Home ဆောင်းပါး အမေများနေ့မှာ ဖက်ဒရယ်ကို လက်ဆောင်အဖြစ် ပေးချင်ခဲ့တဲ့ နွေဦးသမီးပျို

အမေများနေ့မှာ ဖက်ဒရယ်ကို လက်ဆောင်အဖြစ် ပေးချင်ခဲ့တဲ့ နွေဦးသမီးပျို

ခင်စုကြည်။ ။

နွေဦးတော်လှန်ရေးနဲ့ပတ်သက်တဲ့ သူရဲကောင်းဇာတ်လမ်းတွေများစွာရှိပါတယ်။

အဲ့ဒီအထဲမှာ တစ်ယောက် တစ်နေရာစီမှာ အနေဝေးပေမယ့် ရည်မှန်းချက်တူရာကို လျှောက်လှမ်းနေကြတဲ့ သူတွေထဲမှာ ဖူးဖူးတို့သားအမိလည်းအပါအဝင်ပါ။

ကယားပြည်နယ်လို့သတ်မှတ်ခံထားရတဲ့ ကရင်နီပြည် လွိုင်ကော်မြို့က ဖူးဖူးကတော့ အရင်တည်းက နိုင်ငံရေးကို စိတ်ဝင်စားသူ တစ်ယောက်ဖြစ်သလိုအခု အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာလည်း ရှေ့ဆုံးကနေ တတ်တတ်ကြွကြွပါဝင်ခဲ့တဲ့ နွေဦးသမီးပျိုတစ်ယောက်လည်းဖြစ်ပါတယ်။

သူမရဲ့ မိခင်ကတော့ ကရင်နီပြည်ရဲ့ တခြားမြို့တစ်နေရာမှာ ဈေးရောင်းရင်း သမီးဖြစ်သူ ဖူးဖူးအပါအဝင် သမီး ၃ ယောက်ကို ပြုစုစောင့်ရှာက်ပေးခဲ့တာဖြစ်ပါတယ်။ မိခင်ဖြစ်သူ အမေချိုနဲ့ ဝေးကွာနေရတာမို့ စစ်တပ်ကအာဏာသိမ်းချိန် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ ဖူးဖူးဟာ မိခင်အတွက် စိုးရိမ်နေခဲ့ရပါတယ်။

ဘာကြောင့်လဲဆိုတော့ ဖူးဖူးရဲ့ မိခင်ဟာလည်း နိုင်ငံရေးမှာ ထဲထဲဝင်ဝင်ပါဝင်လှုပ်ရှားခဲ့သူ တစ်ယောက်ဖြစ်သလို ၂၀၂၀ ရွေးကောက်ပွဲကာလမှာ NLD ပါတီအတွက် မဲဆွယ်စည်းရုံးခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲရလဒ်ကိုအကြောင်းပြုပြီး စစ်တပ်က အာဏာသိမ်းချိန်မှာတော့ ဖူးဖူးအတွက် ပထမဆုံး စိတ်ပူစေခဲ့တဲ့ အရာက အမေပဲဖြစ်ပါတယ်။

” အမေက အရမ်း နိုင်ငံရေး တက်ကြွတယ်။ အမေ့ရဲ့ နိုင်ငံရေး တက်ကြွမှုကတော့ ကျမတို့တွေ တကယ့်ကို စံထားရလောက်တယ်။ လူငယ်တစ်ယောက်လိုပဲ အမြဲတက်ကြွနေတာ ဆိုတော့ ကျမအဲ့နေ့က စိတ်ပူတာက အာဏာသိမ်းတာကို အမေသိပြီလားပေါ့။ တကယ်လို့ သိတယ်ဆိုရင် အခုချိန် သူဘာလုပ်နေမလဲ။

တအိမ်ဝင်တအိမ်ထွက် လိုက်ရှင်းပြတာတွေ ပြောတာတွေလုပ်နေမလား။ ဒါမှမဟုတ် နိုင်ငံရေးနဲ့ပတ်သက်ပြီး အမြင်မတူတဲ့ လူတစ်ယောက်ယောက်နဲ့များ အငြင်းပွားတာမျိုးတွေ ဖြစ်နေမလား။ အဲ့လိုမျိုးတွေ စိုးရိမ်မိတယ်။ နောက်ပြီး ကျမကိုဆက်သွယ်လို့မရရင် ကျမကိုလည်းအမေစိတ်ပူနေမလားပေါ့။ ကျမ အဆင်ပြေတယ်ဆိုတဲ့ ဟာကို အမေ့ကိုသိစေချင်တာလည်းပါတယ်” လို့ ဖူးဖူးက အာဏာသိမ်းခါစအချိန် သူမရဲ့ စိုးရိမ်မှု အကြောင်းကို ပြန်ပြောပြပါတယ်။

