Home ဆောင်းပါး အကျပ်အတည်းများကြား အားမာန်အပြည့်နဲ့ ဆက်လျှောက်နေတဲ့ CDM ဝန်ထမ်းအမျိုးသမီးများ

အကျပ်အတည်းများကြား အားမာန်အပြည့်နဲ့ ဆက်လျှောက်နေတဲ့ CDM ဝန်ထမ်းအမျိုးသမီးများ

ရွှေသွဲ့ ။ ။

“ညမ CDM လား ဒါဆိုရင်တော့ လျှောက်လွှာလေး ပြန်ယူသွားလိုက်ပါနော်”

ပုဂ္ဂလိကကျောင်းရဲ့ အလုပ်ခေါ်စာလျှောက်လွှာမှာ လိုအပ်တာတွေဖြည့်ပြီး စားပွဲပေါ်တင်ပေးလိုက်တဲ့အချိန်မှာ အလုပ်ခေါ် စာလက်ခံတဲ့ သူက တုန့်ပြန်ပြောဆိုလိုက်တာပါ။

အလယ်တန်းပြဆရာမ ဒေါ်နှင်းမြ (အမည်လွှဲ) ဟာ ပညာရေးလောကထဲမှာ ၁၀နှစ်ကျော် လုပ်ခဲ့တဲ့အတွက် သူကျွမ်းကျင်တဲ့ အလုပ်တစ်ခုဖြစ်တာကြောင့် သွားလျှောက်ခဲ့ပေမယ့်လည်း အခုလို ငြင်းပယ်တာ ခံလိုက်ရတာပါ။ 

စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်  စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ရပ်တန့်သွားဖို့ ရည်ရွယ်ချက်နဲ့ နယ်ပယ် အသီးသီးက အစိုးရဝန်ထမ်းတွေ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတွေဟာ အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုမှာ ပါဝင်ပြီး လုပ်ငန်းခွင်ကို ကျောခိုင်းခဲ့ကြပါတယ်။

CDM လှုပ်ရှားမှုမှာ အစိုးရဝန်ထမ်းဘယ်လောက်ပါဝင်သလဲဆိုတာ အတိအကျပြောဖို့ခက်ခဲပေမယ့် သိန်းနဲ့ချီတယ်ဆိုတာ တော့ အသေအချာပါပဲ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့အဆိုအရကတော့ NUG စာရင်းဝင် CDM ဝန်ထမ်းဟာ လေးသိန်းကျော်ရှိပါတယ်။

အခက်အခဲအမျိုးမျိုးကြားက ၁၀ လကျော်ကြာတောင့်ခံခဲ့ကြပေမယ့် အခုလို အချိန်ကြာလာတဲ့အခါမှာတော့ စားဝတ်နေ ရေးအတွက် ရုန်းကန်ရာမှာ ဒေါ်နှင်းမြလိုပဲ CDM မှာပါဝင်တဲ့ ဝန်ထမ်း အချို့ဟာ ခက်ခဲလာပါတော့တယ်။

ဒီလိုအခက်အခဲတွေရှိလာတဲ့အတွက် ရရာအလုပ်ဝင်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး ပုဂ္ဂလိကကုမ္ပဏီတွေမှာ ဝင်လျှောက်ခဲ့ပေမယ့် လည်း အခုချိန်ထိတော့ အလုပ်မရသေးပါဘူး။

“ကိုယ်က ပညာရေးဘက်ကဆိုတော့ ပညာရေးဆိုင်နဲ့ ခေါ်တဲ့ အလုပ်တွေဆို မလွတ်တမ်းနီးပါး လျှောက်တယ်။ အင်တာနက် က ခေါ်တဲ့အလုပ်တွေလည်း လျှောက်တယ်။ ဒါပေမယ့်လည်း မရပါဘူး” လို့ ဒေါ်နှင်းမြ က ဖွင့်ဟလာပါတယ်။

ဒေါ်နှင်းမြ လစာကို မှီခိုနေတဲ့ မိသားစုရှိတဲ့အတွက် အစပိုင်းမှာ ယခင်စုဆောင်းထားတဲ့ လက်ဝတ်ရတနာတစ်ချို့ ရောင်းချ ပြီး အိမ်စရိတ်ကို ဖြေရှင်းနိုင်ခဲ့ပေမယ့် တော်လှန်ရေးကာလက ဘယ်လောက်ထိ ရေရှည်မလဲဆိုတာ တွက်ဆလို့ မရဘူးဆို တာ ဒေါ်နှင်းမြ ကြိုတွက်ပြီးသားဖြစ်တဲ့အတွက်  ရပ်ကွက်ထဲက အပ်ချုပ်ဆိုင်မှာလက်ချုပ်လိုက်တာ၊ ပန်းအလှထိုးတာမျိုး တော့ အလုပ်ရှိတဲ့ရက်ဆို သွားလုပ်နေခဲ့တာပါ။

