Home ဆောင်းပါး အမိအရဖမ်းဆုပ်သင့်တဲ့ ကြားကာလပညာရေး

အမိအရဖမ်းဆုပ်သင့်တဲ့ ကြားကာလပညာရေး

နွေဦးမောင်။ ။

စစ်ကောင်စီတပ် စစ်ကြောင်းဟာ ကျေးရွာတွေဘက်ရောက်လာနိုင်တယ်ဆိုပြီး မနက်ပိုင်းထဲက သတင်းပြန့်နေတယ်။

ဒါပေမဲ့ အဲဒီဒေသမှာ စစ်ကြောင်းလာတယ်ဆိုတဲ့အဖြစ်က သိပ်ပြီးထူးဆန်းတယ်လို့တော့ မယူကြတော့ပါဘူး။ သတင်း သဲ့သဲ့ကြားပြီဆိုထဲက ဒေသခံတွေဟာ ပြေးဖို့လွှားဖို့ ဘေးလွတ်ရာရှောင်နေကြဖို့ အသင့်လိုဖြစ်နေတတ်ပြီ။

ထူးထွေပြီး စိုးရိမ်ပူပန်မနေကြတော့ဘူး။ စစ်တပ်ကအာဏာသိမ်းလိုက်ပြီးတဲ့နောက်မှာ တော်လှန်ရေးကာလ တစ်နှစ်ကျော် လာတဲ့အထိ အကြိမ်ပေါင်းများစွာ ပြေးခဲ့၊ ရှောင်ခဲ့ကြရတာ မဟုတ်လား။

သို့ပေတဲ့ ပညာရေးကိုရှေ့ရှုပြီး ကျောင်းပြန်တက်နေကြရတဲ့ ကလေးတွေအတွက်တော့ စိုးတထိတ်ထိတ်ပါပဲ။ ဒီလိုမှ ဒုက္ခ မခံပြန်ရင်လည်း ကလေးတွေဟာ ပညာရေးနဲ့အလှမ်းဝေးဖို့သာ ရှိပါတယ်။

၂၀၂၀ခုနှစ်ထဲ ကိုဗစ်တွေဖြစ်လို့ ကလေးတွေကျောင်းမတက်နိုင်ခဲ့ကြဘူး။ ဟော…ကိုဗစ်လည်းလွန်ရော ၂၀၂၁မှာ အာဏာ သိမ်းမှုကြီးနဲ့ ကြုံပါရောလား။ သည်တော့အကြောင်းအမျိုးမျိုးနဲ့ ကလေးတွေ ပညာရည်နို့ သောက်ခွင့်မရခဲ့တာ နှစ်နှစ် ဆက်တိုက်။

ခုဖြင့် NUGရဲ့လမ်းညွှန်မှုနဲ့အတူ မြို့နယ် (ပကဖ)တွေ၊ ပအဖတွေ၊ ဒေသကာကွယ်ရေး PDF တွေရဲ့ဦးဆောင်မှုနဲ့ ကြား ကာလပညာသင်ကြားရေးကျောင်းတွေ ဖွင့်နိုင်ခဲ့ပါပြီ။

အထူးသဖြင့် နယ်မြေစိုးမိုးမှုအတန်အသင့်လုပ်ထားနိုင်တဲ့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ဟာ အားအကောင်းဆုံးလို့ ဆိုနိုင် ပါတယ်။ ကြားကာလပညာရေးအတွက် ဒီနှစ်မတ်လထဲက ပြည်သူအခြေပြုကျောင်းတွေ စဖွင့်လာလိုက်တာ ခုမေလထဲထိ ကျောင်းပေါင်း ၂၆ ကျောင်း ဖွင့်လှစ်ပြီး ဖြစ်ပါတယ်။

” ကလေးတွေအတွက် ကုန်ကျစရိတ်တော့ ဘာမှမရှိဘူး။ စာအုပ်ကအစ ခဲတံအဆုံး အဖွဲ့အစည်းတွေက အားလုံးစီစဉ် ပေးတယ်။ ဒါပေမဲ့ ခုလိုတော်လှန်ရေးချိန်ကြီး ကျောင်းလွှတ်ရတော့ ကိုယ့်ကလေးရဲ့ လုံခြုံရေးကိုတွေးပူရတာတော့ ရှိတာ ပေါ့” လို့ မြောင်နယ်က ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

အဲဒီလောက်မှ မစွန့်စားဘဲ ဒုက္ခမခံဘူးဆိုရင်လည်း ကလေးတွေဟာ ပညာရေးနဲ့ကင်းကွာပြီး စာမတတ်ရုံရှိတော့မယ်လို့ ကျောင်းသားနှစ်ဦးရဲ့မိခင်ဖြစ်သူက ရင်ဖွင့်ပါတယ်။