မိခင်နဲ့အဆက်အသွယ်ရရှိပြီးနောက်မှာတော့ ဖူးဖူးဟာ အာဏာသိမ်းမှုဆန့်ကျင်တာနဲ့ပတ်သက်ပြီး သူမ ပါဝင်လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို စတင်စဉ်းစားပါတော့တယ်။

အဲ့ဒီနောက်မှာတော့ လူငယ်တွေစုစည်းကာ အာဏာရှင်တော်လှန်ရေး အတွက် ကန်ပိန်းတွေပြုလုပ်တာ ၊ လက်ကမ်းစာစောင်တွေဖြန့်ဝေတာ၊ CDM လှုပ်ရှားမှုတွေမှာ ပိုမိုပါဝင်လာဖို့လှုံ့ဆော်တာတွေကို ပြုလုပ်ခဲ့သလို အာဏာရှင်ကိုအမြစ်ပြတ်ခြေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်ဖို့နဲ့ ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် အထွေထွေသပိတ်တွေမှာလည်း တောက်လျှောက်ပါဝင်လှုပ်ရှားခဲ့တာဖြစ်တယ်။

ဖူးဖူးတို့လို လူငယ်တွေဦးဆောင်မှုနဲ့အတူ ကရင်နီပြည်နယ်ဟာ နွေဦးတော်လှန်ရေးကာလမှာ အတက်ကြွဆုံးလှုပ်ရှားနေတဲ့ ဒေသတွေထဲက တခုဖြစ်လာခဲ့ပါတယ်။ ဆန္ဒပြပွဲတွေဟာ လွိုင်ကော်သာမက တောရောမြို့ပါ အင်အားကောင်းကောင်းနဲ့ပျံ့နှံ့နေခဲ့တာ ယနေ့အချိန်အထိပဲဖြစ်ပါတယ်။

“အာဏာရှင်ကပေးတဲ့အမိန့်မှန်သမျှကို မထောက်ခံပဲ ဆန့်ကျင်ဖီဆန်ဖို့အတွက် အစိုးရဌာနရုံးတွေမှာ အခုလို သူမနိုင်ငံရေးမှာ တက်တက်ကြွကြွပါဝင်လုပ်ဆောင်တာနဲ့ပတ်သတ်ပြီး မိခင်ဖြစ်သူကတော့ ပိတ်ပင်တားဆီး တာမျိုး မပြုလုပ်ခဲ့ဘူးလို့ဆိုပါတယ်။

တော်လှန်ရေးကာလ ရှေ့တန်းကဦးဆောင်သူတွေထဲမှာ ပါဝင်ခဲ့ဖူးဖူးအတွက် အမေချိုက စိုးရိမ်နေရပေမယ့် တဖက်ကလည်း အာဏာရှင်ဆန့်ကျင်ရေးအတွက် လုပ်ဆောင်နေတာဖြစ်လို့ ဂုဏ်ယူနေရပြန်ပါတယ်။

မိခင်ဖြစ်သူကလည်း နိုင်ငံရေးစိတ်ဝင်စားသူဖြစ်တာကြောင့် အမေချိုနဲ့ သမီး ဖူးဖူးတို့အတွက်တော့ အခုကာလဟာ သတင်းအချက်အလက်ဖလှယ်ရာ အမြင်သဘောထားတွေရင်ဖွင့်ပြောကြားရာ၊ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ်ဆွေးနွေးတိုင်ပင်ရာ သူငယ်ချင်း မိတ်ဆွေတွေလို အပြန်အလှန် ဖေးမရင်း ရပ်တည်လာခဲ့တာဖြစ်ပါတယ်။

