Home ဆောင်းပါးသတင်းဆောင်းပါး အကျပ်အတည်းကြားက ပရဟိတ

အကျပ်အတည်းကြားက ပရဟိတ

နွေဦးမောင်။      ။

စစ်တပ်က တိုင်းပြည်အာဏာ လုယူထားသည့် ယနေ့အချိန်အတွင် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများကို သိသိသာသာထိန်းချုပ်လာသည်။

အထူးသဖြင့် ပရဟိတခေါင်းစဉ်အောက်တွင် လူမှုကူညီရေးလုပ်ငန်းလုပ်ဆောင်သူများကို ပစ်မှတ်ထားလာခြင်း ဖြစ်၏။ စစ်အုပ်စု၏ အကြောင်းပြချက်မှာ ‘နိုင်ငံရေးနှင့်ဆက်နွှယ်ခြင်း’ကြောင့်ဟု ၎င်းတို့က ဆိုသည်။

ထိုအကြောင်းပြချက်ဖြင့်ပင် ဖေဖော်ဝါရီလ ဒုတိယပတ်က မန္တလေးမြို့ရှိ မဟာလူမှုကူညီရေးအသင်းရုံး ချိတ် ပိတ်ခံခဲ့ရသည်။ စစ်ကောင်စီက ရုံးကိုချိတ်ပိတ်သည့်အပြင် အသင်းဒုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ရှစ်ဦးကို ဖမ်းဆီး ထိန်းသိမ်းလိုက်သည်။

ယင်းအပြင် အသင်းဥက္ကဋ္ဌအပါအဝင် အခြားအသင်းသားအချို့ကိုလည်း စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း မဟာလူမှုကူညီရေးအသင်းက ထုတ်ပြန်သည်။ ထိုအခြေအနေများကြောင့် အသင်း၏ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဝမ်းနည်းစွာဖြင့် ရပ်နားလိုက်ရပြီဖြစ်ကြောင်း မဟာလူမှုကူညီရေးအသင်းက အသိပေးထား သည်။

အလားတူ လူမှုကူညီရေးအသင်းအချို့မှ အသင်းတည်ထောင်သူများမှာ တိမ်းရှောင်နေကြရပြီး အချို့မှာ ခံဝန် လက်မှတ်ထိုး၍ အကျပ်အတည်းများဖြင့် ဆက်လက်ရပ်တည်နေရကြောင်း ကာယကံရှင်များက ပြောပါသည်။

” အသင်းကိုပါ ထိခိုက်နိုင်တဲ့ အခြေနေတွေရှိလို့  ကျွန်မ ပါဝင်ကူညီနိုင်မှုမရှိသေးပါဘူး။ ကျွန်မအတွက်တော့ ကြီးမားတဲ့ဆုံးရှုံးမှုပါပဲ” ဟု စစ်ကောင်စီ၏ရန်ကြောင့် တိမ်းရှောင်နေရသော ရန်ကုန်မြို့မှ ပရဟိတအသင်း တည်ထောင်သူ အမျိုးသမီးတစ်ဦးက ရင်ဖွင့်သည်။

ပစ်မှတ်ထားခံရသော ပရိတသမားများ

အကြမ်းဖက်စစ်ကောင်စီသည် အာဏာလုချိန်မှစပြီး ၎င်းတို့ကိုဆန့်ကျင်သည့် မည်သူ့ကိုမဆို ပစ်မှတ်ထား ဖမ်းဆီး၊ သတ်ဖြတ်၊ ထောင်သွင်းအကျဉ်းချစသဖြင့် ပုံစံအမျိုးမျိုးဖြင့် ဖိနှိပ်လျက်ရှိသည်။

ထိုသို့ စစ်ကောင်စီ၏ ပစ်မှတ်ထားခံရသူများတွင် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများလုပ်ကိုင်သည့် ပရ ဟိတ လူမှုကူညီရေးအသင်းများလည်း ပါဝင်နေသည်။ အထူးသဖြင့် နိုင်ငံရေးပါတီတစ်ခုခု၏ ပါတီဝင်ဖြစ်ခြင်း၊ PDF များနှင့် ဆက်သွယ်သည်ဆိုခြင်း၊ NUG ၊ CRPH စသည်တို့နှင့် ဆက်စပ်သည်ဆိုခြင်းစသော နိုင်ငံရေး အရောင်အမျိုးမျိုးတပ်ကာ နှိပ်ကွပ်နေခြင်း ဖြစ်၏။

