Home ဆောင်းပါး စစ်ပဋိပက္ခကြား စစ်မိစ္ဆာတွေရဲ့ မုဒိမ်းကျင့်သတ်ဖြတ်မှုများ

စစ်ပဋိပက္ခကြား စစ်မိစ္ဆာတွေရဲ့ မုဒိမ်းကျင့်သတ်ဖြတ်မှုများ

ရှင်ငြိမ်း 

အာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်တပ်က အမျိုးသမီးတွေအပေါ် အုပ်စုလိုက်မုဒိမ်းကျင့်တာ၊ မုဒိမ်းကျင့်သတ်ဖြတ်မှု တွေက ပိုမိုဆိုးဝါးလာပြီး အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတွေနဲ့ အမျိုးသမီးအဖွဲ့ အ စည်းတွေက သတိပေးနေပါတယ်။

အထူးသဖြင့် စစ်ပဋိပက္ခအတွင်း အမျိုးသမီးနဲ့ကလေးတွေကို ဦးတည်ပြီး အရှင်လတ်လတ်မီးရှို့တာတွေ၊ ကိုယ်လက်အင်္ဂါ တွေကို ဖြတ်တောက်တာစတဲ့ ရက်စက်ကြမ်းကြုတ်တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ကို လုပ်ဆောင်လာတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)-WLBက အထွေထွေအတွင်းရေးမှူး နာင်းမို့မို့က ဆိုပါတယ်။

ထင်ရှားတဲ့ဖြစ်စဉ်တွေကတော့ ဝက်လက်နယ်က ကိုယ်ဝန်သုံးလရှိတဲ့အမျိုးသမီး၊ ကင်းတော်ရွာက ဒေသကာကွယ်ရေး (PDF) တပ်မှ ရဲမေနှစ်ဦး၊ အသက်၅၀ကျော်အရွယ် သရဖီကျေးရွာမှ ဒေါ်တင်နုနဲ့ မိုးဗြဲက အသက်၂၀အရွယ် အမျိုးသမီးနှစ်ဦး မုဒိမ်း ကျင့်သတ်ဖြတ်ခံရတဲ့လုပ်ရပ်တွေက သက်သေခံနေပါတယ်။

စစ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နဲ့ ၂၀၂၃ အောက်တိုဘာအကြား လိင်အကြမ်းဖက်အမှုပေါင်း ၅၉ ခုရှိ ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

WLBရဲ့ ထုတ်ပြန်စာရင်းတွေမှာလည်း အာဏာသိမ်းပြီးတဲ့အချိန်မှစလို့ အောက်တိုဘာ ၂ ရက်အထိ စစ်တပ်ရဲ့အကြမ်းဖက်မှု ကြောင့် သေဆုံးခဲ့ရတဲ့အမျိုးသမီးစုစုပေါင်း ၆၁၈ ဦးရှိပြီး ဒီထဲမှာ ၁၅ဦးကတော့ မုဒိမ်းကျင့်သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုထားပါ တယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP)ရဲ့စာရင်းတွေမှာလည်း ယခုနှစ်ဇန်နဝါရီလမှ အောက်တိုဘာ ၂၅ ရက်အထိ အကြမ်းဖက်စစ်တပ်လက်ချက်နဲ့ နိုင်ငံတဝှမ်းအမျိုးသမီး ၂၉၃ ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

“ ဒီလိုလူသတ်မုဒိမ်းကျင့်တဲ့နည်းနဲ့တော့ ဘယ်လိုမှနိုင်ငံရေးတည်ငြိမ်အောင်လုပ်နိုင်မှာမဟုတ်ဘူး။ ပိုဆိုးလာရုံပဲရှိမယ်။”လို့ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

