Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဖေဖော်ဝါရီ ၅ ရက်မှ ဖေဖော်ဝါရီ ၁၁ ရက်အတွင်းတစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ် ။ 

  • ရခိုင်စစ်ရှောင်အမျိုးသမီးများ လစဥ်သုံးပစ္စည်းပြတ်လပ်နေသဖြင့် အခက်ကြုံ

တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ကမြို့တွေနဲ့ကျေးရွာတွေမှာ စစ်ဘေးရှောင်နေရတဲ့အမျိုးသမီးတွေဟာ အမျိုးသမီး လစဉ်သုံးပစ္စည်းပြတ်လပ်မှုကြောင့် အခက်အခဲတွေနဲ့ကြုံတွေ့နေရတယ်လို့ဒေသခံတွေဆီက သိရပါတယ်။ 

လစဥ်သုံးပစ္စည်းတွေရရှိဖို့အတွက်  စစ်တွေမြို့ကတဆင့်မှာယူနေရပြီး စစ်တွေမြို့ကိုရေကြောင်းတခုတည်းနဲ့သာ သွားလာလို့ ရကာ ပစ္စည်းတွေကိုလည်း မှောင်ခိုဈေးကွက်ကနေ ဝယ်ယူနေကြရတယ်လို့ဆိုပါတယ်။

အမျိုးသမီးလစဥ်သုံးပစ္စည်းတွေ ဝယ်ယူဖို့အခက်အခဲကြုံနေရတာကြောင့် သုံးပြီးသားတွေကို ဆေးကြောကာ ပြန်သုံးနေကြရ တယ်လို့လည်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒါ့အပြင်ရခိုင်ပြည်နယ်မှာ စစ်ကောင်စီဘက်ကနေကုန်စည်စီးဆင်းခွင့်နဲ့ခရီးသွားလာခွင့်တွေကိုပါ ပိတ်လိုက်တဲ့အတွက် အမျိုး သမီးလစဥ်သုံးပစ္စည်းတွေလည်း ဈေးတက်ကုန်ပြီးအခြေခံလူတန်းစား အမျိုးသမီးတွေအတွက် လစဥ်သုံးပစ္စည်းတွေ ဝယ်ယူရ တာပို အခက်အခဲဖြစ်စေတယ်လို့ သိရပါတယ်။

Source – DVB

  • အိုးဘိုထောင်၌ ဆေးကုသမှုလုံလောက်စွာမရသည့် နိုင်ကျဉ်းအမျိုးသမီး သေဆုံး

မန္တလေးမြို့၊အိုးဘိုအကျဥ်းထောင်မှာအကျဥ်းကျနေတဲ့ နိုင်ငံရေးအကျဥ်းသူ မယဉ်မိုးဟာ အကျဥ်းထောင်အတွင်းလုံလောက်တဲ့ ဆေးကုသမှုမရတဲ့အတွက်သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ဖေဖော်ဝါရီ (၇)ရက်နေ့ကသတင်းထုတ်ပြန်ပါတယ်။

ကျောက်ကပ်ရောဂါခံစားနေတဲ့ မယဥ်မိုးဟာ မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေစဉ်သေဆုံးခဲ့တာဖြစ်ပါတယ်။

ကျောက်ကပ်ရောဂါရှိနေတာကို အချိန်မီမသိရှိရတာ၊ ရောဂါဖြစ်နေစဉ်ချိန်မှာ အကျဉ်းထောင်တွင်း ဆေးဝါးကုသ စောင့်ရှောက် မှုလုံလောက်စွာမရရှိခြင်း၊ ပြင်ပဆေးရုံကိုပို့ဆောင်ပေးခဲ့မှုတွေရှိခဲ့ပေမယ့် အကျဉ်းဦးစီးအနေနဲ့ လုံခြုံရေးမပေးနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပြင်ပဆေးရုံမှာ အချိန်ပြည့်ဆေးဝါးကုသခွင့်မရရှိတာတွေကြောင့် သေဆုံးတာဖြစ်တယ်လို့ PPNM ထုတ် ပြန်ချက်မှာ ရေးသားထားပါတယ်။

