Home ဆောင်းပါး ကိုဗစ်နဲ့ ဝမ်းရေးကြားက စက်ရုံအလုပ်သမများ

ကိုဗစ်နဲ့ ဝမ်းရေးကြားက စက်ရုံအလုပ်သမများ

နန်းဆိုင်နွမ်။ ။

“ မိဘတွေကို ငွေဘယ်လိုထောက်ပံ့ရမလဲ ဆိုတာ စဉ်းစားတိုင်း အိပ်မပျော်ဘူး။ ရက်တိုင်းလိုလို အိပ်မပျော်ဘူး” လို့ ညည်းတွားလိုက်သူ မအိမွန်စိုးကတော့ ကိုဗစ်ရောဂါကြီး မတိုင်ခင်က ပုသိမ်မြို့ မှာရှိတဲ့ အထည်ချုပ် စက်ရုံတစ်ရုံမှာ အလုပ်လုပ်ပါတယ်။

သူ့ရဲ့ တစ်လ ဝင်ငွေက ငွေကျပ် ၂ သိန်းခွဲဖြစ်ပါတယ်။ လက်ရှိ မှာတော့ ကမ္ဘာတဝှမ်း ရင်ဆိုင်နေရတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သူအလုပ်လုပ်တဲ့ စက်ရုံပိတ်သွားပြီး အလုပ်လက်မဲ့ ဖြစ်သွားရသူပါ။

ကိုဗစ်-၁၉ ကပ်ရောဂါ ရဲ့ ရိုက်ခတ်မှုက ကမ္ဘာတဝှမ်းရဲ့ စီးပွားရေးလုပ်ငန်းတွေကို သာမကဘဲ မြန်မာနိုင်ငံမှာလည်း ထိခိုက် နစ်နာမှုတွေရှိလာခဲ့ပါတယ်။ ရောဂါ ကူးစက်ခံရမှာကို စိုးရိမ်တဲ့အတွက် အလုပ်ရုံ၊ စက်ရုံတွေလည်း ဧပြီ လဆန်းပိုင်းကစပြီး ပိတ်လိုက်ရပါတယ်။

တချို့ အလုပ်ရုံတွေက ခဏတာ ပိတ်ဆိုင်းခဲ့ပေမယ့် တချို့ အလုပ်ရုံတွေကတေ့ာ အပြီးပိတ်လိုက်ရတာဖြစ်ပါတယ်။

ဒီအခြေအနေဟာ အရင်ကတည်းက နည်းပါးတဲ့လုပ်ခလစာကြောင့် မိသားစုစားဝတ်နေရေး အဆင်မပြေကြတဲ့ စက်ချုပ်ရုံ အမျိုးသမီးအလုပ်သမတွေအတွက် ငရဲပမာ ဖြစ်ခဲ့ရပါပြီ။

ပူပြင်းလှတဲ့ ဧပြီ- မေ လတွေရဲ့ အပူတွေနဲ့ ကပ်ရောဂါကူးစက်မလား စိုးရိမ်စိတ်ဟာ သူတို့ဝမ်းရေး အပူကို မယှဉ်နိုင်ခဲ့ပါဘူး။

“ အလုပ်က ဘယ်နေ့ပြန်ဖွင့်မယ်ဆိုတာ မသိသေးဘူး။ အလုပ်မရှိရင်တော့ မိဘတွေကို ငွေ ဘယ်လို ပို့ရမလဲ” လို့ မအိမွန်စိုး က ပြောပါတယ်။

မအိမွန်စိုးက အသက် ၂၁နှစ်အရွယ်သာ ရှိသေးသူဖြစ်ပါတယ်။ သူရဲ့ လစာက တစ်လ ငွေကျပ်၂သိန်းခွဲ ဖြစ်ပါတယ်။ လစာထဲက အဆောင်ခ ၅သောင်းဖယ်ထားပြီး ကျန်ငွေနဲ့ မိဘတွေကို ကျွေးမွေးနေသူ တဦးဖြစ်တဲ့ အတွက် ရှေ့ဆက်ပြီး ဘာလုပ်ရမယ်ဆိုတာကို တွေးရင်း သောက ရောက်နေရပါတယ်။