သို့ပေမဲ့ စစ်တပ်ဘက်ကတော့ စစ်သားတွေက ဒီလိုကျူးလွန်မှုတွေမလုပ်ဘူးလို့ မီဒီယာတွေကမေးတိုင်း ငြင်းဆိုနေတာဖြစ်တယ်။ မည်သို့ပဲငြင်းဆန်နေပါစေ အမျိုးသမီးတွေအပေါ်မှာ အိမ်ထောင်သည်၊ ကိုယ်ဝန်ဆောင်၊ သက်ကြီးရွယ်အိုနဲ့ကလေး သူငယ်လို့ခွဲခြားမနေဘဲ မုဒိမ်းကျင့်လူသတ်နေတယ်ဆိုတဲ့သက်သေတွေက အထင်အရှားရှိနေတာဖြစ်တယ်။

သိသာမြင်သာတဲ့ဖြစ်စဉ်ကတော့ ယခုနှစ် သြဂုတ်လ ၂၆ ရက်က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျီးကန်မြောက်ရွာမှ အသက် ၂၀ ဝန်းကျင်သာရှိသေးတဲ့ မရွှေမန်းသူရဲ့ဖြစ်စဉ်က အထင်ရှားဆုံးဖြစ်တယ်။

စစ်သားတွေက မရွှေမန်းသူကို အုပ်စုလိုက် အကြိမ်ကြိမ်မုဒိမ်းကျင့်ပြီး လည်ပင်းကိုလှီးဖြတ်ကာ ခန္ဓာကိုယ်ကိုဓါးနဲ့မွှန်း သတ်ဖြတ်သွားတာပါ။ မရွှေမန်းသူဟာ သေဆုံးတဲ့အချိန်မှာ ကိုယ်ဝန် သုံးလလွယ်ထားတာဖြစ်တယ်။ 
စစ်အာဏာသိမ်းကာလအတွင် လိင်အကြမ်းဖက်အမှုပေါင်း ၅၉ ခုရှိကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မရွှေမန်းသူဟာ အခုလိုလူမဆန်စွာ ရက်ရက်စက်စက်မုဒိမ်းကျင့်သတ်ဖြတ်သွားရတဲ့အကြောင်းအရင်းကလည်း သူရဲ့ အမျိုး သားက ဒေသကာကွယ်ရေး(PDF)တပ်ဖွဲ့ဝင်တစ်ဦးဖြစ်တာကြောင့်လို့  မရွှေမန်းသူရဲ့ယောင်းမဖြစ်သူက ပြောပါတယ်။

အဲ့ဒီနေ့နံနက်ပိုင်းက ကျီးကန်မြောက်ရွာအနီးမှာ စစ်ကြောင်းထိုး၊ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်အင်အား ၁၀၀ နီးပါးရှိတဲ့ စစ် သားတွေဟာ ရွာထဲကိုဝင်ရောက်စီးနင်းပြီး မရွှေမန်းသူအပါအဝင် ရွာသား ၃၀ ကျော်ကို ဖမ်းဆီးသွားတာဖြစ်တယ်။

ကျန်တဲ့ရွာသားတွေက စစ်ကြောင်းဝင်မလာမီကတည်းက ထွက်ပြေးတိမ်းရှောင်နေကြတာပါ။ ရွာဘုန်းကြီးကျောင်းထဲမှာ ဖမ်းခေါ်ထားသူတွေရဲ့ဖုန်းတွေကို သိမ်းယူတဲ့အပြင် စပါးပွဲစားတစ်ဦးရဲ့ငွေသိန်း ၅၀၀ ကျော်ကို လည်းသိမ်းယူသွားခဲ့ တယ်။

သူတို့တွေကိုစစ်ဆေးပြီးတော့ ပြန်လွှတ်ပေးလိုက်ပေမယ့် ရွှေမန်းသူရဲ့မိသားစုဝင်လေးဦးနဲ့ ရွာသားနှစ်ဦးကိုတော့ ထပ်မံစစ် ဆေးဖို့ဆိုပြီး နောက်တစ်နေရာကို ခေါ်သွားခဲ့တာဖြစ်တယ်။ ဒါကလည်း ရွှေမန်းသူတို့အိမ်ထဲ ဝင်ရောက်စစ်ဆေးတော့ ဗီရိုထဲ က ရွှေမန်းသူအမျိုးသားဝတ်တဲ့ပြောက်ကျားဘောင်းဘီကို စစ်သားတွေက တွေ့ရှိသွားတာကြောင့်ပါ။

