Home ဆောင်းပါး သမီး ပြန်အလာကိုစောင့်ရင်း တိုက်ပွဲဝင်နေတဲ့မိခင်

သမီး ပြန်အလာကိုစောင့်ရင်း တိုက်ပွဲဝင်နေတဲ့မိခင်

ရှင်ငြိမ်း            

ကချင်ပြည်နယ်၊ ကျေးရွာတစ်ခုထဲက ဘုန်းကြီးကျောင်းဆောင်ရှေ့မှာ စစ်သားတွေက ဒေသခံအရပ်သားတွေဖြစ်ဟန်တူတဲ့ ပြည်သူတွေကို နေပူထဲဒူးထောက်ထိုင်ခိုင်းကာ တစ်စုံတစ်ရာကို စစ်မေးနေပုံရပါတယ်။

စစ်သားတွေဟာ ရွာသားတွေကို တစ်စုံတစ်ရာမေးလိုက် ခြေထောက်နဲ့ကန်လိုက်၊ ဓါးနဲ့ထောက်လိုက်၊ သေနတ်နဲ့ရိုက် လိုက်နဲ့ ခြိမ်းခြောက်ဆဲဆိုသံတွေကလည်း တစ်ရွာလုံးလွှမ်းလုလု။

“ စစ်သားတွေက သမီးကိုအတင်းပိုးသတ်ဆေးသောက်ခိုင်းတာ။ ခိုင်းတာမလုပ်မခြင်း စစ်ဖိနပ်နဲ့ကန်လိုက်။ တစ်ခါပြော တစ်ခါကန်ပဲ။ ဒီအမေရင်ဘတ်ကြီးတစ်ခုလုံးကို အနာဆားနဲ့ပက်သလိုဆတ်ဆတ်ခါအောင်နာတယ်။” လို့ ပြောရင်း အသံ တိမ်ဝင်သွားကာ ငိုကြွေးလိုက်သူကတော့ အသက် ၅၈ နှစ်အရွယ်ဒေါ်ဆိုင်းနုပါ။

ရှိုက်ကြီးတငင်ငိုကြွေးပြီး ခဏအကြာမှာ ဒေါ်ဆိုင်းနုဟာ ကျနေတဲ့မျက်ရည်တွေကို လက်ဖမိုးနဲ့ သုတ်ရင်း“ဒီစစ်တပ်ကို မုန်း တဲ့စိတ်က သေရာပါအမာရွတ်လိုပျောက်မှာမဟုတ်ဘူး။” လို့ မျက်ရည်တွေကြားကနေ မာန်ပါပါနဲ့ပြောလိုက်ပါတယ်။

အကြောင်းကတော့ သမီးဖြစ်သူကို သူရဲ့ရှေ့မှာအမျိုးမျိုးနှိပ်စက်ပြရုံသာမက သမီးကိုကာကွယ်ပေးဖို့ပြေးထွက်လာတဲ့သူ့ကို ရိုက်နှက်ကာ သမီးဖြစ်သူကိုဖမ်းဆီးခေါ်ဆောင်သွားတာကြောင့် အခုလိုပြောလိုက်တာဖြစ်တယ်။

“သူတို့သမီးကို နှိပ်စက်နေတာတွေဘယ်လိုမှကြည့်မနေနိုင်လို့ ပြန်လုပ်မယ်ဆိုပြီး ပြေးအထွက်သေနတ်ဒင်နဲ့ အရိုက်ခံရလို့ မေ့သွားတယ်။ သတိရတော့ သမီးကိုဖမ်းခေါ်သွားကြပြီ။” လို့ ဒေါ်ဆိုင်းနုက ရှင်းပြပါတယ်။

မိခင်တစ်ယောက်အနေနဲ့ သမီးဖြစ်သူ အသက်အန္တရယ်ကြုံနေရတဲ့ချိန်မှာ ဘာမှမလုပ်ပေးနိုင်ခဲ့တဲ့အပေါ်လည်း သူက ဝမ်း နည်းကြေကွဲမဆုံးဖြစ်နေပါတယ်။ဒီအဖြစ်အပျက်ဟာ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုရှိ မှော်ဘုံကျေးရွာမှာ ဖြစ်သွား ခဲ့တာပါ။