“ အလုပ်ကသာ မလုပ်ရတာ အဆောင်ကြေးကတော့ ပေးရတယ်။ ကျမ အတွက် သိပ်ပြဿနာ မရှိပေမယ့် ကျမ လစာစောင့်ဆိုင်းနေတဲ့ မိဘတွေအတွက် တွေးနေရတယ်။ မိဘတွေက ကိုယ်ပေးမှ စားရတာ” လို့ မအိမွန်စိုး က ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ အထည်ချုပ်စက်ရုံ အများစု တည်ရှိတဲ့ နေရာကတော့ ရန်ကုန်တိုင်းဒေသကြီး နဲ့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့တို့ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အထည်ချုပ်စက်ရုံ ၄၀၀ နီးပါးရှိပြီး အထည်ချုပ်အလုပ်သမားဦးရေ ၃ သိန်းခွဲလောက်ရှိတယ်လို့ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းရဲ့ ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်း စာရင်းအရ သိရပါတယ်။ အဲဒီထဲမှာ အလုပ်လုပ်ကိုင်နေသူ အများစုက အမျိုးသမီးတွေဖြစ်ပါတယ်။

မအိမွန်စိုး နည်းတူ စက်ရုံ ၊ အလုပ်ရုံ တွေမှာ အလုပ်လုပ်နေကြတဲ့ အမျိုးသမီးအလုပ်သမတွေ တော်တော်များများ ဧပြီ လဆန်းပိုင်း မှစပြီး အလုပ်လျှော့ခံရတာ ၊ အလုပ်ပိတ်သိမ်းတာတွေနဲ့ ကြုံရပြီး စားသောက်ရေး၊ နေထိုင်ရေးမှာ အကြပ်ရိုက်နေကြပါတယ်။

အလုပ်လျှော့ခံရတဲ့ အထဲပါခဲ့ရတဲ့ မဝတ်ရည်ထွန်းကတော့ ရန်ကုန်က အထည်ချုပ်စက်ရုံတစ်ရုံမှာ အလုပ်လုပ်ပါတယ်။ သူက စက်ရုံမှာ အလုပ်လုပ်ပြီး မိသားစုဝင် ၅ ဦးကို ရှာဖွေ ကျွေးမွေးနေရသူတစ်ဦးဖြစ်ပါတယ်။

“ ကျမ အလုပ်လျှော့ခံရတဲ့အထဲမှာပါတယ်။ အခက်အခဲ ကတော့ အများကြီးပါ။ အခန်းကျဉ်းထဲမှာ မိသားစု ၅ယောက်နေတယ်။ သူတို့ကို ကျမက ရှာကျွေးရတော့ သူတို့ မျက်နှာမြင်နေရင် စိတ်မကောင်းဘူး” လို့ မဝတ်ရည်ထွန်း က ပြောပြပါတယ်။

အလုပ်လျှော့ခံရတဲ့ အတွက် လစာ တစ်လစာ နဲ့အတူ နစ်နာကြေး စုစုပေါင်း ၃သိန်းကျော် ရခဲ့ပေမယ့်လည်း အဆောင်ခ နဲ့ မိသားစု အရေးကြောင့် မဝတ်ရည်ထွန်းလက်ထဲမှာ ငွေကုန်လုနီးပါးဖြစ်နေပါပြီ။

“ ဒီရောဂါကလည်း ဖြစ် ၊ စက်ရုံတွေကလည်း ပိတ်တော့ ဘာတွေ ဆက်ဖြစ်လာမှန်းမသိတော့ဘူး” လို့ မဝတ်ရည်ထွန်းတစ်ယောက် သက်ပျင်းချရင်း ပြောပါတယ်။

