Home ဆောင်းပါး ရေပြင်မှာ ရေရှားတဲ့ဒဏ် ခံနေရတဲ့ မွတ်ဆလင် ဒုက္ခသည် အမျိုးသမီးတွေ

ရေပြင်မှာ ရေရှားတဲ့ဒဏ် ခံနေရတဲ့ မွတ်ဆလင် ဒုက္ခသည် အမျိုးသမီးတွေ

သန့်ရှင်းထွန်း။ ။

၁၀ ပေ ပတ်လည်လောက် ရှိတဲ့ သွပ်မိုး၊ ဝါးထရံကာ နေအိမ်တွေကို ရေပြင်ပေါ်မှာ ညီညီညာညာ တည်ဆောက်ထားပါတယ်။ ဆောက်ထားတဲ့ နေအိမ်အားလုံးက ပုံစံတူတွေဖြစ်ပေမယ့် အိမ်ဘေးမှာ ချထားတဲ့ အဖီတွေကတော့ တစ်အိမ်နဲ့ တစ်အိမ် မတူကြပါဘူး။

ရေပြင်ဆိုတာက ရွာတစ်ရွာရဲ့ အင်္ဂါရပ်နဲ့အညီ စနစ်တကျ နေရာချပေးထားတဲ့ နေရာ မဟုတ်ဘဲ မြေလွတ်မြေရိုင်းဖြစ်တဲ့ မြေနိမ့်ပိုင်းနေရာ ဖြစ်တာကြောင့် မိုးတကြိမ်လောက် ရွာရုံနဲ့ ရေနစ်နေတဲ့နေရာ ဖြစ်ပါတယ်။

ရွာအဝင်လမ်းမှာ မြေသားလမ်းဖြစ်ပြီးတော့ ရွာထားတဲ့ မိုးကြောင့် လမ်းတလျှောက်လုံး ရွံ့ဗွက်တွေက လမ်းလျှောက်လိုက်ရင် ဒူးဆစ်နားအထိ နစ်ပါတယ်။

အဲဒီနေရာကတော့ ကျောက်ဖြူမြို့ ကျောက်တလုံး ဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့ကြတဲ့ မွတ်ဆလင် ဒုက္ခသည်တွေကို စစ်ကောင်စီက အတင်းအကျပ် နေရာချပေးခဲ့တဲ့ အေးသာယာရွာမှာဖြစ်ပြီး အရင်နေခဲ့တဲ့ ကျောက်တလုံးစခန်းနဲ့ ၂ ဖာလုံခန့်၊ မြို့နဲ့ ၄ မိုင်ခန့်အကွာမှာ တည်ရှိပါတယ်။

စစ်ကောင်စီဟာ ကျောက်တလုံး ဒုက္ခသည်စခန်းက မွတ်ဆလင်တွေကို ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က အေးသာယာရွာသို့ ပြောင်းရွှေ့ နေရာချပေးခဲ့တာဖြစ်ပြီး ကျောက်တလုံး ဒုက္ခသည်စခန်းကို ဖြိုဖျက်ပြီးတော့ စစ်တပ်က စခန်းချထားတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

 ဒုက္ခသည်တွေကို စစ်ကောင်စီက အတင်းအကျပ်နေရာချပေးခဲ့တဲ့ အေးသာယာရွာ

“အပြင်ထွက်မယ်ဆို ဂိတ်မှာ တိုင်ပြီး ထွက်ရပါတယ်။ ပြန်ဝင်မယ်ဆိုလည်း ဂိတ်မှာပြောလို့ ဝင်ရတယ်။”လို့ နေရာ သစ် ချပေးထားတဲ့ နေရာမှာ နေထိုင်ရတဲ့ အခက်အခဲကို အဲဒီမှာနေတဲ့ ဒေါ်ပုမချေက ပြောပါတယ်။

၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိက္ခတွေကြောင့် ကျောက်ဖြူမြို့ပေါ်က မွတ်ဆလင်ဦးရေ တစ်ထောင်ကျော်ဟာ ကျောက်တလုံး ဒုက္ခသည်စခန်း အပါအဝင် အခြား ဒုက္ခသည်စခန်းတွေကို ရောက်ရှိသွားကြတာ ဖြစ်ပါတယ်။

အနေအထိုင် ဆင်းဆင်းရဲရဲနဲ့ ဆယ်စုနှစ်တခုကျော်ကြာအောင်ထိ ဒုက္ခသည်စခန်းမှာ နေခဲ့ရတဲ့ မွတ်ဆလင်တွေဟာ ပြန်လည် နေရာချထားချိန်မှာလည်း သူတို့ရဲ့မူလနေရာကို မရရှိကြဘဲ အာဏာပိုင်တွေ ချပေးတဲ့ နေရာတွေမှာ မနေချင်ပေမယ့် နေထိုင်ကြရတယ်လို့ ဒေါ်ပုမချေက ပြောပါတယ်။

