Home ဆောင်းပါး “ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့အားပြိုင်မှုအကြား မြေစာပင်ဖြစ်နေရသူများ”

“ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့အားပြိုင်မှုအကြား မြေစာပင်ဖြစ်နေရသူများ”

နန်းဆိုင်နွမ်။ ။

တစိမ့်စိမ့်ရွာနေတဲ့မိုး၊ အေးစိမ့်စိမ့်ရာသီဥတုနဲ့ လေကောင်းလေသန့်တွေကြောင့် ရှမ်းတောင်တန်းပေါ်မှာ နေထိုင်ရတာဟာ သက်တောင့်သက်သာရှိလှပြီး စိတ်ကူးယဉ်စရာကောင်းလှတဲ့ ဘဝမျိုးပါ။

ဒါပေမယ့်ဒေသခံတချို့ရဲ့ဘဝဟာတော့ ဒီနှစ်မှာသာသာယာယာမရှိလှပါဘူး။

တချို့တွေက ထော်လာဂျီပေါ် ဖြစ်သလိုအိပ်စက်ရသလို တချို့ ကျတော့ အဖြစ်ဆောက်ထားတဲ့ဝါးတဲမှာ မိုးလုံအောင် ပလပ်စတစ်လေးကာပြီး နေနေရပါတယ်။ တချို့ကျတော့ ဘုန်းကြီးကျောင်းဆောင်ထဲမှာ အခင်းမရှိဘဲ ချမ်းအေးလှတဲ့ မိုးတွင်းကိုဖြတ်သန်းနေကြရပါတယ်။

ရှမ်းတောင်တန်းတွေပေါ်မှာ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ကြားလက်နက်ကိုင်တိုက်ခိုက်နေကြတဲ့ အားပြိုင်မှုတွေကြောင့် ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ဟာ ရှမ်းတောင် ကျေးသီးမြို့နယ် အတွင်းမှာ ဇွန် ၁ရက်မှ စတင်ပြီး ယနေ့ အချိန်ထိ ပြင်းပြင်းထန်ထန်တိုက်ခိုက်နေကြတာဖြစ်ပါတယ်။

နှစ်ဘက်တပ်တွေဟာ မိုင်းနောင်-ကျေးသီး ကားလမ်းတောင်ဖက်ခြမ်းရှိ လွိုင်ဟွန်းတောင်ကြောကို ထိန်းချုပ်ဖို့ အတွက် တိုက်ပွဲဝင်နေကြတာပါ။ ဒါပေမယ့် တိုက်ပွဲရဲ့နောက်ကွယ်မှာ တဖက်နှင့်တဖက် သူနယ်ကိုယ့်နယ် အငြင်းပွားသည် ထက်ပိုနေသည့် အချက်တခုရှိကြောင်း တိုင်းရင်းသားအရေးလေ့လာသူ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။

“ ထိုဒေသနှင့် ပတ်သက်၍ တဖက်နှင့်တဖက် သူ့နယ်ကိုယ့်နယ် အငြင်းပွါးသည်ထက်ပိုနေသည်အချက်တခုရှိသည်။ ထိုအချက်မှာ လွယ်ဟွေးတောင်ကြောပေါ်တွင် တပ်စွဲနေသည့် RCSS တပ်များသည် လွယ်ဟွေးတောင်ကြော မြောက်ဖက် ၁၀ မိုင်ကျော်ခန့်အကွာတွင်ရှိသည့်အပြင် လွင်ပြင်ထဲတွင် အခြေချနေသော SSPP ဌာနချုပ် ဝမ်ဟိုင်းအားလည်း ခြိမ်းခြောက်နေသည်။ သို့နှင့် စစ်ပွဲသည် တစတစပို၍ပြင်းထန်လာနေတော့သည်” ဟု ဦးမောင်မောင်စိုးက သူ့ရဲ့ပို့စ် တွင်ဇူလိုင် ၁ရက်ကရေးသားခဲ့ပါတယ်။

ဇွန်လ ၁ ရက်နေ့မှ အစပြုခဲ့ကြသည့် တိုက်ပွဲများသည် ဇွန်လ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြပြီး ခေတ္တစစ်နားကာအင်အားများပြန်လည်စုဖွဲ့ကြပုံရကြောင်းနှင့် ထိုမှတဖန် ဇွန် ၃၀ ရက်မှ တိုက်ပွဲများ တဖန်ပြန်လည်စတင်ခဲ့ကြောင်းလည်း သူကဆိုပါတယ်။