မယဉ်မိုးဟာ၂၀၁၂ မတ်လကဖမ်းဆီးခံရပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ၅၀၅(က)နှစ်မှုနဲ့ အိုးဘိုအကျဉ်းထောင်မှာ  ထောင်ဒဏ်ခြောက်နှစ်ချမှတ်ခံထားရသူဖြစ်တယ်။

၂၀၂၂ခုနှစ် ဇူလိုင်လမှာမြင်းခြံအကျဉ်းထောင်သို့  ပြောင်းရွှေ့ခံခဲ့ရပြီး ကျန်းမာရေးမကောင်းတဲ့အတွက် အိုးဘိုအကျဉ်းထောင်သို့             ပြန်လည်ပို့ဆောင်ခြင်းခံခဲ့ရပြီး ကွယ်လွန်ချိန်မှာအသက်(၃၅)နှစ်ရှိပြီ ဖြစ်ပါတယ်။

Source – Mizzima

  • ဒီးမော့ဆိုမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်လေးဦး သေဆုံးပြီး ဆယ်ဦးကျော် ဒဏ်ရာရ

ကယားပြည်နယ်(ကရင်နီပြည်နယ်)၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း၊ ဒေါဆီအီရွာက စာသင်ကျောင်းတစ်ကျောင်းကို ဖေဖော် ဝါရီလ(၅)ရက်နေ့က စစ်ကောင်စီကလေကြောင်းနဲ့ဗုံးကြဲခဲ့တဲ့အတွက် ကလေးငယ်လေးဦးသေဆုံးပြီး (၁၀)ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

သေဆုံးသွားသူတွေဟာ အသက်ဆယ်နှစ်ကနေ ၁၃ နှစ်ကြား ကလေးငယ်တွေဖြစ်တယ်လို့သိရပါတယ်။

ကလေးငယ်တွေစာသင်ကြားနေချိန် စစ်ကောင်စီတပ်ကဂျက်တိုက်လေယာဉ်နဲ့ ပေါင်ငါးရာဗုံးတစ်လုံး ကြဲချခဲ့တာကြောင့် စာသင်ကျောင်းပါထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

Source – RFA

  • ကျောက်ဖြူမှာစစ်ကောင်စီကဆေးဆိုင်တွေကို၀င်စစ်ပြီးအမျိုးသမီးသုံးဦးကိုဖမ်းဆီး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပေါ်မှာရှိတဲ့ ဆေးအရောင်းဆိုင်တွေကို စစ်ကောင်စီတပ်က ၀င်ရောက်စစ်ဆေးပြီး စံပြဆေးဆိုင် က ဆိုင်ရှင်အပါအ၀င် အမျိုးသမီးသုံးဦးကိုဖမ်းဆီး‌သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံခဲ့ရသူတွေဟာ  အသက်(၆၀)၀န်းကျင်အရွယ်ဆိုင်ရှင်အမျိုးသမီး ၊ ညီမဖြစ်သူနဲ့ သူတို့အိမ်မှာနေထိုင်တဲ့ အမျိုးသမီး တဦးတို့ ဖြစ်ပါတယ်။ ဒါ့အပြင် ဆိုင်မှာရှိတဲ့ ဆေးတွေအားလုံးနီးပါးကိုလည်း သယ်ယူသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါ တယ်။

စစ်ကောင်စီတပ်အရာရှိတချို့ဟာကျောက်ဖြူမြို့ပေါ်က ဆရာ၀န်တွေနဲ့ဆေးဆိုင်ပိုင်ရှင်တွေကို ခေါ်ယူတွေ့ဆုံပြီး ဆေးတွေကို အကန့်အသတ်နဲ့သာရောင်းချဖို့၊ လူနာတွေကိုဆေးအကန့်အသတ်နဲ့ပေးဖို့ သတိပေးခဲ့သေးတယ်လို့ ဆိုပါတယ်။

