Home သတင်း တပ်မတော်သားနှစ်ဦး၏ ကရင်အမျိုးသမီးအား ပစ်သတ်မှုအပေါ် ထိရောက်စွာအရေးယူပေးရန် ကရင်အဖွဲ့အစည်းများ တောင်းဆို

တပ်မတော်သားနှစ်ဦး၏ ကရင်အမျိုးသမီးအား ပစ်သတ်မှုအပေါ် ထိရောက်စွာအရေးယူပေးရန် ကရင်အဖွဲ့အစည်းများ တောင်းဆို

မိုးမိုး။

အသက်၄၀ အရွယ် ကရင်အမျိုးသမီး နော်မူနော်အား ပစ်သတ်ခံရမှုအတွက် နိုင်ငံတကာ လူအခွင့်အရေးအဖွဲ့အစည်းများက စုံစမ်းစစ်ဆေးမှုပြုလုပ်၍ ကျူးလွန်သူကို ထိရောက်စွာ အရေးယူပေးရန် ကရင့်နိုင်ငံရေးနှင့် လူမှုအဖွဲ့အစည်းများက မနေ့က သဘောထားထုတ်ပြန် တောင်းဆိုခဲ့ကြသည်။

၂၀၂၀ ခုနှစ် ဇူလိုင် ၁၆ရက်တွင် စကခ(၈)လက်အောက်ခံ၊ ခြေလျင်တပ်ရင်း (ခမရ-၄၀၉)မှ တပ်သားနှစ်ဦးသည် ခိုသွီးထာ (လှဂွန်းဂျို) ကျေးရွာအခြေစိုက်စခန်းမှ ထွက်လာသော ဖာပွန်ခရိုင် ဒွယ်လိုမြို့နယ် ပိုလိုးထာရွာသူ နော်မူနော်အား အကြောင်းမဲ့ပစ်သတ်သွားပြီး လက်ဝတ်ရတနာများ ချွတ်ယူသွားခဲ့မှုအပေါ် လုံးဝကန့်ကွက်ရှုတ်ချကြောင်း KNU Concerned Group၊ ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

ပစ်သတ်ခံရသူ နော်မူနော်။ ဓာတ်ပုံ- ကော်သူးလေ

“ဒီလို အပြစ်မဲ့ ပြည်သူလူထု တယောက်လည်း ဖြစ်တယ်။ အမျိုးသမီးတယောက်လည်းဖြစ်တယ်။ မိခင်တယောက်လည်း ဖြစ်တယ်။ ဒီလိုမျိုး ပြစ်ခတ် သတ်ဖြတ်တာမျိုးက ကျမတို့ လုံးဝ လက်မခံဘူး။ ငြိမ်းချမ်းရေး မရှိသ၍ပေါ့လေ။ စစ်အာဏာရှင်လို အုပ်စိုးတဲ့ အချိန်ကလာမှာ ဒီလိုမျိုး အမျိုးသမီးတွေကတော့ သူတို့ရဲ့ ဘဝ လုံခြုံမှုမရှိ ဘူးလို့ ကျမ ပြောချင်တယ်။ ဒီလိုဖြစ်ရပ်မျိုးက ရာဇဝတ်မှု ဖြစ်တယ်။”ဟု KNU Concerned Group မှ ပြောရေးဆိုခွင့်ရှိသူ နော်စီဖိုးရာစိန်က HI (အမျိုးသမီး အွန်လိုင်းစာမျက်နှာ) သို့ ပြောသည်။

ဤကဲ့သို့ မြန်မာ့တပ်မတော်၏ မတရားညှင်းပန်း နှိပ်စက်အနိုင်ကျင့်ခြင်း၊ အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ အမျိုးသမီးများအပေါ် မုဒိမ်းပြုခြင်း၊ ပြည်သူလူထုများ၏ ပစ္စည်းများအား အတင်းဓမ္မရယူခြင်းများသည် ကရင်နယ်မြေအပါအဝင် တိုင်းရင်းသားနယ်မြေအသီးသီးတွင် မကြာခဏ ဖြစ်ပွားနေကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုအခြေအနေများကို ပြည်တွင်းတရားစီရင်မှုဖြင့် ထိရောက်စွာ အရေးယူနိုင်ခြင်းမရှိသဖြင့် ထိုသို့ကျူးလွန်မှုများ ရပ်တန့်ရန်နှင့် ထိရောက်စွာ အရေးယူတားဆီးဟန့်တားရန် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သော Human Right Watch နှင့် Ammesty International အဖွဲ့အစည်းများမှ စုံစမ်းစစ်ဆေးရန် KNU Concerned Group မှ တောင်းဆိုထားသည်။

နော်စီဖိုးရာစိန်။ ဓာတ်ပုံ- နော်စီဖိုးရာစိန်ဖေ့ဘွတ်

“စစ်တပ်ရဲ့ အုပ်ချုပ်မှု၊ စစ်တပ်ရဲ့ အာဏာကိုကတော့ အစိုးရ လက်အောက်မှာ ရှိဖို့ိလိုတယ်။ အစိုးရ ထိန်းသိမ်းဖို့ လိုတယ် ပေါ့နော်။ အခုဆိုရင် စစ် တပ်က လုပ်ချင်သလို လုပ်တယ်။ ပြည်သူလူထုကို သူကာကွယ်ရမယ့်အစား ဖြစ်ချင်သလို လုပ် တယ်။ အထူးဖြင့် တိုင်းရင်း သား ပြည်သူလူထု အပေါ်မှာပေါ့လေ။ ဒီလိုမျိုး ရာဇဝဋ်မှု ကျူးလွန် တာကတော့ ဒါကို ထိ ရောက်စွာ အရေးယူဖို့လိုတယ်” ဟု နော်စီဖိုးရာစိန်က ဆိုသည်။

