Home ဆောင်းပါး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ ဆိုတာ ဘာလဲ

လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ ဆိုတာ ဘာလဲ

ဇော်မိုးလူ။ ။

ချိုးလင်းပြာ အမျိုးသမီးစာစောင် (အမှတ် ၁၀/၂၀၀၆ ခုနှစ် ဇွန်လ။ Volume (38) June, 2006) မှ ပြန်လည်ထုတ်နှုတ်ဖော်ပြသည်။

လုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ ကို Gender၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိစ္စရပ်တွေကို ဆောင်ရွက်နေကြတဲ့ တိုးတက်သူတွေကတော့ ရင်းနှီးကျွမ်းဝင်ပါလိမ့်မယ်။ ဒီဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ၂၀၀၀ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့မှာ ချမှတ်စဉ်က အမျိုးသမီးနဲ့ Gender အရေးအတွက် ပထမဆုံး ချမှတ်တဲ့ ဆုံးဖြတ်ချက်အဖြစ်နဲ့ ကောင်းချီးပေးခဲ့ကြပါတယ်။

နောက် ကမ္ဘာ တဝှမ်းမှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့ တသီး ပုဂ္ဂလတွေအတွက် ဒီဆုံးဖြတ်ချက်ဟာ အရေးပါတဲ့ အဆိုတခု၊ ပြီးတော့ ပညာပေးတင်ပြဖို့အတွက် လက်နက်ကိရိယာ (Advocacy Tool) တခု ဖြစ်လာပါတယ်။ ဒါပေမယ့် ဒီဆုံးဖြတ်ချက်ကို Gender နဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာအရေးကို ဆောင်ရွက်နေတဲ့ နယ်ပယ်ကျဉ်းကျဉ်းလေးမှာတောင် မသိသူတွေရှိနေဆဲပါ။

အံ့အားသင့်စရာတော့ မရှိပါဘူး။ သမိုင်းဝင်ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ ကို ချမှတ်ခဲ့တာဟာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို အမျိုးသမီးရေးနဲ့ ပတ်သက်ပြီး အောင်အောင်မြင်မြင် စည်းရုံးတင်ပြနိုင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ တသီးပုဂ္ဂလတွေဟာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ လုပ်ငန်းတွေကို ဆောင်ရွက်လာတာ နှစ်ပေါင်း တစ်ရာကျော်လာခဲ့ပေမယ့် ဒီအရေးဟာ အောင်မြင်ဖို့ အတွက် ခက်ခဲနေဆဲ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၀ ခုနှစ်မှာတော့ ပြောင်းလဲလာတဲ့ နိုင်ငံရေး ရာသီဥတုက ဒီဆုံးဖြတ်ချက် ချမှတ်နိုင်ဖို့ တွန်းအားပေးခဲ့ပါတယ်။

နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ အမျိုးသမီးများ ညွှန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ပြီး ကုလသမဂ္ဂဆိုင်ရာ အမျိုးသမီးများ တိုးတက်ရေးအဖွဲ့ (UN Division for the Advancement of Women, DAW)၊ ကုလသမဂ္ဂ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရံပုံငွေအဖွဲ့ (The UN Development Fund for Women, UNIFEM)၊ ဘင်္ဂလားဒေ့ရှ်၊ နမီဘီးယားလို အဖွဲ့ဝင်နိုင်ငံတို့နဲ့ ပူးပေါင်းပြီး တဖြည်းဖြည်းချင်း ဆောင်ရွက်ခဲ့တာကြောင့် နောက်ပိုင်းမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက် ချမှတ်နိုင်ဖို့ ဖြစ်လာခဲ့တာပါ။

