ တိတ်တဆိတ် နေလိုက်ဖို့ပဲ ရွေးချယ်လိုက်ရတယ်လို့ မနွေဦးက ပြောပါတယ်။

တော်လှန်ရေးကာလဖြစ်လို့  ဒုက္ခကြုံတွေ့ရ၊ မိသားစုလည်း စစ်ရှောင်နေရချိန်မှာ အလုပ်လုပ်ကိုင်ရာ အဖွဲ့အစည်းထံကနေ ကူညီလက်တွဲ လုပ်ကိုင်ခွင့်ပေးတယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ထားခဲ့မိပေမယ့် အဆုံးမှာတော့ ဝမ်းနည်းခြင်း မမျှတခြင်းနဲ့ပဲ အဆုံးသတ်ခဲ့ရတယ်လို့ အခုလို ပြောပြပါတယ်။

သူနဲ့လက်တွဲပြီး မကြာခင်မှာပဲ အလုပ်ပြုတ်သွားတယ်။ စိတ်ကို အတတ်နိုင်ဆုံး ဖြေထားပေမယ့် လက်ထဲမှာ သုံးစရာ ပိုက်ဆံတစ်သောင်းပဲ ကျန်တော့တဲ့အချိန်မှာ ငိုပဲငိုနေခဲ့တယ်

အချိန်ကာလ ၂ လတာ အတွင်း အားငယ်ခံပြင်းစိတ်နဲ့ ရှင်သန်ခဲ့ရပေမယ့် ရှေ့ဆက်ရမယ့်ခရီးအတွက် တွေးပူရင်း ငိုကြွေးနေမိခြင်းက သူ့အတွက် စစ်မှန်တဲ့ ဖြေသိမ့်နည်း မဟုတ်ဘူးလို့ ယုံကြည်ခဲ့ပါတယ်။

ရှေ့ဆက်ရမယ့် ဘဝခရီးအတွက် ဝင်ငွေရအလုပ်လေးတစ်ခု စတင်လုပ်ဆောင်ဖို့ ခင်ပွန်းဖြစ်သူနဲ့ တိုင်ပင် ဆွေးနွေးခဲ့ကြပြီး ချေးငွေလေးနဲ့ ကုန်ရောင်းကုန်ဝယ် စီးပွားရေး လုပ်ငန်းလေးတစ်ခု စတင်ခဲ့ကြပါတယ်။

အစပိုင်း လုပ်ကိုင်ရာမှာ ခက်ခဲခဲ့ပေမယ့် နောက်ပိုင်း ဝယ်ယူသူများလာတဲ့အတွက် စီးပွားရေး အနည်းငယ် အဆင်ပြေလာခဲ့ပါတယ်။

အစစအရာရာ ချွေတာသုံးစွဲခဲ့ရတယ်။ နေရာသစ်တစ်ခုမှာ အစကနေပြန်ပြီး ရုန်းရတဲ့အတွက် အခက်အခဲတော့ ရှိတယ်လို့ မနွေဦးက ပြောပါတယ်။

နေရာအသစ်၊ ပတ်ဝန်းကျင်သစ်တစ်ခုမှာ ဘဝသစ် စတင်ရတာဖြစ်လို့ အခက်အခဲတွေ ကြုံရပေမယ့် နောင်တမရဘဲ ရှေ့ဆက်နေခြင်းက တော်လှန်ရေးအပေါ်ထားတဲ့ သူ့ရဲ့စိတ်ဓာတ်နဲ့ ခံယူချက်အပြင် တော်လှန်ရေးအပေါ် ထားတဲ့ ယုံကြည်မှုကြောင့်လို့ မနွေဦးက လက်ခံထားပါတယ်။

ဒုက္ခသည်အချင်းချင်းကြား အထင်မြင်လွဲမှားမှု

ဘဝလုံခြုံရေးအတွက် စိုးရိမ်နေကြရသူတွေနဲ့ စစ်ကြောင့် ဒုက္ခရောက်နေကြတဲ့သူတွေ လာရောက် ခိုလှုံကြရာ ဖယ်ခုံမြို့အလယ် ကယန်းအုပ်စုအတွင်းရှိ နေရာလေးတစ်ခုမှာ မနွေဦးတို့လည်း စစ်ရှောင် နေထိုင်ခဲ့ကြရပါတယ်။

စခန်းမှာ စစ်ရှောင်ဦးရေ များလာတာနဲ့အမျှ လုံလောက်တဲ့ ပံ့ပိုးကူညီမှုတွေ မရရှိတော့တဲ့အချိန်မှာ  သူ့မိသားစု စားဝတ်နေရေးအတွက် စီးပွားရေးလေးတစ်ခု စတင်လုပ်ဆောင်နိုင်ခဲ့ပေမယ့် ဒုက္ခသည် အချင်းချင်းကြား အထင်မြင်လွဲမှားမှုတွေနဲ့ ကြုံရတဲ့အခါ စိတ်မကောင်းဖြစ်ရတယ်လို့ အခုလိုဆိုပါတယ်။

