Home ဆောင်းပါး အမျိုးသမီး Hip Hop အဆိုတော်၊ နိုင်ငံရေးသမားဇနီးရဲ့တော်လှန်ရေးခရီးလမ်း

အမျိုးသမီး Hip Hop အဆိုတော်၊ နိုင်ငံရေးသမားဇနီးရဲ့တော်လှန်ရေးခရီးလမ်း

ခင်ဘုန်းမို့

“…..သတိရလည်းအလှမ်းဝေးလျှက်……ဒီနွေဦးမှာပွင့်မယ့်ပန်းကလေးအတွက် …..မာကျူရီမီးရောင်အောက်က ….. ရန်ကုန်မြို့ အလွမ်း နေ့ရက်……အလွမ်း အလွမ်း အလွမ်းနေ့ရက်” ဆိုတဲ့စသားတွေနဲ့အတူ ရန်ကုန်မြို့ကိုလွမ်းတဲ့အကြောင်းရေးစပ်ထားတဲ့ စာသားတွေကို ခံစားမှုအပြည့်နဲ့အမျိုးသမီးတစ်ဦးကသီဆိုနေပါတယ်။

ဒီလိုခပ်မိုက်မိုက် rap စာသားတွေကိုယ်တိုင်ရေးစပ်သီဆိုလေ့ရှိတဲ့ T-zin လို့ခေါ်တဲ့ အမျိုးသမီး Hip Hop အဆိုတော်တစ်ဦးဟာ တော်လှန်ရေးနဲ့ပတ်သက်တဲ့သီချင်းတစ်ပုဒ်ကိုလည်း ကိုယ်တိုင်ရေးစပ်သီဆိုခဲ့ပါတယ်။

အဲ့ဒီအမျိုးသမီးကတော့ (၄၀)အရွယ်မသဇင်ညွန့်အောင်ပါ။ မသဇင်ညွန့်အောင်ဟာ အမျိုးသမီး Hip Hop အဆိုတော် တစ် ယောက် ဖြစ်သလို နိုင်ငံရေးသမား၊ အဆို‌တော်တစ်ဦးဖြစ်တဲ့ ကိုဇေယျာသော်ရဲ့ဇနီးလည်း ဖြစ်ပါတယ်။

မသဇင်ညွန့်အောင်ဟာ အာဏာသိမ်းမှုစတင်ကတည်းက ခင်ပွန်းဖြစ်သူကိုဇေယျာသော်နဲ့အတူ အာဏာရှင်ဆန့်ကျင်ရေးခရီး လမ်းကို လျှောက်လှမ်းခဲ့တယ်။ လမ်းခုလပ်မှာ ကိုဇေယျာသော်မပါတော့သည့်တိုင် မသဇင်ညွန့်အောင်တစ်ယောက် စစ်အာ ဏာရှင် ဆန့်ကျင်ရေးခရီးလမ်းကြီးကို ဆက်လက်လျှောက်လှမ်းနေပါတယ်။

“ ကျွန်မတို့နှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ထုတ်ပြောစရာမလိုတဲ့ တူညီတဲ့စိတ်ဆန္ဒရှိပါတယ်။ အဲ့ဒါဘာလဲဆို တော့ တော်လှန်ရေးစလုပ်ပြီဆိုထဲက ဆုံးခန်းတိုင်ထိငါတို့သွားမယ်။ နှစ်ယောက်တူတူသွားမယ်။ တစ်ယောက်မရှိတော့ရင် လည်း တစ်ယောက်ကဆက်သွားမယ်။ နှစ်ယောက်မပြောပေမယ့် တူညီတဲ့သဘောထားပါ။”လို့ မသဇင်ညွန့်အောင်က ဖွင့်ဟ ပါတယ်။

