Home ဆောင်းပါးသတင်းဆောင်းပါး “ ရွာကိုပဲမီးရှို့လို့ရမယ် စိတ်ဓာတ်နဲ့မြေကိုမီးရှို့မရဘူး”

“ ရွာကိုပဲမီးရှို့လို့ရမယ် စိတ်ဓာတ်နဲ့မြေကိုမီးရှို့မရဘူး”

Honest Information။    ။

ရွာထဲကိုဝင်လိုက်တာနဲ့ အမဲရောင်ဖြစ်နေတဲ့သစ်သားငုတ်တိုတွေ၊ ဟိုတစဒီတစမှာ သွပ်ပြားချပ်တွေကပြန့်ကျဲနေတယ်။ လေထုထဲမှာလည်း ညှော်နံတွေက ရောထွေးနေတယ်။ လေတစ်ချက်တိုက်တိုင်းမှာတော့ ပြာမှုန့်တွေကလွင့်ကာ မီးခိုးငွေ့ တွေက လေထုထဲ ပိုတိုးဝင်သွားတယ်။

ဒေါ်လှမေ(အမည်လွှဲ)တစ်ယောက် ပြာကျနေတဲ့ရွာကိုကြည့်ပြီး အားတင်းကာ မီးလောင်ပြင်က ကျန်ခဲ့တဲ့ သွပ်ပြား အပိုင်း အစ လေးကို လက်ထဲကျစ်ကျစ်ကိုင်ထားလိုက်တယ်။

သပိတ်ခေါင်းဆောင်တိုင်ပေးတဲ့ ကြွေးကြော်သံအပြီးမှာတော့ “ရွာကိုပဲမီးရှို့လို့ရမယ် စိတ်ဓာတ်နဲ့မြေကိုမီးရှို့မရဘူး” ဆိုတဲ့ ကြွေးကြော်သံကို အင်အားအပြည့်နဲ့ လိုက်အော်ပါတော့တယ်။

“ မီးလောင်လို့ဆန္ဒမပြဘူးဆို လက်လျော့သွားတယ်ထင်လိမ့်မယ်၊ ကြောက်သွားရွံသွားတယ်ထင်လိမ့်မယ် ” လို့ ဒေါ်လှမေ က ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ထဲက ပန်းရွာကို စစ်ကောင်စီအဖွဲ့ဝင်တွေဟာ ဇန်နဝါရီလ ၃၁ မှာ ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တာပါ။ အိမ်ခြေ ၈၀၀ကျော် ရှိတဲ့ပန်းရွာမှာ နေအိမ် ၂၀၀ နီးပါး မီးထဲပါသွားခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်း၊မကွေးတိုင်းနဲ့ချင်းပြည်နယ်တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ အား ကောင်းလာပြီး စစ်ကောင်စီအနေနဲ့ စစ်ဆင်ရေးတွေအထူးပြုလုပ်ကာ နှိမ်နင်းမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ စစ် ကောင်စီဟာ စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေကို မီးရှို့ဖျက်စီးတာတွေကိုလည်း အများအပြားပြုလုပ်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်အထိ တိုက်ပွဲတွေကြောင့် နေအိမ် ၃,၀၄၅ လုံးထက် မနည်းမီးရှို့ခံခဲ့ရပြီး စစ်ကိုင်းတိုင်းက မြို့နယ်တွေမှာ နေအိမ် ၁,၃၈၄ လုံးထက်မနည်း၊ မကွေးတိုင်းမှာ ၆၈၀ လုံး ထက်မနည်းနဲ့ ချင်းပြည်နယ်မှာ ၉၈၁လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Institute For Strategy and Policy Myanmar ကထုတ်ပြန်ထားပါတယ်။

နိုင်ငံအနှံ့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သားငါးသိန်းလေးသောင်းထက်မနည်း နေရပ်စွန့်ခွာထွက်ပြေးနေကြ ရတယ်လို့လည်း ISP-Myanmar က ဆိုပါတယ်။