အရင်က ချမှတ်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်နဲ့ ကြေညာချက်တွေမှာ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေ ပါဝင်ခဲ့ပေမယ့် ဒါတွေက ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ လို ပီပြင်တဲ့ သြဇာ သက်ရောက်မှု မရှိခဲ့ကြပါဘူး။ ဒီဆုံးဖြတ်ချက်က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၊ အဖွဲ့ဝင်နိုင်ငံတွေနဲ့ လက်နက်ကိုင် ပဋိပက္ခမှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေကို တိတိကျကျ အရေးယူဆောင်ရွက်ဖို့ တောင်းဆို တိုက်တွန်းထားပါတယ်။ ဒါဟာ Gender အရေးကိုသာ အဓိကထား တောင်းဆိုထားတဲ့ သာမန်ကြေညာချက်မဟုတ်ပဲ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တိုင်းမှာ အမျိုးသမီးတွေ တန်းတူ ပါဝင်ခွင့်ရဖို့၊ အပြည့်အ၀ ပါဝင်ခွင့်ရရှိဖို့အတွက် တောင်းဆိုထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပဋိပက္ခတွေကို ဖြေရှင်းဖို့၊ ထိန်းသိမ်းဆောင်ရွက်ဖို့နဲ့ တားဆီးကာကွယ်ဖို့အတွက် ဆုံးဖြတ်ချက်ချမှတ်တဲ့ အဆင့်တိုင်းမှာ အမျိုးသမီးများရဲ့ ကိုယ်စားပြုပါဝင်မှုကို မြှင့်တင်ပေးရေး၊ ငြိမ်းချမ်းရေး ထိန်းသိမ်းသူတွေကို Gender/HIV/ AIDS ဆိုင်ရာ သင်တန်းပေးရေး၊ ဒေသခံ အမျိုးသမီးတွေကို ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ အစပြုဆောင်ရွက်ရေးအတွက် ထောက်ပံ့ဖို့နဲ့ အမျိုးသမီးနဲ့ မိန်းကလေးတွေကို လိင်ကွဲပြားခြားနားမှုပေါ်မှာ အခြေခံတဲ့ အကြမ်းဖက်မှုကနေ ကာကွယ်ဖို့ စတဲ့ အချက်တွေပါဝင်တဲ့ တိကျတဲ့ ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

လက်နက်ငယ်ကိစ္စနဲ့ ပတ်သက်ပြီး ၁၃၂၅ ဟာ စစ်လက်နက် ဖျက်သိမ်းရေးကို အနည်းအကျဉ်းလောက်ပဲ ဖော်ပြထားပါတယ်။ ဒါပေမယ့် စာပိုဒ် ၁၃ မှာ “လက်နက်ဖျက်သိမ်းရေး၊ တပ်ဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ရေး၊ တပ်ဖွဲ့ဝင်ဟောင်းတွေကို လူ့အဖွဲ့အစည်းနှင့် ပြန်လည်ပေါင်းစည်းရေး စတဲ့ အစီအစဉ်မှာ ပါဝင်ကြသူအားလုံးကို အားပေးဖို့၊ အမျိုးသားနဲ့ အမျိုးသမီး တပ်ဖွဲ့ဝင်တွေရဲ့ မတူညီတဲ့ လိုအပ်ချက်တွေကို စဉ်းစားပေးဖို့နဲ့ သူတို့ကို မှီခိုနေသူတွေကိုပါ ထည့်သွင်းစဉ်းစားဖို့” ဖော်ပြထားပါတယ်။

ဒီဆုံးဖြတ်ချက်ရဲ့ နိဒါန်းမှာ “လက်နက်ကိုင် တိုက်ပွဲမှာ ပါဝင်တဲ့ အဖွဲ့အားလုံးဟာ မြေမြှုပ်မိုင်းများ ရှင်းလင်းရေးနဲ့ သတိပြုရေး အစီအစဉ်တွေမှာ ပါဝင်ဖို့ လိုအပ်ကြောင်း၊ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေရဲ့ အထူးလိုအပ်ချက်ကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ကြောင်း” ကို အလေးထား ဖော်ပြထားပါတယ်။ ဒီဆုံးဖြတ်ချက်မှာ လက်နက်ငယ်များ ကိစ္စကို အတိအကျ ဖော်ပြထားတာ မရှိပါဘူး။ ဒါပေမယ့် လက်နက်ငယ်အရေးနဲ့ ပတ်သက်ရင် ၁၃၂၅ ကို အသုံးပြု ပညာပေး တင်ပြဖို့အတွက် အချက်အလက် အတော်များများ ပါဝင်နေပါတယ်။

အရပ်သားတွေကို ကာကွယ်ဖို့နဲ့ ပတ်သက်ရင် အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေကို ကာကွယ်ဖို့ လိုအပ်ကြောင်း ဒီဆုံးဖြတ်ချက်မှာ နှစ်ကြိမ်တိုင်တိုင် ဖော်ပြထားပါတယ်။ လေ့လာချက်တွေအရ လက်နက်ငယ်နဲ့ အပေါ့စား စစ်လက်နက်တွေကို အလွဲသုံးစားလုပ်မှုနဲ့ အလွယ်တကူ သုံးစွဲမှုတွေက လက်နက်ကိုင် တိုက်ပွဲကာလမှာ အရပ်သားတွေ သေဆုံးမှု၊ ထိခိုက်မှု၊ အဓမ္မ ကျူးလွန်မှု၊ အတင်းအကြပ် နေရာပြောင်းရွှေ့မှု တွေနဲ့ တိုက်ရိုက်ပတ်သက်နေကြောင်း တွေ့ရပါတယ်။