လွတ်လပ်မှုကိုမြတ်နိုးတဲ့ငယ်ဘဝ  

အဖေဗမာလူမျိုး၊ အမေရခိုင်လူမျိုးကနေမွေးဖွားလာတဲ့ မသဇင်ညွန့်အောင်ဟာ ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) (Gymkhana) မှာ မွေးဖွားခဲ့တဲ့ ရန်ကုန်သူစစ်စစ်ဖြစ်တယ်။ ငယ်စဉ်ကထဲက စာအုပ်တွေ၊သီချင်းတွေနဲ့ကြီးပြင်းခဲ့တယ်။

တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး နည်းပညာတက္ကသိုလ်(မှော်ဘီ)မှာတက်ရောက်ပြီးဘွဲ့ရခဲ့တယ်။ နောက်ဒဂုံတက္ကသိုလ်မှာ ရူပဗေဒအထူးပြုဘွဲ့ကိုရယူခဲ့သေးတယ်။ ကျောင်းပြီးတော့ အသက်မွေးကျောင်းအလုပ်အနေနဲ့ သီချင်းဆိုတာအပြင် အသံဖမ်း အင်ဂျင်နီယာအဖြစ်လုပ်ကိုင်ခဲ့တယ်။

ဒီအလုပ်ဟာအဲဒီကာလတုန်းက အမျိုးသမီးလက်ချိုးရေလို့ရတဲ့အလုပ်အကိုင်တစ်ခု ဖြစ်ခဲ့တယ်။ နောက်ပိုင်း foley artist (ရုပ်ရှင်အသံထပ်ခြင်း)အနေနဲ့ဆက်လက်လုပ်ကိုင်ခဲ့တယ်။ foley artistဆိုတာက ရုပ်ရှင်တကားလုံးမှာ သဘာဝအသံတွေကို အကုန်ပြန်လုပ်တာဖြစ်တယ်။ ရိုက်ကွင်းကနေယူလာတဲ့အသံတွေကို မသုံးပဲ ဥပမာ မင်းသား၊မင်းသမီးတွေ၊ ဇာတ်ပို့၊ ဇာတ်ရံ တွေရဲ့ သူတို့လမ်းလျှောက်တဲ့အသံ၊ ရေသောက်တဲ့အသံ၊ထမင်းစားတဲ့အသံတွေကအစ သူတို့လှုပ်ရှားမှုတွေ၊ အကျီအသံတွေ ကအစ ပြန်လုပ်တာကို Foley လုပ်တယ်လို့ခေါ်တာပါ။

စည်းကမ်းတင်းကြပ်တဲ့ ဖခင်ဖြစ်သူနဲ့ကြီးပြင်းလာရတဲ့အတွက် လွတ်လပ်မှုကိုပိုမြတ်နိုးခဲ့တယ်။

“ စည်းကမ်းကိုကျွန်မကြိုက်တယ်။ တင်းကြပ်တာကိုကျွန်မမကြိုက်ဘူး။ တယောက်ကို တယောက်အနိုင်ကျင့်တာမျိုး မကြိုက် ဘူး။ စိတ်မမှန်တာမျိုးမကြိုက်ဘူး။ ဒါတွေကကျွန်မကို တော်လှန်ရေးသမားတစ်ယောက်ဖြစ်စေခဲ့တယ်လို့ ထင်တယ်။” လို့ မသဇင်ညွန့်အောင်ကပြောတယ်။

ရှေးရိုးစွဲအယူအဆတွေကြားက အမျိုးသမီး Hip Hopအဆိုတော်ဘဝ

ငယ်စဉ်ကတည်းကသီချင်းတွေကိုကြိုက်နှစ်သက်ပြီး အိမ်ကဖခင်နဲ့အကိုဖြစ်သူနားထောင်တဲ့ သီချင်းမှန်သမျှကို လိုက်နား ထောင်ခဲ့တယ်။ အရွယ်ရောက်လာတဲ့အခါမှာတော့ ဘယ်လိုသီချင်းပုံစံကကိုယ့်အကြိုက်ဆုံးလဲဆိုတာ ရွေးချယ်လာနိုင်ခဲ့ပြီး သီချင်းအမျိုးအစားများစွာထဲကမှ  Hip Hop ဂီတမျိုးအစားကိုအသဲစွဲဖြစ်ခဲ့တယ်။ ကိုယ်တိုင်လည်းသီချင်းတွေစရေးခဲ့တယ်။