ဒေသတွင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်သူများ၏အဆိုအရ တိုက်ပွဲများကြောင့် လူ(၃၀၀၀ )ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။ စစ်ပြေးနေရသူတွေဟာ နီးစပ်ရာဘုန်းတော်ကြီးကျောင်းတွေဆီမှာ သွားရောက်ခိုလှုံနေကြရပါတယ်။

စစ်ဘေးရှောင်လာချိန်မှာလည်း အများစုဟာ ကိုယ်လွှတ်ရုန်း ထွက်ပြေးလာရတဲ့အတွက် အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းတွေ မပါလာခဲ့ရသူများကြောင်းလည်း စစ်ဘေးရှောင်လာသူတွေက ဆိုကြပါတယ်။

“စစ်ရှောင်လာတာ ဘာမှ မရလာဘူး။ အဝတ်တထည် နဲ့ပဲထွက်ပြေးလာရတာ။ လက်နက်သံတွေက ရွာနားနဲ့နီးတော့ တော်တော်လန့်တယ်” လို့ စစ်ရှောင်အသက် ၃၀ကျော် နန်းလူ က စိတ်မကောင်းစွာပြောပါတယ်။

ထိုစစ်ပွဲကြောင့် နန်းလူ တို့ မိသားစုလည်း ကျေးသီးမြို့နယ် နောင်ဆွမ်းကျေးရွာအုပ်စု နားဟျိုးကျေးရွာ ကနေ စစ်ပြေးရှောင်လာကြပါတယ်။

နန်းလူတို့နေထိုင်တဲ့ နေရာဟာ တိုက်ပွဲဖြစ်ပွားတဲ့ နေရာနဲ့ အလွန်နီးကပ်တဲ့နေရာဖြစ်ပြီး ဇွန် ၁ရက် က ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် အဝတ်အစားတွေ အသုံးအဆောင်ပစ္စည်းတွေမပါဘဲ ထွက်ပြေးလာရကြောင်း စိတ်မကောင်းစွာနဲ့ ပြောပါတယ်။

“ တိုက်ပွဲတွေ က ဒီနေ့ထိ ဖြစ်နေတော့ ကျမတို့လည်း စိတ်ညစ်တယ်။ နေဖို့ထိုင်ဖို့ဆိုတာကလည်း ကိုယ့်အိမ်နဲ့ ဘယ်လိုတူမလဲ။ အခက်အခဲကတော့ အရမ်းများတယ်။ လူများနဲ့နေရတော့ အဆင်မပြေဘူး” လို့ ဝမ်းနည်းစွာ ပြောပါတယ်။

လက်ရှိကာလ မှာ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် စီးပွားရေး ကျဆင်းနေချိန်၊ စစ်အာဏာရှင်ကြောင့် နိုင်ငံရေး အဆင်မပြေချိန် ရှမ်းတပ်(၂)တပ် နယ်မြေလု တိုက်ပွဲဖြစ်ပွားနေတဲ့အပေါ် ရှမ်းအမျိုးသမီးတယောက်အနေနဲ့ အလွန်ပင် စိတ်မကောင်းသလို ဒေါသလည်း ထွက်မိကြောင်း အသက် ၅၀ကျော် စစ်ဘေးရှောင် အမျိုးသမီး ပါ့ဆာ(အမည်လွှဲ) က ပြောပါတယ်။

“ ဒီလို အချင်းချင်းတိုက်ပွဲဖြစ်လာမယ်လို့ ကျမတို့ မထင်ခဲ့ဘူး။ စိတ်မကောင်းဘူး။ ကျမတို့ ဘယ်သူ့ကို အားကိုးရမှာလဲ။ အခုလည်း ကျမတို့ စစ်ရှောင်မှာ နေရတာ အရမ်းခက်ခဲတယ်” လို့ ပါ့ဆာ က ဆိုပါတယ်။

စစ်ရှောင်အများစု က အသက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်ကြပြီး၊ တိုက်ပွဲဖြစ်ပွားနေတဲ့ ရှမ်းတပ်(၂)တပ်အနေနဲ့ ပြည်သူတွေရဲ့ မျက်နှာကို ထောက်ပြီးသနားငဲ့ညှာတဲ့အနေနဲ့ တိုက်ပွဲ ရပ်တန့်ပေးစေချင်ကြောင်း စစ်ရှောင်တွေ က တောင်းဆိုလိုက်ပါတယ်။