ပိတ်ထားတဲ့ လ္ဘက်ရည်ဆိုင်အပြင်ခန်းမှာ မရွှေမန်းသူဖခင်နဲ့ ရွာသားနှစ်ဦးကို ချုပ်နှောင်ထားပြီး အတွင်းခန်း သုံးခုမှာတော့ မရွှေမန်းသူ၊ သူရဲ့ယောင်းမနဲ့ မိခင်ဖြစ်သူကို တစ်ခန်းစီ သီးခြားဖမ်းချုပ်ထားတာဖြစ်တယ်။

“ အဲနေ့ကလေ ရွှေမန်းသူက မလုပ်ပါနဲ့တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်ဆိုတာတောင် ဟိုကောင်(စစ်သား)တွေ နှမခြင်းမစာနာ ဆဲဆိုပြီးမုဒိမ်းကျင့်တာ။ အဲ့မှာစစ်သားတွေက တစ်ယောက်ဝင်တစ်ယောက်ထွက်နဲ့ မုဒိမ်းကျင့်တာ ငါးနာရီ လောက်ကြာမယ်ထင်တယ်။”လို့  မရွှေမန်းသူရဲ့ယောင်းမဖြစ်သူက ပြောပါတယ်။

ဖမ်းခေါ်မသွားမီ ရွှေမန်းသူကို ပြောက်ကျားဘောင်းဘီ၊ အကျီတီရှပ်အနက်ဝတ်ခိုင်းပြီး မရွှေမန်းသူရဲ့မိခင်နဲ့ ယောင်းမဖြစ်သူ ကို ထားခဲ့ကာ ရွှေမန်းသူအပါအဝင် သူ့အဖေနဲ့ ရွာသား နှစ်ဦးကိုဖမ်းခေါ်သွားတာဖြစ်တယ်။

သူတို့ သုံဦးကို ဘယ်နေရာခေါ်သွားတယ်ဆိုတာ လိုက်ကြည့်ဖို့ကလည်း စစ်သားတွေပစ်သတ်မှာကြောက်တာကြောင့် ဘယ်သူမှ မလိုက်ရဲခဲ့ကြပါဘူး။ နောက်နေ့မှ နယ်မြေရှင်းလင်းရေးလုပ်ဖို့လာတဲ့ဒေသကာကွယ်ရေးတပ်တွေက ရွှေမန်းသူ သူတို့ရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ရတာဖြစ်တယ်။

“ ကျနော်တို့တွေ့တဲ့အချိန်မှာ ပက်လက်အနေနဲ့အထားနဲ့ သူ့မိန်းမကိုယ်ထဲမှာလည်း ရိုင်ရယ်ဒီအချိုရည်ဗူးက တဝက်နီးနီး လောက်ကိုထည့်သွားတာ။ ရင်ဘတ်မှာထိုးသွင်းဒဏ်ရာနဲ့ လက်လည်းဓါးနဲ့မွှန်းထားတယ်။”လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ် ဦးက ပြောပါတယ်။

စစ်သားတွေက မရွှေမန်းသူဝတ်ထားတဲ့နားကပ်ကိုလည်း နားဖြတ်ကာယူသွားတာဖြစ်တယ်။ အခုလိုကိုယ်ဝန်ဆောင်တစ်ဦး ကို မုဒိမ်းကျင့်သတ်ဖြတ်တယ်ဆိုတာ အတော်လေးလူမဆန်တဲ့လုပ်ရပ်ဖြစ်သလို လက်ခံနိုင်စရာလည်းမရှိဘူးလို့ အမျိုး သမီးအရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ မနီ(အမည်လွှဲ) ဝေဖန်ရှုတ်ချထားပါတယ်။

