Home သတင်း စစ်အာဏာရှင်စနစ်ကို တော်လှန်နေသော အမျိုးသမီးထုနှင့် LGBT တို့၏ အားမာန်

စစ်အာဏာရှင်စနစ်ကို တော်လှန်နေသော အမျိုးသမီးထုနှင့် LGBT တို့၏ အားမာန်

Ring။ ။

“အမျိုးသမီးတစ်ယောက်အနေဖြင့် နောက်ဆုံးအချိန်အထိ ဘယ်တော့မှ စိတ်ဓာတ်ကျ အားလျော့တာမျိုးရှိမှာ မဟုတ်ဘူး”ဟု စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ကရင်ပြည်နယ် တပ်မဟာ ၆ PDF စခန်းတွင် လက်နက် ကိုင်တော်လှန်ဖို့ ရောက်ရှိလာခဲ့သော မချယ်ရီ (အမည်လွဲ) က ပြောသည်၊၊

PDF စခန်းသို့မရောက်ခင် အသက် ၂၈ နှစ်အရွယ် မချယ်ရီသည် ဥပဒေနှင့်ဘွဲ့ရထားပြီး ပြည်ပတွင်စီးပွားရှာ နေသူတစ်ဦးလည်းဖြစ်သည်။ ၂၀၁၉ နှောင်းပိုင်းမြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာပြီးနောက် အောင်မြင်စပြု နေသည့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်ကာ သာမန်ဘဝဖြင့် ဖြတ်သန်းလာခဲ့သည်၊၊

မချယ်ရီသည် နိုင်ငံရပ်ခြားတွင် ငါးနှစ်လောက်နေခဲ့ရသည့်အတွက် လူ့အခွင့်အရေး၊ ကျောင်းသား တစ်ယောက် ရဲ့အခွင့်အရေးများကိုသိနေပြီး “ ငါတို့မြန်မာနိုင်ငံသားတွေမှာ ဘာလို့ဒီလိုအခွင့်အရေးတွေမရှိတာလဲ” ဟု အတွေးဝင်ကာ စစ်တပ်က အာဏာသိမ်းသည့်အခါ မခံမရပ်နိုင် ဖြစ်ခဲ့ရသည်ဟု မချယ်ရီကဆိုသည်။

ဖေဖော်ဝါရီလ စစ်တပ်မှ အာဏာသိမ်းသောအခါ မချယ်ရီတစ်ယောက် လူထုဆန္ဒပြပွဲတွင်စတင် ပါဝင်လာ သည်။

“သပိတ်မှာဦးထုပ်တို့ စားစရာတို့ မျက်မှန်လေးတွေ ကျွန်မကအမြဲတမ်းဝေတာပေါ့ … Defend စဖြစ်တဲ့ အချိန် မှာဒိုင်းကာတွေ … ဂျင်ဂလိတို့လုပ်ရတယ်လေ… ကလေးတွေကလည်း ဦးထုပ်တွေလိုအပ်ကတည်းက ကျွန်မ ဆီပဲ ပြောကြတာဆိုတော့ ကျွန်မကလည်း လှူတာဆိုတော့ Supporting လုပ်လို့ နာမည်ထွက်လို့ပြေးရတယ်” ဟု PDF စခန်းသို့ သူရောက်လာပုံကို ပြောပြသည်၊၊

မချယ်ရီအနေဖြင့် နိုင်ငံရေးယူဆချက်မတူသည့်အပြင် လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်ခဲ့ခြင်းကြောင့် ချစ်သူနှင့် လက်ထပ်ရန် ရည်ရွယ်ထားသော အစီအစဉ်ပင်ပျက်သွားသည်ဟုဆိုသည်။

“ရှစ်နှစ်တာ သံယောဇဉ်ဖြစ်တဲ့အတွက်ခံစားရတယ်၊ တော်လှန်ရေးလုပ်နေတဲ့အတွက် ဒီဟာကိုကုစားနိုင်တယ်၊  ကျွန်မဘဝမှာ တော်လှန်ရေးကအရေးကြီးဆုံးပဲ အခုအချိန်မှာအသက်ပေးလိုက်ရရင်တောင်မှ ငါဒီတော်လှန် ရေးကြောင့် အသက်ပေးလိုက်ရပါလားဆိုပြီး နောင်တဖြစ်မှာမဟုတ်ဘူး … ဒီနှောင်ကြိုးပြတ်သွားတော့ နှစ်ဆ ပိုလုပ်မယ် ” ဟု သူက စိတ်ဓာတ်ခိုင်မာစွာဖြင့် ပြောပြသည်၊၊