Photo credit – ပုလဲလူထုသပိတ်တိုက်ပွဲဦးဆာင်ကော်မတီ

တော်လှန်ရေးမှာမပါဝင်နိုင်အောင် အကြမ်းဖက်စစ်ကောင်စီက ပြည်သူလူထုကိုနည်းအမျိုးမျိုးနဲ့နှိပ်စက်ပေမယ့် ပြည်သူ တွေကတော့ အာဏာသိမ်းကာလတစ်နှစ်ကျော်တဲ့အထိ စစ်အာဏာရှင် တွန်းလှန်လိုစိတ်တွေ မလျော့သွားပါဘူး။

အာဏာရှင်ကိုတွန်းလှန်လိုစိတ်တွေမလျော့ဘူးဆိုတာကို ပြသတဲ့အနေနဲ့ ပန်းရွာကပြည်သူတွေဟာ မီးရှို့ခံရတဲ့ နေအိမ် အပိုင်းအစတွေကို ကိုင်ကာဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ အသက် ၄၈ နှစ်အရွယ်ဒေါ်လှမေအပါအဝင် အိမ်ရှင်မတွေ၊အမျိုးသမီးတွေ တော်တော်များများပါဝင်ပါတယ်။

နေအိမ်တွေကိုမီးရှို့ခံခဲ့ရပေမယ့် ပန်းရွာက ရွာသူရွာသားတွေအပါအဝင် ပန်းရွာကအမျိုးသမီးတွေရဲ့ စစ်အာဏာရှင် ကိုတွန်းလှန်စိတ်တွေကတော့ ပြာမကျသွားခဲ့ပါဘူးဆိုတာ အဆိုပါသပိတ်ကနေ ပြသခဲ့ပါတယ်။

စစ်ကောင်စီတပ်သားတွေ ရွာကိုမကြာခဏဝင်ရောက်တတ်တာကြောင့် ဒေါ်လှမေတို့ဟာတောထဲတောင်ထဲကို တိမ်းရှောင် ရလေ့ရှိပါတယ်။ ရွာမီးရှို့ခံရတဲ့နေ့ကလည်း ပန်းရွာရဲ့အနီးအနားကရွာဖြစ်တဲ့ မွေ့တုံရွာကို စစ်ကောင်စီတပ်သားတွေ ရောက်နေပြီဆိုတဲ့ သတင်းရကတည်းက တောထဲထွက်ပြေးခဲ့ကြတာပါ။

အရေးပေါ်ပြင်ဆင်ထားတဲ့ ဆေးဝါးနဲ့စားစရာအထုပ်လေးကလွဲလို့ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ အိမ်ကထွက်လာခဲ့ကြ တယ်။ မွေ့တုံရွာကို မီးရှို့တဲ့သတင်းနဲ့အတူ မီးတောက်ကြီးတွေကို တောင်ပေါ်ကနေလှမ်းမြင်ရတယ်။ မိတ်ဆွေတွေ ရှိတဲ့ရွာဖြစ်သလို ကိုယ့်အနီးအနားကရွာဖြစ်တာကြောင့် ဒေါ်လှမေ စိတ်မကောင်းခဲ့ဘူး။

ညသန်းခေါင် အရောက်မှာတော့ ဒေါ်လှမေတို့ ပန်းရွာမီးရှို့ခံရမှန်း သိလိုက်ရတယ်။ မီးတောက်ကြီးတွေကိုကြည့်ကာ ဒေါ်လှမေ အပါအဝင် တော်တော် များများ အဲဒီညက အိပ်မပျော်နိုင်ခဲ့ကြဘူး။ 