ဒေါ်ပုမချေတို့ဟာ ၂၀၁၂ ခုနှစ် ပဋိပက္ခမဖြစ်ခင်က ကျောက်ဖြူမြို့ထဲက လူနေရပ်ကွက်တွေမှာ ကိုယ့်အိမ်၊ ကိုယ့်ခြံ၊ လျှပ်စစ်မီး၊ ကန်တော်ကြီးရေ စတာတွေနဲ့ နေထိုင်ခဲ့ကြပြီး ကျောက်တလုံးစခန်းမှာ နေထိုင်ချိန်ကလည်း လျှပ်စစ်မီးနဲ့ နေထိုင်ခဲ့ရတယ်လို့ ပြောပါတယ်။

ဒေါ်ပုမချေတို့ နေထိုင်နေရတဲ့ ‘အေးသာယာရွာ’ကို ရေပြင်ပေါ်မှာ တည်ဆောက်ထားပေမယ့် အဲဒီမှာနေတဲ့ မိသားစုတွေကတော့ သောက်သုံးရေ လုံလုံလောက်လောက် မရတာကြောင့် အမျိုးသမီးတွေအတွက် တော်တော် ဒုက္ခရောက်ကြပြီး တကိုယ်ရေ သန့်ရှင်းရေးလည်း ဖြစ်သလိုလုပ်ပြီး နေထိုင်နေရတယ်လို့ ပြောပါတယ်။

ရွာ နေရာချစဉ်က အများသုံးမိုးရေ သိုလှောင်ကန်ငယ် တချို့ရှိပေမယ့် လူတွေအားလုံးအတွက် မလုံလောက်ကြသလို ရေတွင်း၊ ရေကန်တွေ ထပ်တူးဖို့ကလည်း အာဏာပိုင်တွေ လုပ်ပေးမှရမယ်လို့ သူက ပြောပါတယ်။

“ ဒီမှာ လုပ်စရာအလုပ် မရှိဘူး။ အပြင်ထွက်လုပ်ဖို့ကလည်း အဆင်မပြေ။ အရေးကြီးဆုံး အခက်ခဲက ရေမရတာပဲလို့ သူက ပြောပါတယ်။

ရေဟာ တကိုယ်ရေ သန့်ရှင်းရေးအတွက်သာမက နေ့စဉ် ချက်ပြုတ်ရာမှာ သုံးဖို့နဲ့ အဝတ်အစားတွေ လျှော်ဖွတ်ဖို့ အရေကြီးတကြီး လိုအပ်ချက်ဖြစ်တယ်လို့ သူက ပြောပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေအတွက်လည်း ရေက ကျန်းမားရေးအရ တကိုယ်ရေသုံး ကိစ္စတွေမှာ အရေးတကြီး လိုအပ်တယ်လို့ ဆက်ပြောပါတယ်၊

မိုးများတဲ့ ရခိုင်ပြည်နယ်ဟာ ပြီးခဲ့တဲ့နှစ် မိုးရာသီကစလို့ မိုးရွာသွန်းမှုနည်းပြီး မိုးခေါင်လာလို့ မိုးရေ ခံသုံးဖို့ကလည်း မိုးနည်းတော့ မိုးရေ မရကြဘူးလို့ ဒေါ်ပုမချေက ပြောပြပါတယ်။

အခုလို ရေအခက်ခဲရှိနေချိန် အလုပ်အကိုင်၊ ဝင်ငွေမရှိတာကြောင့် အမျိုးသမီး လစဉ်သုံးပစ္စည်းတွေကိုတောင် ပုံမှန် ဝယ်မသုံးနိုင်တဲ့လတွေ ရှိတယ်လို့ ဒေါ်ပုမချေက ဆက်ပြောပါတယ်။

“အီဗာ အထုတ်ဆို အရင် လူမှုရေးအဖွဲ့တွေ လာပေးတယ်။ တစ်လမှာ အမျိုးသမီးတွေအတွက် တစ်ထုပ်နှုန်း ပေးတယ်။ အခုမပေးတာ ၆ လ၊ ၇ လ လောက်ရှိပြီ။”လို့ ပြောပြပါတယ်။

အလားတူပဲ အေးသာယာရွာမှာ လျှပ်စစ်မီး မရှိတာ၊ မီးလုံး မဝယ်ထွန်းနိုင်တာကြောင့် ညအချိန် အိမ်သာ သွားဖို့အရေး စိတ်မလုံခြုံဖြစ်နေရတယ်လို့ အေးသာယာရွာမှာနေတဲ့ မွတ်ဆလင် အမျိုးသမီး ဒေါ်စန္ဒာမိုးက ပြောပါတယ်။

