Home ဆောင်းပါး သူလိုအမျိုးသမီးတစ်ယောက် ရှိခဲ့တယ်လို့ မှတ်မိစေချင်တဲ့ ကယန်းသူ ဖိုက်တာ

သူလိုအမျိုးသမီးတစ်ယောက် ရှိခဲ့တယ်လို့ မှတ်မိစေချင်တဲ့ ကယန်းသူ ဖိုက်တာ

ရွှေရည်။ ။

“ တိုတို ဒီဖိုက်တာ လောက ကနေ အနားယူသွားတဲ့အချိန် ဆိုရင် တိုတိုက လူတွေကို အမြဲတမ်း အမှတ်ရနေစေချင်တာ ဘာလဲဆိုတော့ ဘယ်နေရာ ရောက်ရောက် ဘယ်အချိန် ရောက်ရောက် ပေါ့နော် ။ တိုတို တို့ မြန်မာနိုင်ငံမှာလည်း ဒီလိုအမျိုးသမီး ရှိပါတယ်ဆိုတဲ့ ဟာမျိုးကို အမှတ်ရစေချင်ပါတယ်”

ကယန်းတိုင်းရင်းသူ အန်တိုနီယာ ကတော့ ကိုယ်ခံပညာသိုင်းပေါင်းစုံ (MMA : Mixed Martial Arts) ရဲ့ ဖိုက်တာ တစ်ယောက် ဖြစ်ပါတယ်။ သူနေထိုင်တဲ့ ကယန်းရွာလေးကနေ မြို့ပေါ်ရောက်ချင်တဲ့ ဆန္ဒရယ် အောင်မြင်ချင်တဲ့ ဆန္ဒရယ် ပြင်းပြနေတာကြောင့် ဒီအားကစားလောကထဲကို ဝင်လာသူ တစ်ယောက် ဖြစ်ပါတယ်။ MMA လောကထဲကို မဝင်မီ အသက် ၁၆ နှစ်အရွယ် ဆယ်တန်းကျောင်းသူ ဘဝမှာပဲ သူက လက်ဝှေ့ စထိုးခဲ့တာ ဖြစ်ပါတယ်။

“ တိုတို MMA လောကကို မဝင်ခင် ဒီ Boxing လောကမှာပေါ့နော်။ ၃ နှစ်လောက် ကြာသွားတယ်။ ကျန်တဲ့ နှစ်တွေမှာ တိုတို GYM တွေမှာ trainer လုပ်တယ်ပေါ့နော်။ GYM Trainer လုပ်ရင်းနဲ့ Boxing ပြိုင်ပွဲတွေကို ဝင်ကစားဖြစ်တယ်”

“တိုတို” လို့ သူ့ကိုယ်သူ ပြောတတ်တဲ့ အန်တိုနီယာက ရိုးသားပွင့်လင်း တဲ့ တိုင်းရင်းသူ တစ်ယောက် ဖြစ်ပါတယ်။ သူ လေးစားအားကျရတဲ့ ကစားသမားတွေ အများကြီးရှိပေမယ့် မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့တော့ အောင်လအန်ဆန်းက သူ့အတွက် စံထားရသူဖြစ်ပါတယ်။ လက်ဝှေ့ထိုးခဲ့တဲ့ နောက်ခံသမိုင်း ရှိခဲ့တာကြောင့် MMA ဖိုက်တာ တစ်ယောက်အနေနဲ့ ကစားချိန်မှာလည်း အခက်အခဲ သိပ်မရှိခဲ့ပါဘူး။ ဒါပေမယ့် ပေ ၂၀ ပတ်လည် ကြိုးဝိုင်းထဲမှာတော့ နိုင်ငံအတွက် လူမျိုးအတွက် ဂုဏ်ယူရသူတစ်ယောက် ဖြစ်ဖို့ သူက အသက်ကို စတေးထားရသူပါ။