ကပ်ရောဂါကာလအတွင်း ရောဂါခုခံနိုင်စွမ်းမြှင့်ဖို့အတွက် အာဟာရရှိပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအသောက်တွေ စားကြဖို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ တိုက်တွန်းကြေညာချက်တွေဟာလည်း နေ့တဓူ၀ ဝမ်းရေးနပ်မှန်ဖို့အရေးတောင် ဗျာများနေရတဲ့ စက်ချုပ်ရုံ အလုပ်သမတွေအတွက် အလုပ်မဖြစ်ခဲ့ပါဘူး။

“ ဒီကာလမှာ ကျန်းမာရေး ကောင်းအောင် ဘာစားပေးရမလဲဆိုတာ ဂရုမစိုက်နိုင်ဘူး။ ကျမတို့ နေတိုင်း ကန်စွန်းရွက် ငါးပိရည်နဲ့ စားနေတာတောင် မလောက်ငှတဲ့ ဘဝပါ” လို့ ရန်ကုန် အထည်ချုပ်စက်ရုံတခုမှာ အလုပ်လုပ်နေတဲ့ အလုပ်သမား ခေါင်းဆောင် မစိုးစိုးမွန် က ပြောပါတယ်။

အလုပ်ရုံတွေ ရက်ရှည် ပိတ်လိုက်မယ်ဆိုရင် စက်ရုံဝန်ထမ်းတွေ ဒုက္ခရောက်နိုင်သလို စက်ရုံဖွင့်လို့ အလုပ်တက် ပြန်ရင်လည်း ကိုဗစ်-၁၉ ကူးစက်လာမှာကို စိုးရိမ်နေရတယ်လို့ မစိုးစိုးမွန်က ပြောပါတယ်။

“ အခု စက်ရုံ ဝန်ထမ်း တွေ အားလုံး ရင်ဆိုင်နေရတာ အဆောင်ခပါပဲ။ လစာမရှိတဲ့ကြားက အဆောင် ခ တလ ၅သောင်းပေးရတာပဲ။ နောက် ရက်ရှည်ပိတ်ရင် မိသားစုများတဲ့သူတွေ အတွက်တော့ ပြဿနာ တော်တော်ရှိလာနိုင်တယ်” လို့ မစိုးစိုးမွန်ကပြောပါတယ်။

ကိုဗစ်-၁၉ ကြောင့် စက်ရုံတွေမှာ အလုပ်သမား လျှော့ချတာ ၊ စက်ရုံပိတ်သိမ်းတာတွေကြောင့် အလုပ်လက်မဲ့ဖြစ်သွားရတဲ့ သူတွေထဲမှာ အမျိုးသမီးတွေက ထိပ်ဆုံးက ပါဝင်ကြောင်းနဲ့ သောက မျိုးစုံရင်ဆိုင် ခံစားနေရသူတွေကလည်း အခြေခံ အလုပ်သမား အမျိုးသမီးတွေသာ ဖြစ်တယ်လို့ အလုပ်သမားအရေး ကူညီ ဖြေရှင်း ဆောင်ရွက်ပေးနေတဲ့ မခခ က ပြောဆိုလိုက်ပါတယ်။

အလုပ်ပိတ်သိမ်းလိုက်တဲ့ အတွက် အလုပ်သမားတချို့ လျော်ကြေးငွေရရှိခဲ့ပေမယ့်လည်း တချို့ကတော့ မရဘူးလို့ ဆိုပါတယ်။

“ အခုတချို့ လက်ထဲမှာ စားစရာကို မရှိတော့လို့ ရှိတဲ့ နားကပ်တွေ ပေါင်တယ်။ ရောင်းတယ်။ ဘယ်လို စားသောက်လဲဆိုတော့ ငပိရည်ကျို ၊ တို့စရာနဲ့ စားရတဲ့အဖြစ်ပါ။ အသားတောင် မစားကြရဘူး” လို့ မခခ က အလုပ်သမ တွေ ရဲ့ အခက်အခဲကို ပြန်ပြောပြပါတယ်။