“ရှမ်းတပ်(၂)တပ် ဖြစ်လို့ ထွက်ပြေးရတာ ဒီတသက်မှာ တခါမှ မရှိခဲ့ဘူး။ ကျမ ဘာပြောရမှန်းမသိဘူး။ ဒီချိန်စိုက်ပျိုးရာသီချိန် စစ်ပွဲတွေရပ်ပေးပါလို့ပဲ ပြောချင်တယ်” လို့ အသက် (၆၀)ကျော် အဘွားက ဝမ်းနည်းစွာနဲ့ ဆိုပါတယ်။

လွန်ခဲ့တဲ့ တနှစ်က ကိုဗစ်-၁၉ ကြောင့် ပြည်သူတွေ အရောင်းအဝယ်ခက်သလို စိုက်ပျိုးရေးထွက်ကုန်လည်း ရောင်းဖို့ခက်ခဲ့တဲ့အတွက် ဝင်ငွေလျော့နည်းခဲ့ကာ စားဝတ်နေရေး အဆင်မပြေမှုတွေကြုံခဲ့ရပါတယ်။

လက်ရှိမှာလည်း ကိုဗစ်-၁၉ ဒဏ်၊ စစ်ရေးဒဏ်နဲ့ နိုင်ငံရေး အပြောင်းအလဲဒဏ် (၃)ဒဏ်တို့ကြောင့် ရှမ်းတောင်တန်းက ပြည်သူတွေဟာ ရုန်းထဖို့ အင်အားချိနဲ့နေတဲ့ဘဝဖြစ်နေကြပါတယ်။

“ စစ်ရှောင်ရတာ ကိုဗစ်လည်းကြောက်ရ၊ စစ်လည်းကြောက်ရ အရာရာကိုကြောက်နေရတယ်။ အာဏာရှိသူ လက်နက်ရှိသူအနေနဲ့တော့ ဒါတွေကို ပြန်ကြည့်ပြီး စဉ်းစားသင့်တယ်” လို့ အသက်(၆၀) ကျော် အဘွားက စိတ်မကောင်းစွာ ပြောပါတယ်။

ဒါ့ကြောင့် ရှမ်းတပ်(၂)တပ်ရဲ့တိုက်ပွဲတွေရပ်တန့်ပြီး ယခု မိုးဦးရာသီချိန် စိုက်ပျိုးသီးနှံလုပ်ကိုင်ခွင့်ပေးရန် အရေးကြီးကြောင်း၊ ယခုလအတွင်း ပျိုးစပါးကြဲနိုင်မှသာလျှင် နောင်လာမယ့် နှစ်အတွက် စားဝတ်နေရေး အဆင်ပြေနိုင်မယ်လို့ စစ်ရှောင်ပြည်သူတွေက တပြိုင်နက်တည်း ပြောဆိုကြပါတယ်။

“ ကျမတို့ သူတို့ ဘာကြောင့် တိုက်ပွဲအပြင်းအထန်ဖြစ်နေလဲဆိုတာ နားမလည်ဘူး။ မသိဘူး။ ကျမတို့ဝမ်းရေးအတွက် ဒီချိန်က ပျိုးကြဲရမယ်။ ဒါမှ နောင်နှစ်အတွက်အဆင်ပြေမယ်။ ပြီးတော့ သူတို့ကို အခွန် (ဆက်ကြေး) ဆောင်နိုင်မယ်။ ဒီလိုတာဆိုရင် သူတို့ကိုလည်း အခွန်မဆောင်ပေးနိုင်တော့ဘူး” လို့ အသက် (၅၀)အရွယ် ပါ့ဆာ က ဆိုပါတယ်။

စစ်ဘေးရှောင်ကိုကြည့်မယ်ဆိုပါက အများစုဟာ အမျိုးသမီးတွေ ဖြစ်နေကြပြီး၊ အမျိုးသမီးတွေ အတွက် လိုအပ်တဲ့ပစ္စည်းတွေ ဟာ အများကြီးရှိကြောင်း၊ စစ်ရှောင်လာတဲ့ အမျိုးသမီးတွေဟာ အဝတ်အစားလည်း မရရှိလာကြောင်း ကျေးသီးကို စစ်ဘေးရှောင် သွားရောက်ကူညီတဲ့ သူတွေက ပြောပါတယ်။