“အမေက အမြဲဂရုတစိုက်နေဖို့ပြောတယ်။ နိုင်ငံရေးလုပ်တာကို ဘယ်တော့မှ မတားခဲ့ဘူး။ အတွေ့အကြုံတွေ အမြဲဖလှယ်ဖြစ်တယ်။ အမေတို့ဆီမှာ ဘယ်လိုအခြေအနေရှိလဲ။ ဒီတိုက်ပွဲကိုရောဘယ်လိုမြင်လဲ။ သူကလည်းပြန်ပြောတယ်။ အမေတို့နိုင်မယ်မလား။ အခုဆို ဘယ်လိုတွေဖြစ်နေပြီလဲ အဲ့လိုမျိုးပေါ့နော်။ ဘာတွေလုပ်နေကြလဲ၊ အမေတို့ကော ဘာတွေလုပ်ရမလဲပေါ့။ အမေနဲ့ ကျမက အတူနေတာမဟုတ်ဘူးလေ။ သူက တနယ် ကိုယ်က တနယ်မှာဆိုတော့ နိုင်ငံရေးအခြေအနေတွေ ဖလှယ်တာမျိုးတွေပြောဖြစ်ကြတယ်” လို့ ဖူးဖူးကပြောပါတယ်။

ဖူးဖူးတို့ညီအစ်မတွေထဲမှာ ဖူးဖူးက အကြီးဆုံးသမီးဖြစ်ပြီး မိခင်နဲ့ခွဲခွာနေရတာဖြစ်ပါတယ်။ ကျန်တဲ့ သမီးနှစ်ယောက်ကတော့ အမေချိုနဲ့အတူနယ်မှာ နေထိုင်ကြတာဖြစ်ပါတယ်။

ဖူးဖူးကလည်း လွိုင်ကော်မြို့က ဆန္ဒပြမှုတွေမှာ ပါဝင်နေတဲ့အချိန် အမေချိုနဲ့ သမီးငယ် ၂ ယောက်ကလည်း နယ်က ဆန္ဒပြပွဲတွေမှာ တတ်တတ်ကြွကြွနဲ့ ပါဝင်ခဲ့သူတွေလည်းဖြစ်ပါတယ်။

ဒါကြောင့် မိခင်ဖြစ်သူကလည်း သမီးဖြစ်သူဖူးဖူးအတွက်စိတ်ပူရသလို ဖူးဖူးကလည်း မိခင်ဖြစ်သူနဲ့ ညီမတွေအတွက် စိတ်ပူရတာဖြစ်ပြီး အပြန်အလှန် သတိပေးရင်း တော်လှန်ရေးမှာ မိသားစုလိုက်ပါဝင်လုပ်ဆောင်နေခဲ့ကြတာဖြစ်ပါတယ်။

“သမီးတွေကို ဆန္ဒပြပွဲတွေမှာ မပါဖို့ တားခဲ့တာမျိုးမရှိဘူး။ဆန္ဒပြပွဲရှိတယ်ဆို မနက်စောစောထရမယ်။ ဈေးကလည်း ရောင်းနေရတာဆိုတော့လေ။ဈေးမရောင်းရချင်နေ သွား ၊ဆိုင်ပိတ်၊ ထဆိုပြီး တစ်မိသားစုလုံး သွားကြတာပဲ။ ကလေးတွေကလည်း သတ္တိရှိတယ်။ ကလေးတွေက အမေကို ပြန်စိတ်ပူနေတာ။ ဒီနေ့တော့ ဆန္ဒပြပွဲမသွားပါနဲ့ဦး။ အမေ ခြေထောက်နာနေမှာစိုးလို့ အဲ့လိုမျိုး အမေအတွက် သူတို့က ပိုစိတ်ပူနေတာ။ အမျိုးတွေထဲတော့ ဝရမ်းပြေးဖြစ်နေတာ တော်တော်များနေပြီ” ” လို့ အမေချိုက အရွှန်းဖောက်ကာ ပြောဆိုလိုက်ပါတယ်။

နိုင်ငံရေးအရ ပါဝင်မှုကို အားပေးထောက်ခံတယ်ဆိုပေမယ့်လည်း မိခင်ဖြစ်တဲ့ အလျောက် သားသမီးတွေအပေါ် စိုးရိမ်စိတ်ကတော့ ရှိစမြဲဖြစ်ပါတယ်။