ဒီစိတ်ဒီခံယူချက်တွေနဲ့ပဲ ကျောင်းတွေစဖွင့်ပြီဆိုကတည်းက ငါးတန်းကျောင်းသားတစ်ဦးနဲ့ KG စတက်တဲ့ သားတစ်ဦးကို ကျောင်းမှန်မှန်တက်စေခဲ့တာ နှစ်လကျော်ရှိလာပြီလို့ အဲဒီကလေးမိခင်က ပြောပါတယ်။

စာသင်ချိန်နှစ်လကျော်အတွင်းမှာ သူတို့ဒေသကို စစ်ကြောင်းတွေထိုးလာလို့ ကျောင်းကိုယာ ယီပိတ်ထားပြီး စာသင်တာ ရပ်ရပ်ထားရတာလည်း ခဏခဏကြုံရတယ်လို့ သူက ဆက်ပြေပါတယ်။

တစ်ခုသောရက်မှာဆိုရင် အထက်နားမှာ ဖော်ပြခဲ့သလို ဆရာ၊ဆရာမတွေရော ကျောင်းသားမိဘတွေပါ စိုးတထိတ် ထိတ်ကြုံခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုလည်း ရှိခဲ့ပါတယ်။

မြောင်ဒေသတွင်ဖွင့်လှစ်ထားသော စာသင်ကျောင်းများကို တွေ့ရစဉ်/Photo _ MEN

အဲဒီဖြစ်ရပ်ကတော့ မြောင်အနောက်ဘက်ခြမ်းကရွာတွေဆီ စစ်ကြောင်းထိုးမယ်ဆိုတဲ့ သတင်းမှား ပြန့်နှံ့ခြင်းပါပဲ။ ပုံမှန် ဆိုရင် အဲဒီလိုသတင်းမျိုးတွေကို ရပ်ရွာအခြေပြုကာကွယ်ရေးအဖွဲ့(LDF)တွေက အတည်ပြုပြီးမှသာ ပြင်စရာရှိတာပြင်ဆင် ထားကြတာပါ။

ဒီတစ်ကြိမ်မှာတော့ LDFတွေက ‘သတင်းမှား’ ပါလို့ အတည်ပြုပေးတဲ့တိုင် ဒေသခံတွေကြားမှာ စစ်ကြောင်းထိုးလာမယ် ဆိုတဲ့သတင်းမှားဟာ တားမရအောင် ပြန့်နှံ့လို့နေပါတယ်။

သင်ကြားရေးပိုင်းက ဆရာ၊ ဆရာမတွေကတော့ LDF တွေထံကရတဲ့ သတင်းစကားအရ ကောလာဟလသာ ဖြစ်တယ် ဆိုတာကို သိထားရလို့ ပုံမှန်အတိုင်း ကျောင်းဖွင့်တယ်။ ဒါပေမဲ့ လူထုကြားပြန့်နေတဲ့ သတင်းမှားဟာ ကျောင်းသားမိဘ တွေရဲ့ရင်ကို လှုပ်ခပ်စေခဲ့ပြီး သူတို့သားသမီးတွေကို ကျောင်းကနေပြန်ခေါ်ဖို့အထိ လုပ်လာကြပါတော့တယ်။

လုပ်ဆို ကလေးတွေ မုန့်စားကျောင်းဆင်းမယ့်အချိန်ကိုစောင့်ပြီး ကျောင်းဝင်းအပြင်ကနေ စောင့်ဆိုင်းနေကြတဲ့အထိပဲလို့ အဲဒီကျောင်းမှာ ရှစ်တန်းသင်နေတဲ့ CDM ကျောင်းဆရာမတစ်ဦးက ပြောပြပါတယ်။

အဲဒီဆရာမတို့တာဝန်ယူသင်ကြားပေးနေတဲ့ကျောင်းဟာ အလယ်တန်းအဆင့်အကျောင်းတစ်ကျောင်းဖြစ်လို့ ကျောင်းသား၊ ကျောင်းသူ ၄၀၀ ကျော်ရှိပါတယ်။ ဖြစ်ချင်တော့ ကျောင်းဝင်းရှေ့အသင့်စောင့်နေတဲ့မိဘတွေက ကလေးတွေမုန့်စားဆင်း ချိန်မှာ ကျောင်းအပြင်ကနေ သူတို့ရဲ့သားသမီးတွေကို ခေါ်ထုတ်ကြတာနဲ့ ကြုံရပါတော့တယ်။

