Home ဆောင်းပါး သက်ငယ်မုဒိန်းမှုတွေကို ဘယ်လိုတားဆီးကြမှာလဲ။

သက်ငယ်မုဒိန်းမှုတွေကို ဘယ်လိုတားဆီးကြမှာလဲ။

 maxresdefault

နန်းခမ်း

စက်တင်ဘာ ၁၄၊၂၀၁၆

ယခုရက်ပိုင်း အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်တွေ၊ ကလေးငယ်တွေကို အဓမ္မပြုကျင့်တဲ့အမှုတွေ  မြန်မာတနိုင်ငံလုံး ဖြစ်ပွားနေတဲ့သတင်းတွေ အများအပြားထွက်ပေါ်ခဲ့ပါတယ်။

နိုဝင်ဘာလဆန်းပိုင်းမှာတော့ အတော်ကိုဆိုးရွားတဲ့ အဖြစ်အပျက် တစ်ခုဖြစ်ခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်နေ အသက်(၅)နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့ဲတဲ့အမှုဖြစ်ပြီး၊ အမှုကို သွားရောက်တိုင်ကြားတဲ့အခါမှာလည်း သက်ဆိုင်ရာရဲဌာနက တရားခံကိုရဲ စခန်းသို့ ခေါ်လာမှ အမှုဖွင့်ပေးမယ် လို့ပြောဆိုခဲ့လို့ ဝေဖန်မှုတွေ လူမှုကွန်ရက်တွေမှာ ပြန့်နှံ့ခဲ့ပါတယ်။

ဖြစ်စဉ်က နိုဝင်ဘာ(၂)ရက်၊ မနက်၂နာရီခွဲခန့်မှာ မိဘဘေးမှာအိပ်နေတဲ့ ကလေးငယ်ကိုလာရောက်ခေါ်ယူပြီး အဓမ္မပြုကျင့်ခဲ့ကြောင်း၊ လက်ရှိမှာ ကလေးငယ်ကတော့ မစင်စွန့်ရန်ပင် အဆင်မပြေတဲ့အတွက် ဗိုက်ဖောက် ထားရပြီး မြောက်ဥက္ကလာပဆေးရုံကြီးတွင် ဆေးကုသခံနေရသည်ဟု ကလေးငယ်၏ ဖခင်ဦးရဲထွန်းက ဆိုပါ တယ်။

“ ဒီလိုမျိုးလုပ်ရက်လေခြင်းဆိုပြီး မပြောတတ်အောင် ဖြစ်ရတဲ့အပြင် ဒီလိုကောင်မျိုးကိုလည်း မမိသေးဘူးဆိုတဲ့ စိတ်က မွန်းကြပ်နေပါတယ်။ ဒီလိုကောင်မျိုး တမိနစ်တစက္ကန့်လောက်တောင် မသွားလာသင့်တော့ဘူး။ ဒီလို ကောင်မျိုးက လုပ်မြဲလုပ်နေမှာ။ ဒါကြောင့် အမြန်ဆုံးဖမ်းနိုင်ပါစေလို့ ကျနော်ဆုတောင်းနေရတယ်”

သက်ငယ်မုဒိမ်းမှုတွေ နိုဝင်ဘာပထမပတ်အတွင်း အမှုပေါင်း(၅)မှု ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ ဖြစ်ပွားခဲ့တာကို တွေ့ရပေမယ့် ထိရောက်တဲ့ဟန့်တားမှုတွေ၊ ကိုင်တွယ်မှု တွေမရှိသေးကြောင်း ဝေဖန်မှုတွေ ထွက်ပေါ်လာပါတယ်။

အစိုးရအနေနဲ့ သက်ငယ်မုဒိမ်းမှုကို ကြီးမားတဲ့ပြစ်ဒဏ်ဖြစ်တဲ့ သေဒဏ်အထိပေးဖို့ ဒါမှမဟုတ် တသက်တကျွန်း ပေးဖို့ လူမှုအဖွဲ့အစည်းတွေက ပြောဆိုကြပါတယ်။