“ ကျွန်မရဲ့တကယ့်ဘဝဖြတ်သန်းမှုတွေ သီချင်းထဲမှာထည့်ရေးခဲ့တယ်။ အဆင်ပြေမှုတွေ၊ အဆင်မပြေမှုတွေ၊အသဲကွဲမှုတွေ ရင်ဆိုင်ရတဲ့ battleတွေ စာသားတွေနဲ့ သီချင်းထဲမှာပြောကြတယ်။ သီချင်းထဲမှာရန်ဖြစ်ကြတယ်။ တကယ့်ဘဝကိုပဲ ရေးခဲ့ တယ် ။ ပုံဖော်ခဲ့တယ်။”လို့မသဇင်ညွန့်အောင်ကဆိုတယ်။

မသဇင်ညွန့်အောင်ဂီတလမ်းကို စလျှောက်တဲ့အချိန်ကာလ ၂၀၀၀ပြည့်နှစ်ဝန်းကျင်က မြန်မာပြည်မှာ Hip Hop ဂီတနဲ့ ပတ် သက်ပြီး အစပျိုးချိန်ဖြစ်တဲ့အပြင် ဒီလိုဂီတအမျိုးအစားကို သီဆိုသူအများစုကအမျိုးသားတွေသာဖြစ်တယ်။ အမျိုးသမီး Hip Hop အဆိုတော်တစ်ယောက်အနေနဲ့ အမျိုးသားတွေနဲ့မတူတဲ့ အခက်အခဲနဲ့စိန်ခေါ်မှုတွေကြုံရတယ်။

“ ဝတ်စားဆင်ယင်မှုတွေသီဆိုတဲ့ ဆိုပေါက်တွေစတိုင်တွေကတော့ တခြားအမျိုးသမီးတွေနဲ့တူမနေဘူး။ နုမနေဘူး ခပ်ကြမ်း ကြမ်းဖြစ်တယ်လို့ သတ်မှတ်ခြင်းခံရတယ်။” လို့ မသဇင်ညွန့်အောင်က ဖွင့်ဟတယ်။ ဂီတအမျိုးအစားနဲ့အတူ အဝတ်အစား ဖက်ရှင်နဲ့ပတ်သက်ပြီးလည်း ရှေးရိုးစွဲအယူအဆတွေကြားထဲကဖောက်ထွက်ခဲ့ရတယ်။

“ ရှေးရိုးစွဲအယူအဆတွေအများကြီးရှိတယ်။ ဘောင်းဘီဝတ်ရင်မကြိုက်တာ၊ တက်တူးထိုးထားရင်မကြိုက်တာ ကိုယ့်ရဲ့ မိသားစုက အစပေါ့။ အဲ့ဒါတွေအားလုံးက တော်လှန်ခဲ့ရတဲ့ကိစ္စတွေ။” လို့ မသဇင်ညွန့်အောင်က ဖွင့်ဟတယ်။

၂၀၀၂ခုနှစ်လောက်ကစပြီး သီချင်းတွေစလုပ်ခဲ့တယ်။ ၂၀၀၄ကနေ ၂၀၀၆ ခုနှစ်အထိ Yangon Always Kingdom(YAK)အဖွဲ့ အနေနဲ့ ရပ်တည်ခဲ့တယ်။ နောက်ပိုင်းမှာတစ်ကိုယ်တော်အနေနဲ့ သီချင်းတွေလုပ်ခဲ့တယ်။ Show ပွဲတွေUndergroundပွဲ တွေ မှာ သီဆိုခဲ့တယ်။