Photo: One Championship

“တိုတို တို့ရဲ့ ဖိုက်တာတွေအားလုံးက နိုင်ငံအတွက် ၊ လူမျိုးအတွက် ပေ ၂၀ ကွင်းပတ်လည်ထဲမှာ အသက်ပေးပြီး ကစားရတာဖြစ်တဲ့အတွက် ကိုယ့်အသားနာတာ မကြည့်ဘဲ ကိုယ့်နိုင်ငံအလံကို ကမ္ဘာမှာ ချပြနိုင်ဖို့ အနိုင်ရရှိဖို့အတွက် ၊ ကိုယ့်ရဲ့ နိုင်ငံအလံက သူများနိုင်ငံရဲ့ အလံ ပေါ်မှာ ရှိနေဖို့အတွက် အရမ်းကို ကြိုးစားရတာ ဖြစ်တဲ့အတွက် ဒီဖိုက်တာ တွေ အားလုံးကို တိုတိုက မြင့်မြတ်တဲ့ သူရဲကောင်း တစ်ယောက်လို့ ပြောချင်ပါတယ်” (ရယ်မောလျက်)


အန်တိုနီယာက MMA ရဲ့ အငယ်ဆုံး atom weight တန်းမှာ ကစားနေသူ တစ်ယောက် ဖြစ်ပါတယ်။ နှစ်ဆယ်ကျော်အရွယ် နုနယ်သွင်ပြင်ရိပ်ပိုများပြီး ချစ်စရာကောင်းတာကြောင့် သူ့ကို ပရိသတ်အများစုက သတိထားမိခဲ့ပါတယ်။ ဒါပေမယ့် ကြိုးဝိုင်းထဲက ဖိုက်တာ တစ်ယောက်အနေနဲ့ သူနဲ့ ယှဉ်ပြိုင်ဖို့တည်ပေးလိုက်တဲ့ ကစားသမားကို ဘယ်လောက် ခက်ခက်ခဲခဲရင်ဆိုင်ရမလဲ ၊ အနိုင်ရအောင် ဘယ်လို ထိုးသတ်မရလဲဆိုတာကိုပဲ သူက အာရုံထားသူပါ။

“အမှန်တော့ တိုတိုက ဘယ်သူနဲ့ထိုးချင်တယ်။ ဘယ်သူနဲ့ ပြိုင်ချင်တယ်။ အဲ့လို စိတ်တော့ မရှိဘူးပေါ့နော်။ ဘာလို့လဲ ဆိုတော့ သူတို့က တိုတိုရဲ့ ပြိုင်ဘက်တွေ မဟုတ်ဘူးပေါ့နော်။ ရန်သူတွေ မဟုတ်ဘူးပေါ့နော်။ တိုတို ခေါင်းထဲမှာ အာရုံစိုက်ထားတာက တိုတို တို့ One Championship Organization က ဘယ်လို လူနဲ့ တည်ပေးမှာလဲ ဆိုတာပဲ စောင့်ကြည့်တယ်။ ဘယ်လို ခက်ခဲတဲ့ ပြိုင်ဖက်နဲ့ပဲ တွေ့မှာလဲ ဆိုတာကို focus ထားတယ်။ ခက်ခဲ တဲ့ ပြိုင်ဖက်နဲ့ ကြုံရင်တောင်မှ သူတို့ထက် သာနေရမယ် ၊ ကောင်းနေရမယ် ဆိုတာ ခေါင်းထဲမှာ ရှိနေတဲ့အတွက်ပေါ့နော် ကျန်တာတော့ ဂရုမစိုက်ပါဘူး”

သူက အသက်ငယ်ရွယ်တဲ့ အချိန်မှာ လက်ဝှေ့ပညာကို သိပ်မလေ့လာ ဖြစ်ခဲ့ပေမယ့် တဖြေးဖြေး အသက်အရွယ် ရလာချိန်မှာတော့ ဒီထက်မက အောင်မြင်မှုတွေ ဆုပ်ကိုင်နိုင်ဖို့ ကြိုးစားနေသူဖြစ်ပါတယ်။ မွေးချင်း ညီအစ်ကို မောင်နှမ ငါးယောက်ရှိပြီး ငယ်စဉ်က ဘဝကို အခက်အခဲတွေနဲ့ ဖြတ်သန်းလာခဲ့ရသူ ဖြစ်ပါတယ်။ ဒါကြောင့် မပြည့်စုံတဲ့ လူငယ်တွေအတွက် လက်ဝှေ့ပညာကို ပြန်လည် မျှဝေ ပေးသွားမယ့် အစီစဉ်တွေလည်း သူ့မှာ ရှိလို့နေပါတယ်။