“အပ်ချုပ်ဆိုင်က လူလိုရင် ဖုန်းလှမ်းဆက်ခေါ်တယ်။ အဲ့ဒီဆိုင်က အဆက်နဲ့ပဲ အလှပြင်ဆိုင်က မင်္ဂလာပွဲရက်တွေရှိရင် သူတို့ နောက်ကလိုတာ ကူဖို့လည်း ခေါ်ခိုင်းတယ်” လို့ ဒေါ်နှင်းမြက ဆိုပါတယ်။

ကျောင်းဆရာမ တယောက်အနေနဲ့ ဒီလိုအလုပ်တွေ လိုက်လုပ်ရတာ အစပိုင်းမှာ မဝံ့မရဲဖြစ်ပေမယ့်လည်း နောက်ပိုင်းမှာ တော့ ရိုးရိုးသားသား ရှာဖွေတာပဲဆိုတဲ့စိတ်နဲ့ ပြန်ဖြေလိုက်တယ်လို့ ဆိုပါသေးတယ်။

ဆယ်တန်းအောင်ပြီးကတည်းက သူဝါသနာပါတဲ့ ကျောင်းဆရာမ  လုပ်လာတာဆိုတော့ အနည်းဆုံးတော့ ပုံမှန်လစာရတဲ့ အလုပ်လေး လိုချင်တဲ့အတွက် ဒေါ်နှင်းမြ တစ်ယောက် တခြားနေရာတွေမှာလည်း ကြိုးစားပြီး အလုပ်ရှာဖွေနေသူ ဖြစ်ပါ တယ်။

ဒေါ်နှင်းမြတစ်ယောက်ထဲ အလုပ်ရဖို့ ခက်ခဲနေတာတော့ မဟုတ်ပါဘူး။ ဒေါ်နှင်းမြလိုပဲ  ဌာနပေါင်းစုံက CDM လုပ်တဲ့ ဝန်ထမ်းအများစုမှာလည်း ဒုက္ခကိုယ်စီတွေနဲ့ပါ။

Facebook ပေါ်မှာ Group တစ်ခုထောင်ထားတဲ့ “CDM ဝန်ထမ်းများ ဆုံစည်းရာ” ဆိုတဲ့ Group မှာ CDM အဖွဲ့ဝင်ပေါင်း ငါးသောင်းနီးပါးရှိပြီး အဲ့ဒီမှာ အများစုက  စားဝတ်နေရေး အဆင်မပြေတာတွေ၊ CDM ဖြစ်တဲ့အတွက် အလုပ်ရှာရခက်တာ တွေ၊ နှိမ့်ချဆက်ဆံခံရတာတွေ၊ ခြိမ်းခြောက်မှုတွေ အစရှိတဲ့ ကိုယ်စီကြုံတွေ့ရတဲ့ အခက်အခဲတွေ ရင်ဖွင့်ရေးသားထားတာ ကို ကြည့်ခြင်းအားဖြင့်  CDM သမားတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ မြင်သာလှပါတယ်။

Photo Credit – Shwe Thwe

အများစုက သူတို့တွေရဲ့ အခက်အခဲတွေ အဆင်မပြေမှုတွေကို ပြန်လည်မျှဝေထားကြပေမယ့် အားလုံးက တောင့်ခံထားဖို့နဲ့ ဒီတိုက်ပွဲကို အဆုံးထိ တိုက်မှာဖြစ်တဲ့အတွက် ဘယ်လိုကြမ်းတမ်းတဲ့ လောကဒဏ်နဲ့ ရင်ဆိုင်ရပါစေ မဆုတ်မနစ်ဆက်ပြီး အဆုံးထိ တိုက်သွားကြမယ်ဆိုတာမျိုး တစ်ဦးကိုတစ်ဦး ပြန်လည်ဖေးမကြတဲ့ မှတ်ချက်တွေလည်း တွေ့ရပါ တယ်။

CDM လုပ်နေကြတဲ့ အလွှာစုံက ဝန်ထမ်းတွေကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)၊ သီးခြား ပုဂ္ဂလိက အလှူရှင်တွေနဲ့ ပြည်သူတွေက ထောက်ပံ့ကူညီတာတွေ ရှိနေပေမယ့် လက်တွေ့မှာ ဘယ်လောက် အတိုင်းအတာအထိ ထိထိရောက်ရောက် ကူညီပေးနေသလဲဆိုတာတော့ တိတိကျကျမသိရသေးပါဘူး။