အလုပ်သမားအများစုက လစာဝင်ငွေ နည်းပါးတဲ့အတွက် မိသားစုတွေ စုပေါင်းပြီး နေထိုင်ရတာကြောင့် ဝင်ငွေမရှိတဲ့ အလျောက် စကားများ ရန်ဖြစ်တာတွေ ရှိလာပြီး အိမ်တွင်းအကြမ်းဖက်မှုတွေ နဲ့လည်း ရင်ဆိုင်လာရပါတယ်။

“ အမျိုးသမီးတွေ က အခု မျိုးစုံကို ရင်ဆိုင်နေရတာ။ အလုပ်မရှိတော့ ငွေကြေး အပူ ဖြစ်သလို၊ အလုပ်လက်မဲ့ဖြစ်တဲ့အတွက် အိမ်ထဲမှာနေတော့လည်း ယောက်ျားတွေရဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေက ရှိပြန်ရော။ ပြဿနာကတော့ မျိုးစုံပဲ။ အိမ်တွင်း အကြမ်းဖက်မှုဆိုတာလည်း သူတို့ မသိကြဘူး” လို့ မခခ က လက်ရှိ အခြေအနေမှာ အလုပ်သမ တွေရင်ဆိုင်နေရတဲ့ အကြောင်းကို ပြောပြပါတယ်။

Photo: The Myanmar Time

နေ့စဉ် နဲ့ အမျှ ကြားနေရတဲ့ ပြဿနာကတော့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုဖြစ်ပြီး ဒါကို တိုင်ကြားဖို့လည်း မသိသလို ၊ အကြမ်းဖက် ခံနေရတယ်ဆိုတာကိုလည်း မသိကြဘူးလို့ ဆိုပါတယ်။

“နေ့တိုင်း ပုံစံ မျိုးစုံပါပဲ။ များသောအားဖြင့်တော့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံရတာ၊ ဘယ်ကို တိုင်ရမှာလည်း မသိသလို အကြမ်းဖက်ခံနေရတာတောင် သူတို့ကိုယ် သူတို့မသိကြဘူး။ အခုချိန်က ဝင်ငွေမရှိတဲ့ အမျိုးသမီးတယောက်အနေနဲ့ကတော့ တိုင်ရင်လည်း သွားနေစရာမရှိဘူးလေ” လို့ မခခ က ဆိုပါတယ်။

ကိုဗစ် – ၁၉ ကပ်ရောဂါကို ကာကွယ်ဖို့ အထူးသဖြင့် ဧပြီလ တလလုံး စက်ရုံအားလုံး ယာယီ ပိတ်ဆိုင်းလိုက်ရပြီး ဝင်ငွေ တကျပ် တပြားမှ မရကြောင်း၊ လက်ရှိ အချိန်ထိလည်း စက်ရုံ အများစုက ပိတ်သိမ်းထားရတဲ့အတွက် မေလ မှာလည်း လုပ်ငန်းရှင်တွေအတွက် ဝင်ငွေ မရနိုင်သေးကြောင်းကိုတော့ အထည်ချုပ် စက်ရုံ လုပ်ငန်းရှင် တဦးဖြစ်တဲ့ မယဉ်ယဉ်မိုး က ပြောပြပါတယ်။

“ ဧပြီလ တလလုံး ပိတ်တယ် ။ ကျမတို့ဝင်ငွေ မရှိဘူး။ အခု ၅လပိုင်းလည်း ဝင်ငွေရှိမှာ မဟုတ်ဘူး။ ထိခိုက်တာကတော့ ဝင်ငွေ လုံးဝ မရှိတဲ့အတွက် ဒီကလေး( အလုပ်သမားတွေ) ကို လစာပေးဖို့ က ဒုက္ခတွေ့နေတယ်” လို့ မယဉ်ယဉ်မိုးက ဆိုပါတယ်။

