Home ဆောင်းပါး ယုံကြည်ရာလမ်း

ယုံကြည်ရာလမ်း

နွေဦးမောင်။ ။

ဒေါ်မျိုးတစ်ယောက် အလင်းရောင်ကောင်းကောင်းမရတဲ့ အခန်းကျဥ်းလေးထဲ ရောက်နေတာ သုံးလေးရက်ရှိပြီ။ အဲဒီအချိန်ထိ ကိုယ်ပေါ်က အဝတ်တစ်စုံအပြင် တခြားလဲစရာမရခဲ့။

ပိုဆိုးတာက သူ့ကိုယ်ပိုင်စာအုပ်တချို့ကို ထောင်အာဏာပိုင်တွေက သိမ်းဆည်းလိုက်တာပါပဲ။ သူ့ကို တိုက်ပိတ်လိုက်ချိန် ကစပြီး ထောင်တွင်းက မဖြစ်စလောက်အခွင့်အရေးတွေဟာ ရုတ်ချည်းဆုံးရှုံးသွားတယ်။

အမှန်တော့ ထောင်အာဏာပိုင်တွေက တိုက်ပိတ်တဲ့အထိ အရေးယူရလောက်အောင် ဒေါ်မျိုး ဘာပြစ်မှုမှ ကျူးလွန်မထား။ သို့ပေမယ့် ‘ထန်းသီးကြွေခိုက် ကျီးနားခိုက်’ဆိုသလို တိုက်ဆိုင်သွားတာတော့ရှိပါတယ်။

အဲဒါက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က စစ်ကောင်စီကို ခုခံစစ်ဆင်နွှဲဖို့ D-Day ကြေညာလိုက်ခြင်းပါပဲ။ အဲဒီနေ့မှာမှ ဒေါမျိုးကလည်း အချုပ်ဆောင်ထဲက ဘဝတူအကျဥ်းသားတွေနဲ့ ထွေးရောယှက်တင် စကားတွေ ဝိုင်းဖွဲ့ပြောနေမိခြင်းပါ။

ဒီတင်ပဲ ထောင်ဝါဒါတွေက ဒေါ်မျိုးကို နိုင်ငံရေးတရားဟောတယ်။ စည်းရုံးလှို့ဆော်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ခုလိုတိုက်ပိတ်ပြစ် ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

” တစ်ကယ်တော့ ကျမက အဲဒီ D-Day ကြေညာတယ်ဆိုတာကို သိကိုမသိဘူး။ အပြင်ပြန်ရောက်မှ သေချာသိရတာ။” လို့ ဒေါ် မျိုးက ပြန်ပြောင်းပြောပြပါတယ်။

စစ်အုပ်စုအာဏာသိမ်းပြီးတဲ့နောက် ပြည်သူကိုအမျိုးမျိုးဖိနှိပ်ပြီး မတရားဖမ်းဆီးထောင်ချခံရတဲ့ ပြည်သူတွေထဲမှာ ဒေါ်မျိုး ဟာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အာဏာသိမ်းလိုက်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ဒေါ်မျိုး အပါအဝင် ပြည်သူတစ်ရပ်လုံး ခံစားလိုက်ကြရတာပါပဲ။

အလုပ်သမားအရေးကို တစိုက်မတ်မတ် ဆက်လက်လုပ်ကိုင်နေဦးမည့် ဒေါ်မျိုး 

ဒေါ်မျိုးဟာ အသက် ၅၄ နှစ်ရှိပြီဖြစ်ပါတယ်။ သူ့ပုံပန်းက အရပ်အမောင်းကောင်းပြီး ဝ-ဝဖိုင့်ဖိုင့်။ အသားအရေလတ်တဲ့အထဲပါ တယ်။ စကားပြောပွင့်လင်းပြီး ဟောဟောဒိုင်းဒိုင်း ပြောတတ်သူတစ်ဦးပါ။

သူဟာ အလုပ်သမားအရေးနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ ၂၀၁၀ လောက်ကစပြီး လုပ်ကိုင်ခဲ့ပါတယ်။ ဒီတုန်းက ဒေါ်မျိုးဟာ အလုပ် သမားအရေး တက်ကြွလှုပ်ရှားသူအနေနဲ့ ဒီလောကထဲ စတင်ဝင်ရောက်ခဲ့တာပါ။