အတွဲခွေအနေနဲ့ ဗိုလ်လုပွဲ၊Hip Hop crazy၊Hip Hop United စတဲ့ခွေတွေမှာပါဝင်ခဲ့တယ်။ YAK ရဲ့ “မိန်းမရက်ပ်ရူးတွေ” တစ် ကိုယ်တော်ခွေလည်းထွက်ခဲ့တယ်။

တစ်ကိုယ်တော် solo album အနေနဲ့ထွက်ဖို့ပြင်ဆင်နေဆဲအချိန်မှာပဲ စစ်အာဏာသိမ်းမှုနဲ့ကြုံလိုက်ရတယ်။ မထွက်ရသေးတဲ့ မသဇင်ညွန့်အောင်ရဲ့သီချင်းခွေထဲမှာ တချိန်ကတွဲဖက်သီဆိုထားတဲ့ အဆိုတော်တစ်ချို့ဟာ အခုချိန်မှာစစ်ကောင်စီကို ထောက်ခံနေသူတစ်ချို့ဖြစ်နေခဲ့တယ်။

“ ကိုယ်တိုင်ရေးခဲ့တဲ့စာသားတွေကို အဲ့လိုမြေမြုပ်သဂြိုလ်လိုက်ရတဲ့ ခံစားချက်ကဘာနဲ့မှမတူဘူး။ ကိုယ်ရဲ့ဆုံးရှုံးမှုတွေက အများကြီးထဲကမှ သီချင်းတွေလည်းပါတယ်လို့ ကျွန်မခံစားရတယ်။”လို့မသဇင်ညွန့်အောင်ကဆိုပါတယ်။

အနုပညာလက်နက်နဲ့တော်လှန်သူ

တော်လှန်ရေးမှာ မြေပြင်ကနေစစ်ရေးအရတိုက်ပွဲဝင်နေသလို လူထုစိတ်ဝိညာဥ်ကို လွှမ်းမိုးတဲ့အနုပညာနဲ့တော်လှန်ရတဲ့ အရာ တွေကလည်း အရေးကြီးတယ်လို့ မသဇင်ညွန့်အောင်ကခံယူထားတယ်။

စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ အမှန်တရားဘက်ကနေတော်လှန်နေတဲ့ အနုပညာသမားတွေအနေနဲ့လည်း နွေဦးတော်လှန်ရေး သုံးနှစ်အတွင်းမှာ စကားဝိုင်းတွေ၊ရုပ်ရှင်တွေ၊သီချင်းတွေ၊စာပေတွေနဲ့ ကျရာနေရာကတော်လှန်နေကြတယ်။

တော်လှန်ရေးအတွက်ရန်ပုံငွေရှာတဲ့ campaignတွေ၊ တော်လှန်ရေးအကြောင်းထုတ်လွှင့်တဲ့ Podcast အစီအစဉ်တွေ ၊ စကား ဝိုင်းတွေမှာ ပါဝင်နေပါတယ်။ တော်လှန်ရေးနဲ့ပတ်သက်တဲ့ ကဗျာတွေရွတ်တာ၊ တော်လှန်ရေးနဲ့ပတ်သက်တဲ့ သီချင်းတွေ ကိုယ်တိုင်ရေးစပ်သီဆိုနေပါတယ်။

လက်ရှိမှာလည်း “သို့ စာပို့မယ်”လို့ အမည်ပေးထားတဲ့အစီအစဉ်တစ်ခုကို ဦးဆောင်နေတာလည်းဖြစ်တယ်။

ဒီအစီအစဉ်ကတော့ တော်လှန်ရေးရဲဘော်တွေ၊ ပြည်သူတွေ၊ဝေးကွာနေသူတွေ၊ချစ်သူတွေ ရင်ဖွင့်ချင်တဲ့ စာလွှာတွေကို ဖတ်ပြ ပေးတဲ့အစီအစဉ်လေးပဲဖြစ်တယ်။

စာလွှာပို့တဲ့သူတွေဆီက စာပို့ခကောက်ခံပြီးရလာတဲ့ငွေတွေကို တော်လှန်ရေးအတွက် ထောက်ပံ့နေတာပဲဖြစ်တယ်။