စစ်တပ်အနေနဲ့ အမျိုးသမီးတွေအပေါ် မုဒိမ်းကျင့်သတ်ဖြတ်တာတွေမလုပ်ဘူးလို့ငြင်းထားပေမယ့် စစ်တပ်ရဲ့တယ်လီဂရမ် မှာတော့ ဝက်လက်နယ်၊ ကျီးကန်ကျေးရွာအနီးမှာ PDF ၄ ဦးအား အသေပစ်ခတ်ဖမ်းမိတဲ့အကြောင်းကို ဓာတ်ပုံတွေနဲ့ ဖြန့် ဝေထားတာပါ။

အကြမ်းဖက်စစ်တပ်ဟာ အမျိုးသမီးတွေကို ဘယ်လိုပစ်မှတ်ထားနေသလဲဆိုရင် စစ်ကိုင်းမြို့နယ်ထဲက ကင်းတော်ရွာအနီး ဒေသကာကွယ်ရေးတပ်(PDF)စခန်းကို ဝင်စီးပြီး တော်လှန်ရေးရဲမေ ၂ ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်သတ် ဖြတ်ခဲ့တဲ့လုပ်ရပ်က သက်သေခံနေပါတယ်။

တော်လှန်ရေး ရဲမေ ၂ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ပြီးနောက် မီးမရှို့ဘဲ လူမြင်ကွင်းမှာ ရုပ်အလောင်းတွေကို ဝတ်လစ်စလစ်နဲ့ ပက်လက်အနေအထားအတိုင်း ပစ်ထားခဲ့တာဖြစ်တယ်။

ဒီဖြစ်စဉ်ဟာ ယခုနှစ် ဇွန်လ ၂၅ ရက်၊ နံနက် ၅ နာရီဝန်းကျင်မှာ စစ်တပ်က ကင်းတော်ရွာထဲ ရုတ်တရက်ဝင်ရောက်စီးနင်းခဲ့တာကြောင့်ဖြစ်တယ်။ ရုတ်တရက်ဖြစ်လို့ ပြန်လည်ခုခံချိန်မရတဲ့အတွက် တော်လှန်ရေးရဲမေ နှစ်ဦးအပါအဝင် တပ်သား ၁၅ ဦး သေဆုံးခဲ့ရပါတယ်။

ရွာထဲစစ်ကြောင်းဖြတ်သွားစဉ်မှာလည်း စစ်သားတွေက အရပ်သား သုံးဦးကို ပစ်ခတ်သတ်ဖြတ်သွားပြီး တချို့ကို ဖမ်းသွား တာဖြစ်တယ်။ ဒါပေမဲ့ ရွာထဲကပြန်ထွက်သွားချိန်မှာတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။

ပြန်လွှတ်လာသူတွေရဲ့ပြောပြချက်အရ ဒီတော်လှန်ရေးရဲမေနှစ်ဦးကို စစ်တပ်ကမသတ်ခင်မှာ အုပ်စုလိုက်မုဒိမ်းကျင့်ပြီးနောက် အခုလိုအဝတ်အစားတွေချွတ်ကာ သေနတ်နဲ့ တစ်ချက်၊ ဓါးနဲ့နှစ်ချက်ထိုးသတ်သွားတာဖြစ်တယ်။

“ တော်လှန်ရေးကာလမှာ အမျိုးသမီးတွေကို ဒီလိုလုပ်တာက ကြောက်ရွံ့စိတ်ဖြစ်အောင်ပေါ့။ ရဲမေတွေကို မုဒိမ်းကျင့်သတ် ပြီး လူမြင်ကွင်းမှာ အရှက်ရအောင်လုပ်တာကတော့ တော်လှန်ရေးသမားတွေရဲ့စိတ်ကို ရိုက်ချိုးချင်တဲ့သဘောပဲ။”လို့ Zero ပြောက်ကျားတပ်ဖွဲ့မှ ပြောပါတယ်။