“ ကျမတို့ သွားကူတုန်းကတော့ အစားအသောက်တွေ အတွက်ပဲ အဓိက သွားပေးနိုင်တာ။ ကျန်တာ သွားမပေးနိုင်ခဲ့ဘူး။ အမျိုးသမီးတွေ များတော့ အဝတ်အစားရော လစဉ်သုံးပစ္စည်းတွေကပါ လိုတယ်” လို့စစ်ဘေးရှောင်ကို သွားရောက်ကူညီ တဲ့ သီပေါမြို့ က နန်းမွမ်းမွမ်းပေါင်းက ပြောပြပါတယ်။

ကျေးသီးမြို့နယ်ဟာ ရှမ်းပြည်ရဲ့ အလယ်တွင်တည်ရှိပြီး တောင်ကုန်းတောင်တန်းထူထပ်တဲ့ ကုန်းမြင့်မှာရှိတဲ့အတွက် လမ်းပန်းသွားရခက်ခဲတဲ့နေရာတခုဖြစ်ပါတယ်။ လူဦးရေ ၈၀၀၀၀ ကျော်နေထိုင်ပြီး စိုက်ပျိုးရေးကိုအဓိကလုပ်တဲ့ မြို့ငယ်လေးဟာ စီးပွားရေးအရလည်းဖွံ့ဖြိုးမှုလည်းနည်းလှပါတယ်။

၂၀၁၉ ခုနှစ်အတွင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ စစ်တမ်းတခုမှာတော့ ကျေးသီးမြို့နယ်ကို စီးပွားရေးမဖွံ့ဖြိုးတဲ့ ဒေသလို့ ညွှန်းဆိုထားပါတယ်။ မြို့ခံတွေဟာ တောင်ယာအလုပ်သာ အဓိကလုပ်ကိုင်ကြပြီး အနီးနားကမြို့တွေကို သွားဖို့ဆိုတာဟာလည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲလှတယ်လို့ အဆိုပါစစ်တမ်းကဆိုပါတယ်။

ထွေအုပ်ရဲ့ ၂၀၁၉ စာရင်းအရ ကျေးသီးမှာ တခြားမြို့တွေလိုကုန်စည်ဒိုင်မရှိ၊ ပွဲရုံမရှိ၊ ဟိုတယ်မိုတယ်၊ ပုဂ္ဂလိကဘဏ် စတဲ့ အခြေခံအဆောက်အအုံတွေလည်း မရှိဘူးလို့ဆိုပါတယ်။ ဒီလိုဖွံ့ဖြိုးမှုနောက်ကျရတဲ့အထဲမှာ စစ်ပွဲကြောင့်နောက်ဆက်တွဲပြဿနာတွေထပ်မံကြုံရပြန်ပါတယ်။

အရင်ကဆို ကိုယ်နေထိုင်ရာဒေသတွေမှာ တိုက်ပွဲတွေဖြစ်လာရင် တိုက်ပွဲမရှိတဲ့ဆီတိမ်းရှောင်လို့ရပေမယ့် အခုချိန်မှာတော့ တနိုင်ငံလုံးမှာလည်း အာဏာသိမ်းမှုကြောင့် နိုင်ငံရေးကိုသာအာရုံစိုက်နေကြတဲ့အတွက် ရှမ်းပြည်ရှိ စစ်ဘေးရှောင်ကို တခြားပြည်သူတွေက အာရုံမစိုက်နိုင်ကြတော့ပါဘူး။

“ တဖက်ကလည်း စစ်အာဏာရှင်ကို တိုက်နေကြတယ်။ နောက်ကျေးသီးက သွားရခက်တယ်။ ဒါ့ကြောင့် တော်ရုံလူတွေ သိပ်လာမလှူကြဘူး။ အလှူရှင်နည်းတယ်။ စားဖို့အတွက်ပဲပို့နိုင်တာ။ အမျိုးသမီးအတွက် သီးသန့် မပို့ပေးနိုင်ဘူး” လို့ နန်းမွမ်းမွမ်းပေါင်းက စိတ်မကောင်းစွာဖြင့် ပြောပါတယ်။

နိုင်ငံရေးရှုတ်ထွေးနေချိန်မှာ ရှမ်းပြည်စစ်ရှောင်တွေ အတွက် ယခင်ကထက် ပိုပြီး ဝန်ထုတ်ဝန်ပိုးပိုကြီးနေကြောင်းလည်း နန်းမွမ်းမွမ်းပေါင်းက ဆိုပါတယ်။

