Home ဆောင်းပါး ကျန်းမာရေးကဏ္ဍတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ စစ်ကောင်စီ

ကျန်းမာရေးကဏ္ဍတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ စစ်ကောင်စီ

ဒေဝီ။ ။

လွန်ခဲ့တဲ့လပိုင်းက ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်ဆိုးက ကျန်းမာရေးဆရာမ BPI အတွက် ပြန်တွေးတိုင်း ဝမ်းနည်းခဲ့ရသလို အကြီး မားဆုံး ဆုံးရှုံးမှုတစ်ခုလည်း ဖြစ်ခဲ့တယ်။

ယင်းဖြစ်ရပ်ကတော့  ကရင်နီဒေသမှာ သူနဲ့အတူတူကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့  ဆေးတပ်သားအဖွဲ့ဝင်လေးဦး တိုက်ပွဲအတွင်း လူနာတွေကယ်တင်ရင်း အသက်ဆုံးရှုံးခဲ့တာပါ။   

မေလ ၂၇ရက်နေ့တုန်းက Medic Unit( Demoso) က ဆေးတပ်ဖွဲ့ဝင် လူငယ်လေးဦး ကယားပြည်နယ် ရှေ့တန်း စစ်မြေပြင် တစ်နေရာမှာ ဒဏ်ရာရတဲ့သူတွေကို ကယ်တင်ရင်း စစ်ကောင်စီတပ်ရဲ့လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ ပါတယ်။

သေဆုံးသွားတဲ့ ဆေးတပ်ဖွဲ့ဝင်လေးဦးစလုံးက စစ်ကောင်စီကိုခုခံတော်လှန်နေတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ဘေး ဒုက္ခသည်တွေကို ဆေးကုသပေးနေသူတွေဖြစ်ပါတယ်။

စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်ပွားရာ ပဋိပက္ခနယ်မြေတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆေးတပ်ဖွဲ့ဝင်တွေ သေဆုံးတာ  ဒီတစ်ခုတည်းမဟုတ်ပါဘူး။

စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်တာအတွင်း ကျန်းမာရေးဝန်ထမ်း ၇၀ သတ်ဖြတ်ခံရသလို ၇၈၀ ကျော် ထိခိုက်ဒဏ်ရာမျိုးစုံ ရတာ၊ ၉၀၀ကျော် ဖမ်းဆီးခံရတာနဲ့အတူ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ပဲခူးတိုင်းအတွင်းက  ဆေးရုံနဲ့ ဆေးပေး ခန်းပေါင်း ၁၆၀ကျော်တို့ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUGရဲ့ ကျန်းမာရေးဝန် ကြီးဌာနက ယခုနှစ် ဖေဖော်ဝါရီလက ထုတ်ပြန်ထားပါတယ်။  

စစ်ဘေးသင့်ဒေသတွေက ကူကယ်ရာမဲ့နေတဲ့ ပြည်သူတွေကို  ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ နယ်ပယ်အသီးသီးက ကျန်းမာရေးဝန်ထမ်းတွေမှာ  စစ်ကောင်စီရဲ့ ပစ်မှတ်ထား ၊ဖမ်းဆီးမှုတွေ သတ်ဖြတ်မှုအန္တရာယ်တွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရ ပါတယ်။

ဆောင်းဖွေးဆေးရုံ တိုက်ခိုက်ခံခဲ့ရပုံ

ပြီးခဲ့တဲ့ဖေဖော်ဝါရီကလည်း မွေးလူနာကုသပြီးပြန်လာတဲ့ အုတ်ဖိုက CDM သူနာပြုဆရာမတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင် တွေက အဓမ္မပြုကျင့်ပြီးသတ်ဖြတ်ခဲ့သလို မကွေးတိုင်း ၊မြိုင်မြို့နယ် ၊မန်ကျည်းကန်ရွာမှာလည်း ဆေးကုသပေးနေတဲ့ CDM ဆရာဝန်တစ်ဦးနဲ့ နောက်ဆုံးနှစ်ဆေးကျောင်းသူတစ်ဦးကို ဖမ်းဆီးပြီး အကျဉ်းထောင်ကိုပို့လိုက်ပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်မှာ စစ်ဘေးရှောင်တွေကိုဆေးကုသပေးနေတဲ့ ဆောင်းဖွေးဆေးရုံကို ဗုံးကြဲ တိုက်ခိုက် တာ ကြောင့်ဆရာဝန်နှစ်ဦးသေဆုံးပြီး ဆေးရုံတစ်ခုလုံးနီးပါး ပျက်စီးခဲ့တဲ့ ဖြစ်စဉ်တွေလည်းရှိပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုစနစ်နဲ့ အလှမ်းဝေးတဲ့ဒေသတွေက ပြည်သူတွေကို အခက်အခဲကြားက ဆေးကုသပေးနေတဲ့   ကျန်းမာရေးဝန်ထမ်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်က လူမဆန်တဲ့လုပ်ရပ်တစ်ခုလို့ ကရင်နီ ပြည်နယ်က ကျန်းမာရေးဆရာမ BPI ကပြောပါတယ်။