“ညမကတော့ နှစ်သောင်း နှစ်ခါရတယ်။ ပြီးခဲ့တဲ့ နှစ်လက တစ်သိန်း တစ်ခါရတယ်။ ထောက်ပံ့ငွေဆိုလို့ ဒါတော့ ရဖူး ပါတယ်” လို့ နေပြည်တော်က CDM ဝန်ထမ်း မသဲသဲ (အမည်လွှဲ)က ပြောပါတယ်။

မသဲသဲဟာ သူတစ်ယောက်ထဲ CDM လုပ်တာ မဟုတ်ဘဲ ညီမနှစ်ယောက်လုံး CDM လုပ်တာဖြစ်တဲ့အတွက် ဝန်ထမ်း အိမ်ယာကနေဖယ်ပေးရတာဖြစ်တဲ့အတွက် အခုဆိုရင် အိမ်ငှားနဲ့ နေထိုင်နေတာဖြစ်ပါတယ်။

အစ်မဖြစ်သူက အွန်လိုင်းပေါ်က စားစရာတစ်ချို့ ချက်ပြုတ်ရောင်းချပြီး အငယ်ဖြစ်သူက ရေသန့်စက်ရုံတစ်ခုမှာ စာရင်းကိုင် ဝင်လုပ်နေပါတယ်။

“ညီအစ်မ နှစ်ယောက်စလုံးဆိုတော့ ဝင်ငွေကတော်တော်လျော့သွားတာ။ အိမ်ငှားခ၊ အမေ့ကျန်းမာရေး ဒါတွေက ရှိသေး တော့ အလုပ်ကို ရွေးနေလို့ မရတော့ဘူး။ ရရာလုပ်ရတာပဲ” လို့ မသဲသဲက ဆိုပါတယ်။

ဒီလိုကာလမျိုးမှာ CDM သမားတွေသာ အလုပ်သစ်ရဖို့ ခက်ခဲနေတာ မဟုတ်ဘဲ တခြားသော အလုပ်လိုချင်တဲ့ လူငယ်တွေပါ အလုပ်အကိုင်ရှားပါးနေတဲ့ ကာလဖြစ်တယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့  ရန်ကုန်မြို့က CDM တွေကို အလုပ်အကိုင်ရရှိဖို့ ကူညီဆောင်ရွက်ပေးနေသူက ဆိုပါတယ်။

CDM သမားတွေက အလုပ်လိုချင်လို့ အကူအညီတောင်းလာပြီဆို အမှန်တကယ် ဝန်ထမ်းလုပ်ခဲ့တာ ဟုတ်မဟုတ်၊ ဝန်ထမ်းကဒ်၊ အလုပ်ထုတ်ခံရတဲ့ အထောက်အထားစာရွက် ဒါတွေတောင်းပြီး အလုပ်ထဲက သူ့ရဲ့ လုပ်ငန်းအတွေ့အကြုံ၊ ကျွမ်းကျင်မှုနဲ့ခေါ်တဲ့ အလုပ်က ကိုက်ညီမှုရှိမှုရှိတဲ့ အလုပ်ရှင်နဲ့ ချိတ်ဆက်ပေးတာမျိုး လုပ်ဆောင်ပေးနေတယ်လို့ အထက်ပါ ကူညီဆောင်ရွက်ပေးနေသူက ဆိုပါတယ်။

“တစ်ချို့ အငယ်ပိုင်းတွေက အလုပ်ရဖို့ နည်းနည်း လွယ်ပေမယ့် အသက်ကြီးပိုင်းကျတော့ ခက်တယ်။ တိုက်ရိုက်ချိတ်ပေးလို့ ရရင်လည်း တိုက်ရိုက်ချိတ်ပေးမယ်။ တိုက်ရိုက်ချိတ်ပေးလို့ မရရင်လည်း Facebook ပေါ်တင်ပြီး ကြော်ငြာပေးတာမျိုး ရှိတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

ချိတ်ဆက်ပေးတဲ့ သူတိုင်း အဆင်ပြေပြေနဲ့  အလုပ်အကိုင် ရရှိသွားတာမျိုး မဟုတ်ဘဲ၊အလုပ်လျှောက်သူနဲ့ အလုပ်ခန့် သူ  ကိုက်ညီမှု မရှိလို့ အလုပ်မရတဲ့ သူတွေလည်း များစွာရှိနေပါတယ်လို့ ဆိုပါသေးတယ်။

