Home ဆောင်းပါး ရုပ်ဆိုးဖန်တီးရှင်

ရုပ်ဆိုးဖန်တီးရှင်

13514476_868114819999975_602945384_n

လွမ်းဝေ

ဇူလိုင်၊ ၂၀၁၆။

လူမှုဆက်သွယ်ရေးကွန်ရက် Facebook စာမျက်နှာပေါ်မှာ အနိဌာရုံပုံတွေကို မိတ်ကပ် ပညာနဲ့ ပီပီပြင်ပြင် ခြယ်သထားတဲ့ ပုံတွေကို Facebook သုံးသူ မြန်မာတွေကြားမှာ လွန်ခဲ့တဲ့ တစ်လလောက်က  ဂုဏ်ယူစွာနဲ့ အဆင့်ဆင့် မျှဝေ (Share) နေကြပါတယ်။

တချို့က “မြန်မာပြည်မှာ ဒီလောက်တော်တဲ့ မိတ်ကပ်ပညာရှင်ရှိပြီးတော့ ရုပ်ရှင်၊ ဗွီဒီယိုတွေထဲမှာ ဒီလက်ရာမျိုး ဘာလို့ မတွေ့ရသလဲ”၊ “မြန်မာပြည်မှာ ဒီလိုပညာရှင်မျိုးရှိတယ်”၊ “မြန်မာကားတွေမှာ ဒီလိုပီပြင်တဲ့ လက်ရာတွေ တွေ့ရတော့မလား” စသဖြင့် မှတ်ချက်အမျိုးမျိုးပေးပြီး ဂုဏ်ယူဝမ်းမြောက်စွာနဲ့ အဆင့်ဆင့် မျှဝေ (Share) နေကြတာတွေ့ရပါတယ်။

အဲဒီအနိဌာရုံပုံတွေကို ခြယ်သနေတဲ့ မိတ်ကပ်ပညာရှင်နဲ့ မကြာခင်ရက်ပိုင်းက တွေ့ဖြစ်ပါတယ်။ တွေ့တွေ့ချင်း တကယ်ကို အံ့အားသင့် မိပါတယ်။ ကြောက်မက်ဖွယ် အနိဌာရုံပုံတွေကို ခြယ်သနေတဲ့ မိတ်ကပ်ပညာရှင်က အသက် ၂၀ ပဲရှိသေးတဲ့ ငယ်ရွယ်လှပတဲ့ အမျိုးသမီးငယ်တယောက်ပါ။ သူ့နာမည်က ဆုယမင်းပြည့် ပါတဲ့။

“ညီမက ကိုယ့်ကိုယ်ကို သူများတွေလို အလှအပ ဖန်တီးတာမဟုတ်ဘူးဆိုပြီးတော့ အဲလိုမျိုးတော့ စိတ်ထဲမှာမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က သူများတွေမလုပ်နိုင်တာကို လုပ်နိုင်တယ်လေ။ ဒီလို Fake ကို Real ပုံစံမျိုးလုပ်ဖို့ဆိုတာက တော်ရုံတန်ရုံလူက မလုပ်နိုင်ကြသေးဘူး။ ဒါကြောင့် သူများမလုပ်နိုင်တာကို လုပ်နိုင်တဲ့ အတွက် ပိုပြီးတော့ ဂုဏ်ယူတယ်” လို့ ဆုယမင်းပြည့် က ရယ်ရယ်မောမောပြောပြပါတယ်။

မြန်မာမိတ်ကပ်လောကမှာ ထင်ရှားပြီး၊ လူကြိုက်အများဆုံးက လူတစ်ဦးမှာ ရှိနေတဲ့ အလှတရားထက် ပိုမိုလှပလာအောင် ဖန်တီးနိုင်ကြတဲ့ အလှဖန်တီးရှင်တွေဖြစ်ပါတယ်။ မူရင်းအလှထက် မိုးပေါ်က ကျလာတဲ့ နတ်သမီးလေး တစ်ပါး အလား ထင်မှားလောက်အောင် ဖန်တီးပေးနိုင်တဲ့ မိတ်ကပ် ဖန်တီးရှင် တွေလည်း မြန်မာပြည်မှာ မနည်းလှပါဘူး။