” ထိခိုက်ဒဏ်ရာရတဲ့ရဲဘော်တွေ စစ်ဘေးသင့်ပြည်သူတွေရဲ့ကျန်းမာရေးကို ကုသပေးနေတာက ကျန်းမာရေး ဝန်ထမ်းတွေ ဖြစ်နေတယ်။ ကျန်းမာရေးဝန်ထမ်းတွေမရှိမှသူတို့ရဲ့ လုပ်ငန်းတွေလည်ပတ်နိုင်မယ်လို့ထင်တဲ့ အတွက် ကျန်းမာရေးဝန်ထမ်း တွေကို တိုက်ခိုက်နေတယ်လို့မြင်မိတယ်။” လို့ ကျန်းမာရေးဆရာမ BPI ကပြောပါတယ်။

သူတို့ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ကရင်နီ‌ဒေသကလည်း စစ်ကောင်စီနဲ့တိုက်ပွဲ အများဆုံးဖြစ်ပွားတဲ့ဒေသဖြစ်တော့ လေကြောင်းကနေရော ဝေဟင်ကနေပါထိုးစစ်ဆင်တိုက်ခိုက်မှုတွေ၊ ခေါင်းပေါ်ကဖြတ်ပြေးနေတဲ့ကျည်ဆံတွေ၊ လက်နက် ကြီး လက်နက်ငယ်ပစ်ခတ်မှုတွေက နေ့စဉ်နဲ့အမျှရှိနေပြီး အသက်‌ဘေးအန္တရာယ်ကြုံရတာအကြိမ်ကြိမ်ပဲလို့ ဆက်ပြောတယ်။

ကျန်းမာရေးဆရာမ BPI က ကရင်နီမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေလုပ်ဆောင်လာတာ နှစ်နှစ် ကျော်ပါပြီ။ စစ်အာဏာ သိမ်းတာကိုလက်မခံတာရယ်၊ စစ်ဘေးသင့်ပြည်သူတွေအတွက်လိုအပ်တဲ့ ကျန်းမာရေးကဏ္ဍကို ဖြည့်ဆည်းပေးချင်တာ ကြောင့် လုပ်ငန်းခွင်ကို စွန့်ခွာပြီး ကရင်နီဒေသမှာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ဆောင်နေတာပါ။

စစ်ဘေးသင့်ဒေသတွေမှာလိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးရာမှာလည်း လိုအပ်ချက်တွေ အများအပြားပါ။ ဆေးဝါး ပစ္စည်းမလုံလောက်တာ၊ ကျန်းမာရေးဝန်ထမ်းမလုံလောက်တာ ၊ဆေးဝါးပစ္စည်းတွေသယ်ယူ ပို့ဆောင်ဖို့အခက်အခဲရှိတာ၊ တိုင်းရင်းသားနယ်မြေတွေဖြစ်တာကြောင့် ဘာသာစကားအခက်အခဲရှိတာ စသဖြင့်နဲ့ပါ။

ကြုံတွေ့နေရတဲ့အခက်အခဲတွေကို ကျော်ဖြတ်လို့ ကျန်းမာရေးစောင့်ရှောက်မှုတာဝန်ကို လုပ်ဆောင်နေပေမယ့်လည်း ကျန်း မာရေး ဝန်ထမ်းတွေရဲ့အသက်အန္တရာယ်ကို ထိခိုက်စေတဲ့ ဖြစ်စဉ်တွေ ၊ဆေးရုံဆေးခန်းတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ ကြုံရ တိုင်း ဝမ်းနည်းမိ၊စိတ်ဓာတ်ကျမိတယ်လို့ ကျန်းမာရေးဆရာမ BPIပြောပါတယ်။