ဒီရွာသားအများစုက ရေမဆေးကျောက်ရှာဖွေလုပ်ကိုင်နေကြသူတွေဖြစ်တယ်။ ဒီမှော်ပုံကျေးရွာဟာ ယခင်က စစ်တပ် ထိန်းချုပ်ထားတဲ့နယ်မြေတစ်ခုဖြစ်ခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက် မှော်ဘုံကျေးရွာကိုနယ်မြေစိုးမိုးနိုင်ဖို့ စစ်တပ်နဲ့ ကချင် လွတ်လပ်ရေးတပ်မတော်(KIA)၊ ဒေသ ကာကွယ်ရေးတပ်(PDF)ကြား တိုက်ပွဲတွေဟာ နေ့စဉ်လိုလိုရှိနေခဲ့တာဖြစ်တယ်။

အခုဆိုရင်အကြမ်းဖက်စစ်တပ်က ဒေါ်ဆိုင်းနုရဲ့သမီးအပါအဝင် အရပ်သား ၁၁ ဦးကိုလူသားဒိုင်းအဖြစ် ဖမ်းခေါ်ဆောင် သွား တာခုနစ်လနီးပါးကြာသွားပါပြီ။ ဖမ်းသွားကတည်းက စစ်ကြောရေးရောက်တဲ့သတင်းကလွဲလို့ ဘာမှထပ်မသိရတော့ တာ ကြောင့် ဒေါ်ဆိုင်းနုရင်ထဲက စစ်တပ်ကို နာကျည်းစိတ်ဟာ ပိုလို့ပြင်းထန်နေတာပါ။

ဒါ့ကြောင့် ဒေါ်ဆိုင်းနု(အမည်လွှဲ)က သမီးဖြစ်သူဘယ်လိုအနေအထားနဲ့ပြန်ရောက်လာပါစေ။ သူကတော့ နာကျည်းချက် အပြည့်နဲ့စစ်အာဏာရှင်ကို အဆုံးထိတော်လှန်ဖို့ သံဓိဋ္ဌာန်ချထားတယ်လို့ဆိုပါတယ်။ 

ဒေါ်ဆိုင်းနုရဲ့ခင်ပွန်းဖြစ်သူဟာ လွန်ခဲ့တဲ့နှစ်က ဌက်ဖျားရောဂါနဲ့ သေဆုံးသွားလို့ သားအမိနှစ်ယောက်ထဲ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက မှော်ဘုံကျေးရွာလေးထဲမှာ ဈေးရောင်းပြီး အေးအေးဆေးဆေးနေခဲ့ကြသူတွေပါ။

ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာ ၅ ရက်၊ ညနေ ၄ နာရီလောက်မှာလည်းဒေါ်ဆိုင်းနုတို့ရွာလေးထဲ KIA နဲ့ PDF တွေနေထိုင် တယ်ဆို တဲ့စွပ်စွဲချက်နဲ့ စစ်အင်အား ၈၀ လောက်ဟာ သေနတ်တွေနဲ့ပစ်ခတ်ပြီး ဝင်ရောက်လာခဲ့ကြပါတယ်။

ပိတ်ထားတဲ့နေအိမ်တံခါးတွေ ရိုက်ဖွင့်ပြီး ပုန်းနေတဲ့ဒေါ်ဆိုင်းနုတို့သားအမိနှစ်ယောက်အပါအဝင် အမျိုးသမီး ခုနစ်ဦး၊ အမျိုး သား ခုနစ်ဦးနဲ့ ကလေးငယ် နှစ်ဦးကို ဘုန်းကြီးကျောင်းဆောင်အောက်မှာ ဖမ်းချုပ်ထားလိုက်ပါတယ်။

ဖားကန့်မှာ စစ်ရေးပြင်းထန်နေကတည်းက မှော်ဘုံကျေးရွာသားတချို့ဟာ စစ်ပြေးနေကြတာဖြစ်ပေမယ့် မပြေးဘဲကျန်ခဲ့ တဲ့ရွာသားတွေထဲက တစ်ချို့ကိုတော့ စစ်တပ်က ဘုန်းကြီးကျောင်းထဲဖမ်းဆီးခေါ်သွားခဲ့တယ်။