ဒါပေမယ့် မြန်မာဇာတ်ကားတော်တော်များများကိုကြည့်လိုက်ရင် မင်းသမီး၊ မင်းသားတွေကို ပြင်ဆင်ပေးထားတဲ့ အလှ မိတ်ကပ်တွေ ကောင်းသလောက် အနိဌာရုံမြင်ကွင်းတွေ၊ သရဲကားတွေမှာ တွေ့ရတဲ့ မိတ်ကပ်တွေကတော့ ရုပ်ရှင်၊ ဗွီဒီယိုဇာတ်လမ်းတွေရဲ့ ဇာတ်ရှိန်ကိုတောင် ကျစေပါတယ်။

မြန်မာဇာတ်ကားတွေထဲမှာ သရဲရုပ်ဆိုရင် မျက်နှာတစ်ခုလုံးအဖြူရောင်သုတ်ပြီး မျက်လုံးမှာ အမဲရောင်နှစ်ကွင်း ကွင်းပေးလိုက်ရင် သရဲဖြစ်ပြီဆိုတဲ့ ပုံစံနဲ့ အခုချိန်အထိသွားနေတုန်းပါ။ ထိခိုက်ဒဏ်ရာ ရတဲ့ပုံတွေဆိုရင် လည်း ပရိဿတ်စိတ်ထဲမှာ တကယ်ဖြစ်ထားတဲ့ ဒဏ်ရာအလား ထင်မှားသွားစေလောက်အောင် လုပ်ထားတဲ့ မိတ်ကပ် လက်ရာမျိုး ရှားပါတယ်။

လူတကာနီးပါး လုပ်နိုင်တဲ့ သရဲမျက်နှာ၊ ထိခိုက်ဒဏ်ရာပုံစံတွေနဲ့ တင်ဆက်နေတာကတော့ နိုင်ငံတကာ ရုပ်ရှင်တွေနဲ့ ယဉ်ပါးနေပြီဖြစ်တဲ့ မြန်မာပရိဿတ် တွေကတော့ သိပ်ပြီးတော့ စိတ်လှုပ်ရှားစရာကောင်းမှာမဟုတ်ပါဘူး။

ဆုယမင်းပြည့်ကတော့ ထူးထူးခြားခြား ခွဲထွက်လာနိုင်ဖို့ ကြိုးစားနေတာပါ။ သူ့ရဲ့ ဖန်တီးမှု ပုံရိပ်တွေကြောင့် သူ့ကို “ရုပ်ဆိုးဖန်တီးရှင်” လို့ပြောရင်လည်းပဲ ဂုဏ်ယူစွာနဲ့ လက်ခံမယ်လို့ဆိုပါတယ်။ သူ ဒီပညာကို လေ့လာခဲ့တာ တစ်နှစ်တောင် မပြည့်သေးပေမယ့် သူ့ရဲ့ တစိုက်မတ်မတ် ကြိုးစားအားထုတ်မှုတွေကြောင့် ပရိတ်သတ်ရဲ့ လက်ခံမှုကို ရယူနိုင်ခဲ့သူဖြစ်လာ ပါတယ်။

တစ်နှစ်တာလေ့လာခဲ့တယ်ဆိုပေမယ့် သူ့မှာ လက်တွေ့ပြပေးတဲ့ ဆရာတော့ မရှိပါဘူး။

ဖက်ရှင်ဒီဇိုင်နာတယောက်ဖြစ်ဖို့ ကြိုးစားခဲ့တဲ့ ဆုယမင်းပြည့်ဟာ အင်တာနက်မှာ တွေ့တဲ့ အနိဌာရုံ မိတ်ကပ် ဖန်းတီးမှုတွေကို စိတ်ဝင်စားပြီးလေ့လာပြီး စိတ်အားထက်ထက်သန်သန်နဲ့ စိတ်နှစ် ကြိုးစားဖန်တီး ခဲ့ရင်းကနေ ဝါသနာအမြစ်တွယ်ခဲ့ရတယ်လို့ဆိုပါတယ်။ ဒါကြောင့် ဖက်ရှင်လောကကို လျှောက်လှမ်းနေတဲ့ လမ်းကို ကျောခိုင်းပြီး ရုပ်ဆိုးဖန်တီးရှင်လမ်းပေါ်ကိုဆက်လျှောက်ခဲ့ပါတယ်။