“ တော်လှန်ရေးနဲ့ပတ်သက်တဲ့ အဓိကအားဖြင့် အနုပညာနဲ့လှုပ်ရှားတယ်။ ကမ်ပိန်းတွေ၊‌ပေါ့ကတ်တွေ စကားဝိုင်းတွေမှာ လုပ် နိုင်သလောက် ရင်ထဲကခံစားချက်တွေ ပြောချင်တဲ့စကားတွေဖြစ်စေချင်တဲ့ ဆန္ဒတွေအဲ့ဒါတွေအားလုံးကို အသံထုတ်နိုင် သလောက် ထုတ်နေခဲ့တယ်။”လို့ မသဇင်ညွန့်အောင်က ဆိုပါတယ်။

တော်လှန်ရေးမှာ ယူဂျီအဖြစ်‌‌ဆောင်ရွက်ခဲ့ပြီး ပြည်တွင်းမှာနေထိုင်လို့မရတော့တဲ့အခါ ရန်ကုန်မြို့မှထွက်ခွာခဲ့ပါတယ်။

သီချင်းတွေကို ကောင်းမွန်စွာနားထောင်လို့ရတဲ့ နေရာတစ်ခုမှာရှိနေသေးတဲ့အတွက် သီချင်းတွေကိုပဲအဖော်ပြုခဲ့တယ်။    သီချင်း မဟုတ်ရင်တောင် ဂစ်တာသံလေး၊ ပီယာနိုသံလေးဖြစ်ဖြစ်ဖွင့်ထားတာက မသဇင်ညွန့်အောင်အတွက် အားဆေးတစ် ခွက်ပါပဲ။

“သီချင်းတွေသာမရှိရင်ကျွန်မသေသွားနိုင်တယ်လို့ကျွန်မခံစားရတယ်။” လို့ မသဇင်ညွန့်အောင်က ဆိုတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေးခရီးလမ်းကိုလျှောက်ခြင်း

မသဇင်ညွန့်အောင် အသက်ငါးနှစ်အရွယ်မှာ ရှစ်လေးလုံးအရေးတော်ပုံဖြစ်တယ်။ ကျောင်းတွေပိတ်လိုက်တယ်။ လူအုပ်ကြီး ကို မြင်တွေ့ခဲ့ရပြီး အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံတွေကို စကြားခဲ့ရတယ်။

မိခင်ဖြစ်သူကဝန်ထမ်းဖြစ်တော့ ဝန်ထမ်းသားသမီးတွေ နိုင်ငံရေးကင်းရှင်းရမယ်ဆိုတဲ့ စနစ်တွေကြားဖြတ်သန်းခဲ့ရတယ်။ နိုင်ငံရေးဆိုတာဘာလဲ သိပ်ကြောက်စရာကောင်းတာလားလို့ ငယ်ဘဝတစ်လျှောက်လုံးထင်ခဲ့မိတယ်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဖြစ်တော့လည်း မသဇင်ညွန့်အောင်က  Undergroundမှာ သီချင်းတွေဆိုနေပြီ အဲ့အချိန် Acid အဖွဲ့ကကိုဇေယျာ်သော်တို့အဖမ်းခံရတဲ့ဆိုတဲ့သတင်းက တုန်လှုပ်စေခဲ့တယ်။

“ ကျွန်မကိုယ်တိုင်ရက်ပ်ပါတစ်ယောက်ဖြစ်တယ်။ စစ်တပ်ကိုတော်လှန်တဲ့ ဒီအဖြစ်အပျက်မှာ ရက်ပ်ပါတစ်ယောက် အဖမ်းခံ ရတယ်ဆိုတဲ့ အဖြစ်အပျက်ကကျွန်မစိတ်ထဲ စွဲစွဲထင်ထင်ဖြစ်ခဲ့တယ်။”လို့ မသဇင်ညွန့်အောင်က ပြန်ပြောပြပါတယ်။