မိဘတွေက လှမ်းခေါ်ကြတယ်ဆိုတော့ ကလေးတွေကလည်း မနေကြတော့ဘူး။ လွယ်အိတ်တွေကိုယ်စီဆွဲထွက်ပြီး ကျောင်းဝင်းကို ကျော်တက်သူတက်၊ တံခါးမကြီးကထွက်သူထွက်နဲ့ ရုတ်ရုတ်သဲသဲဖြစ်ကုန်ပါတယ်။

” ကျွန်မတို့က စာသင်နေတာ။ သင်နေတုန်း ကလေးတွေကို ခဏနား(မုန့်စားဆင်း)လိုက်တဲ့အချိန်မှာ ဟိုဘက်(စကစ)က ဘယ်ကတက်လာပြီ ညာကတက်လာပြီဆိုပြီးတော့ တစ်ခါမိဘတွေက အရေးပေါ်လာကြတာပေါ့နော်။ လာကြတာ၊ လာကြ တာ ကျွန်မတို့က မိဘနဲ့ကလေးတွေကို မထိန်းလိုက်နိုင်ဘူး။ ကျောင်းသား ၄၀၀ ကျော်ကို ဘယ်လိုထိန်းတော့မလဲ”လို့ အလယ်တန်းပြဆရာမက ရင်ဖွင့်ပါတယ်။

ဒီကြားထဲ လုံခြုံရေးအခြေအနေ စိတ်မချရဘဲနဲ့ ဒီရက်ထဲကျောင်းဖွင့်ရပါ့မလားဆိုပြီး အပြစ်တင်တဲ့ မိဘတချို့ရှိသလို၊ ဒီလောက်ဖြစ်နေတာ ကလေးတွေကို ပြန်မလွှတ်ရကောင်းလားဆိုပြီး ရန်တွေ့တဲ့မိဘကတွေ့နဲ့ အမျိုးမျိုးကြုံရတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါပေမဲ့ ကလေးတွေရဲ့ ပညာရေးကိုရှေ့ရှုပြီး ဘယ်လောက်ပဲ အခက်အခဲကြုံကြုံ စိတ်မပျက်ဘဲ ရှေ့ဆက်နေပါတယ်လို့ အဲဒီဆရာမက သူ့ခံယူချက်ကို ပြောပါတယ်။

” ကျွန်မတို့ ဆရာတွေဆိုတာ နာသုံးနာနဲ့ ပြည့်စုံရမယ် မဟုတ်လား။ စေတနာ၊ ဝါသနာ၊ အနင့်နာဆိုတာလေ။ အဲဒီအတိုင်း ပါပဲ။ ကျွန်မတို့ရဲ့က လေးတွေအတွက် အရာရာကို မေတ္တာထားနိုင်အောင်ပဲ ပြင်ဆင်ထားပါတယ်”

ကျောင်းသားမိဘတွေအဖို့မှာလည်း ကိုယ့်ကလေးရဲ့ပညာရေး နောက်ကျကျန်နေရစ်မှာကို မလိုလားကြပါဘူး။ ဒါကြောင့် လည်း စစ်ကောင်စီကဖွင့်တဲ့ ကျောင်းကိုတက်မှ တရားဝင်တယ်ဆိုတဲ့ အချို့သော ကျောင်းသားမိဘတွေရဲ့ တစ်ဖက်ပိတ် အတွေးတွေကိုကျော်ပြီး တော်လှန်ရေးအင်အားစုတွေစီစဉ်တဲ့ ကြားကာလပညာရေးကြားရေးမှာ ပူးပေါင်းပါဝင်ဖြစ်ခဲ့တာလို့ ၃၃ နှစ်အရွယ် ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

” ကျွန်မတို့က စာတတ်ဖို့တစ်ခုပဲ အရေးကြီးတယ်ဆိုတာမျိုး မခံယူပါဘူး။ စစ်ကောင်စီရဲ့ ဘယ်လုပ်ရပ်ကိုမှ အသိအမှတ် မပြုချင်လို့ကို ကျွန်မကလေးတွေကို ခုလိုကျောင်း(NUG ရဲ့ကြားကာလပညာရေးကျောင်း)ထားတာ”လို့ သူက ပြတ်ပြတ် သားသား ပြောလာပါတယ်။