13530314_868116179999839_350534239_n

ပရိတ်သတ်ဆီက အသိအမှတ်ပြုသံတွေကတော့ သူခြယ်သတဲ့ အနိဌာရုံပုံတွေ တစထက်တစပီပြင်လာတဲ့ အချိန်ကျမှပါ။ ဒီမတိုင်ခင် သူကြုံတွေ ဖြတ်သန်းခဲ့ရတဲ့ အခြေအနေတွေက ကြမ်းတမ်းခဲ့ပါတယ်။ အထူးသဖြင့်တော့ သူ့ရဲ့ မတူခြားနားတဲ့ ကြိုးစား အားထုတ်မှု အပေါ် ပြစ်တင်ရှုတ်ချမှုတွေဖြစ်ပါတယ်။

ဒီလမ်းပေါ်စလျှောက်ချိန်ကစပြီး ပတ်ဝန်းကျင်အတိုက်အခိုက်တွေလည်း သူကြုံခဲ့ရပါတယ်။ အထူးသဖြင့်တော့ သူ့ရဲ့ အလုပ် အပေါ်မှာ ရှုတ်ချခံခဲ့ရတာများပါတယ်။ အရင်းနှီးဆုံး မိတ်ဆွေတွေကတောင် ဒီအလုပ်အပေါ်မှာ အားမပေးဘဲ လျစ်လျူရှုခဲ့ကြ ပါတယ်။ တချို့က ကွယ်ရာမှာတမျိုး ရှေ့မှာတဖုံ အမျိုးဝေဖန်မှုတွေရှိခဲ့သလို ကန့်ကွက်မှုတွေလည်း ကြုံခဲ့ပါတယ်။

မိန်းကလေး ဖြစ်တာကြောင့်လဲ ဒီလို အလုပ်မျိုး လုပ်ရမလားဆိုပြီး ဝေဖန်မှုတွေက ပိုများခဲ့ပါတယ်။

“မိတ်ကပ်ဆိုလည်း ကိုယ်ပြင်တဲ့ ပုံတွေက အနိဌာရုံပုံတွေဆိုတော့ ပိုပြီးတော့ လက်မခံဘူး။ အထူးသဖြင့် မိန်းခလေး တယောက်အနေနဲ့ ဒီဟာ ဒီမိတ်ကပ်မျိုးကို လုပ်တာ ရူးနေတာလား၊ ပေါကြောင်ကြောင် နိုင်တာလားဆိုတဲ့ မေးခွန်းမျိုးတွေနဲ့ ဝေဖန်ကြတယ်။”

အရင်တုန်းကတော့ သူ့မှာ အခက်အခဲတွေကြုံလာရင် အမေဖြစ်သူနဲ့ တိုင်ပင်ပြီး အကြံကောင်းတွေ၊ နွေးထွေးတဲ့ နှစ်သိမ့် အားပေးမှုတွေ ရရှိခဲ့ပေမယ့် လွန်ခဲ့တဲ့ ၄ နှစ်လောက်မှာ သူအားကိုးရတဲ့ အမေဖြစ်သူ ဆုံးပါးသွားခဲ့ပြီး တဲ့နောက် သူ့ရဲ့ အခက်အခဲတွေကို တိုင်ပင်ဖို့ ကြုံတွေ့လာတိုင်း အမေကို တမ်းတမိပေမယ့် အသိစိတ်နဲ့ အကြိမ်ကြိမ် မျိုသိပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

အမေဖြစ်သူ မရှိတော့တဲ့နောက် အဖေဖြစ်သူရယ်၊ မောင်လေး တယောက်ရယ်နဲ့ အတူကျန်ခဲ့ပေမယ့် ဖခင်က အနိဌာရုံ ပုံတွေနဲ့ ဒိမိတ်ကပ် ခြယ်သတဲ့ အလုပ်ကို အားမပေးခဲ့ပါဘူး။ ပတ်ဝန်းကျင်၊ သူငယ်ချင်းတွေ ဝေဖန်ခဲ့သလို ဒီအလုပ်ကို မိဘအရင်းဖြစ်သူ ဖခင်ကတောင် လက်မခံခဲ့တဲ့ အတွက် လမ်းဆုံးတော့မလားဆိုတဲ့ စိတ်ထိခိုက်မှုမျိုးတွေ ကြုံခဲ့ရတယ်လို့ဆိုပါတယ်။

