Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဧပြီလ ၈ ရက်မှ ၁၄  ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။

ဆီဆိုင်မှာ လက်နက်ကြီးကြောင့် ကျောင်းသူတစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် တွေပူးရွာမှာ ဧပြီလ ၈ ရက်နေ့ မနက်ပိုင်းက လက်နက်ကြီး ကျည်ထိ မှန်လို့ အသက် ၁၅ နှစ်အရွယ် ကျောင်းသူတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရသွားတယ်လို့သိရပါတယ်။

လက်နက်ကြီးထိမှန်သူတွေဟာ စစ်ရှောင်နေကြသူတွေဖြစ်ပြီး သူတို့နေတဲ့နေရာမှာရေကုန်လို့  ရွာကိုပြန်ပြီးရေ ခပ်တဲ့အချိန်လက်နက်ကြီးထိမှန်တာလို့ဆိုပါတယ်။

ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA ကတော့ ဆိုက်ခေါင်ရွာနဲ့ လွယ်ပွတ်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် ပူးပေါင်းအဖွဲ့တွေက ပစ်ခတ်ခဲ့တာဖြစ်ပြီး သေဆုံးသူဟာ ၁၀ တန်းကျောင်း သူ နန်းမြစိန်လို့ ဖော်ပြထားပါတယ်။

Source – RFA

ရွှေဘိုမြို့နယ် ရှားတောရွာ စီးနင်းခံရမှု သေဆုံးသူ သက်ကြီးရွယ်အိုနဲ့အမျိုးသမီးများအပါဝင်ကိုးဦးအထိရှိလာ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ရှားတောရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းရာမှာ သက်ကြီးရွယ်အိုနဲ့ အမျိုးသမီးတွေအပါအဝင် သတ်ဖြတ်ခံရသူ ကိုးဦးအထိ ရှိလာတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် တွေက ဧပြီလ ၉ ရက်နေ့မှာ ပြောပါတယ်။

ဧပြီလ ၆ ရက်နေ့မှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး သတ်ဖြတ်ခံရသူတွေထဲမှာ အသက် ၂၀ နဲ့ အသက် ၃၀ အရွယ် နှစ်ဦးပါဝင်ပြီး ကျန်တဲ့သူတွေဟာ အသက် ၅၀ ကနေ ၉၀ အတွင်းရှိကြတဲ့ သက်ကြီးပိုင်း တွေ လို့ ဆိုပါတယ်။

စစ်ကြောင်းဝင်လာချိန် မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေက ရွာထဲမှာပဲ သတ်ဖြတ်မီးရှို့ခံခဲ့ရသလို တချို့ကတော့ ဖမ်းဆီးပြီးမှ သတ်ဖြတ်ခံရတာလို့ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Source – RFA

ဖလမ်းခရိုင် ရဲတပ်ဖွဲ့ရုံးက ဒုတပ်ကြပ် ရဲမေ ၁ ဦး အလင်းဝင်

ချင်းပြည်နယ် ဖလမ်းမြို့နယ် ဖလမ်းခရိုင် ရဲတပ်ဖွဲ့ရုံးက ဒုတပ်ကြပ် ရဲမေ ၁ ဦး အလင်းဝင်ကာ ပြည်သူ့ရင်ခွင် ခိုလှုံ လာတယ်လို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ် (YPDF) က ဧပြီ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒုတပ်ကြပ် ရဲမေကို ချင်းအမျိုးသား ကာကွယ်ရေးတပ် (CNDF)၊ ချင်းအမျိုးသားတပ်မတော် (CNA) တို့က ဖလမ်း ခရိုင်ရဲစခန်းမှ ခေါ်ဆောင်ကယ်ထုတ်ခဲ့ပြီး YPDF တပ်ဖွဲ့မှ ယောဒေသကို သွားရောက် ခေါ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

အသက် ၃၀ အရွယ် အလင်းဝင်ရဲမေဟာ ယောဒေသ ရပ်ကျေး ပကဖများနဲ့ ခံဝန်လက်မှတ်ရေးထိုးပြီး လက်ရှိမှာ ယောဒေသမှာ မိဘတွေနဲ့အတူ နေထိုင်နေတယ်လို့ သိရပါတယ်။

Source – DVB

အမျိုးသမီးများ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအညွှန်းကိန်း အာဆီယံတွင် မြန်မာက အောက်ဆုံး၌ ရှိနေ

ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးတွေရဲ့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအညွှန်းကိန်းအဆင့် The Global Women’s Peace and Security Index (WPS Index) မှာ မြန်မာနိုင်ငံက အာဆီယံနိုင်ငံတွေထဲ အောက်ဆုံးအဆင့်မှာ ရှိနေတယ်လို့ သိရပါတယ်။

ဒါကတော့ နော်ဝေနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ဝါရှင်တန်ဒီစီ အခြေစိုက် ဂျော့တောင်း တက္က သိုလ် ကနေ ထုတ်ပြန်ထားတာဖြစ်ပြီးတော့ သုတေသီတွေက အမျိုးသမီးတွေရဲ့ အလုပ်အကိုင်နဲ့ ပညာရေးဆိုင်ရာ စည်းမျဉ်းတွေကနေ အကြမ်းဖက်မှုနဲ့ ဘေးကင်းရေးအမြင်တွေအထိ ကျယ်ကျယ်ပြန့်ပြန့် စုစည်းထားကာ ကမ္ဘာ့ နိုင်ငံ ပေါင်း ၁၇၀ က အမျိုးသမီးတွေရဲ့ ပါဝင်မှု၊ တရားမျှတမှုနဲ့ လုံခြုံရေးတို့ကို တိုင်းတာ တွက်ချက်ထား တယ် လို့ဆိုပါတယ်။

ဒီအညွှန်းကိန်းရဲ့ ထိပ်ဆုံးမှာ နော်ဝေနိုင်ငံ ရှိနေပြီး အောက်ဆုံးအဆင့်မှာတော့ အာဖဂန်နစ္စတန်နိုင်ငံက ရှိနေ တာပါ။

အာဆီယံနိုင်ငံတွေထဲမှာတော့ စင်ကာပူနိုင်ငံက ထိပ်ဆုံးက ဦးဆောင်နေပြီးတော့ သူ့ နောက်မှာတော့ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ လာအိုနိုင်ငံတွေက ထိပ်တန်း ၅ နိုင်ငံ အဖြစ်ရပ်တည်နေပါတယ်။

အဲဒီနောက်မှာတော့ အင်ဒိုနီးရှား၊ တီမော၊ ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေ အစဉ်လိုက် ရှိနေပြီး စစ်အာဏာသိမ်းမှုနဲ့အတူ တိုက်ပွဲတွေ၊ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရ တဲ့ မြန်မာနိုင်ငံက အောက်ဆုံးအဆင့်မှာ ရပ်တည်နေတာပါ။

Source – DVB

နိုင်ငံရေးအကျဉ်းသား သမီးဖြစ်သူကို ထောင်ဝင်စာတွေ့ပြီးအပြန် မိခင်ဖြစ်သူသေဆုံး

စစ်ကောင်စီက ဖမ်းဆီးအကျဉ်းချထားသည့် နိုင်ငံရေးအကျဉ်းသား မပန်းအိခင်၏မိခင်ဖြစ်သူဟာ သာယာဝတီ ထောင်ရှိ သမီးဖြစ်သူကို ထောင်ဝင်စာတွေ့ပြီးအပြန်မှာ ရုတ်တရက်လဲကျသေဆုံးသွားတယ်လို့ နိုင်ငံရေးအကျဉ်း သူများအဖွဲ့ကသိရပါတယ်။

သေဆုံးသူမှာ တခြားရောဂါ ကြီးကြီးမားမားဖြစ်ပွားနေခြင်းမရှိဘဲ ရာသီဥတုအပူချိန်မြင့်တက်မှုကြောင့်ရုတ်တရက် လဲကျသေဆုံးခြင်းဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ အကျဥ်းထောင်တွေမှာ ထောင်ဝင်စာပေးပို့မှုနဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်တွေကြောင့် အသက်အရွယ်ကြီးရင့်သူ မိဘတွေကိုယ်တိုင် ထောင်ဝင်စာပို့ ဆောင်နေရတဲ့အတွက် ယခုကဲ့သို့ လူသေဆုံးတဲ့အထိ ဖြစ်သွားရတာဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေကို ဝေးလံတဲ့ထောင်တွေကို ပြောင်းရွှေ့မှုတွေရှိတဲ့အတွက် ကျန်မိသားစုဝင် တွေ အတွက် အဆက်အသွယ်ရဖို့ခက်ခဲတာ၊ထောင်ဝင်စာပို့ဖို့အခက်အခဲတွေဖြစ်ပေါ်နေတယ်လို့  နိုင်ငံရေး အကျဉ်း သူများအဖွဲ့ကနေသိရပါတယ်။

Source – Mizzima

Author:

Related Articles