ကိုဇေယျာသော်ဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ တက်ကြွစွာပါဝင်ခဲ့တယ်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဲ့ ကျောင်း သား၊ လူငယ်တွေပါဝင်တဲ့ Generation Wave အဖွဲ့ကိုဦးတောင်တည်ထောင်ခဲ့သူလည်းဖြစ်တယ်။

အဖွဲ့အနေနဲ့ နိုင်ငံရေးလှုပ်ရှားမှုသင်တန်းတွေ၊ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးသင်တန်းတွေ အသိပညာပေးလှုပ်ရှားမှုတွေကို ပြု လုပ်ခဲ့တယ်။

ဒီလိုနိုင်ငံရေးလှုပ်ရှားမှုတွေကိုပြုလုပ်ခဲ့တဲ့အတွက် ကိုဇေယျာ်သော်ကို ၂၀၀၈ခုနှစ်မှာ မတရားသင်းဖွဲ့စည်းတဲ့အတွက် နဝတ အစိုးရရဲ့ ဥပဒေအမှတ် ၆/၈၈ ကိုချိုးဖောက်တယ်လို့ဆိုကာ ထောင်ဒဏ်ငါးနှစ်ချမှတ်ခဲ့တယ်။ ဒါ့အပြင် နိုင်ငံခြားငွေ တရား မဝင်ကိုင်ဆောင်မှုနဲ့ ထောင်ဒဏ်တစ်နှစ်ထပ်တိုးချမှတ်ခဲ့ပါသေးတယ်။

စစ်အုပ်ချုပ်ရေးအောက်မှာဖြတ်သန်းခဲ့ရတဲ့ မျိုးဆက်တွေထဲကတစ်ယောက်ဖြစ်တဲ့ မသဇင်ညွှန့်အောင်အတွက် ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းတဲ့အခါမှာ  သမိုင်းပေးတာဝန်ကိုပခုံးထမ်းဖို့အကြောင်းဖန်လာပါတယ်။

အမှန်တရားနဲ့မတရားဖိနှိပ်အနိုင်ကျင့်မှုတွေကိုဆန့်ကျင်ဖို့အတွက် စစ်အာဏာရှင်ဆန့်ကျင်ရေး ခရီးလမ်းကိုလျှောက်ခဲ့တယ်။ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ခင်ပွန်းဖြစ်သူ ကိုဇေယျာသော်နဲ့အတူပါဝင်ခဲ့တယ်။

စစ်တပ်ကငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အကြမ်းဖက်သတ်ဖြတ်မှုတွေစတင်ခဲ့တဲ့ မြသွဲ့သွဲ့ခိုင်ကျဆုံးကတည်းက စစ်တပ်က ပိုမိုဆိုးရွားတဲ့သူ့ရဲ့ ဗီဇတွေကိုအဆုံးထိပြလိမ့်မယ်လို့ ကိုဇေယျာ်သော်ကပြောခဲ့တယ်လို့ မသဇင်ညွန့်အောင်ကဖွင့်ဟပါတယ်။

တော်လှန်ရေးကိုအဆုံးထိသွားမလား၊ မသွားဘူးလားဆိုတဲ့မေးခွန်းတွေကိုအဖြေရှာခဲ့ကြတယ်။ တချို့ဆိုရင် ကြောက်သွားတာ၊ speak out မလုပ်ရဲတော့တာတွေရှိလာခဲ့တယ်။ အကြမ်းဖက်စစ်တပ်က ဘာမှမလုပ်တဲ့သူရောလုပ်တဲ့သူရောရဲ့ အိမ်တံခါးဝ ကိုရောက်လာနိုင်တဲ့အတွက် အားလုံးအတူတူကြိုးစားရမယ်လို့ တစ်ယောက်နဲ့တစ်ယောက်တိုင်ပင်ခဲ့တယ်လို့ မသဇင်ညွန့် အောင်က ဆိုပါတယ်။