ဒီဖြစ်ရပ်ကို ကြည့်မယ်ဆိုလည်း စစ်တပ်ရဲ့ကြမ်းကြုတ်ရက်စက်မှုတွေက အထင်အရှားပေါ်လွင်နေတာဖြစ်တယ်။ ဒါ့အပြင် အကြမ်းဖက်စစ်တပ်ဟာ သက်ကြီးရွယ်အိုတွေလည်းမရှောင် မုဒိမ်းကျင့်သတ်ဖြတ်မှုလုပ်နေတယ်ဆိုတာ မကွေးတိုင်း၊ သရဖီ ကျေးရွာမှ မုဒိမ်းကျင့်သတ်ဖြတ်ခံခဲ့ရတဲ့ဒေါ်တင်နုရဲ့ဖြစ်ရပ်က သက်သေခံနေပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၈ ရက်၊ နံနက် ၁၀ နာရီလောက်မှာ စစ်တပ်က မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက သရဖီကျေးရွာကို စစ် အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တာဖြစ်တယ်။

စစ်သားတွေက ရွာထဲရုတ်တရက်ဝင်လာတာကြောင့် တချို့လည်း ပြေးလို့လွတ်ပေမယ့် မပြေးနိုင်ဘဲကျန်ခဲ့တဲ့သူတွေကို စစ်တပ်က လူသားဒိုင်းအဖြစ်အသုံးပြုဖို့ ဖမ်းခေါ်သွားရာမှာ ဒေါ်တင်နုလည်းပါဝင်ခဲ့တယ်။

စစ်သားတွေက ရွာကို မီးရှို့ပြီးထွက်သွားတော့ ကျန်လူတွေကိုလွတ်ပေးလိုက်ပေမယ့် ဒေါ်တင်နုကိုတော့ ရွာထိပ်မှာ မုဒိမ်းကျင့်ပြီး သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

“ ဒေါ်တင်နုက အသက်လည်းကြီးနေပါပြီ။ အသက် ၅၀ လောက်ဆိုတော့ သူတို့အမေလောက်တောင်ရှိချင်ရှိမှာ။ အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ အဖမ်းခံရပြီဆိုတာ မုဒိမ်းကျင့်ခံရဖို့များနေပြီ။ အမျိုးသမီးတွေမလုံခြုံတော့ဘူး။”လို့ ဒေသခံ အမျိုးသမီးက ဆိုပါတယ်။

အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်၊ စည်ကားရပ်ကွက်မှာနေထိုင်တဲ့အမျိုးသမီးငယ်နှစ်ယောက် မုဒိမ်းကျင့် သတ် ဖြတ်ခံရတဲ့ကိစ္စဆိုလည်း အမျိုးသမီးတွေအပေါ် ရည်ရွယ်ချက်ရှိရှိနဲ့ အကြမ်းဖက်နေတာကို တွေ့ရမှာဖြစ်တယ်။

ယခုနှစ် ဇွန်လ ၈ ရက်မှာ စစ်သားတွေဟာ မိုးဗြဲနယ်ထဲကို စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံတွေဟာ ထွက်ပြေးကြပါ တယ်။ တချို့လည်း မပြေးနိုင်လို့ ရပ်ကွက်ထဲမှာနေနေခဲ့တယ်။

ဒီမှာစစ်သားတွေက ရပ်ကွက်ထဲက အိမ်တွေပေါ်တက်ပြီး ပစ္စည်းတွေယူရင်း ဖခင်နဲ့သမီး နှစ်ယောက်သာရှိတဲ့ အိမ်ကို ရောက် လာပြီး သူတို့အားလုံးကို ဖမ်းချုပ်ထားလိုက်ပါတယ်။ ဖခင်ကိုအိမ်ပေါ်မှာချုပ်ထားပြီး သမီးနှစ်ယောက်ကိုတော့ အိမ်အနောက် ထဲ ဖမ်းခေါ်သွားကာ အုပ်စုလိုက်မုဒိမ်းကျင့်ခဲ့တာဖြစ်တယ်။