“အထူးသဖြင့် အဖေနဲ့ အတိုက် အခံလုပ်ရတယ်။ အဖေက ဘယ်လောက်အထိဖြစ်လည်းဆိုတော့ နင်ဒါကို ဆက်လုပ်နေမယ် ဆိုရင် အိမ်ပေါ်ကနေ နင်ဆင်း မလား၊ ငါဆင်းရမလားဆိုပြီး ဖြစ်ခဲ့သေးတယ်။ ကိုယ်ကလည်း ဝါသနာက အရမ်းပါနေပြီဆိုတော့ ငိုယိုပြီးတော့ အဖေ့ကို ပြောရတာပေါ့။ အခုတော့ နည်းနည်းနားလည်ပေးလာပါပြီ” လို့ သူရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ အခြေ အနေကို ရှင်းပြပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်တဲ့ မိဘတွေက စီးပွားရေးလိုင်းဘက်မှာဘဲ ထူးချင်စေချင်ပြီး အနုပညာနဲ့ ပတ်သက်တဲ့ လုပ်ငန်းကို အားပေးခြင်းမရှိပေမယ့် သူကတော့ မိဘတွေတားမြစ်နေတဲ့ကြားကပဲ ဒီလမ်းကို ယုံကြည်ချက်ရှိရှိနဲ့ မယိမ်းမထိုင် တစိုက်မတ်မတ် လျှောက်လှမ်းရင်း သူ့စိတ်ကူးထဲက အရုပ်တွေ ပီပြင် လာတဲ့ အထိ ကြိုးစားခဲ့ပါတယ်။

“သီးခံတာများတယ်။ စိတ်နဲ့ ပတ်သက်ပြီးတော့ လုပ်နေရတဲ့ အလုပ်ဆိုတော့ မနက်ပိုင်း တခုခုစကားများတာက အစ ဘာလုပ်လုပ် အဆင်မပြေဘူး။ ခုနပြောသလို အဝေဖန်ခံရတာတွေ အပြောအဆိုခံရတာတွေဆို ပိုဆိုးတယ်။ မိန်းခလေး တယောက်က အဲလောက်အထိ အဝေဖန်ခံနိုင်ဖို့ဆိုတာ တော်ရုံတန်ရုံမိန်းခလေးက မရဘူးလေ။ အဲဒီအခါမှာ ငိုချလိုက်ပြီးတော့ လုပ်ချင်စိတ်တွေပါ ပျောက်သွားတယ်” လို့ ဆိုပါတယ်။

ဝေဖန်တိုက်ခိုက်မှုတွေ ဆက်တိုက်ကြုံတွေ့ရတယ်။ တယောက်ထဲကြိတ်မှိတ်ခံစားခဲ့ရတယ်။ ဒါပေမယ့် ယုံကြည်ချက်ကို လွှတ်မချခဲဘဲ သတိရှိရှိနဲ့ ရင်ဆိုင်ဖြတ်သန်းခဲ့တယ်။ အဆုံးသတ်မှာတော့ ပရိတ်သတ်ရဲ့ အားပေးမှုကို တစထက်တစ ရလာခဲ့တယ်။ ဒီအချိန်မှာ ဝေဖန်သံတွေကလည်း တဖြည်းဖြည်း လျော့ပါးပျောက်ကွယ်ခဲ့တယ်။

တချို့ကတော့ သူ့ကို အကျောတင်းတဲ့ကောင်မလေး တယောက်လို့တောင် မြင်ကြပါတယ်။ ခုချိန်မှာတော့ ဆုယမင်းပြည့် ကိုယ်တိုင် ကလည်း သူ့အပေါ်ဝေဖန်သူတွေကို ကျေးဇူးတင်နေရပြန်ပါတယ်။ ဝေဖန်ပေးမယ့် သူတွေမရှိရင် သူ့ရဲ့ စိတ်ကူး ပုံဖော်မှုတွေ ဒီလောက်ထိ ပီပြင်လာမှာမဟုတ်ဘူးလို့ဆိုပါတယ်။