လက်နက်ကိုင် တိုက်ပွဲနဲ့ တိုက်ပွဲလွန်ကာလ အကြမ်းဖက်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ထိခိုက်မှုတွေကို လျှော့ချဖို့ နည်းလမ်းကတော့ လက်နက်ရောင်းဝယ်မှုကို ပိတ်ဆို့ရေး၊ လက်နက်ငယ်နဲ့ အပေါ့စား စစ်လက်နက် တရားဝင်ပိုင်ဆိုင်သူတွေကို သင်တန်းပေးရေး၊ ပိုင်ဆိုင်မှု ဥပဒေကို တင်းကြပ်စွာ ချမှတ်ရေးနဲ့ လက်နက်လျှော့ချရေး လှုပ်ရှားမှုပဲ ဖြစ်ပါတယ်။

အမျိုးသမီးများ တန်းတူပါဝင်ရေးနဲ့ ပတ်သက်ရင် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ထိန်းသိမ်းဖို့ကို မြှင့်တင်ဖို့အတွက် အမျိုးသမီးများ တန်းတူပါဝင်ခွင့်နဲ့ အပြည့်အ၀ ပါဝင်ဆောင်ရွက်ခွင့်တို့ကို ဒီဆုံးဖြတ်ချက်က တောင်းဆိုထားပါတယ်။ ဒါကြောင့် လက်နက်ငယ်နဲ့ အပေါ့စား စစ်လက်နက်တွေကို ဖျက်သိမ်းရေးအပြင် လက်နက်ဖျက်သိမ်းရေး၊ တပ်ဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ရေး၊ တပ်ဖွဲ့ဝင်ဟောင်းတွေကို လူ့အဖွဲ့အစည်းနှင့် ပြန်လည်ပေါင်းစည်းရေး (Disarmament, demobilization and reintegration, DDR) ဆိုတဲ့ အစီအစဉ်တိုင်းမှာ အမျိုးသမီးများ ပါဝင်ရေးကို တောင်းဆိုထားပါတယ်။

လူ့အခွင့်အရေးနဲ့ နိုင်ငံတကာ လူသားဆိုင်ရာ ဥပဒေတွေအတွက် နိုင်ငံတကာ ဥပဒေကို အကောင်အထည် ဖော်ဖို့နဲ့ အမျိုးသမီးများရဲ့ လူ့အခွင့်အရေးကို လေးစားဖို့ ဒီဆုံးဖြတ်ချက်က တောင်းဆိုထားပါတယ်။ လက်နက်ငယ်နဲ့ အပေါ့စား စစ်လက်နက်တွေကို အလွဲသုံးစားလုပ်မှု၊ အလွယ်တကူ ရရှိနေမှုတွေနဲ့ ဆက်နွယ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ လူသားဆိုင်ရာ ဥပဒေတွေကို ဖောက်ဖျက်နေမှုတွေကို စတင်အကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။ အမျိုးသမီးနဲ့ မိန်းကလေးငယ်များရဲ့ လူ့အခွင့်အရေးကို ကာကွယ်ဖို့အတွက် လက်နက်ငယ်နဲ့ အပေါ့စား စစ်လက်နက်တွေကို ဖျက်သိမ်းရေးကို စတင်ဆောင်ရွက်ဖို့ လိုအပ်နေပါတယ်။

ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေကို တိုးမြှင့်ပါဝင်လာစေဖို့ဟာ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ ရဲ့ ရှင်းလင်းထင်ရှားတဲ့ ရည်မှန်းချက်ပဲဖြစ်ပါတယ်။ ဒါဟာ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်တဲ့ လက်နက်ဖျက်သိမ်းရေး၊ တပ်ဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ရေး၊ တပ်ဖွဲ့ဝင်ဟောင်းတွေကို လူ့အဖွဲ့အစည်းနှင့် ပြန်လည်ပေါင်းစည်းရေး စတဲ့ လုပ်ငန်းအတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။ဒီလုပ်ငန်းတွေမှာ အမျိုးသမီးတွေ ပါဝင်ရမှာ ဖြစ်ပြီး Gender issue ကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။

