Home သတင်း စစ်တပ်မှ အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုများ ဆက်ရှိနေ

စစ်တပ်မှ အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုများ ဆက်ရှိနေ

ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်းမှ ယိင်းဟာဖမှ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အမျိုးသမီးများ လူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရမှု အခြေအနေအကြောင်း တင်ပြနေစဉ်

ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်းမှ ယိင်းဟာဖမှ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အမျိုးသမီးများ လူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရမှု အခြေအနေအကြောင်း တင်ပြနေစဉ်

“ဝန်ကြီးဌာနတွေအားလုံးက စီဒေါကို ဘာမှမသိကြပါဘူး။ ပညာပေးမှုတွေမရှိတော့ အမျိုးသမီးတွေတိုင်းကလဲ မသိဘူး၊

အကြမ်းဖက်မှု ခံရတဲ့ အမျိုးသမီးတွေကို ထောက်ပံ့တာလဲမရှိဘူး၊ စီမံကိန်းတွေလဲ စာရွက်ပေါ်မှာပဲရှိတယ်”

ကောကော်။ ၂၅ နိုဝင်ဘာ ၂၀၁၄ ခုနှစ်။

တိုင်းရင်းသားဒေသတွေမှာ စစ်တပ်က ကျူးလွန်တဲ့ လိင်အကြမ်းဖက်မှုတွေ စနစ်တကျ ဆက်လက် ဖြစ်ပေါ်နေတယ်လို့ WLB အစီရင်ခံစာမှာ ဖော်ပြထားပြီး “ တရားမျှတမှုအတွက် မျှော်လင့်ချက်သာပေးပါ” ဆိုတဲ့ အစီရင်ခံစာထုတ်ပြန်ချက်နဲ့အတူ သတင်းစာရှင်းလင်းပွဲ တရပ်ကို ဒီကနေ့ နေ့လည် ပိုင်း ၁နာရီမှ ၃နာရီအထိ၊ သတင်းသမားများကွန်ယက်မှာ သတင်းထောက် (၇၀)ကျော်တို့မှ တက်ရောက်ခဲ့ကြပြီး အစီအစဉ် ကြီးကြပ်သူအဖြစ် ကချင်အမျိုးသမီးကွန်ယက်မှ မေစံပယ်ဖြူက ဆောင်ရွက်ခဲ့ပါတယ်။

တအောင်းအမျိုးသမီး လွေးပိုးဖိန်းက တအောင်းဝ် ဒေသမှ အကြမ်းဖက်ခံနေရမှု မျိုးစုံ၊ ရှမ်းပြည်မြောက်ပိုင်း ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်ဆောင်ရွက်ရေးအသင်းမှ  ယိင်းဟာဖမှ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အမျိုးသမီးများ လူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရမှု အခြေအနေ၊  WLB မှ ထုတ်ပြန်ထားသော အစီရင်ခံစာ အခြေအနေတင်ပြခြင်း၊၊ ဖန်တီးအိမ်အဖွဲ့ ဒါရိုက်တာ ရွှေစင်ဇင်လှက တရားမျှတမှုနှင့် တန်းတူညီမျှရေး ၊ အမျိုးသမီးများအဖွဲ့ချုပ်( မြန်မာနိုင်ငံ) အတိုင်ပင်ခံ ဘုတ်အဖွဲ့ဝင် တဦးဖြစ်တဲ့ မသင်းသင်းအောင်က လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်နေမှု အခြေအနေများကို တင်ပြသွားခဲ့ကြပါတယ်။

အမျိုးသမီးအဖွဲ့များက မိမိလက်လှမ်းမှီရာ နေရာတွင် အချက်အလက်ကို ကောက်ယူစုဆောင်းပြီး အစီရင်ခံစာကို ထုတ်ပြန်နိုင်ခဲ့ကြောင်း မေစံပယ်ဖြူက သတင်းထောက်များသို့ ရှင်းလင်းခဲ့ပါတယ်။