ရန်ကုန်မြို့မှ မသီရိဆိုလျင်လည်း အထက်ပါကဲ့သို့သော အကြောင်းပြချက်များစွာဖြင့် တံဆိပ်ကပ်ခံထားရသူ ဖြစ်သည်။ ဆိုရလျှင် ထိုသို့တံဆိပ်ကပ်ယုံမျှမက မသီရိဦးစီးတည်ထောင်ထားသည့် ပရဟိတအသင်းပိုင်ကား အချို့ အသိမ်းခံရသည်။

မသီရိ၏နေအိမ်ဆိုလျင်လည်း စစ်ကောင်စီတပ်၏ ဝင်ရောက်သောင်းကျန်း ဖျက်ဆီးခြင်းကို သုံးကြိမ်ထက် မနည်းခံခဲ့ရကြောင်း သူကပြောပါသည်။ အိမ်ရှင် မသီရိကိုယ်တိုင်သည်ပင် နိုင်ငံရေးပုဒ်မတစ်ခုဖြစ်သည့် ပုဒ်မ ၅၀၅ တပ်ခံထားရသည်။

ထို့ကြောင့် မသီရိမှာ မိသားစုအပါအဝင် သူမြတ်နိုးတန်ဖိုးထားသည့် လူမှုကူညီရေး ပရဟိတအလုပ်ကို ခေတ္တ စွန့်ကာ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်၏။ သူအဖို့ ကံကောင်းထောက်မ၍ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို မခံရသေးဘဲ ယခုအချိန်ထိ လွတ်မြောက်နေသည့်တိုင် သူတို့အသင်းဥက္ကဋ္ဌဖြစ်သူမှာ တိမ်းရှောင်နေရင်း အဖမ်း ခံလိုက်ရသည်။

” အဲလို လူမသိသူမသိ အဖမ်းခံနေရသူတွေ သေဆုံးနေသူတွေ ဘယ်လောက်တောင်ရှိနေပြီလည်း မသိတော့ ပါဘူး” ဟု မသီရိက ဝမ်းနည်းစကားဆိုသည်။

သို့သော် အသင်းဥက္ကဋ္ဌနှင့် တည်ထောင်သူအချို့ ရှိမနေတော့သည့် မသီရိတို့ ပရဟိတအသင်းလေးမှာ ဆက်လက်ရပ်တည်နိုင်ရန် ကြိုးပမ်းနေဆဲဖြစ်၏။ စစ်ကောင်စီက အသင်းပိုင်ကားအချို့ကို သိမ်းယူခဲ့သော် လည်း တစ်စီးတည်းသာကျန်တော့သည့် အရေးပေါ်ကားလေးဖြင့် ပြည်သူ့အကျိုး သယ်ပိုးနေဆဲဖြစ်သည်။

မည်သို့သောအခက်အခဲများရှိနေပါစေ အသင်း၏ရည်ရွယ်ချက်အတိုင်း ပြည်သူကိုသာ ဆက်ပြီးမျက်နှာမူမည် ဟူသော ရပ်တည်ဆုံးဖြတ်ချက်ဖြင့်ပင် အသင်းသားများက ရှေ့ဆက်နေကြကြောင်း မသီရိက ပြောပါသည်။

အကျပ်အတည်းကြားက ပရဟိတ

စစ်ကောင်စီ၏ တင်းကျပ်သည့် သတ်မှတ်ချက်များကြား ပြည်သူကိုသာ မျက်နှာမူပြီး လူမှုကူညီရေးအလုပ်များ ဆက်လက်လုပ်ဆောင်သည့်  အမျိုးသမီးတစ်ဦးလည်း ရှိနေပါသေးသည်။

၎င်းမှာ ရန်ကုန်အခြေစိုက် လူမှုကူညီရေးအသင်းတစ်ခု၏ ဥက္ကဋ္ဌတစ်ဦးဖြစ်သူ မမေဖြစ်သည်။ သူဆိုလျှင်လည်း လူမှုကူညီရေးပရဟိတ လုပ်ဆောင်ရန်သွားစဉ် အဖမ်းခံရဖူးသည်။