“ အိမ်မီးလောင်တော့တချို့တွေကတော့ငိုကြတာပေါ့။ ကျွန်မကတော့မငိုပါဘူး။ ကျွန်မတို့ပေါ့ဆလို့ လောင်တာမဟုတ်ဘူး လေ။ သပ်သပ်အကြောင်းမဲ့လာပြီးမီးရှို့လို့လောင်တာ။ ဝမ်းလည်းမနည်းဘူး အားတင်းထားတယ်။”လို့ ဒေါ်လှမေက ပြတ်သားစွာပြောတယ်။

မီးရှို့ခံရပြီးနောက်မနက်မှာ ရွာကိုပြန်သွားပြီး အခြေအနေကြည့်ကြတယ်။ တချို့ကဝမ်းနည်းပတ်လက်ငိုကြပေမယ့် ဒေါ်လှမေကတော့အားတင်းထားတယ်။

စစ်ကောင်စီတွေက ရွာထဲကိုခဏခဏဝင်ရောက်စီးနင်းတာကြောင့် တောထဲထွက်ပြေးလိုက် ရွာထဲပြန်နေလိုက်နဲ့ ကျီးလန့် စာစားနေကြရတဲ့အထဲ စစ်ကောင်စီတပ်တွေဟာ ရွာထဲဝင်တိုင်းလည်း ဆိုင်ကယ်တွေ၊ပစ္စည်းတွေ၊ အစားအသောက် တွေကိုယူဆောင်သွားကြတယ်။

“ ကလေးကစားစရာအရုပ်ကအစ သူတို့ကြိုက်တာဆိုယူသွားကြတယ်” လို့ ဒေါ်လှမေကပြောတယ်။

ပန်းရွာဇာတိဖြစ်တဲ့ဒေါ်လှမေတစ်ယောက် အရင်ကတောင်သူလုပ်၊ ခြံစိုက်စတာတွေနဲ့အသက်မွေးခဲ့ပေမယ့် အခုအခါ မှာတော့ တောထဲမှာဖြစ်သလိုနေပြီး တခြားရွာကလှူဒါန်းကြတဲ့ စားသောက်စရာတွေနဲ့အသက်ဆက်နေပါတယ်။

“ ကိုယ့်အလုပ်တွေကပစ်ထားရတာ။ ဘာမှမလုပ်နိုင်ဘူး။ အမှန်ပြောရရင်လုပ်ငန်းလည်းစိတ်မဝင်စားတော့ပါဘူး။ ဒီတော် လှန်ရေးကြီး အောင်မြင်မှဆိုတဲ့စိတ်ပဲရှိတော့တယ်”လို့ဒေါ်လှမေကဖွင့်ဟပါတယ်။ 

ပန်းရွာက အသက်၂၀အရွယ် မငြိမ်း(အမည်လွှဲ)ကလည်း အခုအခြေအနေက ဘဝတစ်လျှောက်လုံးမှာ အခက်အခဲဆုံး ဖြစ်တယ်လို့ ဖွင့်ဟပါတယ်။

Photo credit – ပုလဲလူထုသပိတ်တိုက်ပွဲဦးဆာင်ကော်မတီ

သစ်ပင်ပန်းပင်တွေစိုက်ရတာ ဝါဿနာပါတဲ့ မငြိမ်းတစ်ယောက် သူစိုက်ထားတဲ့အပင်တွေအပြင် သူ့ရဲ့ငယ်ဘဝ အမှတ် တရတွေ အားလုံးကို ဇန်နဝါရီလ ၃၁ရက်နေ့က စစ်ကောင်စီရှို့တဲ့ မီးတောက်တွေထဲ ပါဝင်သွားခဲ့ပါတယ်။

“ စိတ်ထဲမှာဝမ်းနည်းတယ်။ဘာမှမရှိတော့သလိုခံစားရတယ်”လို့မငြိမ်းက         အဲ့နေ့ကအဖြစ်အပျက်ကိုပြောပါတယ်။