နောက်တော့ အလုပ်သမားအရေးဆောင်ရွက်သူအချင်းချင်း ကွန်ရက်ချိတ်ဆက်မိလာတယ်။ အလုပ်သမားအရေးတွေမှာလည်း တစ်နှစ်ထက်တစ်နှစ် ထဲထဲဝင်ဝင် ကူညီဆောင်ရွက်လာနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၂၀ ရွေးကောက်ပွဲနှစ်မှာ သူဦးဆောင်တဲ့ အလုပ်သမားအဖွဲ့ကြီးကို အသင်းအဖွဲ့မှတ်ပုံ တင်လိုက်တယ်။ သို့ပေမယ့် ဒေါ်မျိုးအပါအဝင် ပြည်သူတစ်ရပ်လုံး မျှော်လင့် မထားတဲ့ အာဏာသိမ်းမှုနဲ့ ကြုံရတဲ့အခါ သူဦးဆောင်တဲ့ အဖွဲ့ဖျက်သိမ်းခြင်းခံလိုက်ရပါတော့တယ်။

ဒါနဲ့တင် မပြီးသေးပါဘူး။ ရွေးကောက်ပွဲအလွန် ၂၀၂၁ နှစ်ဆန်းပိုင်းရောက်လာတဲ့အခါ အာဏာသိမ်းစစ်ကောင်စီက တက်ကြွ လှုပ်ရှားသူတွေ၊ နိုင်ငံရေးလုပ်သူတွေကို ကျော်ဇောမှုနဲ့ လိုက်လံဖမ်းဆီးပါတော့တယ်။ အဲဒီလိုကျော်ဇောမှုနဲ့ အဖမ်းခံရသူ တွေထဲမှာ ဒေါ်မျိုးလည်း ပါသွားခဲ့တယ်။

ဒါကြောင့် ၂၀၂၁ ခုနှစ် မတ်လထဲမှာပဲ ဒေါ်မျိုးဟာ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခြင်းကိုခံလိုက်ရပြီး နာမည်ဆိုးနဲ့ကျော်ကြား တဲ့ အင်းစိန်ဗဟိုအကျဥ်းထောင်ကြီးဆီ ရောက်ခဲ့ပါတော့တယ်။ ရောက်စက သူ့ကို အင်းစိန်ထောင်ဝန်းထဲက မ-ချုပ်ဆောင် (၂)မှာ ထားပါတယ်။ နောက်တော့ မ-ချုပ်(၃)ဘက် ပြောင်း ရွှေ့ခံရတယ်။ အဲဒီလို မ-ချုပ်(၃)ဘက် မပြောင်းခင်မှာ ဒေါ်မျိုးတို့လို အကျဥ်းသားတွေဟာ ကပ်ရောဂါဆိုးနဲ့ ရင်ဆိုင်ခဲ့ကြရပါသေးတယ်။

ကိုဗစ်နိုင်တင်း(COVID-19)လို့ခေါ်တဲ့ ကပ်ရောဂါဆိုးနဲ့ ရင်ဆိုင်ကြရတာလည်း ဖြစ်ပါတယ်။ စစ်အုပ်စု အာဏာစသိမ်းချိန်က ကိုဗစ်ကပ်ရောဂါတတိယလှိုင်းကို ပြည်သူတွေ အလူးအလဲခံစားနေရတာပါ။ အဲဒီကိုဗစ်တတိယလှိုင်းမှာ အကျဥ်းထောင်ထဲ ရောက်နေတဲ့ ဒေါ်မျိုးလည်း လူးလွန့်ရှင်သန်ခဲ့ရပါတယ်။

ဒီတုန်းက သူတို့ မ-ချုပ်(၂)ဆောင်မှာ အကျဥ်းသူ ၁၀၀ ကျော်ရှိတယ်။ အကျဥ်းသူတွေဟာ အချုပ်ဆောင်ဟောတိုက်ကြီးထဲ အားလုံး စုပေါင်းနေရတာဖြစ်တော့ တစ်ယောက်ပြီးတစ်ယောက် ကိုဗစ်ရောဂါကူးစက်ခံရပါတော့တယ်။

ဒေါ်မျိုးဟာ ဆီးချိုရောဂါအခံလည်းရှိထားတော့ ကိုဗစ်ရောဂါကူးစက်ခံရချိန်မှာ လမ်းတောင်ကောင်းကောင်းမလျှောက်နိုင် တော့ပါဘူး။ ဒါကြောင့် တခြားအကျဥ်းသူတွေရဲ့ ဖေးမကူညီမှုနဲ့ တပိုတပါးသွားတာ၊ ကိုယ်လက်သန့်စင်တာ၊ ထမင်းထစားတာ စတာတွေ လုပ်ရပါတယ်။