မမေအပါအဝင် အသင်းသားလေးဦးခန့်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်း ဖြစ်၏။ ထိုစဉ်က သူတို့အဖွဲ့သည် စားဝတ်နေရေးခက်ခဲနေသော ပြည်သူအချို့ထံ စားနပ်ရိက္ခာများ သွားရောက်လှူဒါန်းခြင်း ဖြစ်သည်။

သို့သော် စစ်ကောင်စီကခွင့်မပြု။ နိုင်ငံရေးတံဆိပ်ကပ်ကာ သူတို့ကို ဖမ်းဆီးလိုက်သည်။ ထို့နောက် တစ်နေကုန် နီးပါး စစ်ဆေးမေးမြန်း၏။ နောက်ဆုံး သူတို့စွပ်စွဲသလို နိုင်ငံရေးအရောင်မပါသည်ကို တွေ့ရှိမှသာ ပြန်လွှတ် ပေးခဲ့ခြင်း ဖြစ်သည်။

” ပြန်လွှတ်ပေးလိုက်တယ်ဆိုပေမယ့် ကျွန်မတို့ ခံဝန်တွေဘာတွေတော့ ထိုးရတာပေါ့။ တချို့အချက်အလက် တွေကို တားမြစ်ထားတော့ အကုန်ထုတ်ပြောဖို့တော့ အဆင်မပြေဘူး”ဟု မမေက သူ့အတွေ့အကြုံကို ပြောပါ သည်။

ယခုနောက်ပိုင်း စစ်ကောင်စီက ချမှတ်ထားသည့် သတ်မှတ်ချက်များတွင် ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ အသင်းမှတ်ပုံတင်၊ လူနာအချက်အလက်၊ သွားမည်နေရာစသည့် အချက်အလက်များကို ပြည့်စုံအောင်ယူသွား ရကြောင်း ၎င်းက ရှင်းပြသည်။

သို့တိုင် ညမထွက်ရ ကာဖျူးချိန်အချို့ကို ဖြတ်သန်းရပြီးနောက် ညအချိန်မတော် လမ်းကြောင်းရှိလာပါက ယခု အချိန်ထိ စိုးရိမ်ထိတ်လန့်နေရကြောင်း မမေက ပြောသည်။

ပိုဆိုးသည်မှာ အသွားလမ်းကြောင်းတွင် လူနာပါသော်လည်း အပြန်တွင် လူနာမပါဘဲ ပြန်ရသည်ဖြစ်၍ အစစ် အဆေးနှင့်ကြုံလာပါက ရှင်းပြရခက်ကြောင်း ၎င်းကရင်ဖွင့်သည်။

” အသွားတုန်းက လူနာပါတော့ ပြစရာရှိတယ်လေ။ ဒါက ဗိုက်ကြီးသည်ပါ၊ ဘာလူနာပါ စသဖြင့်ပေါ့။ အပြန်ကြ တော့ လူနာမပါဘဲ ကိုယ်တွေချည်းပဲလေ။ အဲတော့ အခက်ခဲအများကြီး ရှိတာပေါ့”

ထိုသို့ လူနာပို့ဆောင်ရေးလမ်းကြောင်းများတွင် စစ်ကောင်စီတပ်၏ အစစ်အဆေးများကြောင့် လမ်းခရီး နှောင့် နှေးရခြင်းနှင့် အန္တရာယ်မကင်းဖြစ်ရသည်။ ယင်းအပြင် လက်ရှိအခြေအနေတွင် အသင်းများရပ်တည်ရေးမှာ လည်း ပိုမိုခက်ခဲလာသည်နှင့် ရင်ဆိုင်နေကြရကြောင်း လူမှုကူညီရေးလုပ်ဆောင်နေသူများက ပြောပါသည်။

အကြောင်းမှာ အများပြည်သူ စီးပွားရေးကျပ်တည်းလာခြင်း၊ ကူညီထောက်ပံ့လှူဒါန်းရသည့် ကဏ္ဍများ များပြား နေခြင်း စသည့်အကြောင်းအမျိုးမျိုးကြောင့် အသင်းများအတွက် အလှူငွေရရှိမှု နည်းပါးလာ၍ ဖြစ်သည်။