ဒုက္ခရောက်လို့ လာရောက် ခိုလှုံပေမယ့် သူတို့အမြင်မှာ လာပြီးလုပ်စားတယ်ဆိုတဲ့ အမြင်တွေ ရှိတယ်။ သူများဆီမှာ ပိုက်ဆံကို အတိုးနဲ့ချေးပြီး ဒီစီးပွားရေးကို လုပ်တာပါလို့ မနွေဦးကပြောပါတယ်။

ရောက်နေတဲ့ နေရာလေးမှာ စီးပွားရေးလုပ်ငန်းတစ်ခု စတင်ဖို့ ပြင်ဆင်ရာမှာလည်း ဆိုင်ခန်းခ တိုးတောင်းတာ၊ မလိုအပ်တဲ့ စကားလုံးတွေနဲ့ ထိုးနှက်တာတွေကို တွေ့ကြုံရဆဲလို့သူကပြောပါတယ်။

အခုလိုမျိုး ကြုံတွေ့နေရပေမယ့် ဒီတော်လှန်ရေးခရီးလမ်းမှာ အသက်စွန့် ပေးဆပ်ခဲ့တဲ့ သူရဲကောင်းတွေ ထက်စာရင် သူတို့ပေးဆပ်ရတာက အသေးအမွှားသာ ဖြစ်တယ်လို့ ဆိုပါတယ်။

တခါတလေတော့လည်း စိတ်ဖြေရတယ်။ ငါက တော်လှန်ရေးအတွက် စွန့်လွတ်ရတာပဲ၊ သူများတွေတောင် အသက်တွေ စွန့်နေရတယ်

ပေးဆပ်မှုတွေနဲ့ တော်လှန်ရေးခရီးရှည်

မပြီးဆုံးသေးတဲ့ တော်လှန်ရေးခရီးအတွက် စွန့်လွတ်အနစ်နာခံ ပေးဆပ်မှုတွေက မတူညီကြပါဘူး။ တချို့က အိပ်မက်၊ တချို့က ရည်မှန်းချက်၊ တချို့က ဘဝတွေအသက်တွေ ပေးဆပ်ခဲ့ကြပေမယ့် အဆုံးသတ်က မေ့လျော့ခံရခြင်းတွေပါလို့ သူကဆိုပါတယ်။

CDM ဝန်ထမ်းလည်းဖြစ် တော်လှန်ရေးတပ်သားကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ခဲ့လို့ မိမိ လုပ်ကိုင်နေတဲ့ လုပ်ငန်းအဖွဲ့အစည်းက အလုပ်ထုတ်ပယ်ခဲ့တာကြောင့် စိတ်ဓာတ်ကျခဲ့ပေမယ့် အရှုံးတော့ မပေးခဲ့ဘူးလို့  မနွေဦးက ပြောပါတယ်။

တော်လှန်ရေးခရီးမှာ ပါဝင်ခဲ့ကြတဲ့ CDM တွေဟာ အခက်အခဲ အမျိုးမျိုးကြားက ၂ နှစ်ကျော်ကြာ တောင့်ခံခဲ့ကြပေမယ့် သူတို့တွေအတွက် ကူညီထောက်ပံ့မှုတွေက အလွန် ရှားပါးနေဆဲပါ။

အာဏာရှင်စနစ်အောက်မှာ မနေချင်လို့ လစဉ် ပုံမှန်ရနေကျ ခံစားခွင့်လစာအပြင် ဘဝတစ်ခုလုံး ရင်းပြီး အမှန်တရားအတွက် ရပ်တည်ခဲ့ပေမယ့် အဖက်ဖက်ကနေ ရိုက်ခတ်လာတဲ့ အခက်အခဲ ပြသာနာတွေကြားမှာတော့ ကူးလူးနေရဆဲပါပဲ။

ဒီလို နေ့စဉ်လူမှုဘဝ ပြသာနာတွေကြားမှာCDM အချင်းချင်း ဖေးမကူညီရင်း တစ်ဦးရဲ့ဒုက္ခ တစ်ဦးက ပြန်ပြီး ခံစားနားလည်ပေးနေရတဲ့ ဘဝမျိုးမှာ CDM မိသားစုဝင်တွေအဖို့ နေသားကျနေပြီလို့ ဆိုရပါမယ်။

ကျမရဲ့ ခံယူချက်က ခိုင်မာတယ်။ မတရားမှုကိုမြင်ရင် သွယ်ဝိုက်ပဲဖြစ်ဖြစ် တိုက်ရိုက်ပဲဖြစ်ဖြစ် မပတ်သက်ချင်ဘူး။ ပြောရမယ်ဆိုရင် လိပ်ပြာသန့်ချင်တယ်မနွေဦးက သူရဲ့ ရပ်တည်ချက်ကို ပြတ်ပြတ်သားသား ပြောဆိုလိုက်ပါတယ်။

Author:

Related Articles