“သမီးတွေဖမ်းခံရရင်တော့ ကိုယ်လည်း နှလုံးရပ်သွားမလား မသိဘူး။ အခုလိုင်းပေါ်မှာလည်းတွေ့နေတာတွေက ရိုက်နှက်တာတွေ မိန်းကလေးတွေကို စော်ကားတာမျိုးတွေရှိနေတော့သူတို့ကဖမ်းဆီးသွားပြီဆိုကတည်းက အသက်ရှင်ဖို့ကမရှိတော့ဘူးလေ။ မနက်ဖမ်းသွားရင် ညအလောင်းပြန်လာသယ်။ ဒါမှမဟုတ် အလောင်းဖျောက်။ အဲ့ဒါမျိုးတွေဆိုတော့ သမီးတွေအတွက် တအားစိတ်ပူတယ်။ အဲ့လိုမျိုးတွေနဲ့ ကင်းဝေးဖို့အတွက် အမြဲဆုတောင်းပေးနေတာပါပဲ” လို့ အမေချိုက သမီးတွေအပေါ် စိုးရိမ်မှုကိုပြောပါတယ်။

အာဏာရှင်တွေက အကြမ်းဖက်မှုတွေကိုနည်းမျိုးစုံနဲ့ကျူးလွန်နေကြတာဖြစ်သလို ဖမ်းဆီးအရေးယူတာ တွေအပြင် ရိုက်နှက်ညှင်းပန်းနှိပ်စက်တာ၊ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်တာ တွေလည်းကြားသိနေရတာကြောင့် ဖူးဖူးကိုယ်တိုင်လည်း ဒါတွေကို ကြုံတွေ့ရမှာ စိုးရိမ်ထိတ်လန့်နေခဲ့ရပါတယ်။

ဒါပေမယ့်လည်း အာဏာရှင်တော်လှန်ရေးအတွက် အဆုံးအထိရောက်အောင် တိုက်ပွဲဝင်ဖို့အတွက်သာ စိတ်အားပိုမိုပြင်းထန်နေခဲ့ပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကြောက်တယ်ပဲ ပြောရမှာပေါ့။ဖမ်းခံရမှာလည်းကြောက်တယ်။ သေလည်းမသေချင်ဘူး။ ဘာလို့လည်းဆိုတော့ တိုက်ပွဲ တစွန်းတစနဲ့ တိုက်ပွဲမအောင်မြင်ပဲနဲ့ အသက်ပေးလိုက်ရတာမျိုးတော့ မဖြစ်ချင်ဘူး။ ကိုယ်အပြင် တခြားညီကိုမောင်နှမတွေအားလုံးကိုလည်း ဒီလိုမျိုးဖမ်းဆီးခံရတာတွေ အသတ်ခံရတာတွေ မဖြစ်စေချင်ဘူး။ဒါပေမယ့်လည်း ကျမတို့ အဲ့လိုမျိုးတွေ အဖမ်းခံရမှာကြောက်နေတာတို့ အသတ်ခံရမှာကြောက်လို့ သပိတ်တွေ ဆက်မလုပ်တော့မှာမျိုးတွေ ကန်ပိန်းတွေရပ်လိုက်တာမျိုးတွေ မဖြစ်စေချင်ဘူး။ဒါကြောင့်မို့ တဖက်မှာလည်း လုပ်စရာရှိတာ လုပ်ပြီးတော့ ကိုယ့်ရဲ့ လုံခြုံရေးကိုလည်း ဂရုစိုက်ပြီးနေခဲ့ရတာတွေရှိတယ်။ ကြောက်နေပေမယ့်လည်း လမ်းပေါ်ထွက်ဖို့က ပိုပြီး ဆန္ဒပြင်းပြခဲ့တယ်” လို့ ဖူးဖူးက ပြောပါတယ်။

အာဏာသိမ်းမှုသာမဖြစ်ခဲ့ရင် အခုချိန် ဖူးဖူးဟာ တက္ကသိုလ်နောက်ဆုံးနှစ်ကို တတ်ရောက်ရမှာဖြစ်ပြီး အိမ်ရှေ့ ဧည့်ခန်းမှာ သမီးဖြစ်သူရဲ့ဘွဲ့ဓာတ်ပုံချိတ်ဆွဲထားချင်တဲ့ မိခင်တစ်ယောက်ရဲ့ အိမ်မက်ကိုလည်း ဖြည့်ဆည်းပေးရာ ရောက်နိုင်မှာပါ။