အရင်ကတည်းက စစ်ကောင်စီတပ်တွေလာတိုင်း ထွက်ပြေးနေကြရပေမယ့် မီးရှို့မယ်လို့ ထင်မထားခဲ့ကြပါဘူး။

“ သူတို့မိုင်းဆွဲခံရတာတွေရှိတယ်ဆိုရင် အနားမှာနီးတဲ့ရွာတွေမီးရှို့တာမျိုးရှိတယ်။ မတော်လှန်လို့လည်းမဖြစ်ဘူးလေ၊ မီးရှို့ခံရလည်းမတတ်နိုင်ဘူးပေါ့”လို့မငြိမ်းက ပွင့်လင်းစွာဆိုပါတယ်။

အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာကြတာဖြစ်တဲ့အတွက် အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကအစ အခက်အခဲ ရှိတယ်လို့မငြိမ်းကဖွင့်ဟပါတယ်။ တောထဲစရောက်တဲ့ အစောပိုင်းရက်တွေကဆို ရေချိုးဖို့မလွယ်တာကြောင့် သုံးရက် လောက်ရေမချိုးဘဲ နေခဲ့ရပါတယ်။ 

အခုလက်ရှိမှာတော့ မိုးကာတွေ၊ တာလပတ်စတွေခင်းကာ မြေကြီးပေါ်ဖျာခင်းကာ ဖြစ်သလိုနေထိုင်ကြရပါတယ်။ လှူတာ လေးတွေနဲ့ ရက်ပိုင်းစာ လပိုင်းစာအဆင်ပြေနေသေးပြီး ရှေ့ဆက်ပြီးတော့လည်း အခြေအနေကြည့်ကာ အဆင်ပြေသလို ရပ်တည်သွားမယ်လို့ မငြိမ်းကစဉ်းစားထားပါတယ်။

ရွာမီးရှို့ခံရပြီး ၁၁ ရက်မြောက်နေ့မှာတော့ နေအိမ်အပိုင်းအစတွေ ကိုင်ကာ စစ်အာဏာရှင်ဆန့်ကျင်တဲ့သပိတ်မှာ ပါဝင်ခဲ့ပါ သေးတယ်။ 

နေအိမ်မီးရှို့ခံရတဲ့အထဲမှာ ပါဝင်ခဲ့တဲ့ မအေးငယ်(အမည်လွှဲ)ကလည်း မီးရှို့ခံရတဲ့အချိန်တုန်းက ခံစားချက်သိပ်မရှိခဲ့ သေးပေမယ့် နောက်နေ့ရွာထဲကို ဝင်လိုက်ချိန်မှာတော့ ပြာပုံအတိဖြစ်နေတဲ့ ရွာကြီးကိုကြည့်ပြီး စိတ်မထိန်းနိုင်ဘဲ မျက်ရည်ကျမိတယ်လို့ ဖွင့်ဟပါတယ်။ 

“ တချို့ဆိုမြို့ပေါ်တက်သူများအိမ်မှာ ကျွန်ခံပြီးလုပ်ထားရတဲ့ပိုက်ဆံနဲ့ ဆောက်ထားတဲ့အိမ်တွေပါ။ အိမ်ကြီးအိမ်ကောင်း တွေပါ” လို့ မအေးငယ်က မချိတင်ကဲအသံနဲ့ ဆိုတယ်။

မအေးငယ်တို့အိမ်ဆိုလည်း မိဘတွေနေ့မနားညမနားနဲ့ ကြိုးစားပန်းစားရှာဖွေထားတဲ့ငွေတွေနဲ့ ဆောက်ထားတဲ့ ရှေးဟောင်းကျွန်းအိမ်ကြီးဖြစ်တယ်။ အိမ်အပါအဝင် ပိုင်ဆိုင်သမျှတွေကို စွန့်လွှတ်လိုက်ရပေမယ့် စစ်အာဏာရှင်ကို တွန်းလှန်လိုစိတ်တွေကတော့ နည်းနည်းလေးမှ မလျော့သွားသေးဘူးလို့ မအေးငယ်ကဆိုတယ်။