ဆောင်းဖွေးဆေးရုံ တိုက်ခိုက်ခံခဲ့ရပုံ

လတ်တလော ကြုံတွေ့နေရတဲ့ အခြေအနေတွေကြောင့် မြန်မာနိုင်ငံဟာ ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်း လုပ်သား တစ်ဦးဖြစ်ရန် ကမ္ဘာ့အန္တရာယ်အများဆုံး နေရာတစ်ခုအဖြစ် ပြောင်းလဲရောက်ရှိနေတယ်လို့ ဆွစ်ဇာလန် အခြေစိုက် အကျိုး အမြတ် မရည်ရွယ်တဲ့အဖွဲ့ ‘Insecurity Insight’ က ဇွန်လမှာထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

‘Insecurity Insight’ အဖွဲ့က ထုတ်ပြန်ထားတဲ့ ‘ကျန်းမာရေးစောင့်ရှောက်မှုအပေါ် တိုက်ခိုက်မှုများ’ အစီရင်ခံစာမှာ ယခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ မေလ ၁၆ ရက်အထိ စစ်ကောင်စီက ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ် တိုက်ခိုက်မှု ၁၃၉ ခု အထိ လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်က လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေကြောင့် ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ ရှမ်းပြည်နယ်ရှိ ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့ အဆောက်အဦ နေရာများပျက်စီးခဲ့ပါတယ်။

ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့နေရာ၊ အဆောက်အအုံတွေမှာ ကျန်းမာရေးဝန်ထမ်းတွေက ကျန်းမာရေးစောင့် ရှောက်မှု ပေးနေစဉ်မှာ မတရားသဖြင့် ရိုက်နှက်၊ ဖမ်းဆီးခံရသလို ဆေးကုသမှု ခံယူနေတဲ့ လူနာတွေကိုပါ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒါ့အပြင်စစ်တပ်က ဆေးရုံတွေကို စစ်အခြေစိုက်စခန်းတွေအဖြစ် သိမ်းယူတာ‌တွေကြောင့် နိုင်ငံတကာလူသားချင်းစာနာမှု ဥပဒေကိုတိုက်ရိုက်ချိုးဖောက်လျက်ရှိတယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

စစ်တပ်ရဲ့တိုက်ခိုက်မှုမှာ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကျွမ်းကျင်အတတ်ပညာရှင်တွေအပေါ် တိုက်ခိုက်မှုတွေ ပါဝင် သလို ရခိုင်ပြည်နယ်မှာ မိုခါဆိုင်ကလုန်းတိုက်ပြီးနောက် ဆေးဝါးပစ္စည်းသယ်ယူပို့ဆောင်မှုနဲ့ဝယ်ယူမှုအပေါ် ကန့်သတ် ပိတ် ပင်မှုတွေလည်းပါဝင်တယ်လို့ အစီရင်ခံစာက ဆိုတယ်။

ကရင်နီဒေသတွင် သေဆုံးခဲ့သော ဆေးတပ်သားအဖွဲ့ဝင်လေးဦး

အထူးသဖြင့် ပဋိပက္ခဒဏ်သင့် ဧရိယာတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု ရယူမှုအပေါ် ပိတ်ပင်တားဆီးတာနဲ့ အများပြည်သူ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုလဲတာကြောင့် လူထောင်ပေါင်းများစွာက  ကျန်းမာရေးစောင့်ရှောက်မှု ၊ ပံ့ပိုးမှုတွေ အထောက်အပံ့မရတာတွေဖြစ်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့သူတွေက  စစ်အာဏာရှင်ကို တော်လှန်စိတ်တစ်ခုတည်းနဲ့ လုပ်ငန်းခွင်ကိုစွန့်ခွာပြီး ပဋိ ပက္ခ နယ်မြေတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေပေမယ့် အသက်အန္တရာယ်ရော စိတ်မလုံခြုံမှုတွေအပြည့်နဲ့ပါ နေထိုင် နေရတာလို့ ကရင်ပြည်နယ်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ CDM ဆရာဝန် ဒေါက်တာသီတာ (အမည်လွှဲ)က ပြော ပါတယ်။