” ဆီးချိုရှိတဲ့ကိုယ်က လမ်းတောင်ထမလျှောက်နိုင်ဘူး။ တစ်လလောက် အိပ်ယာထဲမှာ။ ကိုယ်ချိုးမယ့် ရေခွက်ကို မကိုင်နိုင် ဘူး။ လမ်းကိုလူတွဲနဲ့လျှောက်ရချိန် သူတို့ရဲ့ဖေးမမှုတွေနဲ့ အသက်ပြန်ရှင်လာခဲ့တာ။” လို့ အကျဥ်းထောင်ထဲအတူနေခဲ့ရသူတွေ ရဲ့ ကျေးဇူးတရားကို အောက်မေ့ရင်း ဒေါ်မျိုးက ရင်ဖွင့်ပါတယ်။

အဲဒီကိုဗစ်တတိယလှိုင်းမှာ ဒေါ်မျိုးတို့ မ-ချုပ်ဆောင်(၂)က အကျဥ်းသူတစ်ဦး ကိုဗစ်ရောဂါနဲ့ အသက်ဆုံးရှုံးခဲ့ရပါတယ်။ တခြား မ-ချုပ်ဆောင်တွေနဲ့ အမျိုးသားဆောင်တွေမှာလည်း အသက်ဆုံးရှုံးရသူတွေရှိပေမယ့် ထောင်အာဏာပိုင်တွေက အပြင်ကို သတင်းမပေါက်ကြားအောင် ဖုံးဖိထားခဲ့ပါတယ်။

ဒါကြောင့် ဒေါ်မျိုးတို့နေထိုင်ခဲ့ရတဲ့ အင်းစိန်ဗဟိုအကျဥ်းထောင်ကြီးထဲမှာ ကိုဗစ်တတိယလှိုင်းကာလက အကျဥ်းသူ၊ အကျဥ်း သားဘယ်နှစ်ဦး အသက်ဆုံးရှုံးခဲ့ရတယ်ဆိုတာကို ထောင်အာဏာပိုင်တွေကလွဲလို့ ဘယ်သူမှ တိတိကျကျသိခွင့်မရခဲ့ပါဘူး။

ဒေါ်မျိုးဟာ ကိုဗစ်ရောဂါကူးစက်ခံရပေမယ့် ကံကြမ္မာရဲ့ မျက်နှာသာပေးမှုကြောင့် အဲဒီတောင်ကိုကျော်နိုင်ခဲ့တယ်။ ဟော ခု တော့ ဒေါ်မျိုးကို ထောင်အာဏာပိုင်တွေက ၄၅ ရက်တိုက်ပိတ်မယ်တဲ့။ ထောင်မှူးက ခဏတွေ့ချင်လို့ဆိုပြီး မ-ချုပ်ဆောင် က နေ ခေါ်သွားရက သူ့ကို တိုက်ပိတ်ပြစ်ဒဏ်ချမှတ်လိုက်တယ်ဆိုတာကို ဒေါ်မျိုးသိလာရတယ်။

အမှန်တစ်ကယ်ဆို အကျဥ်းသားတစ်ဦးကို တိုက်ပိတ်တာဖြစ်ဖြစ်၊ ထောင်ဝင်စာပိတ်တာပဲဖြစ်ဖြစ် အာဏာပိုင်တွေက သက် ဆိုင်ရာအကျဥ်းသားကို တင်ကြိုအသိပေးရမှာပါ။ ခုတော့ဒေါ်မျိုးဟာ မ-ချုပ်ဆောင်ကတဆင့် သီးသန့်ဆောင်ဘက် ပိတ် လှောင်ခံရမယ့် တိုက်ရောက်တော့မှ သူ့ကို တိုက်ပိတ်လိုက်မှန်းသိခွင့်ရခဲ့တာပါ။

ဒါကြောင့်သူက ထောင်တာဝန်ရှိသူတွေရဲ့ အာဏာအလွဲသုံးစားလုပ်မှုအပေါ် စောဒက တက်ခဲ့ပါသေးတယ်။ သိုပေမဲ့ တိုက်ပိတ် ပြစ်ဒဏ်ကနေ ဒေါ်မျိုးတစ်ယောက် ကင်းလွတ်ခွင့်မရခဲ့ပါဘူး။ တစ်ကယ်တော့လည်း ထောင်ဆိုတာ အာဏာပါးကွက်သား တွေရဲ့ ဖိနှိပ်ရေးယန္တယားတစ်ခုပဲ မဟုတ်လား။

ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်မျိုးက ကြုံလာရတဲ့အခြေအနေတွေကို ကြံ့ကြံ့ခံသွားဖို့ သူ့စိတ်ကို ပြင်ဆင်ပြီးသားဖြစ်တယ်။ ဒါကြောင့် လည်း အထက်နားမှာ ဖော်ပြခဲ့သလို အလင်းရောင်ကောင်းကောင်းမရတဲ့ ၁၀ ပေပတ်လည်တောင်မရှိတတ်တဲ့ အခန်းကျဥ်းလေးထဲ နေသားတကျဖြစ်ဖို့ သူကြိုးစားတယ်။

ဒီနေရာမှာ ထောင်မှူးက ခဏဆိုပြီးခေါ်ကတည်းက လိုလိုမယ်မယ်ယူလာခဲ့တဲ့ စာအုပ်လေးနှစ်အုပ်ဟာ အဖော်မဲ့ပြီး ကျဥ်း မြောင်းလှတဲ့အခန်းငယ်လေးထဲ ပိတ်လှောင်ခံထားရတဲ့သူ့အတွက် အဖော်မွန်ကောင်းတွေ ဖြစ်လာခဲ့ပါတယ်။ အခန်းထဲ အလင်းရောင် ကောင်းကောင်းမရတဲ့တိုင် စာကိုသူ ကြိုးစားပြီးဖတ်တယ်။ ပြီးရင် အမှောင်ကမ္ဘာထဲက အ-ကာလနေ့ညတွေကို သတ္တိရှိရှိဖြတ်သန်းတယ်။

ဒီလိုနဲ့ တိုက်ပိတ်ခံရပြီး တစ်ပတ်လောက်ကြာတော့ သူ့အခန်းရဲ့ တစ်ခန်းကျော်ကို အသက် ၂၀ ဝန်းကျင် အမျိုးသမီးငယ်တစ်ဦး ထပ်ရောက်လာတယ်။ သူလည်း ဒေါ်မျိုးလိုပဲ တိုက်ပိတ်ခံရတဲ့ အကျဥ်းသူတစ်ဦးပါပဲ။ ဒေါ်မျိုးတို့ တိုက်ပိတ်ခံရချိန်က မိုးမကုန် သေးဘူး။ စက်တင်ဘာလထဲဆိုတော့ မိုးတွေရွာတုန်းပဲ။

အခန်းကမှောင် မိုးကရွာဆိုတော့ ညတွေဟာ ခြောက်ခြားစရာကြီး ပေါ့။ ဒီအခြေနေမှာ အသက် ၅၀ ကျော်ပြီဖြစ်တဲ့ ဒေါ်မျိုး ကတော့ သူ့စိတ်ကိုပြင်ဆင်ပြီးသားမို့ အတိုင်းအတာတစ်ခုအထိ ခံနိုင် ရည်ရှိခဲ့တယ်။

သို့ပေမဲ့ သူ့နဲ့ တစ်ခန်းကျော်မှာရှိနေတဲ့ အမျိုးသမီးငယ်လေးကတော့ အ-ကာလနေ့ညတွေကိုဖြတ်သန်းရင်း ည-ညဆို တစ် ယောက်ထဲ အော်ဟစ်နေတတ်တယ်။ အဲဒီလို အမျိုးသမီးငယ်လေးရဲ့ အော်ဟစ်သံကိုကြားတိုင်း ဒေါ်မျိုးတစ်ယောက် နာနာ ကျင်ကျင်ခံစားရတယ်။

တိုက်ပိတ်ခံထားရတဲ့ကလေးမလေးဟာ ဘယ်သူဘယ်ဝါဆိုတာ သူမသိဘူး။ သိဖို့လည်းမလိုဘူး။ အာဏာရှင်ရဲ့ဖိနှိပ်မှုကြောင့် မတရားခံရတဲ့ ဘယ်သူ့ကိုမဆို ကိုယ်နဲ့နှိုင်းပြီး စာနာရမယ်မဟုတ်လား။ ဒါဟာ လူသားတစ်ယောက်ရဲ့ မွေးရာပါအခွင့်အရေးလို့ ဒေါ်မျိုး နားလည်ထားတယ်။