အေးသာယာရွာမှာ နေရတာဟာ ဒေါ်စန္ဒာမိုးတို့အတွက် အမှောင်တိုက်မှာ နေထိုင်နေရတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ ဒေါ်စန္ဒာမိုးတို့ နေထိုင်တဲ့ အေးသာယာရွာအိမ်ကနေ လမ်းမပေါ်ကို ရောက်ဖို့ ရွှံ့ဗွက်တွေကို နင်းပြီး ၃ ဖာလုံလောက် လမ်းလျှောက်ရပြီး အချိန် နာရီဝက်လောက်ကြာတယ်လို့ ဆိုပါတယ်။

အဲဒီလို လမ်းမကောင်းတာကြောင့် အရေးပေါ်လူနာတွေ သယ်ဆောင်ဖို့၊ သက်ကြီးရွယ်အိုတွေ သွားလာဖို့အတွက် ရွာကနေ လမ်းကိုရောက်ဖို့ အရေးတောင် မလွယ်လှဘူးလို့ သူက ပြောပါတယ်။

ကျောက်ဖြူမြို့ ကျောက်တလုံးဒုက္ခသည်စခန်းက မွတ်ဆလင်တွေကို နေရာချပေးထားတဲ့ နေရာသစ်မှာ ဆေးခန်း ဖွင့်ပေးထားပေမယ့် ဆေးပစ္စည်းတွေ မစုံတာကြောင့် ကိုယ်ဝန်ဆောင် ကလေးအမေတွေနဲ့ ကလေးတွေအတွက် အခက်ခဲများစွာ ကြုံနေရတယ်လို့ ဒေါ်စန္ဒာမိုးက ပြောပါတယ်။

ဒေါ်စန္ဒာမိုးတို့ နေထိုင်တဲ့ အေးသာယာကျေးရွာက ကိုယ်ဝန်ဆောင်မိခင်တွေဟာ တာဝန်ကျ သူနာပြုဆရာမနဲ့ လက်သည်ကိုသာ အားထားပြီး ကလေးမွေးဖွားနေရတယ်လို့ ပြောပါတယ်။

“ဆေးရုံသွားချင်ပေမယ့် မသွားနိုင်ဘူး။ ပိုက်ဆံ မရှိတော့ ရွာက သူနာပြုနဲ့ပဲ မွေးရတယ်။ လက်သည်လည်း ရှိတယ်။ သူတို့ကို နည်းနည်းပါးပါး ပေးရတယ်။”လို့ မီးဖွားရပုံကို ဒေါ်စန္ဒာမိုးက ပြောပါတယ်။

အလုပ်အကိုင် ဝင်ငွေမရှိတာကြောင့် ကလေးနေမကောင်းရင် ကလေးအထူးကုဆရာဝန်တွေနဲ့ တစ်ကြိမ် တခါတောင်ပြဖို့ အခွင့်အရေး မရကြဘူးလို့ သူက ဆက်ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ် အပါအဝင် မြန်မာတနိုင်ငံလုံးမှာ အလုပ်အကိုင် ရှားပါးတာ၊ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်တဲ့ ဒဏ်တွေကို ခံနေရချိန် ဒုက္ခသည်စခန်းမှာ အကန့်အသတ်တွေနဲ့သာ နေရတဲ့ ဒေါ်စန္ဒာမိုးတို့လို မိသားစုတွေအတွက် စားဝတ်နေရေးနဲ့ လူမှုဘဝ အခက်အခဲတွေက ပိုကြီးမားတယ်လို့ ဆိုပါတယ်။

အိမ်ပေါ်က အောက်ဆင်းရင် ခြေချစရာ မရှိအောင် ရှိနေတဲ့ ရွံ့ဗွက်တွေနဲ့ ရေအိုင်တွေက အဲဒီရွာမှာ နေထိုင်ဖို့ စိတ်ကုန်လာပြီး ရန်ကုန်နဲ့ တခြား နိုင်ငံခြားတိုင်းပြည်တွေကိုသာ ထွက်ခွာချင်စိတ် ဖြစ်လာတယ်လို့ အေးသာယာရွာက အမျိုးသမီးငယ် မမျိုးစန္ဒီကျော်က ပြောပါတယ်။

“အိမ်ခန်းနှစ်ခန်းမှာ တစ်ခန်းက ထမင်းချက်တယ်။ နောက်တစ်ခန်းက ပစ္စည်းတွေထားတော့ ညီမတို့က ဝရံတာမှာ အိပ်ရတယ်။”လို့ သူက ပြောပြပါတယ်။

