Home ဗီဒီယို ခက်ခဲကြမ်းတမ်းတဲ့အလုပ်တွေနဲ့ အမျိုးသမီးအလုပ်သမားများ

ခက်ခဲကြမ်းတမ်းတဲ့အလုပ်တွေနဲ့ အမျိုးသမီးအလုပ်သမားများ

ရိုက်ကူး – HI
(ရုပ်သံဆောင်းပါး)

မြန်မာနိုင်ငံရဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်တွေမှာ အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်နေတဲ့ ရခိုင်ပြည်နယ်ထဲက မြို့နယ် တွေမှာ အမျိုးသမီးတွေဟာ သူတို့ရဲ့မိသားစုစားဝတ်နေရေးအတွက် အလုပ်မျိုးစုံကို လုပ်ပြီး ဘဝကို ရုန်းကန်နေကြ ရပါတယ်။

စက်ရုံအလုပ်ရုံတွေမရှိတာ၊ နေအိမ်တွေက အမျိုးသားတွေဟာ နိုင်ငံရပ်ခြားတွေမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြ ရတာတွေကြောင့် ကျန်နေခဲ့တဲ့ မိသားစုကို ဦးဆောင်ကျွေးမွေးဖို့အတွက် အမျိုးသမီးတွေဟာ အမျိုးသားအများစု လုပ်ကြတဲ့ အလုပ်ကြမ်းအလုပ်တွေကို လုပ်လာခဲ့ကြပါတယ်။

အဲဒီလိုအလုပ်ကြမ်းအလုပ်တွေလုပ်နေကြတဲ့ အမျိုးသမီးတွေထဲမှာ ရသေ့တောင်မြို့နယ် အငူမော် ကူးတို့ဆိပ်မှာ ကုန်တင်ကုန်ချလုပ်နေကြတဲ့အမျိုးသမီးတွေလည်း အပါအဝင်ပဲဖြစ်ပါတယ်။

စစ်တွေ-အငူမော်-မောင်တောလမ်းစပြီး ပွင့်လာခဲ့တဲ့ ၂၀၁၇ ခုနှစ်နောက်ပိုင်းကစပြီး စစ်တွေနဲ့ မောင်တော၊ ဘူးသီးတောင်မြို့နယ်တွေက ခရီးသွားတွေဟာ အဲဒီလမ်းကြောင်းကိုသာ အားထားလာကြသလို ကုန်စည်စီးဆင်းမှု ဟာလည်း စစ်တွေ-အငူမော်-မောင်တောလမ်းကြောင်းကနေ စီးဆင်းမှုများနေပါတယ်။

ဒါပေမယ့် ကုန်တင်ကုန်ချအမျိုးသမီးအလုပ်သမားတွေဟာ ကုန်များရင်များသလို အခကြေးငွေရကြပြီး ကုန်နည်းရင် နည်းသလို ရကြတယ်လို့ အလုပ်သမားအမျိုးသမီး ဒေါ်လှလှသန်း ကပြောပါတယ်။

အငူမော်ဆိပ်ကမ်းကို အမှီပြုပြီးတော့ ကုန်တင်ကုန်ချလုပ်နေတဲ့ အမျိုးသမီးအလုပ်သမား ၂၁ ဦးရှိပြီးတော့ မုန်တိုင်း ဒဏ်ကြောင့် အငူမော်ဆိပ်ခံတံတားမှာလည်း ပျက်စီးသွားတာကြောင့် ကုန်တင်ကုန်ချလုပ်တဲ့အခါ အဆင်မပြေ တာတွေရှိနေတယ်လို့ ပြောကြပါတယ်။

အလားတူပဲ ပြီးခဲ့တဲ့မေလက ရခိုင်ပြည်နယ်ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် အလုပ်သမား အမျိုးသမီးတွေဟာ စားဝတ်နေရေးအဆင်မပြေဖြစ်နေကြသလို နေထိုင်စရာအိမ်တွေလည်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့တဲ့အတွက် အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဒေါ်လှလှသန်းက ဆက်ပြောပါတယ်။

ဘယ်လိုမျိုး အခက်ခဲတွေရှိနေပါစေ နဂိုကတည်းက ဆင်းရဲပင်ပန်းမှုဒဏ်တွေကို ရင်ဆိုင်လာကြတဲ့ အငူမော် ဆိပ်ကမ်းက အမျိုးသမီးအလုပ်သမားတွေကတော့ နေပူမရှောင်၊ မိုးရွာမရှောင် အငူမော်ဆိပ်ကမ်းကို ဆိုက်ကပ် လာမယ့် ကူးတို့စက်လှေတွေကို မျှော်နေကြတယ်လို့ ဆိုကြပါတယ်။

Author:

Related Articles