မတည်ငြိမ်တဲ့ဒေသဖြစ်တဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့အခါ ဆေးရုံဆေးခန်းကို လူမျိုးစုံ အသက်အရွယ်မျိုးစုံ လာရောက်ကုသတဲ့အခါ စစ်ကောင်စီဘက်က သတင်းပေးတွေ ထောက်လှမ်းရေးတွေပါလာနိုင်တာကြောင့် ကျန်းမာရေး ဝန်ထမ်းတွေမှာစိတ်မလုံခြုံမှု တွေခံစားရသလို ၊ စစ်ကောင်စီက စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်တာ လေယာဉ် နဲ့ ဗုံးကြဲတာတို့လည်း အမြဲတစေကြုံနေရတာက လည်း မလုံခြုံတဲ အခြေအနေဖြစ်စေတယ်လို့ သူကဆိုတယ်။

မြို့ပြကကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမမှီနိုင်တဲ့အခြေအနေမှာ စစ်ဘေးသင့်ဒေသတွေက တိုင်းရင်းသားကျန်းမာ ရေးဌာနနဲ့ NUG တို့ ပူးပေါင်းအကောင်အထည်ဖော်တဲ့ ဆေးရုံဆေးခန်းတွေ၊CDM ကျန်းမာရေးဝန်ထမ်းတွေ လုပ်ဆောင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ကိုသာအားကိုးအားထားပြုရပါတယ်။  

လူထုအခြေပြုတဲ့ ကျန်းမာရေး ဆေးရုံဆေးပေးခန်းတွေကို တိုက်ခိုက်ခြင်းအားဖြင့် ဒေသခံ ပြည်သူတွေကို အကျပ်အတည်း ဖြစ်အောင် လုပ်နေတာလို့ ဒေါက်တာသီတာက ဆိုတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ – NUGရဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ တိုင်းရင်းသားကျန်းမာရေးဌာနတို့ လုပ်ဆောင်နေ တဲ့ ကျန်းမာရေးစနစ်ကို ပြိုလဲသွားအောင်လုပ်ဆောင်နေတာအပြင် CDM လုပ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း အကြောက် တရားပိုရှိအောင်လုပ်နေတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

စစ်ဘေးရှောင်များကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေစဉ် 

ကရင်ပြည်နယ်မှာလည်း စစ်ကောင်စီက ကျန်းမာရေးအဆောက်အဉီတွေ ဆေးရုံဆေးပေးခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက် တာတွေလည်းကြုံရပြီး စစ်ကြောင်းထိုးလို့  ဆေးကုသရင်း ရှောင်ရှားရတာ လေးငါးခြောက်ကြိမ်မက ရှိခဲ့တယ်လို့ ‌ဒေါက်တာ သီတာက ဆိုပါတယ်။

သူနဲ့အတူတူ ဆေးကုသပေးရင်း ဖမ်းဆီးခံရ၊ထိခိုက်သေဆုံးရတဲ့ ကျန်းမာရေးဝန်ထမ်း တွေမရှိပေမယ့်လည်း တော်လှန်ရေးမှာ ပါဝင်နေတဲ့ အခြားသော ဝန်ကြီးဌာနတွေက ဘဝတူ CDMဝန်ထမ်းတွေ၊ ဆေးခန်းကိုလာပြနေတဲ့ တော်လှန်ရေးရဲဘော်တွေ ထိခိုက်သေဆုံးရ ကိုယ်လက်အင်္ဂါဆုံးရှုံးရတာတွေ တွေ့မြင်ကြားသိရတိုင်း ဝမ်းနည်းရပါတယ်။

နေ့စဉ်နဲ့အမျှဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြား အသက်အန္တရာယ်စိုးရိမ်မှုတွေ စိတ်မလုံခြုံမှုတွေနဲ့ ဖြတ်သန်းနေရတဲ့အခါ ရုပ်ပိုင်း ဆိုင်ရာကျန်းမာရေးကောင်းနေပေမယ့် စိတ်ပိုင်းဆိုင်ရာ ကောင်းဖို့တော်တော်လေးခက်ခဲတယ်လို့ ဆိုတယ်။‌