၁၃၂၅ က ဒေသခံ အမျိုးသမီးများရဲ့ ငြိမ်းချမ်းရေး စတင်အကောင်အထည်ဖော်မှုကို အားပေးဖို့ကိုလည်း တင်ပြထားပါတယ်။ ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူညီချက်မှာ ပါဝင်တဲ့ အဖွဲ့အစည်းအားလုံးကို ဒေသခံ အမျိုးသမီးများရဲ့ ငြိမ်းချမ်းရေး စတင်ဆောင်ရွက်မှုကို ထောက်ခံပံ့ပိုးပေးဖို့ တောင်းဆိုထားပါတယ်။ စစ်ဒဏ်ခံခဲ့ရတဲ့ နိုင်ငံတွေမှာ မြို့ရွာဒေသအတွင်းက လက်နက်ဖျက်သိမ်းရေး လုပ်ငန်းငယ်တွေဟာ ဒီခေါင်းစဉ်အောက်မှာ ရှိပါတယ်။ ဒါကြောင့် ၁၃၂၅ ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ စတင်ဖို့အတွက် တောင်းဆိုရာမှာ အသုံးပြုနိုင်ပါတယ်။

လိင်ကွဲပြားမှုအပေါ်မှာ အခြေခံတဲ့ အကြမ်းဖက်မှု။ လက်နက်ကိုင် ပဋိပက္ခမှာပါဝင်တဲ့ အဖွဲ့အစည်းအားလုံးကို အမျိုးသမီးများနဲ့ မိန်းကလေးငယ်များအပေါ် လိင်ကွဲပြားမှုအပေါ်မှာ အခြေခံတဲ့ အကြမ်းဖက်မှုမှ အထူးနည်းလမ်းရှာ ကာကွယ်ပေးရမယ်လို့ ဖော်ပြထားပါတယ်။ အိမ်တွင်းမှာ လက်နက်ငယ်တွေ တည်ရှိနေမှုနဲ့ အလွဲသုံးစားလုပ်နေမှုက အကြမ်းဖက်မှုတွေကို တိုးမြှင့်လာစေပြီး အမျိုးသမီးတွေကို ခြိမ်းခြောက်နေပါတယ်။ ဒါကြောင့် လက်နက်ဖျက်သိမ်းရေးလုပ်ငန်းစဉ်က လိင်ကွဲပြားမှုပေါ်မှာ အခြေခံတဲ့ အကြမ်းဖက်မှုတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။

၁၃၂၅ ကို ထိရောက်တဲ့ ဆုံးဖြတ်ချက်တခုအဖြစ် ကောင်းချီးပေးနေကြပေမယ့် စကားလုံးအရ အားနည်းနေတာ၊ လေ့လာစောင့်ကြည့် အကဲဖြတ်မှု မရှိတာနဲ့ ပြန်လည်သုံးသပ်တဲ့ ယန္တရား မရှိတာကြောင့် ဝေဖန်ခံနေရတာ လည်း ရှိပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်က ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေဟာ နိုင်ငံရေးအရ စိတ်အား ထက်သန်မှု ရှိရှိနဲ့ ထောက်ခံမှု မပေးခဲ့ကြပါဘူး။ ၁၃၂၅ က တောင်းဆိုထားတဲ့ အချက်တွေက အကောင်အထည်ပေါ်မလာ တာကြောင့် လုံခြုံရေးကောင်စီက နောက်ထပ် ဆုံးဖြတ်ချက်တခု ထပ်မံ ချမှတ်ဖို့ လိုမလို အချေအတင် ဆွေးနွေးခဲ့ကြပါတယ်။

ဒါပေမယ့် အခြေအနေတွေ ပြောင်းလဲလာတဲ့ အရိပ်လက္ခဏာတွေ တွေ့လာရပါတယ်။ စက်တင်ဘာလမှာ ဆွေးနွေးတဲ့ ကမ္ဘာ့ ထိပ်သီးအစည်းအဝေးက လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် အမှတ် ၁၃၂၅ ကို အကောင်အထည်ဖော်ဖို့ ကတိပြုခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ ၅ နှစ်မြောက် နိုင်ငံတကာ ဥပဒေပြု ညီလာခံက အမျိုးသမီးများရဲ့ ပါဝင်ခွင့်နဲ့ Gender နဲ့ ပတ်သက်ပြီး လက်ရှိ ဖြစ်တည်မှုကို အကောင်အထည် ဖော်ဖို့ အခွင့်အာဏာ ပြဌာန်းခဲ့ပါတယ်။ ဒါကြောင့် အခုကာလဟာ ၁၃၂၅ နဲ့ ပတ်သက်ပြီး အပြည့်အ၀ အကောင်အထည်ပေါ်လာဖို့ အတွက် ပိုမိုကြိုးစားကြရမယ့် အချိန်ပဲ ဖြစ်လာပါတယ်။

Kristin Valasek, United Nations International Research and Training Institute for the Advancement of Women (UN-INSTRAW). What is Security Council Resolution 1325 ကို ပြန်ဆိုသည်။

Related Articles