Source – Delta news agency

  • သရက်ချောင်း၊ ကင်းရှေ့ရွာတိုက်ပွဲတွင် အရပ်သားအမျိုးသမီးတစ်ဦးသေဆုံး

သရက်ချောင်းမြို့နယ်၊ကင်းရှေ့ရွာတိုက်ပွဲမှာအသက်(၆၀)အရွယ် အမျိုးသမီးတစ်ဦသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါ တယ်။

စစ်ကောင်စီတပ်ဖွဲ့နဲ့ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားနေချိန် အသက်(၆၀)အရွယ် အမျိုးသမီးတစ်ဦး                          လက်နက်ကြီးကျဥ်စထိမှန်ကာသေဆုံးခဲ့တာဖြစ်ပါတယ်။

ပစ်ခတ်မှုဖြစ်ပွားနေတဲ့အတွက်      ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရပြီး သက်ကြီးရွယ်အို၊ကလေးငယ်တွေ၊ အမျိုးသမီးနဲ့ လူအိုလူနာများပါမကျန် စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

Source – Dawei Watch

  • ကလေးမြို့မှာ စစ်အုပ်စုရဲ့ဖမ်းဆီး၊ ထောင်(၁၂)နှစ်ချခံရတဲ့ PDF ဆေးတပ်ဖွဲ့၀င် အမျိုးသမီးကိုးဦးထဲကတစ်ဦး ကျန်း မာရေး ဆိုးရွားနေ

ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်နိုဝင်ဘာလက ဖမ်းဆီးခံခဲ့ရပြီးထောင်(၁၂)နှစ်ချမှတ်ခံထားရတဲ့ ကလေးမြို့ PDFဆေးတပ်ဖွဲ့ဝင် အမျိုးသမီး (၉)ဦးထဲက အသက်(၂၀)ဝန်းကျင်  မလားလ်တန်လွေးအီဟာ ကျန်းမာရေးဆိုးရွားကာ သတိလစ်မေ့မြောနေပြီး ကလေးထောင် ဆေးရုံမှာဆေးကုသမှု ခံယူနေရတယ်လို့အကျဥ်းထောင်နဲ့နီးစပ်သူတွေကပြောပါတယ်။

မလားလ်တန်လွေးအီဟာစစ်အုပ်စုရဲ့ ပစ်ခတ်ဖမ်းဆီးခံရချိန်လည်ပင်းမှာ သေနတ်ကျည်ထိမှန် ဒဏ်ရာရခဲ့ပြီး ဒဏ်ရာကို လုံလောက်တဲ့  ဆေးဝါးကုသမှုမရလို့ ခဲဆိပ်တက်ဝေဒနာ၊   စစ်ကြောရေးမှာရိုက်နှက် ညှဉ်းပန်းခံရတဲ့ဒဏ်ရာကြောင့် မျက်စိမှုန် ဝေဒနာ၊ ထောင်တွင်းအစားအသောက်တွေကြောင့် အာဟာရပြတ်လပ်တဲ့ဝေဒနာ စတာတွေခံစားနေရပြီး လက်ရှိမှာ ကျန်း မာရေး အခြေအနေဆိုးရွားနေတာလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဆေးတပ်ဖွဲ့၀င်ကိုးဦးထဲကမလားလ်မွမ်းကိမ်းအီဟာလည်း ဖမ်းဆီးခံရချိန်စစ်အုပ်စုပစ်ခတ်တဲ့ မိုင်းစကျောကုန်း ထိမှန်ဒဏ်ရာ ရခဲ့ပြီး ဆေးဝါးကုသခွင့်မရလို့ ဒဏ်ရာမပျောက်သေးသလို မညောင်ဒွင့်ကျင်မှာလည်းစစ်ကြောရေးမှာ ရိုက်နှုက်ခံရတဲ့ ဒဏ်ရာ ကြောင့် နားထိခိုက်ကာအကြားအာရုံ ချိုးယွင်းတဲ့ဝေဒနာခံစားနေရတယ်လို့ ကလေးအကျဉ်းထောင်က ပြန်လည်လွတ်မြောက် လာသူတွေက ပြောပါတယ်။