လတ်တလောမှာတော့ တောထဲမှာ အခက်အခဲတွေနဲ့ရင်ဆိုင်နေပါတယ်။ စားဖို့လှူဒါန်းထားတဲ့ ဆန်အချို့နဲ့ ဟင်းစား တွေရှိပေမယ့် အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ၊ အတွင်းခံတွေမပါတဲ့အတွက် အခက်အခဲဖြစ်တယ်လို့ဆိုတယ်။

ဒါ့အပြင် ရာသီဥတုလည်းအေးပြီး စောင်မလုံလောက်တာ၊ အနွေးထည်မပါတာတွေကြောင့် ဖျားတဲ့သူတွေလည်းရှိတယ်လို့ မအေးငယ်ကပြောပြတယ်။

“ သူတို့အဲ့လောက်အထိ ရက်စက်လိမ့်မယ်လို့ အကုန်လုံးကမထင်ထားခဲ့ပါဘူး။ သူတို့ကအဲ့လိုတွေလုပ်တော့ လူတွေ တော်တော်လည်းနာကျဉ်းနေပါပြီ။ နာကျဉ်းမှုဝမ်းနည်းမှုတွေနဲ့အတူ စစ်အာဏာရှင်ကို အသက်မသေမချင်းကတော့ တိုက်ထုတ်သွားမယ်” လို့ မအေးငယ်ကဆိုပါတယ်။

ဒါ့အပြင် အိမ်ဆုံးရှုံးသွားရုံမကလို့ အသက်ဆုံးရှုံးသွားရင်တောင် ဝိဉာဉ်ဘဝနဲ့စစ်အာဏာရှင်ကို အမြစ်မပြတ်မချင်း တိုက်ခိုက်နေမှာလို့ မအေးငယ်က ဆက်ပြောပါတယ်။ 

ရွာကိုပဲမီးရှို့လို့ရမယ် စိတ်ဓာတ်နဲ့မြေကိုမီးရှို့လို့မရဆိုတဲ့ စာသားအတိုင်း ပန်းရွာသူတွေဟာ တောထဲတောင်ထဲမှာ အခက် အခဲတွေနဲ့ရင်ဆိုင်နေရပေမယ့်လည်း စစ်အာဏာရှင်အမြစ်ပြတ်ဖို့သာ ဆန္ဒရှိနေကြပါတယ်။

“ ဘယ်လောက်ပဲအခက်အခဲတွေကြုံကြုံ စစ်ကောင်စီအမြစ်ပြုတ်တဲ့အထိတော်လှန်သွားမယ်။ ဘယ်တော့မှ အရှုံးပေးသွား မှာမဟုတ်ဘူး။ ဒူးထောက်သွားမှာမဟုတ်ဘူး၊ အာဏာရှင်အမြစ်ပြတ်တဲ့အထိ တောထဲကပဲနေနေဘယ်လိုပဲနေနေ တော်လှန်သွားမယ်လို့ဆုံးဖြတ်ထားတယ်” လို့ ဒေါ်လှမေက ပြတ်သားစွာဆိုပါတယ်။

မငြိမ်းကလည်း “အိမ်လည်းမရှိတော့ဘူး ပစ္စည်းတွေလည်းမရှိတော့ဘူး လူပဲရှိတော့တယ်၊ ဘာပဲပြောပြောဒီတိုက်ပွဲက အဆုံးထိတိုက်မှဖြစ်မှာ။ ကိုယ့်မှဘာမှမကျန်လည်း အဆုံးထိတိုက်မှဖြစ်မှာ ဒါမှလည်းနောက်မျိုးဆက်တွေအဆင်ပြေမှာ မီးလောင်လည်းလက်မလျာ့ဘူး”လို့ ဆိုပါတော့တယ်။  

Author:

Related Articles