ဖမ်းဆီးခံထားရသူအားလုံးကို ခြေထောက်နဲ့ လက်ပါနောက်ပြန်ကြိုးတုတ်ပြီး ဒူးထောက်ထိုင်ခိုင်းပြီး မထိုင်နိုင်လို့ လဲကျသူ တွေကို ခြေထောက်နဲ့ကန်၊ သေနတ်ဒင်နဲ့ရိုက်သလို တစ်ယောက်ချင်းစစ်မေးတာတွေလုပ်ခဲ့တယ်လို့ ဒေါ်ဆိုင်းနုက ပြော ပါတယ်။

“ကျမရှေ့မှာတင် ကလေးတွေကို လက်သုံးချောင်းထောင်ခိုင်းပြီး အရေးတော်ပုံအော်ခိုင်းတယ်။ တစ်ခါအော်၊ တစ်ခါရိုက် စစ်ဖိနပ်နဲ့မျက်နှာတွေကို ကန်နေတာ။ ဓါးနဲ့လည်ပင်းတွေ၊ ရင်ညွှန့်တွေထောက်ပြီး PDF တွေ၊ KIAကကောင်တွေ ဘယ်မှာ လဲဆိုပြီး ပါးတွေရိုက်တာ။”လို့ သူက ရှင်းပြပါတယ်။

ဒါ့အပြင် စစ်သားတွေဟာ ဖမ်းဆီးခံထားရတဲ့သူတွေရှေ့မှာတင် သူတို့ထဲကအသက် ၄၀ နှစ်အရွယ်အမျိုးသားတစ်ဦးကို လည်း ဓါးနဲ့လည်ပင်းကို သွေးထွက်အောင်လုပ်ပြီး နှိပ်စက်ပြသေးတယ်လို့ ဆိုပါတယ်။

“လည်ပင်းက တစ်စက်စက်ကျနေတဲ့သွေးတွေကိုပါ စစ်သားတွေက သေနတ်နဲ့ ထောက်ပြီးလျှာနဲ့ပြန်ယက်ခိုင်းတယ်။ ဒါကို ကြည့်ထား အဲ့ဒီKIA၊ PDFတွေနဲ့ဆက်သွယ်ရင် တစ်ရွာလုံးကိုဒီလိုသတ်မယ်တဲ့။”လို့ ဒေါ်ဆိုင်းနုက ရှင်းပြပါတယ်။

စစ်သားတွေဟာ လူတွေကိုဖမ်းဆီးရုံသာမက အရပ်သားတွေရဲ့ရွှေ၊ ငွေတွေအပြင် စားနပ်ရိက္ခာတွေနဲ့ ဖုန်းတွေပါသိမ်းယူ သွားခဲ့တာဖြစ်တယ်။

နောက်နေ့မှာ စစ်သားတွေဟာ ဖမ်းထားတဲ့အထဲက သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေကို လွှတ်ပေးလိုက်ပြီးအသက် ၂၀ ကျော်၊ ၃၀ ဝန်းကျင်ရှိတဲ့အမျိုးသမီး ခုနစ်ဦးနဲ့ အမျိုးသားလေးဦးကို ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာ၆ ရက်မှာလူသားဒိုင်းအဖြစ်ဖမ်း ဆီးခေါ်ဆောင်သွားခဲ့တယ်။

စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့အရပ်သားတွေကို KIA၊ PDF တပ်တွေက လိုက်လံကယ်ဆယ်ပေမယ့် အရပ်သား တွေကို စစ်တပ်က အကာအကွယ်လုပ်ပြီး ပစ်ခတ်နေတာကြောင့် ကယ်ဖို့အခွင့်အရေးမရခဲ့ပါဘူး။

အစပိုင်းမှာတော့ ဖမ်းသွားသူတွေကို လူသားဒိုင်းအဖြစ်သုံးဖို့မဟုတ်ရင် စစ်ဆေးဖို့ခေါ်သွားတာဖြစ်မယ်လို့ ဒေါ်ဆိုင်းနု အပါ အဝင်ရွာသားတွေက ခန့်မှန်းခဲ့ကြသလို မကြာခင်ပြန်လွှတ်ပေးမယ်လို့လည်း မျှော်လင့်ချက်တွေရှိနေခဲ့ကြတာပါ။

သို့ပေမယ့် အားလုံးမျှော်လင့်ထားသလိုဖြစ်မလာဘဲ ဖမ်းဆီးသွားတာ ခုနစ်လနီးပါးကြာတဲ့အထိ စစ်ကြောရေးရောက်နေ တယ်ဆိုတဲ့သတင်းကလွဲလို့ ဘာသတင်းမှထပ်မရတော့လို့ ဒေါ်ဆိုင်းနုအနေနဲ့ သမီးဖြစ်သူရဲ့အသက်အန္တရာယ်ကို လွန်စွာ စိုးရိမ် ပူပန်လို့နေပါတယ်။ 