ဝေဖန်မှုတွေကို ကြံ့ကြံ့ခံ ဖြတ်သန်းလာခဲ့သူတယောက်အတွက် အဆုံးမှာ ချိမြိန်တဲ့ ပီတိတချို့လည်း ရရှိခဲ့ပါတယ်။ ဥပမာ အလှဖန်တီးရှင်တွေ သူ့တို့ဖန်တီးခြယ်သလိုက်တဲ့ သူတယောက် နတ်သမီးလေးလို လှပသွားချိန် “လှလိုက်တာ မှတ်တောင် မမှတ်မိဘူး” ဆိုတဲ့ စကားမျိုးကြားရချိန် အလှဖန်တီးရှင် အတွက် ပီတိဖြစ်သလို ဆုယမင်းပြည့် မှာလည်း ခြားနားတဲ့ ပီတိရှိပါတယ်။

13524168_868115596666564_322698542_o

 “ညီမရဲ့ ပီတိကတော့ ပြောင်းပြန်လေ။ ကိုယ်လုပ်ထားတဲ့ပုံကို ကြည့်ပြီးတော့ ဟယ် ရွံစရာကြီး၊ ကြောက်စရာကြီးလို့ ပြောရင် အရမ်းပျော်တယ်။ ငါလုပ်တာ ပီပြင်လာပြီလို့ ခံစားရတယ်။ သူများတွေ အရမ်းကြောက်လေ။ ကိုယ်ကပျော်လေပဲ” လို့ အလှဖန်တီးရှင်တွေနဲ့ မတူညီတဲ့ သူ့ရဲ့ပီတိကို ပြောပြပါတယ်။

ပရိတ်သတ်တွေလက်ခံနေတဲ့ အထိ သူက ကိုယ့်ကိုယ်ကို မိတ်ကပ်ပညာဆည်းပူးလေ့လာနေဆဲ သူတယောက်အဖြစ်မှာဘဲ ရှိနေဆဲဆိုတာသူသိပါတယ်။ ခုချိန်ထိ မိတ်ကပ် သင်တန်းတွေကို မတက်ဘူးသေးဘဲ အင်တာနက်ပေါ်မှာ မြင်တာတွေနဲ့ လေ့လာပြီး ကိုယ်တိုင် ဖန်တီးခြယ်သခဲ့သူပါ။ အခွင့်ရမယ် ဆိုရင် သင်တန်းတွေတက်ဖို့တော့ ဆုံးဖြတ်ထားတယ်လို့ဆိုပါတယ်။

ဒိထက် ကောင်းမွန်ဖို့အတွက် အတွေ့အကြုံတွေလိုအပ်နေသေးသလို အရည်အသွေးကောင်းတဲ့ အနောက်တိုင်းကလာတဲ့ မိတ်ကပ်အမျိုး အစားတွေလိုတယ်လို့ပြောပါတယ်။ အထူးသဖြင့် အရည်အသွေးကောင်းတဲ့ အမေရိကန်ထုတ်မိတ်ကပ်တွေက ဝယ်ယူဖို့ ခက်ခဲ တယ်လို့ဆိုပါတယ်။

သူမိတ်ကပ်သုံးစွဲတဲ့ နေရာမှာ အထူးသဖြင့်တော့ အခြယ်သခံရမယ့် ပုဂ္ဂိုလ်ရဲ့ အသားအရေတွေကို ထိခိုက်စေမယ့် မိတ်ကပ် မျိုးကို မသုံးမိဖို့ အထူးဂရုစိုက်တယ်လို့ဆိုပါတယ်။ ဒီအတွက် သူကြိုးစားတဲ့ အထဲက ရလာဒ်တခုကတော့ ကိုယ်ခြယ်သမယ့် ပုဂ္ဂိုလ်ရဲ့ အသားအရေကို မထိခိုက်အောင် အောက်ခံလိမ်းတဲ့ အဆီကို ကိုယ်တိုင်တောင် တီထွင် ထုတ်လုပ်နိုင်ခဲ့တယ် လို့ဆိုပါတယ်။