အခုတော့ ဖူးဖူးအပါအဝင် ညီမ ၃ ယောက်လုံး ကျောင်းဆက်မတတ်တော့သလို အငယ်ဆုံးညီမဖြစ်သူဆိုရင် ၁၀တန်းအောင်မြင်ပြီးသူတစ်ယောက်ဖြစ်တာကြောင့် ရည်မှန်းချက်တွေတပွေ့တပိုက်နဲ့ လျှောက်လှမ်းရမယ့် အရွယ်လည်းဖြစ်ပါတယ်။

စစ်ကောင်စီအုပ်ချုပ်တဲ့ ပညာရေးစနစ်အောက်မှာ မသင်ကြားလိုတာကြောင့် ဖူးဖူးတို့ ညီမ ၃ ယောက်လုံးကတော့ ကျောင်းမတတ်ဖို့ အခိုင်အမာဆုံးဖြတ်ထားကြပီးဖြစ်ပါတယ်။

“ကိုယ်ကတော့ မျှော်မှန်းထားတယ်လေ။ မသေခင်ဘွဲ့ရတာကို မြင်ချင်တယ်ပေါ့။ အခုကစစ်အာဏာသိမ်း လိုက်တဲ့အခါကျတော့ အငယ်မဆို မျှော်လင့်ချက်တောင်ဘာမှ မရှိတော့ဘူး။ အောင်ပြီးကာစဆိုတော့ ဘယ်ကျောင်းတတ်မယ် ဆိုပြီး စီစဉ်ထားတာရှိတယ်ပေါ့။အခုကတော့ အိမ်မှာပဲ ဈေးရောင်းကူနေရတယ်။ သူတို့ ရရာ အလုပ်ပဲလုပ်မယ်။ အရပ်သားအစိုးရတက်မှကျောင်းပြန်တတ်မယ်လို့ ဆုံးဖြတ်ထားကြတယ်” လို့ မိခင်ဖြစ်သူက သမီးတွေရဲ့ ရွေးချယ်မှုအပေါ် ပီတိဖြစ်စွာနဲ့ပြောပါတယ်။

အမေချိုဟာ သမီးတွေ ကျောင်းထားနိုင်ဖို့အတွက် ထိုင်းနိုင်ငံမှာ ရွေ့ပြောင်းလုပ်သား တစ်ယောက်အနေနဲ့ သွားရောက်နေထိုင်ကာ အလုပ်လုပ်ခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ အိမ်မှာပဲ ဈေးရောင်းရင်း သမီးတွေကို ကိုယ်ပိုင်ကျောင်းမှာ ထားနိုင်တဲ့အထိ ရုန်းကန်ခဲ့ရသူလည်းဖြစ်ပါတယ်။

ပညာရေးကို အဓိကပံ့ပိုးပေးခဲ့တဲ့ မိခင်ဖြစ်သူရဲ့ အိမ်မက်ကိုဖြည့်ဆည်းပေးချင်ပေမယ့်လည်း မိခင်ရော သမီးဖြစ်သူတွေပါ အာဏာရှင်စနစ်အောက်က စာသင်ခန်းတွေနဲ့ဝေးရာ လမ်းမတွေပေါ်မှာ တော်လှန်ရင်း ရပ်တည်ဖို့အတွက်ကိုပဲ ကြိုးစားနေခဲ့ကြပါတယ်။

“နွေဦးတော်လှန်ရေးမှာ ကျမလုပ်ခဲ့တဲ့ လုပ်ရပ်တစ်ခုချင်းစီတိုင်းကို အမေကတော့ ဂုဏ်ယူနေမယ်လို့ ကျမ ယုံကြည်တယ်။ ကျမကိုယ်တိုင်ကလည်း အမေက ဒီလိုမျိုး အမှားအမှန်ခွဲခြားတတ်အောင်ဓမ္မနဲ့ အဓမ္မကို ခွဲခြားမြင်တတ်အောင် သင်ကြားပေးခဲ့တဲ့အတွက် အရမ်းကျေးဇူးတင်တယ်။ ဒါကြောင့် အမေသမီးဖြစ်ရတာကိုလည်း အရမ်းဂုဏ်ယူတယ်” လို့ ဖူးဖူးကပြောပါတယ်။