မြောင်ဒေသတွင်ဖွင့်လှစ်ထားသော စာသင်ကျောင်းများကို တွေ့ရစဉ်/Photo _ MEN

တစ်ကယ်တမ်းပြောရရင် သင်ကြားရေးတာဝန်ယူပေးနေတဲ့ ကျောင်းဆရာ၊ ဆရာမတွေဟာလည်း လခစားမဟုတ်တော့တဲ့ CDM ဝန်ထမ်းတွေပါ။ စေတနာရှိလို့ မေတ္တာနဲ့ထောက်ပံ့ကူညီတာလေး မစို့မပို့နဲ့သာ ရပ်တည်နေကြရတာပါ။ ဒါကြောင့် လည်း သူတို့ရဲ့ အနင့်နာခံစွန့်လွှတ်စွန့်စားမှုတွေကို လေးစားသောအားဖြင့် ကလေးတွေ ကျောင်းမှန်မှန်တက်နိုင်အောင် ဖြည့်ဆည်းပေးနေတယ်လို့ အဲဒီကျောင်းသားမိဘက ဆက်ပြောပါတယ်။

ဆရာ၊ ဆရာမတွေဘက်ကလည်း ကျောင်းစဖွင့်မယ်ဆိုထဲက ပညာရေးရဲ့အရေးပါပုံ၊ ပညာမတတ်ရင် လူ့အောက်ကျပုံ၊ မသေချာမှုတွေအောက်မှာ သေချာတဲ့အခွင့်အရေးတစ်ရပ်ကို လက်လွတ်မခံသင့်ပုံတွေကို နားလည်အောင် ရှင်းပြထား တယ်လို့ ဆိုပါတယ်။

” သူများကလေးတွေကတော့ စကစဖွင့်တဲ့ကျောင်းတက်နေကြတယ်။ ငါတို့ကလေးတွေကျ ကျောင်းတက်ခွင့်မရဘူးဆို တာမျိုးမဖြစ်စေရဘူး။ စကစဖွင့်တဲ့ကျောင်းတွေထက်မလျော့တဲ့ ပညာရေးကို ကျွန်မတို့ပေးနေတယ်” လို့ သူက ရှင်းပြပါ တယ်။

ပြီးတော့ လက်ရှိသင်ကြားပေးနေတဲ့ သင်ကြားနည်းစနစ်တွေဟာ NUG ပညာရေးဝန်ကြီးဌာနနဲ့ ပညာရေးပညာရှင်တွေ ဆွေးနွေးအဖြေရှာထားတဲ့နည်းစနစ်တွေအတိုင်း သင်ကြားပေးတာဖြစ်လို့ အနာဂတ်ပညာရေးအထိပါ ချိတ်ဆက်နိုင်တယ် လို့ သင်ကြားရေးတာဝန်ယူထားတဲ့ အလယ်တန်းပြဆရာမက ပြောပါတယ်။

ဒါကြောင့်လည်း တော်လှန်ရေးကြီးအောင်ပွဲခံပြီးတဲ့နောက် အကောင်အထည်ဖော်ဖို့ရှိနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပညာ ရေးစနစ်ကို အထောက်အကူပြုစေမယ့် သင်ကြားနည်းစနစ်တွေကို ခုထဲက အစပျိုးပေးနေပြီလို့လည်း သူက ပြောပါသေး တယ်။

ခုဆိုရင် တော်လှန်ရေးအင်အားစုတွေပူးပေါင်းချိတ်ဆက်ပြီး မြောင်ဒေသမှာ ကြားကာလပညာသင်ကြားရေး လုပ်ဆောင် နေတာ အတော်လေးခရီးပေါက်နေပါပြီ။ မြောင်ပညာရေးကွန်ရက်ဝင် CDM ဆရာ၊ ဆရာမ ၃၀၀၀ ကျော်က ကျောင်း ၂၆ ကျောင်းမှာ တက်ရောက်သင်ယူနေတဲ့ ကျောင်းသား၊ ကျောင်းသူ ၃,၀၀၀ ကျော်ကို သင်ကြားပေးနေပြီလည်း ဖြစ်ပါတယ်။

” တချို့တွေရဲ့ ဟိုဟာကအတည်ဖြစ်တယ်။ ဒီဟာကအတည်မဖြစ်ဘူးဆိုတဲ့ ဒွိဟတွေကို ကျော်လိုက်ပါ။ ကလေးတွေရဲ့ ပညာရေးကို ရှေ့ရှုပြီး ရလာတဲ့အခွင့်အလမ်းကို အမိအရဖမ်းဆုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်”လို့ မြောင်ဒေသ ကြား ကာလပညာသင်ကြားရေးမှာ အလယ်တန်းပြလုပ်နေတဲ့ CDM ကျောင်းဆရာမတစ်ဦးက ကျောင်းသားမိဘတွေထံ သတင်း စကားပါးလိုက်ပါတယ်။

Author:

Related Articles