“အရင်တုန်းက လက်ဝှေ့ပညာကို သိပ်ပြီးတော့ မလေ့လာဖြစ်ဘူး။ ရည်မှန်းချက်လည်း အရမ်းကြီးကို မထားတတ်သေးဘူး။ ဒါပေမယ့် အခုခါ ကျတော အသက်လည်း နည်းနည်း ကြီးလာပြီဆိုတော့ ရည်မှန်းချက်လည်း နည်းနည်း ကြီးကြီးပိုထားရမယ်။ ကိုယ်က အကောင်းဆုံး လူဖြစ်ချင်တဲ့ အတွက်ပေါ့လေနော်။ ဒီထက်မက အောင်မြင်တဲ့ သူတစ်ယောက် ဖြစ်အောင် တိုတို ကြိုးစားပါမယ်။ ပိုက်ဆံလည်း အများကြီးရှာမယ်။ ပြီးရင် တိုတို တို့လို မပြည့်စုံတဲ့ ဘဝက လာတဲ့ သူတွေအားလုံးကို ပြန်ပြီးတော့ မျှဝေချင်ပါတယ်။ တိုတို တို့လို ဖြစ်ချင်တဲ့ ပရိသတ် ညီအစ်ကို မောင်နှမ တွေအားလုံးကို တနေ့ကျရင် တိုတို တို့နေရာမှာ သူတို့ ပြန်ရောက်ဖို့ပေါ့နော်။ ကြိုးစားသွားဖို့ ရှိပါတယ်”

Photo: One Championship

မွေးရပ်မြေနဲ့ မိုင်ပေါင်းများစွာ ဝေးတဲ့ အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်းမှာ နောက်လာမယ့် ပြိုင်ပွဲတွေအတွက် သူက တနေ့ ၄ နာရီ အားထည့်လေ့ကျင့်နေ ရပါတယ်။ တခါတလေ အိမ်လွမ်းတဲ့ စိတ်နဲ့ မိသားစုအပေါ် ဖြည့်စည်းပေးနိုင်မှုတွေ လှစ်ဟာ သွားချိန်မှာတော့ ဝမ်းနည်းစိတ်မကောင်း ဖြစ်ရသူပါ။ လက်ရှိ အချိန်ထိတော့ သူ MMA မှာ ငါးပွဲကစားထားပြီး သုံးပွဲနိုင်ထားသူ တစ်ယောက် ဖြစ်ပါတယ်။

MMA လောကရဲ့ စိန်ခေါ်ပွဲတွေမှာ ရရှိတဲ့ ဆုကြေးငွေက အမျိုးသမီး ၊ အမျိုးသား ခံစားမှုတွေမတူညီဘဲ အမျိုးသမီး အချင်းချင်းလည်း ခံစားမှုတွေ ကွဲပြားပါတယ်။ ပရိသတ်နဲ့ အလုပ်လုပ်ရတဲ့ အတွက် ပရိသတ်ရဲ့ အားပေးမှုက ပိုပြီး အဓိကျတဲ့ နေရာမှာ ရှိလို့နေပါတယ်။ ကယန်းသူ အန်တိုနီယာ ဘိုဇီနာကတော့ ပွဲတစ်ပွဲပြီးတိုင်း ပွန်းပဲ့ဆုတ်ပြဲသွားတဲ့ မျက်နှာ နဲ့ ခန္ဓာကိုယ်က နာကျင် ဒဏ်ရာတွေကို မမှုဘဲ မြန်မာနိုင်ငံအတွက် ကြိုးဝိုင်းထဲမှာ ရေကုန်ရေခမ်း ထိုးသတ်သွားမယ့် အမျိုးသမီးတစ်ယောက် အဖြစ် ရှိလို့နေပါတယ်။

“ တိုတိုတို့ အမျိုးသမီးတွေဆိုတာ စိတ်ထား ပျော့ညံ့တယ်ပေါ့နော်။ နူးညံ့ကြတယ်။ ဒါတွေက ကောင်းတဲ့ နေရာကောင်းတယ်။ မကောင်းတဲ့ နေရာ မကောင်းဘူးပေါ့လေ။ ဒါတွေ အားလုံးကို Change လုပ်နိုင်ရမယ်။ သန်မာတဲ့ မိန်းမ ဖြစ်အောင် နေရမယ်။ တိုတို တို့ရဲ့ စိတ်၊ဦးနှောက်တွေကို strong ဖြစ်အောင်နေရမယ်။ ဒါမှ ကြုံလာတဲ့ အခက်ခဲတွေကို အနိုင်နဲ့ ရင်ဆိုင်ကျော်လွှားနိုင်မှာပါလို့”

Author:

Related Articles