ယခုလက်ရှိတွင်မချယ်ရီအနေဖြင့် တပ်မဟာ ၆ ရှေ့တန်းကင်းစခန်းတွင် ထောက်ပို့ရဲဘော်တစ်ဦး အဖြစ် တာဝန် ထမ်းဆောင်နေသည့် တစ်ဦးတည်းသော အမျိုးသမီးရဲဘော် တစ်ယောက်လည်းဖြစ်သည်။

သူ့အနေနှင့် တော်လှန်ရေးတွင်ကွန်မန်ဒိုရဲမေတစ်ဦးအနေဖြင့် ပါဝင်ချင်သော်လည်း ကွန်မန်ဒိုသင်တန်း မတက် ဖြစ်ဘဲ တစ်ခြားတာဝန်ကိုသာရွေးချယ်လိုက်ရသည့် သူ၏ အခက်အခဲကိုလည်း ပြောပြသည်။

“ကျွန်မကစိတ်အား တစ်အားထက်သန်လို့သာ အမှန်အတိုင်းပြောရရင် ပေါင်ချိန် 100လည်း မပြည့်ဘူး … ပိန် ပိန် သေးသေးလေးဆိုတော့ ကိုယ့်ခွန်ကိုယ့်အားနဲ့ နိုင်တဲ့ဟာကိုပဲ လုပ်မယ်လို့စိတ်ကူးရှိတယ်… တပ်မဟာ ၆ မှာစစ်ဖြစ်လို့ရှိရင် ရှေ့တန်းကင်းစခန်းကနေစဖြစ်မှာဆိုတော့ ဆေးသင်ထားတယ် ပြီးတော့  သေနတ်အဖြုတ်နဲ့ အတပ်၊ သေနတ်အပစ်ကို ဘယ်သေနတ်ပဲဖြစ်ဖြစ် ပစ်တတ်အောင်လုပ်ထားတယ် … တစ်ခုခုဖြစ်ရင်ရှေ့တန်း လိုက်ချင်လို့လေ ” ဟုပြောပြသည်။ 

မချယ်ရီအနေနှင့် တောထဲမှာနေရတဲ့သောကြောင့် သာမန် ယခင်  ဘဝလောက်ပြည့်စုံမှုရှိမှာ မဟုတ်ဘူးဆို သည်ကိုလည်း အစကတည်းကသေချာစဉ်းစားထားကြောင်း ပြောသည်။

“တဲကလေးကို တောထဲက ဓနိတွေကာပြီးနေရတယ်…မိန်းကလေးတစ်ယောက်အနေနဲ့လုံခြုံမှုတော့ ဘယ်ရှိ မလဲ … ထမင်းစားတဲ့အချိန်ဆိုရင် တော်တော်ကိုမစားနိုင်ဘူး … ဆန်ကြမ်းကို ပိုဆိုးတာက ချောင်းရေနဲ့ ချက် တယ် … အိမ်သာကိုတောကြီးထဲမှာသွားတက်ရတာ အရင်ကမြို့ပေါ်မှာနေခဲ့ရတော့ကြောက်တယ် … ပြီးတော့ ရေချိုးတာချောင်းထဲမှာလုံးဝမချိုးတတ်ဘူး…အဲ့လိုမျိုးတွေအများကြီးရှိတယ်။ ဒါပေမဲ့ဒါတွေက ငိုကြွေးနေရမဲ့ အရာ တွေမဟုတ်ဘူး” ဟုပြောပြသည်။

မချယ်ရီသည် ရန်ကုန်စမ်းချောင်းသပိတ်၌ ပါဝင်ခဲ့စဉ် စစ်တပ်မှ မျက်ရည်ယိုဗုံးဖြင့် အကြမ်းဖက်ဖြိုခွင်း သောကြောင့် ဘယ်ဖက်မျက်လုံးထိခဲ့ရပြီး ဒဏ်ရာကို ယခုထိ ဆေးကုသမှု မပြုလုပ်နိုင်သေးဟု ဆိုသည်။