“ ငါတို့အားလုံးညီမှဖြစ်မယ်။ ငါတို့အားလုံးညီမှ ဒီဒုက္ခဆင်းရဲကမြန်မြန်ပြီးမယ်။ ဒီစစ်အာဏာရှင်ကိုဒီတခေါက်တော့ ငါတို့ အမြစ်ဖြတ်ကြမယ်ဆိုပြီးပြောဖြစ်ပါတယ်။ တိုင်ပင်ဖြစ်ပါတယ်။” လို့ အာဏာရှင်ဆန့်ကျင်ရေးလမ်းကို လျှောက်ခဲ့ပုံကို မသဇင် ညွန့်အောင်ကဆိုပါတယ်။

ကိုဇေယျာသော်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာပါဝင်ရင်း ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၁၈)ရက်မှာ ရန်ကုန်ရှိ ဒဂုံ ဆိပ်ကမ်းမြို့နယ်ရှိ ရတနာနှင်းဆီအိမ်ရာမှာ ဖမ်းဆီးခံခဲ့ရပါတယ်။

ကိုဇေယျာသော်ဖမ်းဆီးမခံရခင် မိနစ်ပိုင်းအလိုထိ မသဇင်ညွန့်အောင်နဲ့အတူတူရှိနေခဲ့တာပါ။ ဖမ်းဆီးခံရပြီးနောက်မှာလည်း   မိသားစုအနေနဲ့ထောင်ဝင်စာတွေ့ခွင့်မရ ဘာသတင်းမှမကြားခဲ့ရပါဘူး။

လအတန်ကြာဖမ်းဆီးခံထားရပြီး နောက် ၂၀၂၂ခုနှစ်ဇန်နဝါရီ(၂၁)နေ့မှာ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကျော် မင်းယု(ခ)ဦးဂျင်မီနဲ့ လွှတ်တော်အမတ်ဦးဖြိုးဇေယျာသော်တို့ကို သေဒဏ်ချမှတ်လိုက်တယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပါ တယ်။

ဒီသတင်းကိုစသိလိုက်ရတဲ့အချိန်မှာ အရင်းနှီးဆုံးသူတစ်ယောက်အနေနဲ့ တုန်လှုပ်၊ဒေါသထွက်ခဲ့မိတယ်လို့ မသဇင်ညွန့်အောင် က ဖွင့်ဟပါတယ်။

“ အဆိုးဆုံးအဆင့်ကိုရောက်လာတယ်လို့ ခံစားရလို့ တော်တော်ဒေါသထွက်တယ်။ တုန်လှုပ်တယ်ဆိုတာ ကြောက်ပြီး တုန် လှုပ်တာ မဟုတ်ဘူး။ ကျွန်မတို့ကို အဆိုးဆုံးအခြေအနေဆီ တွန်းပို့နေပြီလို့ ခံစားရတယ်။”လို့ မသဇင်ညွန့်အောင်က ဆိုပါ တယ်။

ကိုဇေယျာသော်ဟာ လွတ်လပ်ပြီး ဖိနှိပ်မှုကင်းတဲ့တိုင်းပြည်ကို တည်ဆောင်ချင်တဲ့အတွက် အနုပညာသမားဘဝကနေ နိုင်ငံ ရေးသမားအဖြစ်ခြေစုံပစ်ဝင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ မသဇင်ညွန့်အောင်ကပြောပါတယ်။