အမှုတိုင်းလိုလို အခြေခံလူတန်းစားက အရွယ်မရောက်သေးတဲ့မိန်းကလေးငယ်တွေကို ဦးတည်ပြုကျင့်နေ တယ်လို့ အမျိုးသမီးအရေး၊ ကလေးသူငယ်အရေးကို တက်ကြွလှုပ်ရှားဆောင်ရွက်နေသူတွေက ဆိုပါတယ်။

“ ဒီကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှုက တကယ်ကို လူမဆန်တဲ့ ဖြစ်ရပ်ဖြစ်တဲ့အတွက် အမြင့်ဆုံး ပြစ်ဒဏ်ပေးဖို့အတွက် ကျနော်တောင်းဆိုလိုပါတယ်။ ကျနော်ကတော့ သေဒဏ်ကိုတော့ လက်မခံဘူး။ အမြင့် ဆုံးပြစ်ဒဏ်ဖြစ်တဲ့ တသက်တကျွန်း၊ ဒါမျိုးအထိကို ကျနော်လက်ခံပါတယ်” လို့ ကလေးသူငယ် အခွင့်အရေး ကို လုပ်ဆောင်နေတဲ့ ဦးအောင်မျိုးမင်းက ဆိုပါတယ်။

သေဒဏ်ဆိုတာက လူ့အခွင့်အရေးရှုထောင့်ကနေကြည့်ရင် လူတယောက်အသက်ကို ထိခိုက်နိုင်အောင် ပြစ်ဒဏ်ပေးခြင်းဖြစ်တဲ့အတွက် နိုင်ငံတကာကလည်း မကျင့်သုံးတော့ကြောင်း၊ နောက်ထပ်တခုက ထောင်ဒဏ် တသက်တကျွန်းမှာဆိုရင် ကျူးလွန်တဲ့သူတွေကို ချုပ်ရက်လျော့ပေးခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း မဖြစ်သင့်ကြောင်း ဦးအောင်မျိုးမင်းကပြောပါတယ်။

သက်ငယ်မုဒိန်းမှုနဲ့ ပတ်သက်ပြီး အရှေ့ဒဂုံမြို့သစ်မှ ဒေါ်စိုးစန္ဒာလင်းက “ အမှုနဲ့ပတ်သက်လာပြီး ထောင်မှာ သက်ငယ်မုဒိမ်းမှုကို ကြိုးစင်မှာ အပြစ်ပေးစေချင်ပါတယ်။ ကြိုးမိန့်ပြန်ချပေးမယ်ဆိုရင် သက်ငယ်မုဒိမ်းမှု ပပျောက်သွားပါမယ်”  ဆိုပါတယ်။

သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သတ်ပြီးတော့ တိကျတဲ့ ဥပဒေမျိုးရှိသင့်ကြောင်း၊ ကြိုးစင်ပြန်ဖွင့်ပေးရန် နိုင်ငံတော် သမ္မတကြီးအား တိုက်တွန်းချင်ကြောင်း၊ သက်ငယ်မုဒိမ်းမှုကိုင်တွယ်ရာတွင် ပေါ့ဆသည့် ရဲဝန်ထမ်းတွေကို လည်း မရှိစေချင်ကြောင်း ဒေါ်စိုးစန္ဒာလင်းကပြောပါတယ်။

“သက်ငယ်မုဒိန်းမှုနဲ့ ပတ်သတ်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေရာဇာသတ်ကြီးပုဒ်မ ၃၇၆ မှာ ထောင်ဒဏ်(၁၀)နှစ် ဖြစ်စေ၊ တသက်တကျွန်းဆို နှစ်(၂၀)ဖြစ်စေ ချနိုင်တယ်လို့ပြောထားတယ်။ သက်ငယ်မုဒိန်းမှာ လူတယောက်ကို နှစ်(၂၀)ချရင် လူတယောက်အတွက် များတဲ့ပြစ်ဒဏ်ဖြစ်နေတယ်။ ဒါပေမယ့်အခုထိ သက်ငယ်မုဒိန်းတွေမှာ (၁၀)နှစ်အများဆုံးချထားတယ်။ ကျမအနေနဲ့ပြောရရင် ထိရောက်စွာ ဟန့်တားတဲ့အနေနဲ့ ကျမတို့က ရာဇသတ်ကြီးမှာ ပြဌာန်းထားတဲ့နှစ်(၂၀)ထိတော့ အပြည့်အဝရစေချင်တယ်” ဟု ဥပဒေရေးရာကုစားရေးအဖွဲ့ မှ တရားလွှတ်တော်ရှေ့နေဒေါ်လှလှရီကလည်း ပြောပါတယ်။