သို့သော် လူမှုကူညီရေးပရဟိတအလုပ်သည် ပြည်သူကိုသာ မျက်နှာမူရခြင်းဖြစ်၍ ရသမျှအလှူငွေနှင့် ပေး သည့် အခြေအနေပေါ်မူတည်ကာ ရုန်းကန်ရပ်တည်နေကြဆဲသာ ဖြစ်ပါသည်။

စစ်ကောင်စီ ထပ်ပေးတဲ့ဒုက္ခ

ထိုသို့ရန်တည်ရန်မှာ လက်ခံသည်ဖြစ်စေ၊လက် မခံသည်ဖြစ်စေ ပြည်သူ့အကျိုးသယ်ပိုးရန် ကန့်သတ်ဘောင် အတွင်းမှသာ လုပ်ဆောင်ရမည်ဟု ယူဆမှုများလည်း ရှိလာသည်။

အကြောင်းမှာ အကူအညီလိုအပ်သူများအဖို့ လိုအပ်သည့်အကူအညီမရရှိပါက ယခုထက်ပိုဆိုးသည့် အခြေ အနေများကို ရင်ဆိုင်ကြရမည်သာ ဖြစ်သည်။ ထို့ကြောင့် မချစ်သော်လည်း အောင့်ကာနမ်းဆိုသကဲ့သို့ စစ်ကောင်စီ၏ သတ်မှတ်ချက်များအတိုင်း လုပ်ဆောင်နေရကြောင်း မမေက သူ့ခံယူချက်ကို ပြောသည်။

” လူတစ်ယောက် ဒဏ်ရာရပြီး သွေးတွေထွက်နေတယ်။ သွေးထွက်နေတာလေး သက်သာသွားအောင်၊ ကိုယ်ဝန်သည်ဆိုလည်း သူခံစားနေရတာလေး သက်သာသွားအောင် ဒီစိတ်နဲ့ပဲ သွားနေရတာပဲ။ အကူအညီ လိုနေတဲ့သူ အကူအညီရသွားစေချင်တယ်”ဟု ၎င်းက ဆိုသည်။

မသီရိကတော့ စစ်ကောင်စီ၏ ယခုလုပ်ရပ်များကို လုံးဝမနှစ်မြို့။ ပြည်သူ့အကျိုးအတွက် အောင့်ပြီးနမ်းနေရ သည့် သူ့အသင်းသားများကိုကြည့်ပြီး စိတ်ထဲမကောင်းလှ။ အထူးသဖြင့် နိုင်ငံရေးတံဆိပ်ကပ်ပြီး လူမှုကူညီ ရေးလုပ်ဆောင်သူများအပေါ် အမျိုးမျိုးတင်းကြပ်နေခြင်းကို သူက လက်မခံနိုင်။

အသက်အန္တရာယ်အရ အသင်းနှင့် အသင်းဝင်များကိုခွာပြီး အဝေးမှာနေရသည့်တိုင် အများအကျိုးသယ်ပိုး လိုသည့် သူ့ခံယူချက်များ စိုးစိမျှ လျော့ပါးမသွားဟု မသီရိက ပြောသည်။

ထို့ကြောင့်လည်း ပြည်သူ့အကျိုးသယ်ပိုးနေသူများကို ရန်မူပြီး ပုံစံမျိုးစုံဖြင့်နှိပ်ကွပ်နေသည့် စစ်ကောင်စီ၏ လုပ်ရပ်ကို သူက ယခုလို မှတ်ချက်ပေးပါသည်။

” ပြည်သူတွေကို ကူညီနေတာ မကြိုက်လို့ ပြည်သူတွေကို အခက်တွေ့အောင် ဒုက္ခပေးချင်လို့ နည်းအမျိုးမျိုးနဲ့  ကြားက ထပ်ပေးတဲ့ ဒုက္ခတစ်ခုလို့ ကျွန်မမြင်တယ်”ဟူ၍ ဖြစ်၏။

Author:

Related Articles