“ အဓိကက လွတ်လွတ်လပ်လပ်ပေါ့။ သီချင်းဆိုခဲ့တဲ့အချိန်တုန်းကလည်း ဒါဆင်ဆာတွေဖျက်တယ်။ နိုင်ငံကတယ်မကောင်း နေဘူး။ မကောင်းတဲ့အကြောင်းကို သီချင်းထဲထည့်ဆိုတော့လည်း ဆင်ဆာဖြတ်ခံရတယ်။ ဖမ်းဆီးခံရတယ်။ ဘာမှဆန္ဒ ထုတ်ဖော်ထုတ်ခွင့်မရှိဘူး။ ဒါကြီးကနှစ်ပေါင်းများစွာဖြစ်နေပြီ။ အဖိုးအဘွားတွေမိဘတွေကနေ အခုအမတို့လက်ထက်အထိ  အခုရှိနေတဲ့နောက်မျိုးဆက်တွေအထိ ဒီလိုမျိုးဖိနှိပ်ခံနေရတဲ့တိုင်းပြည်မှာမရှင်သန်ချင်ဘူး။ လွတ်မြောက်ချင်တယ်။ သူ့ဆန္ဒက အားလုံးလွတ်လွတ်လပ်လပ်လုပ်ကိုင်စားသောက်ပြီးတော့ အဆင်ပြေပြေဖြစ်စေချင်တယ်။” လို့ ကိုဇေယျာသော် နိုင်ငံရေး လောကထဲဝင်ခဲ့ပုံကို မသဇင်ညွန့်အောင်က ပြောပြတယ်။

“ နိုင်ငံရေးသမားတစ်ဦးရဲ့ ချစ်သူဘဝ၊ဇနီးဘဝကို ကျွန်မဖြတ်သန်းခဲ့ရတဲ့အချိန်မှာ သူနဲ့အတူရှိခဲ့ရတဲ့ နောက်ဆုံးအချိန်ထိ ကျွန်မတို့နှစ်ယောက်အတူတူ ဒီလမ်းကိုလျှောက်မယ်။ အတူတူအလုပ်လုပ်ကြမယ်။ တချိန်မှာ အေးအေးချမ်းချမ်းနဲ့ အတူတူ နေကြမယ်ဆိုတဲ့ ဆန္ဒတွေရှိတယ်။ ကျွန်မတို့နှစ်ယောက်လုံးမှာ ဒီနွေဦးတော်လှန်ရေးမှာလည်း တောက်လျှောက် သူ့နားကနေ မခွာဘဲနဲ့ သူလုပ်ချင်တဲ့အလုပ်တွေ ကျွန်မလုပ်ချင်တဲ့အလုပ်တွေ တစ်ယောက်ကိုတစ်ယောက်အပြန်အလှန် နားလည်မှုနဲ့ တော်လှန်ရေးကို လုပ်ဆောင်ခဲ့ကြတယ်။” လို့ မသဇင်ညွန့်အောင်က ဖွင့်ဟပါတယ်။

စစ်အာဏာသိမ်းမှုသာမရှိခဲ့ရင် ခင်ပွန်းဖြစ်သူကိုဇေယျာသော်နဲ့အတူ ဂီတနဲ့ပတ်သက်တဲ့အလုပ်တွေလုပ်ဖို့ တိုင်ပင်ထားကြ တာပါ။

တော်လှန်ရေးအောင်ဖို့နဲ့    အားလုံးကိုလွတ်မြောက်စေချင်တာကတော့ မသဇင်ညွန့်အောင်ရဲ့အဖြစ်ချင်ဆုံးဆန္ဒပါပဲ။

“ ကျွန်မမှာအခုဖြစ်ချင်တဲ့ ဆန္ဒပေါ့။  ဘာတွေလုပ်ချင်လဲ ဆန္ဒနှစ်ခုရှိတယ်။ ကို‌မောင်ကျော်ကို ပြန်တွေ့ရမလားဆိုတဲ့ မျှော်လင့် ချက်နဲ့ အကျဉ်းကျခံနေရတဲ့သူတွေရဲ့ ထောင်တံခါးကိုဖွင့်ပေးချင်တယ်။ အားလုံးလွတ်လပ်တဲ့လေကိုရှူရှိုက်ပြီးတော့      လွတ် လပ်တဲ့ဘဝမှာရှင်သန်စေချင်တယ်။” လို့ မသဇင်ညွန့်အောင်က ဆိုပါတော့တယ်။

Author:

Related Articles