ဤဖြစ်ရပ်နှင့်ပတ်သက်ပြီး KNU Concerned Group အပါအဝင် ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) နှင့် Karen Peace Support Network (KPSN) အဖွဲ့မှလည်း အသီးသီးမှလည်း တပ်မတော်နှင့် မြန်မာအစိုးရအနေဖြင့် ကျူးလွန်သူများကို ထိရောက်စွာ အရေးယူပေးရန် ကြေညာချက်ထုတ်ပြန်ခဲ့ကြသည်။

ထိုအခြေအနေနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ကျူးလွန်သူ တပ်မတော်သားနှစ်ဦးဖြစ်သည့် တပ်သား သန်းစိုးလွင်နှင့် ဟိန်းမင်းထက်တို့အား ဇူလိုင်လ ၁၇ ရက်နေ့ကပင် ဖမ်းဆီးရမိထားပြီးဖြစ်ကြောင်းနှင့် စစ်စည်းကမ်းဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူရန်အတွက် ပွင့်လင်းမြင်သာစွာ အမြန်ဆုံး စစ်ဆေးအရေးယူဆောင်ရွက်သွားမည့်အကြောင်း ၎င်း၏ အင်တာနက်စာမျက်နှာတွင် မနေ့ည ၁၀ ခွဲတွင် ချက်ချင်း သတင်းထုတ်ပြန်ထားသည်။

တပ်မတော်သားများအနေဖြင့် ၎င်းတို့ကိုင်ဆောင်သည့် လက်နက်အား ရန်သူနှင့် နှစ်ဖက်ထိတွေ့တိုက်ခိုက်ချိန်မှလွဲ၍ အခြားသူများအား ထိခိုက်ဒဏ်ရာနှင့် အသက်အန္တရာယ်ဖြစ်စေခြင်းမျိုးကို ဥပဒေအရ တင်းကြပ်စွာ တားမြစ်ထားသည့်အပြင် လုံး၀ သည်းခံခွင့်လွှတ်ခဲ့ခြင်းမရှိသည့် အစဉ်အလာအတိုင်း ကျူးလွန်သူများကို ထိရောက်ပြင်းထန်စွာ အရေးယူသွားမည့်အကြောင်းနှင့် မှုခင်းဖြစ်စဉ်အား သက်ဆိုင်ရာ အထက်ဌာနသို့ အချိန်နှင့် တပြေးညီ သတင်းမပို့ခဲ့သည့် စခန်းတာဝန်ရှိသူများကိုလည်း စစ်တရားရုံး၏ စစ်ဆေးတွေ့ရှိချက်အတိုင်း အရေးယူသွားမည့်အကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး စာမျက်နှာတွင် ဖော်ပြထားသည်။

သို့သော် အရေးယူမှုများသည် ပြည်သူလူထု သိရှိရန် ပွင့်လင်းမြင်သာမှု ရှိရမည့်အပြင် ကင်းလွတ်ခွင့်ပြုမှုများ မရှိရန်အတွက် အရပ်သားများအပေါ် ရာဇဝတ်မှုကျူးလွန်သော တပ်မတော်သားများကို တပ်မတော်ခံရုံးဖြင့်မဟုတ်ပဲ အုပ်ချုပ်ရေးဥပဒေဖြင့် အပြစ်ပေးရန် လိုအပ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုဥက္ကဌဟောင်းဖြစ်သူ နော်စီဖိုးရာစိန်မှ ဆိုသည်။

“အပြစ်ပေးအရေးယူမှု လုပ်တဲ့အခါ ထိုက်တန်တဲ့ အပြစ်ပေးအရေးယူတာ မရှိတာ ရှိတယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတောင်မှ အပြစ်ပေးအရေးယူမှုက ထိရောက်တဲ့ အရေးယူမှု မရှိဘူးပေါ့လေ။ အပြစ်ပေးတာက ခဏလောက်ပဲ လွတ်ငြိမ်းချမ်းသာ ပေးလိုက်တာပဲ။ အဲဒါမျိုးတွေရှိတာပေါ့။ အဲဒါကြောင့် ပြောရမယ်ဆိုရင် တပ်မတော်ရဲ့ လုပ်ထုံးလုပ်နည်းအပေါ်တော့ ယုံကြည်စိတ်ချမှု သိပ်မရှိဘူး။” ဟု နော်စီဖိုးရာစိန်မှပြောပါသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီမှုစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော်လည်း ယခုနှစ် ၂၀၂၀ အတွင်း ပြီးခဲ့သည့် ဇန်နဝါရီလမှစပြီး ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ KNU ကြား ထိတွေ့တိုက်ခိုက်မှုများ မကြာခဏ ရှိနေပြီး စစ်ပြေးဒုက္ခသည် ရာနှင့်ချီ ထွက်ပြေးတိမ်းရှောင်ရမှုများ ရှိခဲ့သည်။

Author: Moe Moe

Related Articles