မိခင်ဖြစ်သူကလည်း ခွဲခွာနေရတဲ့ သမီး ဖူးဖူးအတွက် အခုလို စကားပါးလိုက်ပါသေးတယ်။

“ခေတ်ကာလ မကောင်းတဲ့အချိန်ဆိုတော့ ဒီလိုပဲ ခွဲနေရမှာပေါ့။ ကိုယ်တွေလည်း အမြဲတမ်းရှုံးနေမှာမဟုတ်ပါဘူး။ နိုင်လာမှာပါ။ နိုင်တဲ့တနေ့ကျရင် သမီးတွေကို ကျန်းမာရေးကောင်းစွာနဲ့ ပျော်ပျော်ရွှင်ရွှင် ပြန်တွေ့ဆုံချင်တယ်” လို့ အမေချိုက သူမရဲ့ ဆန္ဒကိုပြောပါတယ်။

ဖူးဖူးကတော့ အာဏာရှင်စနစ်ကို အမြစ်ပြတ်တွန်းလှန်ဖို့ စိတ်အားထက်သန်နေပြီး တိုင်းရင်းသား အခွင့်အရေတန်းတူဖို့၊ နိုင်ငံရေး အခွင့်အာဏတန်းတူညီမျှရဖို့နဲ့ ပြည်တွင်းစစ်တွေချုပ်ငြိမ်းပြီး အနာဂတ် မြန်မာနိုင်ငံကို ဖော်ဆောင်ရာမှာ စွမ်းစွမ်းတမံပါဝင်ဖို့ ပြင်ဆင်နေပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားအရ ဖက်ဒရယ်သာလျှင် အကောင်းဆုံးဖြေရှင်းပေးနိုင်တဲ့ စနစ်တစ်ခုလို့ ဖူးဖူးကတော့ အပြည့်အဝယုံကြည်ထားပါတယ်။

“ဖက်ဒရယ် စနစ်နဲ့ တည်ဆောက်တဲ့ မြန်မာနိုင်ငံဖြစ်စေချင်တယ်။ ပြီးတော့ တဖက်မှာလည်း အစိုးရက ဒီမိုကရေစီနည်းလမ်းကျကျနဲ့ လူ့အခွင့်အရေး အမျိုးသမီးအခွင့်အရေး ကို ရှင်သန်အားကောင်းစေတဲ့ အစိုးရဖြစ်ဖို့လိုတယ်။လူကိုလူလို အုပ်ချုပ်မယ့် အစိုးရမျိုးကိုလိုချင်ပါတယ်” လို့ သူမရဲ့ နိုင်ငံရေးမျှော်မှန်းချက်ကို ပြောပါတယ်။

ဒါကြောင့် နွေဦးတော်လှန်ရေးမှာ ကျရှုံးသွားခဲ့တဲ့ မိခင်တွေ၊ သားသမီးတွေကို ဆုံးရှုံးလိုက်ရတဲ့ မိခင်တွေကို ဂုဏ်ပြုတဲ့အအနေနဲ့ စစ်အာဏာရှင်စနစ်ကို အဆုံးထိတိုက်ထုတ်ပြီး ဖက်ဒရယ်စနစ်ကို လက်ဆောင်အဖြစ် ပေးချင်ခဲ့တယ်လို့ ဖူးဖူးက သူမရဲ့ ခိုင်မာတဲ့ယုံကြည်ချက်နဲ့ ဆန္ဒတစ်ခုကို အခုလို ဖွင့်ဟခဲ့ပါတယ်။

“ကျမ အမေအပါအဝင် အခြားသော မိခင်အားလုံးကိုလည်း ဂုဏ်ပြုပါတယ်။ ကျမတို့ နိုင်ငံမှာ ကျမတို့လိုချင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်နိုင်ပြီ စစ်အာဏာရှင်တွေ ပျက်သုဉ်းသွားပြီဆိုတဲ့ ရလဒ်ကို မိခင်များနေ့အထိမ်းအမှတ်အနေနဲ့ အဲ့လက်ဆောင်ကို တကယ်ပေးချင်ခဲ့တယ်။ ဒါကြောင့်မို့ အခုမိခင်များနေ့မှာ ဒီလက်ဆောင်ကို မပေးနိုင်ဘူးဆိုရင်တောင်မှ တနေ့နေ့မှာ ဒီလက်ဆောင်ကို ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”

Related Articles