မုဒိမ်းမှုတွေမှာ အသက်ငယ်တဲ့သူတွေ မသန်စွမ်းတဲ့ကလေးတွေကို ဦးတည်ပြုကျင့်တာများကြောင်း၊ ကလေး ငယ်တွေ ချည်းကပ်ရလွယ်ကူပြီး ပြန်မပြောတတ်သည့်အတွက် ပြုလုပ်ခြင်းဖြစ်သည်ဟု ဒေါ်လှလှရီက ပြောပါ တယ်။

243369

“ကျနော်တို့တိုင်းပြည်မှာသေဒဏ်ကို ပြန်ရုတ်သိမ်းဖို့အဆင်သင့်မဖြစ်သေးဘူး။ လူအဖွ့ဲအစည်းနဲ့ လူ့သိက္ခာကို လိုက်နာမှုမရှိတဲ့အတွက် ပြစ်ဒဏ်ပေးတယ်လို့ ကျနော်ထင်တယ်။ ကျနော်ကတော့ သေဒဏ်ဆက်လက် တည်ရှိနေရပါမယ်။ သေဒဏ်ကို ဖျက်သိမ်းနိုင်တဲ့အဆင့် ကျနော်တို့တိုင်းပြည်က အဆင်သင့်မဖြစ်သေးပါဘူး” ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်  တရားစီရင်ရေး၊ တရားဥပဒေစိုး မိုးရေး တိုင်ကြားစာနဲ့ အသနားစာစီစစ်ရေးကော်မတီဝင် ဦးရဲအောင်က ပြောပါတယ်။

အသက် မပြည့်တဲ့ကလေးငယ်တွေကို မတော်မတရားလုပ်ပြီး သတ်လိုက်တဲ့ကိစ္စတွေမှာ ပြစ်ဒဏ် ထပ်မံတိုး သင့်ကြောင်း၊ မုဒိမ်းမှုတွင် သက်ငယ်မုဒိမ်းမှုဟူ၍ သီးသန့်မရှိသဖြင့် သက်ငယ်မုဒိမ်းမှုကို သီးသန့် အထူးခုံရုံး ဖွဲ့ကာ စစ်ဆေးပြီး သေဒဏ်ပေးသင့်ကြောင်း ဦးရဲအောင်က ထပ်မံပြောပါတယ်။

“သေဒဏ်ပေးတာ ကျနော်တို့ ဖြစ်သလိုပေးတာ မဟုတ်ဘူး။ ကျူးလွန်တဲ့သူရဲ့ အပြစ်တွေ ကြည့်ပြီးပေးပါတယ်” ဟုဦးရဲအောင်က ဆိုပါတယ်။

အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်ဖို့က လူတိုင်းရဲ့ တာဝန်ဖြစ်ပေမယ့် ကလေးတွေနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ မိဘတွေက ပိုပြီးကာကွယ်ဖို့ အသိရှိဖို့ လိုအပ်နေကြောင်း၊ ဦးအောင်မျိုးမင်း ကပြောပါတယ်

“ကျနော်တို့ဆီမှာ ကကလေးတွေဆိုရင် ဘာမှမဖြစ်ပါဘူးဆိုပြီး ယုံလွယ်တဲ့ယဉ်ကျေးမှုက ရှိနေတယ်။ မိဘ အနေနဲ့ အရင်လို ဘာမှမဖြစ်ဘူး။ မိဘစိတ်ရှိကြမှာပဲဆိုပြီး ကိုယ့်ကလေးကိုမလွှတ်ထားဖို့၊ လူတိုင်းကိုအယုံ မလွယ်ဖို့၊ တိုက်တွန်းချင်ပါတယ်” ဟုဦးအောင်မျိုးမင်းက ပြောပါတယ်။

သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး လေ့လာချက်အရ ရပ်ကွက်မှာနေတဲ့ အိမ်နီးနားချင်း၊ အိမ်ကိုဝင်ထွက် သွားလာတဲ့ ဆွေမျိုးရင်းချာတွေက ပြုကျင့်တာများပြီး အဲဒီထဲမှာ ဖအေအရင်းတွေလည်း ပါဝင်နေတာ တွေ့ရကြောင်း၊ သက်ငယ်မုဒိမ်းမှု တော်တော်များများက သူစိမ်းတွေ ခေါ်သွားပြီး ပြုကျင့်တာ အရမ်းကို နည်းပါး ပါတယ်လို့ ဒေါ်လှလှရီက သူမလိုက်ပါ ကူညီပေးနေတဲ့ အမှုအတွေ့အကြုံတွေအရပြောပြပါတယ်။

“တချို့ကလေးတွေကို စော်ကားတဲ့သူတွေက စိတ်ဝေဒနာဆိုတဲ့ အသက်ငယ်ငယ်တွေနဲ့ ဆက်ဆံချင်တဲ့ ဝေဒနာရှင်တွေဖြစ်တယ်။ အဲဒီလူတွေက ကျနော်တို့ရုပ်ရှင်ထဲကလို ရုပ်ဆိုးတဲ့လူတွေ မဟုတ်ဘူး။ သူတို့က ကလေးတောင် ပိုချစ်တတ်ကြသေးတယ်။ နူးညံ့တယ်။ ဒါတွေကို သတိထားဖို့လိုတယ်”ဟု ဦးအောင်မျိုးမင်း က ပြောပါတယ်။

ကလေးကို စော်ကားမှုပြုလုပ်ရင် မည်သူ့ကိုမှ မတိုင်ကြားတတ်ကြောင်း၊ တိုင်ကြားရင်လည်း ဘယ်သူမှ မယုံကြ ကြောင်း၊ နောက် ကလေးငယ်တွေက အဓမ္မကျင့်သူရဲ့ ခွန်အားကို မတွန်းလှန်နိုင်သည့်အတွက်ကြောင့် ကလေး ငယ်ကို ဦးတည်ပြီး အဓမ္မကျင့်ကြတာလို့လည်း လူမှုအဖွဲ့အစည်းတွေက ဆိုကြပါတယ်။

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကိုလည်း သက်ဆိုင်ရာက ဖမ်းဆီးရရှိမှု ပြစ်ဒဏ်ပေးမှုတွေမှာ အားနည်း နေတဲ့အတွက်ကြောင့် ပြစ်မှုတွေများလာရပါတယ်လို့ လူမှုအဖွဲ့အစည်းတွေက ဆိုကြပါတယ်။

သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး ယခုနောက်ပိုင်းတလထက်တလများလာတာ စဉ်းစားစရာအချက်ဖြစ်ကြောင်း၊ သက်ငယ်မုဒိမ်းမှုတွေအတွက်ရော မုဒိမ်းမှုတွေအားလုံးအတွက်ကိုပါ အသိပညာပေးရေဒီယို၊ တီဗွီအစီအစဉ် တွေ စဉ်ဆက်မပြတ် လုပ်ဆောင်ပေးသင့်ကြောင်း၊ ထင်ရှားတဲ့မင်းသား၊ မင်းသမီးတွေကို ခေါ်ပြီး ဥပဒေပညာ ပေး မှတ်တမ်းရုပ်ရှင်ရိုက်ပြီး ပြည်သူကို ပညာပေးသင့်ကြောင်းလည်း ဦးရဲအောင်က ဆိုပါတယ်။

သက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ရော၊ ရဲတပ်ဖွဲ့အနေနဲ့ပါ သေချာကိုင်တွယ်ဖြေရှင်းမှု မပြုလုပ်ရင် ကလေးသူငယ်တွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာတွေ ဖြစ်လာမယ်လို့လည်း လူမှုအဖွဲ့အစည်းတွေက ပြောဆို လိုက်ပါတယ်။

မြန်မာနိုင်ငံ တရားစီရင်ရေးမှာ အလွန်အရေးကြီးပြီး တရားဥပဒေစိုးမိုးမှုရှိရန် လိုအပ်သလို တရားစီရင်ရေးကဏ္ဍ ရဲ့ ပြတ်သားမှုကလည်း အလွန်အရေးကြီးကြောင်း လူမှုအဖွ့ဲအစည်းတွေက ထောက်ပြနေကြပါတယ်။

Related Articles