အကြောင်းကတော့ ပြီးခဲ့တဲ့ဧပြီလလောက်က စစ်သားတွေက ဖားကန့်မြို့နယ်၊ ဆိုင်းဖရာရွာက အမျိုးသမီးတွေအပါအဝင် အရပ်သား ၈၀ လောက်ကိုဖမ်းဆီးသွားရာ လမ်းမှာ KIAက ကြားဖြတ်တိုက်တဲ့အတွက် အရပ်သားအမျိုးသမီးတစ်ဦးသေ ဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်လည်း ဖြစ်ပွားထားလို့ဖြစ်တယ်။

ဒေသခံတွေကတော့ ဒေါ်ဆိုင်းနုစိတ်ပြေပါစေသဘောနဲ့ KIA နဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့စွတ်စွဲချက်နဲ့ စစ်မေးခံနေတာ ဖြစ်မယ်ဆိုတဲ့စကားနဲ့ နှစ်သိမ့်နေပါတယ်။

ဒါကလည်း ဖမ်းဆီးခံရပြီးနောက် ငါးရက်အကြာမှာ မှော်ပုံဘုန်းကြီးကျောင်းမှ ကျောင်းသားဖြစ်နေလို့ ပြန်လွှတ်ပေးလိုက်တဲ့ အမျိုးသားတစ်ဦးရဲ့ပြောပြချက်အပေါ် ကောက်ချက်ချပြောဆိုနေတာဖြစ်တယ်။

စစ်သားတွေက သူတို့ကိုဂိုဒေါင်တစ်ခုထဲမှာ ခြေ၊ လက်တွေကို နောက်ပြန်ကြိုးတုတ်ပြီး ဒူးထောက်အနေအထားနဲ့ တစ်ဦး ချင်း ဒါမှမဟုတ်ရင် အုပ်စုလိုက်ရိုက်နှက်မေးမြန်းတာတွေလုပ်တယ်လို့ လွတ်မြောက်လာတဲ့အမျိုးသားက ဆိုပါတယ်။

နောက်ဖမ်းခံထားရသူတွေကိုလည်း စစ်သားတွေက ဓါးထောက်ကာ ငြင်းမရတဲ့မေးခွန်းတွေအတွက်လည်း ဖိအားပေးဝန်ခံ ထွက်ဆိုခိုင်းခဲ့ပါသေးတယ်။

ဖမ်းထားသူတွေကို ဒူးထောက်လက်မြှောက်ခိုင်းထားပြီး နှိပ်စက်ခံမလား။ ပြောတဲ့အတိုင်းဝန်ခံမလားလို့မေးတယ်။ PDF လား၊ ထောက်ပို့လား၊ CDM လား။ ဒီထဲကတစ်ခုဝန်ခံ ကျန်တာအပိုမပြောနဲ့လို့ဆိုကြောင်း သူက ပြောပါတယ်။

ဒါ့အပြင် စစ်တပ်က ဖမ်းဆီးသွားတဲ့သူတွေကို အစာရေစာနပ်မှန်အောင်မကျွေးဘဲ မသေရုံတမယ်ထားတယ်လို့ ဆိုပါတယ်။

ကျောက်စိမ်းဒေသလို့လူသိများတဲ့ဖားကန့်မြို့နယ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း နေ့စဉ်နဲ့အမျှ တစ်ရွာမဟုတ် တစ်ရွာမှာ တိုက်ပွဲမရှိတဲ့ရက်မရှိသလို စစ်တပ်လက်ချက်နဲ့ ဖမ်းဆီးသေဆုံးရသူတွေလည်း အများအပြားရှိနေတဲ့ဒေသဖြစ်တယ်။

ပြောမယ်ဆိုရင် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၈ မှ ၂၇ ရက်အတွင်း အရပ်သားပြည်သူ ၃၀၀ ကျော်ခန့်လူသားဒိုင်းအဖြစ်ဖမ်းဆီး ခံနေရပြီး အဲဒီထဲကအယောက် ၁၀၀ လောက်ကတော့ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ PDFတပ်မှ ပြန်ကြားရေးအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