စက်ရုံ အလုပ်ရုံ လုပ်ငန်းရှင်တွေ အနေနဲ့ လက်ရှိ အခြေအနေမှာ တိကျသေချာမှု တစုံတရာ မသိရှိသေးတာကြောင့် အလုပ်သမားတွေကို မိမိတို့ အလုပ်ရုံတွေမှာ ဆက်ပြီး ခန့်ထားနိုင်ဖို့အတွက် တွေဝေနေရတယ်လို့လည်း မယဉ်ယဉ်မိုးက ပြောပါတယ်။

“ ထိခိုက်တာကတော့ ဝင်ငွေ လုံးဝ မရှိတဲ့အတွက်ကြောင့် ကလေးတွေကို လျှော့ချရမှာလား ဆက်ပြီးထားရမှာလား ဆိုတဲ့ အနေအထားတွေ နဲ့ ဒုက္ခတွေ့နေတယ်။ ဝန်ထမ်းဦးရေ ကနည်းပေမယ့် လစာက ၄၀၀ ၊ ၅၀၀ ရှင်းဖို့ဆိုတာကတော့ တော်တော်ခက်ခဲတဲ့အခြေအနေဖြစ်လာပါပြီ” လို့ မယဉ်ယဉ်မိုးက ရှင်းပြပါတယ်။

ဒီအခြေအနေကို ထိန်းညှိနိုင်ဖို့အတွက် အစိုးရအနေနဲ့ လုပ်ငန်းရှင်တွေအတွက် ချေးငွေအစီအစဉ်တွေ ဆောင်ရွက်မှုတွေ ရှိလာသလို လူမှုဖူလုံရေးမှတ်ပုံတင်ထားတဲ့ အာမခံ အလုပ်သမားတွေကိုလည်း အလုပ်ရပ်နားထားတဲ့ ရက်အလိုက် ထည့်ဝင်ကြေးပေးသွင်းထားတဲ့ လုပ်ခလစာရဲ့ ၄၀ ရာခိုင်နှုန်းကို ထောက်ပံ့ကူညီတဲ့ အစီအစဉ်ကိုလည်း စတင်ခဲ့ပါတယ်။

“ ယာယီရပ်နားခံရတဲ့ အလုပ်သမားတွေ ကျွန်တော်တို့ဆီကို စာရင်းလာတင်ပြီးရင်တော့ ကျွန်တော်တို့ စိစစ်ပြီး ငွေကြေး ထောက်ပံ့မှု အကျိုးခံစားခွင့်တွေ လုပ်ပေးသွားမယ်။ ထည့်ဝင်ငွေ ၄၀ရာခိုင်နှုန်း ပေးပါမယ်။ ရပ်နားထားတဲ့ ရက်အတွက်ပဲပေးပါမယ်” လို့ ဦးမောင်မောင်အေး က ပြောပါတယ်။

လူမှုဖူလုံရေး ထည့်ဝင်ငွေဆိုတာကတော့ အလုပ်သမားတစ်ယောက်ရဲ့ တလစာ ဝင်ငွေထဲက ၂ ရာခိုင်နှုန်း ကို လစဉ် မပြတ်ပေးဆောင်ရတာဖြစ်ပါတယ်။ ဒီလို နစ်နာကြေးကို ထုတ်ယူဖို့အတွက် အလုပ်သမားတွေအနေနဲ့ အလုပ်ရှင်တွေရဲ့ ထောက်ခံချက်လိုအပ်ပါတယ်။

အခုချိန်ထိတော့ လူမှုဖူလုံရေး အဖွဲ့ ကနေ ကူညီထောက်ပံ့မှု တစုံတရာ မရရှိသေးတဲ့ အလုပ်သမားတွေ အများကြီးရှိသေးတယ်လို့ မအိမွန်စိုးက ပြောပြပါတယ်။

“ အလုပ်သမားတစ်ယောက်က လူမှုဖူလုံရေးကြေး ၂ရာခိုင်နှုန်း ၊ တလ ၂ထောင်ကျော်သွင်းရတယ်။ အလုပ်ရှင်က ၆ရာခိုင်နှုန်းသွင်းပေးတယ်။ လတိုင်းသွင်းတယ်။ အခု လူမှုဖူလုံရေး ကတော့ ပြန်ထောက်ပံ့မယ်လို့ပြောပေမယ့် ဘယ်လောက်ထောက်ပံ့မယ်ဆိုတာ မသိသေးဘူး” လို့ မအိမွန်စိုး က ဆိုပါတယ်။

ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံခြားသား ရင်းနှီးမြုပ်နှံတဲ့ အလုပ်ရုံတွေ အပြီးသပ် ပိတ်သိမ်းသွားတာကြောင့် တချို့ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်သွားရတဲ့ အပေါ် လူမှုဖူလုံရေး ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်ပြီး လက်ရှိမှာတော့ အလုပ်ရုံ အလုပ်သမား စိစစ်ရေးဌာန ကဆက်လက်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

လူမှုဖူလုံရေး ဥပဒေကိုလည်း ကိုဗစ်-၁၉ ကြောင့် ဖြေလျော့မှု များစွာပေးထားကြောင်း၊ အလုပ်သမားတွေ အနေနဲ့ အလုပ်လက်မဲ့ဖြစ်သွားရင်လည်း ကျန်းမာရေး အကျိုးခံစားခွင့် တနှစ် ထိ ပေးသွားမှာ ဖြစ်တယ်လို့ ဦးမောင်မောင်အေးက ဆိုပါတယ်။

အလုပ်သမား အများစုကတော့ လူမှုဖူလုံရေး ထောက်ပံ့ကြေးငွေ ကိစ္စနဲ့ ပတ်သက်ပြီး သေသေချာချာ နားလည်သဘောပေါက်မှု မရှိသလို ထောက်ပံကြေးငွေ အနေနဲ့လည်း ၄၀ရာခိုင်နှုန်းသာ ရရှိမှာ ဖြစ်တဲ့အတွက် ရေရှည် လုံလောက်မှု မရှိနိုင်ဘူးလို့ စက်ရုံ အလုပ်သမားတွေက ညည်းတွားနေကြပါတယ်။

“ အလုပ်လျှော့ခံရတော့ လစာ တသိန်းကျော်နဲ့ နှစ်ကြေး ၄သောင်း ၈ထောင်ရတယ်။ အခုတောင် တော်တော် ဒုက္ခရောက်နေပြီ။ တစ်လ လုပ်စာ တစ်လစားရတဲ့ သမားတွေပဲ။ လစာမရှိရင် အရမ်းသိသာတယ်။ အခု ရထားတာတွေ မရှိတော့ဘူး ” လို့ ပုသိမ်မြို့သိုးမွှေးစက်ရုံတစ်ရုံက အလုပ်သမားလျှော့ချခံရသူထဲ ပါဝင်ခဲ့သူ မတင်မာဦးက ပြောပါတယ်။

လက်ရှိ ကိုဗစ်-၁၉ ကာလမှာ မြန်မာတစ်နိုင်ငံလုံး နေ့စဉ် လူအများ အသုံးပြု နေရတဲ့ Mask (မျက်နှာဖုံး၊ နှာခေါင်းစည်း) တွေ နဲ့ ဆေးရုံသုံး PPE ဝတ်စုံတွေ ကို နိုင်ငံခြားကနေ အဓိက မှာယူအသုံးပြုနေရတာဖြစ်ပါတယ်။

ဒါကြောင့် အလုပ်လက်မဲ့ဖြစ်သွားရသူတွေ ၊ အလုပ်သမားလျှော့ချခံရတဲ့အထဲ ပါသွားရသူတွေ အနေနဲ့ မိမိဒေသ အလိုက် စက်ရုံတွေမှာ Mask (နှာခေါင်းစည်း) တွေ နဲ့ PPE ဝတ်စုံတွေကို ချုပ်ခိုင်းပြီး အလုပ်ဖန်တီးပေးနိုင်သလို အလှူရှင်တွေကိုလည်း အဲဒီ စက်ရုံတွေမှာ လာရောက်ဝယ်ယူပြီး လှူဒါန်းလို့ရနိုင်ကြောင်း လှုံ့ဆော်မှုတွေ လုပ်မယ်ဆိုရင် ပြည်တွင်း ထုတ်ကုန် ကို အလိုအလျောက် အားပေးမှုတွေဖြစ်သွားမယ်လို့ အလုပ်သမား အရေး ဆောင်ရွက်သူတွေက ပြောဆိုလိုက်ပါတယ်။