” အမြဲစိုးရိမ်စိတ်နဲ့နေရတယ်။ တစ်ယောက်နဲ့တစ်ယောက်တွေ့လို နှုတ်ဆက်ရင်တော့ မြို့ပေါ်မှာဆို နေကောင်းလား၊ ဘာစား ပြီးပြီလဲ နှုတ်ဆက်ကြပေမယ့် ဒီမှာတော့  တစ်ယောက်နဲ့တစ်ယောက်နှုတ်ဆက်ရင် ဘာကြားသေးလဲ အခြေအနေ ကောင်း လား ပြေးရတော့မလားဆိုပြီး နှုတ်ဆက်ကြရတယ်။” လို့ ဒေါက်တာသီတာ ကပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ယိုင်နဲ့လာတဲ့ကဏ္ဍတွေထဲ ကျန်းမာရေးစောင့်ရှောက်မှုလည်းပါဝင်ပါတယ်။ အထူးသဖြင့် စစ် ကောင်စီကိုတော်လှန်နေတဲ့ ပဋိပက္ခဒေသတွေမှာဆို ကျန်းမာရေးစနစ်က ပျက်ယွင်းနေပြီး  ဒီလိုအခြေအနေမှာ ရတဲ့နည်း လမ်းနဲ့ဒေသခံတွေကို ကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့ CDM ကျန်းမာရေး ဝန်ထမ်းတွေက တော်လှန်ရေးမှာ အရေးကြီး တဲ့ နေရာကပါဝင်နေသူတွေဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးက CDM အထွေထွေရောဂါကုဆရာဝန်တစ်ဦးက ပြောပါ တယ်။

” CDM ကျန်းမာရေးဝန်ထမ်းတွေကို ပစ်မှတ်ထားဖမ်းဆီးတာဖိနှိပ်တာကတော့ နေရာပေါင်းစုံက ကျန်းမာရေး ဝန်ထမ်းတွေ ခံရပါတယ်။ ပဋိပက္ခဒေသက ကျန်းမာရေးဝန်ထမ်းတွေကတော့ အသက်အန္တရာယ်ပါ ရင်းပြီး ဆေးဝါးဆေးပစ္စည်း မပြည့်စုံတဲ့ ကြားကကျန်းမာရေးစောင့်ရှောက်မှုပေးနေတာဖြစ်တဲ့အတွက် သူတို့တွေကို ပိုလေးစားတယ် ဂုဏ်ယူပါတယ်။” လို့ ယင်း CDM အထွေထွေရောဂါကုဆရာဝန်က ဆိုပါတယ်။

ပုံမှန်အတိုင်းဖြစ်နေတဲ့ ဝန်ထမ်းဘဝကနေစွန့်ခွာပြီး အကူအညီလိုအပ်နေတဲ့ စစ်ဘေးသင့်ဒေသတွေမှာ နေထိုင်ပြီး   ပြည်သူ တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေမှာ   ဆင်းရဲဒုက္ခ အခက်အခဲတွေ  မလုံခြုံမှုတွေ ကြုံရ ပေမယ့်လည်း အမှန်တရားဘက်ကနေပြီး ပြည်သူတွေကို စောင့်ရှောက်မယ် ဆိုတဲ့ ခံယူချက်နဲ့ အားတင်းပြီး ခရီးလမ်းဆုံးထိ လျှောက်သွားမယ် လို့ ပဋိပက္ခဒေသက ကျန်းမာရေးဝန်ထမ်းတွေက ဆိုပါတယ်။

” ဝမ်းနည်းမှုတွေ စိတ်ညစ်မှုတွေ ရှိပေမယ့်လည်း အသက်တွေဆုံးရှုံးခဲ့တဲ့လူတွေရှိတယ်။ခန္ဓာကိုယ် တွေဆုံးရှုံး လိုက်ရ ပေးဆပ်လိုက်ရတဲ့သူတွေရှိတယ်။ အဲ့ဒီလူတွေထက် ကိုယ်တွေကြုံရတာဘာမှမဟုတ်သေးဘူးပေါ့၊ ကိုယ်လုပ်နိုင်တာကို လုပ် မယ်ဆိုတဲ့စိတ်နဲ့ အားတင်းပြီးကျော်ဖြတ်နေပါတယ်။” လို့ ကျန်းမာရေးဆရာမ  BPI က ပြောပါတယ်။

Author:

Related Articles