“ကျမတို့ လက်လှမ်းမမီနိုင်တဲ့  မြန်မာနိုင်ငံထဲမှာ တခြားသောနေရာတွေမှာ အကြမ်းဖက်မှုတွေ အများကြီး ရှိနေပါတယ်။ တကယ်တမ်းကျတော့ အမျိုးသမီး အကြမ်းဖက်ခံရတဲ့ အခြေအနေ ရှိတယ်၊  မရှိဘူးဆိုတာကို နိုင်ငံတော်အနေနဲ့ စာရင်းတွေ၊ ကိန်းဂဏန်းတွေ ရှိသင့်ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထုတ်ပြန်တဲ့ အကြမ်းဖက်မှုမှာဆိုရင် အကြမ်းဖက်မှုထဲမှာ မုဒိန်းမှု တခုထဲပဲပါပါတယ်။ မုဒိန်းမှုတခုထဲ အမျိုးသမီးတွေကို အကြမ်းဖက်တာမဟုတ်ပါဘူး။ အခြားသော ပုံသဏ္ဍာန်တွေ အများကြီးရှိပါတယ်။ ဒီလိုမျိုးအတွက် စစ်တမ်းကောက်ယူထားတာမရှိပါဘူး”

ဒီအစီရင်ခံစာထဲမှာ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပျက်နေတဲ့ စစ်တပ်ရဲ့ လိင်အကြမ်းဖက်မှု ၁၁၈ မှုကို မှတ်တမ်းအဖြစ်တင်ပြထားပါတယ်။ ဒါဟာ လက်ရှိဖြစ်ပျက်နေတာရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းသာ ဖြစ်တယ်လို့လည်း အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အမျိုးသမီးများ အကြမ်းဖက်ခံနေရမှုမှာ ပုံစံမျိုးစုံရှိနေကြောင်း လွေးပိုးဖိန်းက ပြောပါတယ်။

“စစ်ပွဲတွေကြောင့် အမျိုးသမီးတွေရဲ့ ဘဝက လုံခြုံမှု မရှိတော့ဘူး၊ ဒါကြောင့်လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ရှိလာတယ်။ နောက်ပြီး မူးယစ်ဆေးဝါးပြဿနာကြောင့် အမျိုးသမီးတွေအပေါ် သက်ရောက်မှုက အိမ်တွင်းအကြမ်းဖက်မှုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေ ရောင်းစားခံရပြီး လူကုန်ကူးမှု အဖြစ်သို့ ရောက်သွားပါတယ်”

အကြမ်းဖက်ခံနေရသော အမျိုးသမီးများအတွက် နိုင်ငံတော်က ပံ့ပိုးမှု တစုံတရာပေးရန် လိုအပ်ကြောင်း မသင်းသင်းအောင်က ပြောပါတယ်။

“ဝန်ကြီးဌာနတွေအားလုံးက စီဒေါကို ဘာမှမသိကြပါဘူး။ ပညာပေးမှုတွေမရှိတော့ အမျိုးသမီးတွေတိုင်းကလဲ မသိဘူး၊ အဲဒီအတွက် ဘဏ္ဍာငွေချထားပေးဖို့လိုပါတယ်။ မချပေးဘူးဆိုရင် ဘာမှ လုပ်လို့မရပါဘူး။ အကြမ်းဖက်မှု ခံရတဲ့ အမျိုးသမီးတွေကို ထောက်ပံ့တာလဲမရှိဘူး၊ ခုလဲ အမျိုးသမီးတွေကို တိုးတက်မှုဆိုင်ရာ အမျိုးသားအဆင့် မဟာစီမံကိန်း က သိပ်ကိုလှပတာပဲ၊ နိုင်ငံတကာရှေ့မှာတော့ မျက်နှာရှိတာပေါ့၊ စီမံကိန်းတွေလဲ စာရွက်ပေါ်မှာပဲရှိတယ်”

Related Articles