“သွားရလာရတဲ့အခြေအနေအရ ဆေးခန်းပြလို့မရဘူး … ဒါပေမဲ့ဆေးလေးဘာလေးသောက်ထားလို့နေလို့ရ တယ်ပေါ့နော်…တော်လှန်ရေးပြီးရင်တော့သွားမှာပေါ့” ဟု  မချယ်ရီက ဆိုသည်။

အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးတွင် မချယ်ရီကဲ့သို့ လက်နက်ကိုင်ပြီး တော်လှန် ရေးတွင် ပါဝင် ကြသော အမျိုးသမီးများရှိသကဲ့သို့ ပြည်တွင်းတွင် လက်နက်မကိုင်ဘဲ Civil Disobedience Movement (CDM) အာဏာ ဖီဆန်သောနည်းလမ်းဖြင့် တော်လှန်ရေးတွင် ပါဝင်နေကြသောအမျိုးသမီးများနှင့် LGBT များ လည်းရှိသည်၊၊

ယခုနွေဦးတော်လှန်ရေးတွင် “ ရုံးမတက်နဲ့ ရုန်းထွက် ”  CDM Campaign တွင် ပါဝင်နေကြသော ဆရာမသပြေ (အမည်လွဲ)က “စစ်အုပ်ချုပ်ရေးလက်အောက်မှာမနေချင်လို့ နောက်ဆုံးတိုက်ပွဲအနေနဲ့ အလုပ်အကိုင်ဘဝနဲ့  လောင်းကြေးထပ်လိုက်တာ” ဟု ပြောပြသည်။ 

ယခင်က မြစ်ကြီးနား တက္ကသိုလ်တွင် ကထိကရာထူးကိုထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ပြီး ယခုတွင် အပင်စိုက်၊ ဈေးရောင်းကာ အသက်မွေးဝမ်းကြောင်းအတွက်ရုန်းကန်နေရသည်၊၊

“မျှော်လင့်ချက်တွေ ဇဝေဇဝါဖြစ်တယ် စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး ၊ ရုပ်ပိုင်းဆိုင်ရာ ၊စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းကုန်တယ်” သို့သော် “လုံးဝနောင်တရမျိုးမရှိဘူး” ဟု ဆိုသည်။ 

ဆရာမ သပြေ အနေဖြင့် ပညာရေးစနစ်နိမ့်ပါးခြင်းသည် အာဏာရှင်စနစ်နှင့် အများကြီး သက်ရောက်မှုရှိသော ကြောင့် စစ်အုပ်ချုပ်ရေးစနစ်နှင့်အတူပညာရေးကို အဓိကပြောင်းလဲရမည်ဟု ယုံကြည်ထားသူတစ်ဦးဖြစ်သည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနတွင် ဒုဦးစီးမှူးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့ပြီး CDM ပြုလုပ်ထားသော  မနွေဦး(အမည်လွဲ)သည်လည်း သူ့အနေဖြင့်နိုင်ငံရေးကို သေသေချာချာ မလေ့လာထားသော်လည်း စစ်အုပ် ချုပ်ရေးကိုမလိုလားသည့်အတွက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ယခင်က လစာတစ်လနှစ်သိန်းကျော် ပုံမှန်ရသော မနွေဦးသည် မိသားစုကို ထောက်ပံ့နေရသောကြောင့် ယခု စီးပွားရေးအဆင်မပြေဖြစ်နေသည်၊၊ ကိုဗစ်အကန့်အသတ်လျှော့နည်းချိန်နှင့် စစ်တပ်မှရွာထဲမလာသည့်အချိန် များတွင် မနွေဦးတစ်ယောက် စာသင်သည်။ ဈေးရောင်းသော်လည်း အဆင်ပြေမလာဘဲ ပိုမိုကျပ်တည်း လာ ကြောင်း ပြောပြသည်။