Source – Mandalay_Free_Press_MFP

  • မန္တလေး ဦးပိန်တံတားမှာ ဆန္ဒပြတဲ့ အမျိုးသမီးကို စစ်အုပ်စုက ဖမ်းဆီး၊

အာဏာသိမ်းမှုသုံးနှစ်ပြည့် စစ်အာဏာရှင်ဆန့်ကျင်ကြောင်း မန္တ‌လေးမြို့၊အမရပူရမြို့နယ်၊‌တောင်သမန်အင်း၊ဦးပိန်တံတားမှာ  လက်သုံးချောင်းထောင် ဓာတ်ပုံရိုက်ကာလူမှုကွန်ရက်ပေါ်တင်ခဲ့တဲ့ အမျိုးသမီးတစ်ဦးကိုစစ်ကောင်စီဖမ်းဆီးခဲ့တယ်လို့ သိရပါ တယ်။

အဲ့ဒီအမျိုးသမီးငယ်ကဓာတ်ပုံရိုက်ပြီးမျက်နှာဝါးကာ မန္တလေးသပိတ်အင်အားစုနဲ့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ – GSCB ဖေ့စ်ဘွတ်ခ်တွေမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Source- Mandalay_Free_Press_MFP

  • မီးရှို့သတ်ဖြတ်ခံရသူနှစ်ဦးအတွက် အွန်လိုင်းတွင် ဆုတောင်းပေးသူ ဖမ်းဆီးခံရ

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊မြောက်ခင်ရန်းရွာမှာ လူငယ်နှစ်ဦး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရသည့်သတင်းကို လူမှု ကွန်ရက်မှာ ပြန်လည်မျှဝေတဲ့မန္တလေးမြို့ကအမျိုးသမီးတစ်ဦးကို စစ်ကောင်စီကဖမ်းဆီးလိုက်ပါတယ်။

ဖမ်းဆီးခံရသူမှာအသက်(၁၈)နှစ်အရွယ်မယွန်းစန္ဒီမောင်ဖြစ်ပြီး ဖေဖော်ဝါရီ(၈)ရက်ညပိုင်းက ချမ်းမြသာစည်မြို့နယ် မြရည် နန္ဒာအိမ်ယာရှိနေအိမ်ကို စစ်သားနဲ့အရပ်ဝတ်လက်နက်ကိုင်တွေက ရိုက်နှက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ဆိုပါတယ်။

မယွန်းစန္ဒီမောင်ဟာ သတင်းဌာနတွေတင်တဲ့သတင်းကို ဖေ့ဘုတ်မှာပြန်ရှဲကာ နောက်ဘဝတွေမှာ မငြိမ်းချမ်းတဲ့ဒီနိုင်ငံမှာ လူလာမဖြစ်ပါနဲ့လို့‌ရေးသားခဲ့တဲ့အတွက်ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