အခုတော့ အောင်မြင်မှု လမ်းစ အဖြစ် သူ့နောက်ကို မီဒီယာတွေလိုက်လာကြသလို အလုပ်တွေလည်းလိုက်လာလို့နေပါပြီ လောလောဆယ်တော့ MTV တခုမှာ ပြင်ပေးထားသလို Dimensions ဆိုတဲ့ အက်ရှင် ရုပ်ရှင်ကား တကားကိုလည်း လက်ခံပြီး ပြင်ပေးထားတယ်လို့ဆိုပါတယ်။ ဇာတ်ကားတွေမှာ ပြင်ဖို့အတွက် နောက်ဆက်တွဲလက်ခံ ထားတာတွေ လည်းရှိနေပြီလို့လည်း ဆိုပါတယ်။ ဒါဟာ သူ့အတွက်တော့ ခြေလှမ်းအစပါပဲ။

Dimensions ဆိုတဲ့ အက်ရှင်ကားထွက်လာရင် အသက်ငယ်ငယ် ရုပ်ဆိုးဖန်တီးရှင် ကောင်မလေးရဲ့ လက်ရာတွေကို စတင်မြင်တွေ့ ရတော့မှာဖြစ်ပြီး နောက်လာမယ့် မြန်မာ ဇာတ်ကားတချို့မှာလည်း သူ့ရဲ့ တမူထူးခြားတဲ့လက်ရာတွေကို ထပ်တွေ့ရပါတော့မယ်လို့ မျှော်လင့်မိပါတယ်။

အသက်ငယ်ပေမယ့် သူ့မှာ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို ရဲရဲ့ဝံ့ဝံ့ လုပ်ကိုင်ရဲတဲ့ သတ္တိရှိပါတယ်။ ဒီသတ္တိကြောင့်ပဲ သူလမ်း စတခုကို ဖောက်နိုင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ သူကိုယ်တိုင် စခဲ့တဲ့ ဒီလမ်းပေါ်မှာ သူဘယ်လောက်ထိလျှောက်နိုင်ဦးမလဲ ဆိုတာကတော့ ပရိတ်သတ်တွေကလည်း စောင့်ကြည့်နေကြမှာအမှန်ပါ။

“ညီမရဲ့ ရည်မှန်းချက်ပန်းတိုင်က Professional Make Up Specialist ဖြစ်ဖို့ပဲ။ အဲဒီအတွက် ဖြစ်ပါ့မလားဆိုပြီးတော့တော့ တွန့်ဆုတ်မနေဘူး။ ကိုယ့်ကိုယ်ကို ယုံယုံကြည်ကြည်နဲ့ လုပ်ချလိုက်တာပဲ။ ကိုယ့်ကိုယ် ကိုလည်း ယုံကြည်မှုအပြည့်ရှိတယ်”လို့ သူကဆိုပါတယ်။

အောင်မြင်မှုပန်းတိုင်ကို သွားတဲ့ခရီးလမ်းမှာ ခရောင်းလမ်းဆိုတာ ရှိစမြဲဖြစ်တာကြောင့် ခရောင်းလမ်းတွေကို အရင်တွေးပြီး ကြောက်ရွံ့မနေဘဲ ကိုယ်သွားချင်တဲ့ ပန်းတိုင်ကို အမိအရဆုပ်ကိုင်နိုင်ဖို့အတွက် ယုံကြည်ချက်ခိုင်ခိုင်မာမာထားပြီး ကြိုးစားကြဖို့ အမျိုးသမီးငယ်တွေကိုလည်း သူက စကားပါးလိုက်ပါသေးတယ်။

“ညီမတို့အရွယ်မိန်းခလေးတွေအနေနဲ့လည်း အချိန်ကို အကျိုးရှိရှိအသုံးချကြပါလို့ ပြောချင်ပါတယ်။ ညီမတောင် ဒီအသက် အရွယ်မှာ ဒီလိုမျိုးလုပ်နေတယ်ဆိုပေမယ့် နောက်ကျနေတယ်လို့တောင် ခံစားနေရတယ်။ အွန်လိုင်းသုံးရင်တောင် အကျိုး ရှိရှိအသုံးပြုကြဖို့ တိုက်တွန်းချင်ပါတယ်” ….။

 

 

 

Related Articles