“အကြွေးတွေထူလာတယ် …  စီးပွားရေးကတော့အရင်လို အဆင်မပြေဘူး ကျပ်တည်းသွားတယ်.. တဆည် ဘက်မှာ ခရီးသွားရတာလည်းအဆင်မပြေတော့ ကုန်သွယ်ရေးလုပ်ငန်းကလည်း အဆင်မပြေဘူး … CDM လုပ်လို့ ဝင်ငွေမရှိလို့ဈေးရောင်းတယ် ဈေးရောင်းတော့လည်း စစ်တပ်ကသိမ်းထားတော့ ပစ္စည်းဈေးတွေက လည်းတက် … အကုန်အဆင်မပြေဘူး ” ဟုဆိုသည်၊၊

စစ်တပ်က အာဏာမသိမ်းခဲ့ပါက မနွေဦးအနေဖြင့် ပုံမှန်လစာလေးဖြင့် စာပေလေ့လာခြင်း၊ အခွင့်အရေး ရှိလာပါက ပညာသင်ဆု လျှောက်ထားခြင်းများ ပြုလုပ်မည်ဖြစ်ပြီး မိမိတတ်ထားသည့်ပညာဖြင့် ရာထူးကြီးလာ ပါက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းများကို ပိုမိုလုပ်နိုင်မည်ဟု ယုံကြည်ရည်ရွယ်ထား ပါသည်။

သို့သော် “အာဏာသိမ်းတော့ ရည်ရွယ်ထားတဲ့ဟာနဲ့ တစ်ခြားစီဖြစ်သွားတာ‌ပေါ့” ဟု မနွေဦးက ပြောသည်။

“ကျောင်းမတက်နဲ့ကျောင်းပျက် ” ကျောင်းသား CDM လှုပ်ရှားမှုတွင် ပါဝင်နေသော ရန်ကုန်တက္ကသိုလ် နိုင်ငံ တကာဆက်ဆံရေးပညာဌာနမှ မနှင်းဆီဖူး(အမည်လွဲ) သည်လည်းစစ်ကျွန်ပညာရေးကို အလိုမရှိသော ကြောင့် ယခုတော်လှန်ရေး တွင်ပါဝင်နေသော ကျောင်းသူများထဲတွင်တစ်ဦးအပါအဝင်ဖြစ်သည်၊၊

မနှင်းဆီဖူးက “အဓိကကတော့ အာဏာရှင်တွေဖွင့်တဲ့ ကျောင်းကိုမတက်ချင်တာ…သူတို့လက်ထက် မှာသင်တဲ့ ပညာရေးကလဲသူတို့အာဘော်တွေနဲ့ brainwash ခံရမှာအသေချာပဲ…ကိုယ်ယူထားတဲ့ နိုင်ငံတကာ ဆက်ဆံ ရေးမေဂျာဆိုရင် သူတို့လက်ထက်မှာသင်ယူရမှာတွေ အကုန်လုံးက ဂျင်းတွေပဲဆိုတာသိနေတယ်”

“နောက် တစ်ခုက မလုံခြုံမှု စစ်တပ်ကကျောင်းထဲ ဝင်နေတာမကြည့်နိုင်သလို သူတို့ကိုမြင်နေရတာ ကိုယ့်ကို harass နေသလိုခံစားရတယ် အဆောင်နေကျောင်းသူဖြစ်တော့ ဘယ်အချိန်အဆောင်ထဲထိ သေနတ်ကြီး တကားကားနဲ့ဝင်လာမလဲ အဆောင်မှာပိတ်ထားမလား ပြောသမျှစကားတွေအကုန် လိုက်နားထောင်နေ မှာ လား တခြားပြင်ပ activity တွေကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေဖြစ်လာတယ်” ဟုဆိုသည်။  

သူသည် လက်ရှိ၌ လူငယ်အဖွဲ့အစည်း တစ်ခုတွင် ပါဝင်နေပြီး စာတမ်းတချို့ ရေးနေသားနေသည်။ ဘွဲ့မရ သေးဘဲ တတိယနှစ်ဂုဏ်ထူးတန်းဖြင့် ပညာရေးတစ်ပိုင်းတစဖြစ်နေသော မနှင်းဆီဖူးသည် Online မှတစ်ဆင့် လေ့လာသင်ယူနေသော်လည်း အင်တာနက်ကုန်ကျစရိတ်ကြီးမားသောကြောင့် အခက်အခဲ ဖြစ်နေကြောင်း ပြောပြသည်။