“ မုဒိန်းကျင့်ခံရတဲ့ အသက် ၂၀ ကျော် အမျိုးသမီးနှစ်ယောက်နဲ့ သူတို့အဖေအပါ သုံးယောက်လုံးကို သတ်သွားတယ်။ သေနတ်နဲ့ ခေါင်းပစ်သတ်သွားတာ။ ဦးခေါင်းတွေကြေမွနေတယ်။”လို့ ဒေသခံဖြစ်တဲ့ဒေါ်သန်းက ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့လုပ်ရပ်တွေဟာ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားတဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးစာချုပ်ဖြစ်တဲ့ စီဒေါစာချုပ်ပါ အချက်တွေထက်ကျော်လွန်ပြီး လုပ်ဆောင်နေတယ်လို့ WLB က အထွေထွေ အတွင်းရေးမှူး နာင်းမို့မို့က ထောက်ပြပါတယ်။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ကုလသမဂ္ဂရဲ့အဖွဲ့ဝင်နိုင်ငံတွေက လိုက်နာပါ့မယ်ဆိုတဲ့ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၁၃၂၅ ၊ ၁၈၂၀ ပါတဲ့ အမျိုးသမီးနဲ့ ကလေးတွေကို စစ်ပွဲအတွင်းမှာ ဓါးစာခံအနေနဲ့အသုံးပြုတာ အသုံးချတာတွေ လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်တာ၊ သတ်ဖြတ်တာတွေက လုံးဝလုပ်ဆောင်လို့ မရဘူးဆိုတာ အတိအလင်းဖော်ပြထားတာပါ။

အမျိုးသမီးနဲ့ ကလေးတွေကိုဦးတည်ပြီးတော့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာ၊ မုဒိမ်းကျင့်တာ၊ သတ်ဖြတ်တာတို့ လုပ် ဆောင်တယ်ဆိုရင် ဒါက စစ်ရာဇဝတ်မှု၊ လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ရာဇဝတ်မှုဖြစ်တယ်လို့ နှောင်းမို့မို့က ဆိုပါတယ်။

“ အမျိုးသမီးတွေကို ပုံစံအမျိုးမျိုးနဲ့သတ်ဖြတ်တာက ကျမတို့အနေနဲ့ သည်းခံလို့မရတဲ့အကြမ်းဖက်မှုတွေဖြစ်တယ်။ ဒီလို လုပ်ရပ်တွေအတွက် တစ်နေ့နေ့၊ တစ်ချိန်ချိန်မှာ စစ်တပ်အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကိုမဖြစ်မနေရှိလာရမှာဖြစ်တယ်။” လို့ ပြောပါတယ်။

စစ်ရေးအရဖြစ်ဖြစ်၊ စိတ်ဓါတ်စစ်ဆင်ရေးလုပ်တာဖြစ်ဖြစ် ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ် စစ်ပွဲအတွင်း အမျိုးသမီးတွေကို ဘယ်လိုအကြောင်းနဲ့မှ အကြမ်းဖက်လို့မရဘူးလို့ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ မနီက သတိပေးထားပါတယ်။

အကြမ်းဖက်စစ်တပ်က အမျိုးသမီးတွေကို ဘယ်လိုနည်းနဲ့ပဲ အကြမ်းဖက်အနိုင်ကျင့်စော်ကားနေပါစေ အမျိုးသမီးတွေဟာ ဘယ်တော့မှ ဒူးလည်းမထောက်၊ ဦးလည်းမညွတ်ဘူးဆိုတာ နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့သူတို့ရဲ့လုပ်ရပ်တွေက သက် သေခံလျှက်ရှိနေပါတယ်။

Author:

Related Articles