သားသမီးများပြီး အပျို၊ လူပျိုတွေရှိတဲ့နေအိမ်တွေဆိုရင် အိပ်ဖို့ အခန်းမလောက်လို့ သားသမီးတွေ အရွယ် ရောက်နေပေမယ့် မိသားစုဝင်တွေ အတူတူ စုပေါင်း အိပ်ရတာတွေရှိပြီး အိမ်အောက်က ရေပုပ်နံ့တွေက အသက်ရှုရတာတောင် အခက်ခဲဖြစ်တယ်လို့ မမျိုးစန္ဒီကျော်က ဆက်ပြောပါတယ်။

အခုလိုမျိုး နေထိုင်ရတာ အဆင်မပြေတဲ့ကြားထဲ ကျောင်းတက်ဖို့ သွားရင်လည်း ရွံ့ဗွက်တွေနဲ့ ရေအိုင်တွေကို နင်းသွားနေရတာကြောင့် မောင်ဖြစ်သူက ကျောင်းတက်ချင်စိတ် မရှိတော့ဘူးလို့ အစ်မဖြစ်တဲ့ မမျိုးစန္ဒီကျော်က ပြောပြပါတယ်။

အေးသာယာရွာက ဦးခင်မောင်ဌေးကတော့ သူတို့မိသားစု စားဝတ်နေရေးအတွက် ရေထမ်းရောင်းတဲ့ အလုပ်နဲ့ ထီးပြင်တဲ့အလုပ်ကို လုပ်ပြီး ကျွေးမွေးနေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရွာမှာ မီးမရှိလို့ သူ့သားသမီးတွေ ညအချိန်မှောင်မှောင်မဲမဲ အိမ်သာတက်ရနေရတာကိုတော့ စိတ်မချဘူးလို့ ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲက ဒုက္ခသည်တွေကို ပြန်လည် နေရာချထားရေးနဲ့ ပတ်သက်လို့ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က ပြန်လည် နေရာချထားတဲ့အခါ အခြေခံ ဝန်ဆောင်မှုတွေ မရနိုင်တဲ့ ဒေသတွေ၊ အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းမရှိတဲ့ ဒေသတွေနဲ့ လုံခြုံမှုမရှိတဲ့ နေရာတွေကို ပြောင်းရွှေ့ပေးတာ မလုပ်သင့်ဘူးလို့ အကြံပြုထားပါတယ်။

မြန်မာနိုင်ငံက သဘောတူလိုက်နာပါမယ်လို့ လက်မှတ် ရေးထိုးထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ မှာလည်း ဒုက္ခသည်စခန်းတွေနဲ့ ပြောင်းရွှေ့ အခြေစိုက်နေထိုင်တဲ့ နေရာတွေမှာ ယဉ်ကျေးမှုနဲ့ လူမှုလက္ခဏာတွေကို လေးစားလိုက်နာဖို့၊ အထူးသဖြင့် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ အထူးလိုအပ်ချက်တွေကို အထူးအလေးထား ထည့်သွင်းစဉ်းစားပေးရမယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံတကာ ဥပဒေတွေနဲ့ ပြည်တွင်း ဥပဒေတွေမှာ ဘယ်လိုအခွင့်အရေးတွေ ပြဌာန်းထားစေကာမူ စစ်ကောင်စီကတော့ သူတို့ကို ထားမယ့်နေရာမှာ နေချင်စိတ် ရှိ၊ မရှိကိုတောင် မမေးခဲ့ဘဲ အတင်းအဓမ္မ မပြောင်းမနေရ ပြောင်းခဲ့ရတာလို့ အေးသာရွာက မွတ်ဆလင်တွေက ပြောပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေကို မလိုက်နာတဲ့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများစွာကို ပြုလုပ်နေတဲ့ စစ်ကောင်စီ လက်ထက်မှာတော့ သူ့တို့ရဲ့အမိန့်ကို နာခံရုံကလွဲလို့ တခြားရွေးချယ်စရာ မရှိဘူးလို့ မမျိုးစန္ဒီကျော်က စိတ်ပျက် လက်ပျက် ပြောပါတယ်။

ညစ်ပတ်ပေရေပြီး ခြေချစရာ မကောင်းအောင် ရွှံ့ဗွက်ထနေတဲ့ အေးသာယာရွာက မမျိုးစန္ဒီကျော်ကတော့ သူတို့ အရင်နေခဲ့တဲ့ ကျောက်ဖြူမြို့ထဲက နေရာမှာ နေခွင့်ရဖို့ အလ္လာအရှင်မြတ်ဆီမှာ နေ့တိုင်း ဆုတောင်းမိတယ်လို့ ပြောပါတော့တယ်။ ။

Author:

Related Articles