အလုပ်ရှာမရသည့်အပြင် သူ၏မိသားစုကလည်း ကျောင်းတွေပြန်ဖွင့်ပါက ကျောင်းဆက်တက်ရန် တွန်းအား ပေးနေသည့်အတွက် စိတ်ဓာတ်ကျသည့် အခါများလည်းရှိကြောင်းပြောပြသည်။

“စိတ်ဓာတ်တွေကတော့ကျတာပါပဲ ကျတိုင်းငုတ်တုတ်ထိုင်နေရင် ဘာမှမဖြစ်တဲ့အတွက် ငိုချင်ရင်ငိုလိုက်တယ် အိပ်လိုက်တယ်။ ပြီးရင်တော့လုပ်စရာရှိတာတွေဆက်လုပ်တယ်” ဟု သူ၏ ခက်ခဲသည့်အခြေအနေများကို ရှင်းပြသည်။

စစ်ကိုင်းပညာရေးတက္ကသိုလ်မှ ဆရာလေးတစ်ယောက်က “ မတရားမှန်းသိလို့ပါဝင်တာပါ ကိုယ့်နိုင်ငံအရေး ဆိုတော့ကိုယ့်အရေးပါပဲ” ဟု ဆိုသည်။  

ဆရာလေးသည် လမ်းပေါ်ထွက်ဆန္ဒပြမှုများတွင် တက်တက်ကြွကြွပါဝင်ခဲ့ပြီး လေးလခန့် အိုးဖိုထောင်အတွင်း တွင် မတရားဖမ်းဆီးခံခဲ့ရသူတစ်ဦးလည်း ဖြစ်သည်။

“အတွေ့အကြုံတွေကတော့အများကြီးရခဲ့ပါတယ် သူငယ်ချင်းတွေလည်း အများကြီးရခဲ့တယ် ကိုယ့်အတွက် အသစ်အဆန်းတွေရတာပဲ ဆိုပြီးတော့စိတ်ကိုဖြေပြီး ကြိုးစားနေခဲ့ပါတယ် ငိုလည်းငိုခဲ့တယ်” ဟု ပြောပြသည်၊၊

အဆိုပါဆရာလေးက အဖမ်းဆီးခံရစဉ် အကြမ်းဖက်ဖမ်းဆီးခြင်းခံရသောကြောင့် စိတ်ပိုင်းဆိုင်ရာအရ လုံခြုံမှု မရှိကြောင်းနှင့် မတရားဖမ်းဆီးခံခဲ့ရသောကြောင့် ရုပ်ပိုင်းဆိုင်ရာ အနည်းငယ်ထိခိုက်ခံခဲ့ရကြောင်း သို့သော် “ အခြားသူများ ဆုံးရှုံးမှုတွေနှင့် ယှဉ်လျှင် မပြောပလောက်ပါဘူး” ဟု ပြောသည်၊၊

အမျိုးသမီး၊အမျိုးသားများနှင့်အတူ “ အခြောက်သွေးထဲမှာ ကြောက်သွေးမပါဘူး” ဟုဆိုကာ နွေဦးတော်လှန် ရေးတွင် LGBTများကလည်း အရေးကြီးသော အခန်းကဏ္ဍမှပါဝင်သည်မှာလည်း ငြင်းဆန်၍ရမည်မဟုတ်ပါ။ 

အာဏာရှင်စနစ်အပြင် LGBT များအပေါ်လွဲမှားစွာ ခံယူထားသည့်အမြင်များ အားလုံးကို တော်လှန်ရမည်ဖြစ် ကြောင်း LGBT အရေးသာမကဘဲ ပြုပြင်ပြောင်းလဲတော်လှန်ရမည့် စနစ်တွေအများကြီး ရှိကြောင်းနှင့် ယခုတော်လှန်ရေးတွင်လည်း LGBTများ၏ အရေးပါသည့် အခန်းကဏ္ဍကိုလည်း ပြည်သူများမြင်လာပြီဖြစ်သည် ဟု ယုံကြည်ကြောင်း ဆရာလေးကပြောသည်။