Source – Myanmar Now

  • ဖျာပုံတွင် အမျိုးသမီး ၁ ဦးအပါ ၆ ဦးကို စစ်ကောင်စီ ဖမ်းဆီး

ဧရာဝတီတိုင်း၊ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ် ကျိတ်တောကျေးရွာမှဦးနိုင်ဝင်းဆွေရဲ့နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ရဲတွေ ဝင် ရောက်စီးနင်းပြီးနောက် ၎င်းအပါအဝင် အမျိုးသားသုံးဦးကိုဖမ်းဆီးပြီး လက်နက်တွေကိုသိမ်းဆည်းခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီအမျိုးသားတွေကိုစစ်ကောင်စီတပ်ကရိုက်နှက်စစ်ဆေးပြီးနောက် ကျိတ်တောကျေးရွာမှ အမျိုးသမီးတဦး၊ ကဝက်ချောင်း ကျေးရွာမှအမျိုးသားတဦးနဲ့ ဒေးဒရဲမြို့၊အမှတ်(၁)ရပ်ကွက်၊စပါယ်လမ်းမှအမျိုးသား တဦးတို့ကို ထပ်မံဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးမှုကိုခံထားရသူအားလုံးမှာ တော်လှန်ရေးအဖွဲ့ဝင်တွေမဟုတ်ဘူးလို့ ဖျာပုံခရိုင်အတွင်းရှိ တော်လှန်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

Source – Mizzima

  • မန္တလေးတွင် NMD တပ်ဖွဲ့ဝင် ၁ ဦးနှင့်အမျိုးသမီး ၂ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

မန္တလေးတိုင်း၊‌အောင်မြေသာဇံမြို့နယ်မှာ No-More Dictatorship ပြောက်ကျားတပ်ဖွဲ့ဝင်(၁)ဦးနဲ့ အရပ်သား(၂)ဦးကို ဖေဖော် ဝါရီ (၄) ရက်‌နေ့က စစ်ကောင်စီတပ်ဖွဲ့တွေကဖမ်းဆီးခဲ့တယ်လို့ NMD မြို့‌ပြပြောက်ကျားတပ်ဖွဲ့ဆီကသိရပါတယ်။

No-More Dictatorship အဖွဲ့ဝင်တွေဖြစ်တဲ့ ‌အောင်မြေသာဇံမြို့နယ်မင်းတဲအီကင်းရပ်ကွက်မှာ နေထိုင်တဲ့ မသီတာစိုးနဲ့ ကိုတိုးညွန့်၊ ပြည်ကြီးရန်လုံရပ်ကွက်မှာနေထိုင်တဲ့ မကေခိုင်စိုးတို့ကို လက်နက်တွေနဲ့ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန် ခဲ့ပါတယ်။

NMD တာဝန်ရှိသူတဦးကတော့ ဖမ်းဆီးခံခဲ့ရတဲ့ (၃ ဦးထဲမှာ ထောက်ပို့တပ်သား(၁)ဦးသာပါပြီး ကျန်(၂)ဦးက သာမန်အရပ် သားတွေသာ ဖြစ်တယ်လို့ပြောပါတယ်။

Source – DVB

  • ရှားတောတွင် စစ်ဘေးရှောင် အမျိုးသမီး ၃ ဦးနှင့်ကလေးငယ် ၃ ဦးကိုစစ်ကောင်စီတပ် သတ်ဖြတ်

ကရင်နီပြည်နယ်၊ရှားတောမြို့နယ်အတွင်း စစ်ဘေးရှောင်အမျိုးသမီး(၃)ဦး၊  ကလေးငယ်(၃)ဦး စုစုပေါင်း(၆)ဦးတို့ကို စစ် ကောင်စီက ဖေဖော်ဝါရီ(၄)ရက်က ရက်စက်စွာညင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့တယ်လို့ Karenni Human Rights Group က ထုတ်ပြန်ပါတယ်။

အသတ်ခံရသော အမျိုးသမီးသုံးဦးအနက်ကိုယ်ဝန်ဆောင်(၁)ဦးနဲ့မသန်စွမ်း အမျိုးသမီး(၂)ဦးပါဝင်ပါတယ်။

အသက်(၅၀)အရွယ်မသန်စွမ်းအမျိုးသမီးတစ်ဦးမှာ ဦးခေါင်းပစ်ခံပြီး၊ အသက်(၄၅)နှစ်အရွယ်မသန်စွမ်း အမျိုးသမီး တစ်ဦးမှာ ခြေသလုံးဓါးလှီးဒါဏ်ရာ၊ ဦးခေါင်းသေနတ်ဒဏ်ရာ၊အသက် (၃၃)နှစ်အရွယ် ကိုယ်ဝန်ဆောင် မိခင်တစ်ဦးမှာ မျက်နှာတစ်ခုလုံး ညိုမဲဒါဏ်ရာ၊ ဦးခေါင်းသေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်တယ်။