စစ်တပ်ရဲ့အကြမ်းဖက်မှုတွေဟာ ပြည်သူကို ကြောက်ရွံ့လာအောင်လုပ်တာဆိုပေမယ့် မကြောက်ဘဲ နာကျည်းစိတ်တွေ ကြီးထွားလာရင် အသေခံဗုံးခွဲတဲ့ကိစ္စမျိုးထိဖြစ်လာလိမ့်မယ်လို့ နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ဦးက သတိပေးပါတယ်။

အခုလိုအရပ်သားတွေကို ဖမ်းဆီးသွားပြီးရင် အချုပ်ထောင်ပို့၊ တရားစွဲဆိုပြီးရင် မိသားစုကိုဆက်သွယ်ကာ ထောင်ဝင်စာပို့ လို့ရပြီဆိုတာ မိသားစုဝင်တွေကို အကြောင်းကြားရတာက ပုံမှန်လုပ်ထုံးလုပ်နည်းတစ်ခုပါ။

ဒါပေမဲ့စစ်တပ်ကတော့ အမျိုးသမီး၊ ကလေးတွေအပါအဝင် အရပ်သားတွေကို ဖမ်းချင်သလိုဖမ်း၊ တိတ်တဆိတ်သတ်ဖြတ် လိုဖြတ်နဲ့ အလောင်းလည်း ပြန်ပေးချင်မှပေး။ ပြန်မပေးဘဲလက်စဖျောက်ခံရတဲ့အရပ်သားတွေကလည်း မရေတွက်နိုင် အောင်ရှိနေခဲ့ပါတယ်။

ဒါ့ကြောင့် ဒေါ်ဆိုင်းနုက ယနေ့ထိအဆက်အသွယ်မရတဲ့သမီးရဲ့အသက်အန္တရာယ်ကို များစွာစိုးရိမ်ပူပန်နေတာပါ။

“တစ်ခါတစ်လေ စစ်သားတွေကို ကိုယ်တိုင်တွေ့ပြီး သမီးကိုဘယ်မှာချုပ်ထားသလဲလို့မေးချင်တာ။ ဒါပေမဲ့ သူတို့က မျက်နှာ ချင်းမဆိုင်ချင်လောက်အောင်ကို မုန်းတယ်။ ရွံ့တယ်။ နောက်သူတို့ကိုတွေ့တာနဲ့ ကိုယ်တစ်ခုခုပြန်မလုပ်ဘူးဆိုတာလည်း ကိုယ့်ကိုကိုယ်အာမခံနိုင်ဘူး။”လို့ ဒေါ်ဆိုင်းနုက ပြတ်သားစွာဆိုပါတယ်။

စစ်တပ်က အခုလိုအရပ်သားတွေကို ဖမ်းဆီးသွားပြီး လူမဆန်အောင်နှိပ်စက်ပြုမှုနေတာတွေကြောင့် ဒေသခံတွေဟာ ရွာထဲမနေရဲတော့ဘဲ စစ်ရှောင်တွေအဖြစ်နဲ့တိမ်းရှောင်သွားသူတွေလည်းရှိပါတယ်။

ဒီထဲမှာဒေါ်ဆိုင်းနုလည်းပါဝင်သလို သူက သမီးပြန်အလာကိုစောင့်ရင်း တော်လှန်ရေးလည်းလုပ်ရင်း PDF တပ်တစ်ခုမှာ တော်လှန်ရေးရဲဘော်တွေအတွက် ထမင်းချက်ပေးတာ၊ ဝတ်စုံတွေချုပ်ပေးတာတွေလုပ်ပြီး ပါဝင်နေတာဖြစ်တယ်။

ဒါဟာသူ့ရင်ထဲက နာကျင်မှုကိုအတန်သင့်ဖြေဖျောက်ပြီးသားဖြစ်သလို အာဏာရှင်ကို တော်လှန်ဖို့အခွင့်အရေးတစ်ခု လည်း ဖြစ်ပါတယ်။ ဒီအတွက် သူရဲ့သံဓိဋ္ဌာန်စကားကိုတော့ ပြတ်ပြတ်သားသားအသိပေးထားပါတယ်။

“ဒီစစ်တပ်အမြစ်ပြတ်သွားဖို့အတွက် သေတဲ့အထိတိုက်ပွဲဝင်သွားမှာပါ။”

Author:

Related Articles