“ သူတို့လည်းလုပ်နိုင်တယ်…သူတို့အပေါ်လည်းတာဝန်ရှိတယ်…အားလုံးနဲ့တန်းတူပဲ” ဆိုတာလောက်တော့ ပြည်သူလူထုထဲရောက်သွားလောက်ပြီထင်တယ်” ဟု သူကပြောသည်။

မြန်မာနိုင်ငံတွင်စစ်တပ်မှ အာဏာသိမ်းပြီးနောက်အာဏာရှင် ဆန့်ကျင်တော်လှန်မှုများကြောင့် ကျောင်းသူ ကျောင်းသားများ ၊ CDMဝန်ထမ်းများ၊အနုပညာရှင်၊ တက်ကြွလှုပ်ရှားသူများနှင့် သတင်းသမားများ၊ နယ်ပယ် အသီးသီးမှ ခေါင်းဆောင်များမတရားဖမ်းဆီးသတ်ဖြတ် ခံနေကြရသည်။ အမျိုးသမီးများ၊LGBTများနှင့် ကလေး ငယ်များအပေါ်ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ စစ်တပ်မှ ပြုလုပ်လျက်ရှိသည်။ 

အချုပ်အတွင်းလိင်ပိုင်းဆိုင်ရာစော်ကားခံရခြင်း၊ အဓမ္မနှိပ်စက်ညှင်းဆဲခြင်းများနှင့် ကြုံတွေ့နေရသည်။ ကုလ သမဂ္ဂလူ့အခွင့်အရေးကြေညာစာတမ်းအရ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် စနစ်တကျနှင့် ပျံနှံ့မှုအရှိဆုံး ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်။

လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများ ကာကွယ်စောင့်ရှောက်ရေးအသင်း (AAPP) ၏ထုတ်ပြန်ချက်များအရ ဒီဇင်ဘာလ ၈ ရက်နေ့ အချက်အလက်များအရ စစ်ကောင်စီမှ တော်လှန် ရေးလှုပ်ရှားမှု ဖြိုခွင်းရာတွင် အနည်းဆုံး အမျိုးသမီး ၉၃ ဦး သေဆုံးခဲ့ရကြောင်း ယင်းတို့အနက် အချုပ်ထဲတွင် ၈ ဦးသေဆုံးခဲ့ပြီး စစ်ကြောရေးစခန်းတွင် ၄ ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ထို့အပြင် ယခုထိ အမျိုးသမီး ၂,၀၀၀ ထက်မနည်း ဖမ်းဆီးခံနေရဆဲဖြစ်သည်။

ထိုသို့ တော်လှန်ရေးတွင်ပါဝင်မှုကြောင့် စစ်တပ်ကဖမ်းဆီးခြင်း၊ ခြိမ်းခြောက်နှိပ်စက်ခြင်း၊ ထောင်ချခြင်း၊ သတ်ဖြတ်ခြင်းများ ရက်စက်သည့်နည်းလမ်းစုံဖြင့် ဆက်လက်လုပ်ဆောင်နေသော်လည်း မချယ်ရီအပါအဝင် တော်လှန်ရေးတွင်ပါဝင်နေသည့် အခြားအမျိုးသမီးများ နှင့် LGBT များ၏ ယုံကြည်မှုနှင့် စစ်အာဏာရှင် အမြစ်ပြုတ်သည်အထိ တိုက်ပွဲဝင်လိုသည့် စိတ်အားထက်သန်မှု ပပျောက်သွားအောင် လုပ်နိုင်မည်မဟုတ်ပေ။

“တိုင်းပြည်အနာဂတ်ကောင်းဖို့အတွက် ပြည်သူလူထုကို ကိုယ်စားပြုတဲ့ အစိုးရတစ်ရပ်ကို မျှော်လင့်ရင်းနဲ့ တော်လှန်ရေးကို တတ်နိုင်တဲ့ဘက်ကကူညီပေးကြပါ…ဒီတော်လှန်ရေးနိုင်မှ အိမ်ပြန်ရမယ်” ဟု မချယ်ရီက ဆို လေသည်။

Author:

Related Articles