Home သတင်း ရခိုင်တိုက်ပွဲ လေးလကျော်အတွင်း အမျိုးသမီး ၆၀ ကျော်သေဆုံးပြီး ၂၀၀ နီးပါးထိခိုက်ဒဏ်ရာရရှိ

ရခိုင်တိုက်ပွဲ လေးလကျော်အတွင်း အမျိုးသမီး ၆၀ ကျော်သေဆုံးပြီး ၂၀၀ နီးပါးထိခိုက်ဒဏ်ရာရရှိ

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၃ ရက်က စတင်ဖြစ်ပွါးခဲ့တဲ့ ရခိုင်တိုက်ပွဲလေးလကျော်ကာလအတွင်းမှာ အမျိုးသမီး ၆၀ ကျော်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၁၉၈ ဦး) ၂၀၀ နီးပါးထိရှိတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ဧပြီလ ၃ ရက် နေ့ မှာ ထုတ်ပြန်ခဲ့ပါတယ်။

သေဆုံးဒဏ်ရာရရှိသူတွေထဲမှာ ရခိုင်တွေအပြင် မွတ်ဆလင်၊ ခူမီးနှင့် မရမာကြီးလူမျိုးစုတွေလည်း ပါဝင် တယ် လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အခုလိုအမျိုးသမီးတွေသေဆုံးနေတဲ့ နှုန်းဟာ တစ်လကို ၁၅ ဦးခန့်ရှိ နေတာဖြစ်ပါတယ်။

သေဆုံးမှု ထိခိုက်ဒဏ်ရာရရှိမှု တွေထဲမှာစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှု တွေ ကြောင့် အများဆုံးဖြစ်တာတွေ့ရပါတယ်။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသူ အမျိုးသမီး သုံးသိန်းနီးပါးရှိတယ်လို့လည်း HDCO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“နေ့တိုင်းလက်နက်ကြီးနဲ့ ပစ်နေတာ။ ဘယ်ကိုပြေးရမယ်မှန်းမသိတော့ဘူး။ နေ့တိုင်းကြောက်ကြောက် လန့်လန့် နဲ့ နေထိုင်နေရတာပါ။ ပြေးဖို့ကလည်း လမ်းတွေ အကုန်ပိတ်ထားတယ်”လို့ မောင်တောမြို့ခံ အမျိုးသမီး တစ်ဦး က ပြောပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထားတဲ့ မြို့နယ်တွေကိုလည်း စစ်ကောင်စီက လေယာဉ်နဲ့လာရောက် ဗုံးကြဲတာတွေရှိနေပါတယ်။

တိုက်ပွဲတွေကို ကြောက်လန့်ပြီး ဘေးလွတ်ရာကိုတိမ်းရှောင်နေကြသူတွေအတွက် အကူညီတွေ အများကြီးလို အပ်နေတယ်လို့ ဒေသခံအများစုက ပြောပါတယ်။

Author:

Related Articles