အခု ဒီအမျိုးသမီးလေးဟာဆိုရင်လည်း သူ့လိုပဲ မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူလေးမဟုတ်လား။ ပိုဆိုးတာက ကလေးမ လေးဟာ ရှိလှမှ သူ့သမီးအကြီးမလေးလောက်ပဲရှိဦးမှာလေ။ ဒီတော့ ည-ည အော် ဟစ်ငိုယိုနေသံတွေကြားရရင် သူ့နှလုံးသဲ ပွတ်တွေ ဆုပ်ညှစ်ခံထားရသလို ရင်ထဲမွန်းကြပ်လာတယ်။ ဒါပေမဲ့ ဒေါ်မျိုး ဘာမှမတတ်နိုင်ဘူး။ သူကိုယ်တိုင်တောင် အခန်း ကျဥ်းထဲ တိုက်ပိတ်ခံထားရတော့ တပါးသူတစ်ဦးရဲ့အရေးကို သူ ဘာများစွမ်းဆောင်နိုင်မှာမို့လို့လဲ။

အဆိုးထဲက အကောင်းလို့ဆိုနိုင်တာက နှစ်ပတ်လောက်ကြာတော့ ည-ညမအိပ်ဘဲ အော်ဟစ်ငိုယိုနေတတ်တဲ့ အမျိုးသမီး ငယ်လေးရဲ့အသံကို ထပ်မကြားရတော့ဘူး။ တိုက်ပိတ်ပြစ်ဒဏ်ပြည့်သွားပြီထင်တယ်လို့ ဒေါ်မျိုးယူဆလိုက်တယ်။ အမှန်တော့ အသံမကြားရလို့သာ ခုလိုအကောင်းဘက်က တွေး ယူလိုက်ရတာ။ အဲဒီကလေးမ ဘယ်လိုဆက်ဖြစ်သွားတယ်ဆိုတာ ဒေါ်မျိုး သေချာမသိပါဘူး။ တိုက်ပိတ်ခံထားရရာက လွတ်ငြိမ်းနဲ့ အပြင်ပြန်ရောက်လာတဲ့အထိ သူနဲ့တစ်ခန်းကျော်ကိုရောက်လာတဲ့ အမျိုးသမီးငယ်လေးဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ဒေါ်မျိုး သိခွင့်မရခဲ့ပါဘူး။

လက်ရှိမှာတော့ ဒေါ်မျိုးဟာ ထောင်ကနေ ပြန်လည်လွတ်မြောက်ခဲ့ပါပြီ။

ကံသီပေလို့ မသေမပျောက်ဘဲ ခုလို အပြင်ပြန်ရောက်လာတော့လည်း ဒေါ်မျိုးတစ်ယောက် သူ့ရဲမူလအလုပ်တွေကို မစွန့် လွှတ်နိုင်သေးဘူး။ သူယုံကြည်တဲ့အတိုင်း အဖိနှိပ်ခံ အလုပ်သမားတွေအတွက် တစ်ထောင့်တစ်နေရာက ပါဝင်နေတုန်းပဲ။ အကူအညီလိုအပ်နေတဲ့ အလုပ်သမားတွေကို နိုင်သမျှကူတယ်။  ဆုံးရှုံးနေတဲ့သူတို့ရဲ့အခွင့်အရေးတွေပြန်ရဖို့ ဘယ်လိုလုပ်၊ ဘယ်လိုကိုင်ဆိုပြီး နည်းပေး လမ်းပြလုပ်တယ်။

ရှေ့ဆက်ပြီးတော့လည်း သူယုံကြည်ချက်အတိုင်း အဖိနှိပ်ခံ အလုပ်သမားတွေရဲ့အရေးကို တစိုက်မတ်မတ် ဆက်လုပ်နေဦး မယ်လို့ ဒေါ်မျိုးက ပြောလာပါတယ်။

” အလုပ်သမားတွေဆိုတာ ခေတ်တိုင်းမှာ အဖိနှိပ်ခံလူတန်းစားတစ်ရပ်ပါ။ ဒီတော့ ကျမအနေနဲ့ ဘယ်ခေတ်ရောက်ရောက် အဲဒီအလုပ်သမားတွေရဲ့ရှေ့ကနေ မားမားမတ်မတ်ရပ်နိုင်ဖို့ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ကြိုးစားနေဦးမှာပါ။” လို့ သူ့ခံယူချက် ကို ဒေါ်မျိုးက ရင်ဖွင့်ပါတယ်။

Author:

Related Articles