အသက်(၇)နှစ်အရွယ်  မိန်းကလေးငယ်တစ်ဦးမှာဦးခေါင်းပစ်ခတ်ခံရသလို ၊အသက်(၅)နှစ်အရွယ် ယောက်ျားလေးငယ်တစ်ဦး – ဗိုက်/ရင်ဘက် ပစ်ခတ်ခံထားရပြီး အသက်(၃)နှစ်အရွယ်ယောကျာ်း‌လေးငယ်မှာ ဦးခေါင်းပစ်ခတ်ခံခဲ့ရတယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။ စစ်ဘေးရှောင်နေတဲ့ဒေသခံတွေကို စစ်ကောင်စီကစစ်ကြောင်းထိုးလာတဲ့အချိန်မှာ ဖမ်းဆီးသွား ခဲ့ပြီး သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

Source – People’s Spring

  • သံဖြူဇရပ်မှာ အမျိုးသမီးတဦး မြေမြှုပ်မိုင်းနင်းမိလို့ ပြင်းထန်ဒဏ်ရာရ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကရုပ္ပိကျေးရွာမှာဖေဖော်ဝါရီလ(၇)ရက် ညနေက အမျိုးသမီးတဦး မြေမြှုပ်မိုင်းနင်းမိလို့ ခြေ တဖက်ပြတ်သွားသလို  နောက်တဖက်မှာလည်းပြင်းထန်ဒဏ်ရာတွေရသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

မြေမြှုပ်မိုင်းနင်းမိသွားတဲ့သူဟာ ကရုပ္ပိကျေးရွာကအသက်(၅၂)နှစ်အရွယ်ဒေါ်မလေးဖြစ်ပြီး ရော်ဘာခြံထဲကိုသွားရောက်ချိန်        မြေမြှုပ်မိုင်းနင်းမိခဲ့တာ ဖြစ်ပါတယ်။

မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒေါ်မလေးရဲ့ ဘယ်ခြေထောက်ပြတ်ထွက်ဒဏ်ရာနဲ့ ညာဘက်ခြေထောက်စုတ်ပြဲဒဏ်ရာတွေ ရရှိခဲ့ပြီး ဒေသတွင်းလူမှုကူညီရေးအသင်းကားနဲ့ သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံကြီးမှာဆေးကုသမှုခံယူဖို့ ပို့ဆောင်ပေးခဲ့ တယ်လို့ဆိုပါတယ်။

အဲဒီမြေမြှုပ်မိုင်းကို ဘယ်အဖွဲ့ကထောင်ထားသလိုဆိုတာမသိရပေမဲ့ စစ်ကောင်စီနဲ့တော်လှန်ရေးအင်အားစုတွေ ဘက် ကတော့ သူတို့လက်ချက်မဟုတ်ကြောင်း နှစ်ဖက်စလုံးက ငြင်းဆိုထားပါတယ်။

Source – Delta News Agency  

  • မြင်းခြံမြို့နယ်တွင် စစ်တပ်က အမျိုးသမီးငယ်တစ်ဦးအား ပစ်သတ်

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းဝင်လာချိန်ကြောက်လန့်လို့ ထွက်ပြေးတဲ့ အသက်(၂၁)နှစ်အရွယ် မခင်စိုးဝေပစ်သတ်ခံခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင်ကန်စွယ်ရွာရှိနေအိမ်(၈)လုံးထက်မနည်းမီးရှို့ဖျက်ဆီးသွားပြီး နေအိမ်တွေကပစ္စည်းတွေကို ကားတစ်စီးနဲ့ မြင်းခြံမြို့ကို သယ်ယူသွားတယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးပါတယ်။

Source – People’s Spring

Author:

Related Articles