“ အဓိကတော့ အလုပ်လက်မဲ့အမျိုးသမီးတွေ ဘာတွေ လုပ်တတ်လဲ။ သူတို့ကျွမ်းကျင်တဲ့ အိမ်တွင်းမှု က ဘာတွေလဲ။ ကျမ သိရသလောက်တော့ PPE ဝတ်စုံ သေချာ ချုပ်နိုင်တယ်။ Mask သေချာ လုပ်နိုင်တယ်။ ဒါကို အစိုးရ က ထောက်ပံ့ပေးရင် သူတို့ လည်း ဝင်ငွေရ ၊ ပြည်ပကနေလည်း မှာစရာ မလိုတော့ဘူး” လို့ မခခ က အစိုးရကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။

အလုပ်လက်မဲ့ ဖြစ်သွားတဲ့ အမျိုးသမီးတွေကို ထောက်ပံ့ပေးမယ်ဆိုရင်တောင် အများဆုံး လစာ တစ်လစာသာ ထောက်ပံ့ပေးနိုင်တဲ့အတွက် အလုပ်သမားတွေရဲ့ ကျွမ်းကျင်မှုကို စစ်တမ်း ကောက်ယူပြီး အခု ကာလအတွင်း ကျန်းမာရေးစိစစ်ကာ အလုပ်အကိုင် ဖန်တီးပေးတာက ပိုပြီးထိရောက်နိုင်တဲ့အကြောင်း အလုပ်လက်မဲ့ ဖြစ်သွားတဲ့ အမျိုးသမီးတွေက ထောက်ပြပါတယ်။

လက်ရှိ အချိန်ထိ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ စက်ရုံ၊ အလုပ်ရုံ ၆ထောင်ကျော် ကို အဆင့် သတ်မှတ်ချက် အလိုက် စစ်ဆေးပြီး ပြန်လည် ဖွင့်လှစ်ခွင့် ပြုသွားမှာ ဖြစ်ပြီး မေလ ၁၅ ရက် အထိ စစ်ဆေးသွားမယ်လို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အား ဝန်ကြီး ဌာန မှ စုံစမ်းသိရပါတယ်။

ဆင်းရဲတဲ့နိုင်ငံဖြစ်တဲ့အလျောက် ကပ်ရောဂါနဲ့ ဒွန်တွဲပါလာတဲ့ စီးပွားပျက်ကပ်ကြားမှာ အစိုးရနဲ့ အလုပ်ရှင်တွေအနေနဲ့ ဘယ်လောက်ထိ ညှိနှိုင်းကျားကန်ထားနိုင်မလဲဆိုတာတော့ မသေချာသေးပါဘူး။ ဒါပေမဲ့ တစ်ယောက်လုပ်စာကို တစ်မိသားစုလုံး မှီခိုနေကြရတဲ့ မအိမွန်စိုးတို့လို အထည်ချုပ်အလုပ်သမတွေကတော့ ရောဂါကာလမှာ အိမ်တွင်းပုန်းနေရမယ့်အစား အလုပ်ပြန်ခေါ်မယ့် သတင်းကိုသာ ရင်တမမနဲ့ မနက်၊ ည အချိန်တိုင်း နားစွင့်လို့ နေကြရပါတယ်။

“ကျမကတော့ အလုပ်ပြန်ခေါ်ရင် လုပ်မှာပဲ။ ရောဂါထက် ငတ်တာနဲ့ မိဘတွေ မပို့နိုင်မှာ ကြောက်တာ။ စားဖို့က အရေးကြီးတယ်လေ” မအိမွန်စိုး ကပြောပါတယ်။

Author:

Related Articles