အာဏာသိမ်းစစ်ကောင်စီကလည်း CDM လုပ်နေတဲ့သူတွေကို ဖမ်းဆီးတာ အပါအဝင်၊ အလုပ်တာဝန် ဆိုင်းငံ့တာ၊ လစာ မပေးတာ၊ အစိုးရ ချေးငွေတွေ ပြန်ဆပ်ဖို့စသဖြင့် အမျိုးမျိုး အကြပ်ကိုင်ပြီး ခြိမ်းခြောက်တာကိုလည်း ရင်ဆိုင်ရပါသေး တယ်။

CDMဝန်ထမ်းအချို့ကိုလည်း ထောင်ဒဏ်နှစ်နှစ်ကနေ သုံးနှစ်အထိ ချမှတ်နိုင်တဲ့ ရာဇသတ်ကြီးပုဒ်မ၅၀၅(က)​၊ ၅၀၅(ခ) စတဲ့အမှုတွေနဲ့ တရားစွဲတာတွေလည်း လုပ်နေပါတယ်။

CDMလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ပညာရေးဝန်ထမ်းပေါင်း တစ်သိန်းနှစ်သောင်ကို စစ်ကောင်စီက အလုပ်ကနေ ယာယီ ရပ်ဆိုင်းလိုက်တယ်ဆိုတဲ့ ထုတ်ပြန်ချက်ကို ပြီးခဲ့တဲ့ မေလက သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်၊ ခရိုင်မြို့နယ်အလိုက် ပညာရေး မှူးတွေရဲ့ လက်မှတ်နဲ့ အမိန့်ထုတ်ထားတာ ရှိပါတယ်။

Photo Credit – Shwe Thwe

“သူတို့ အလုပ်က ရပ်ဆိုင်းတယ်ဆိုလည်း ဝမ်းမနည်းဘူး။ သူတို့ခိုင်းတာမလုပ်ချင်လို့ အစတည်းက နေလာခဲ့တာ” လို့ ပြတ် ပြတ်သားသားဆိုလာသူကတော့ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က ကျောင်းဆရာမ ဒေါ်ဝေဝေပဲဖြစ်ပါတယ်။

ဒီလို ယုံကြည်ချက်အပြည့်နဲ့ ဆက်ပြီးတောင့်ခံနေပေမယ့် ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကိုလည်း ခံရပါသေးတယ်။

“အကုန်အိပ်မောကျနေပြီ။ ရွာထဲကို စစ်ကားလေးစီးဝင်လာတယ်။ CDM သမားတွေ လာဖမ်းတာတဲ့ မြန်မြန်ပြေးတဲ့။ ကိုယ်လည်း လန့်ဖြန့်ပြီး ဘုန်းကြီးကျောင်းဘက် ပြေးတာပေါ့။ ပြီးတော့မှ အိမ်က လိုက်ရှာပြီး လာပြောတယ်။ နောက်တာ တဲ့”  လို့ ဒေါ်ဝေဝေက သူ့အတွေ့အကြုံကို ပြောပါတယ်။

ဒါ့အပြင် လုပ်နေကျလေး ပုံမှန်လုပ်ရင် လစာပုံမှန်ရအုန်းမယ်။ အခုတော့ နောင်တရနေပြီ မဟုတ်လား။ အစရှိတဲ့ မခံချင် အောင် ပြောဆိုတာတွေကိုလည်း သည်းခံရတယ်လို့ ဒေါ်ဝေဝေက ဆိုပါတယ်။

၂၀၂၁ နွေဦးတော်လှန်ရေးမှာ လူတွေကို အဖြူ၊ အမဲ ကွဲကွဲပြားပြား သိလိုက်ရတဲ့အတွက် အပေါင်းအသင်းမလုပ်အပ်တဲ့ သူတွေကို တစ်ခါတည်း ဖယ်ကျဉ်ထားပြီးဖြစ်တယ်လို့လည်း ဒေါ်ဝေဝေက မှတ်ချက်ပြုလိုက်ပါသေးတယ်။

ဒေါ်နှင်းမြ၊ မသဲသဲ၊ ဒေါ်ဝေဝေတို့အပြင် CDM ဝန်ထမ်းအမျိုးသမီးတွေဟာ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရပေမယ့်လည်း အရေးတော်ပုံအောင်မြင်တဲ့အထိ တိုက်မယ်ဆိုတဲ့ စိတ်နဲ့ ကျော်ဖြတ်နေတာ ဖြစ်ပါတယ်။

“ငါတို့ နိုင်တဲ့နေ့ရောက်ရင် အဲ့ဒီလှောင်ပြောင်တဲ့သူတွေ ရှေ့မှာရင်ကော့ပြီး ကျောင်းပြန်တက်ပြအုန်းမှာ” လို့ ဒေါ်ဝေဝေ တစ်ယောက် အားမာန်အပြည့်နဲ့ ပြောလိုက်ပါတယ်။

Author:

Related Articles