ပြည်သူများအနေနဲ့ အာဏာမရှိတဲ့သူဖြစ်နေတဲ့အတွက် လက်နက်ကိုင်အဖွဲ့တွေကိုပြောဆိုရန် အားမရှိကြောင်း၊ သို့ပေမယ့် ထိုလက်နက်ကိုင်တပ်ဖွဲ့တွေဟာ ပြည်သူတွေရဲ့ ငွေတွေ အားပေးမှုတွေနဲ့ ရပ်တည်နေတဲ့ အဖွဲ့ဆိုတာ မမေ့စေချင်ကြောင်းလည်း စစ်ရှောင်ပြည်သူတွေက ဝမ်းနည်းစွာဖြင့် ပြောပါတယ်။

လက်နက်ကိုင်တွေအနေနဲ့ မွေးကင်းစ လသားလေးတွေ၊ မွေးဖွားစမိခင်တွေ ရဲ့ လက်ရှိ စစ်ရှောင်နေတဲ့အခင်းအကျင်းကို ကိုယ်ချင်းစာပေးကာ တိုက်ပွဲရပ်တန့်စေချင်ပါတယ်။

“ လက်ရှိမှာက တဖက်က တိုင်းရင်းသားအချင်းချင်းဖြစ်နေတယ်။ သူတို့အတွက်ကတော့ ပြောစရာမရှိတော့ဘူး။ အမတို့မှာ အာဏာမရှိဘူး။ ပြောဖို့လည်းခက်တယ်။ ပြည်သူတွေကို စာနာစိတ်နဲ့ သနားစိတ်နဲ့ လူမျိုးချစ်တဲ့စိတ်နဲ့ အလုပ်လုပ် စေချင်တယ်” လို့ နန်းမွမ်းမွမ်းပေါင်း က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

တိုက်ပွဲမှာ အမျိုးသမီးတွေဟာ ပိုခံရပြီး၊ လက်ရှိအချိန်ကာလမှာလည်း ကျီးလန့်စာစားနေရကြောင်းလည်း စစ်ဘေးရှောင်ကူညီပေးနေတဲ့ ကျေးသီးမြို့က စစ်ရှောင်ကူညီပေးနေသူတစ်ဦးဖြစ်တဲ့ စိုင်းဖ က ပြောပါတယ်။

“ သေနတ်သံတွေ လက်နက်ကြီးသံတွေက နေ့တိုင်းကြားရတော့ အမျိုးသမီးတွေ သွေးနုသားနုတွေ ကလေးတွေ ဘယ်လောက်တောင် လန့်မလဲ” လို့ စိုင်းဖ ကပြောပါတယ်။

တချို့ စစ်ရှောင်တွေ ဟာ လွန်ခဲ့တဲ့ လကုန်ပိုင်းမှာ နေအိမ်ကို အရဲစွန့်ပြန်ကြပြီး မိုးဦးစပါးကြဲရန် သွားကြပေမယ့် တိုက်ပွဲ ထပ်မံပြန်လာတဲ့အခါ ပြန်ပေးလာရတဲ့သူတွေရှိပါတယ်။

“ တိုက်ပွဲနဲ့ နည်းနည်းအလှမ်းဝေးတဲ့ရွာသားတွေ အရဲစွန့်ပြန်ကြတယ်။ ဒါပေမယ့် ဇူလိုင်၁ရက်မှာ တိုက်ပွဲပြန်ပြင်းထန်တော့ ပြန်ထွက်ပြေးလာရတယ်။ ဒီနှစ်စိုက်ပျိုးမရရင် နောက်နှစ်အတွက် အခက်ကြုံမယ်” လို့ စိုင်းဖ က ဆိုပါတယ်။

ကျေးသီးဒေသခံပြည်သူတွေ၊သံဃာတော်တွေဟာ ရှမ်းတိုင်းရင်းသားလက်နက်ကိုင် (၂)တပ်ကို တိုက်ပွဲရပ်တန့်ရန် နည်းမျိုးစုံ အကြိမ်ကြိမ်တောင်းဆိုခဲ့ကြပေမယ့် ရှမ်းတပ်(၂)တပ်ကတော့ ရပ်တန့်ဖို့ မရှိဘဲ စစ်အင်အားကို အပြန်အလှန် ထပ်မံဖြည့်ကာ စစ်ရေး ပိုပြင်းထန်လာကြပါတယ်။

ဇွန်လ အတွင်း ရှမ်းတပ်(၂)တပ် ဟာ နေ့စဉ်နီးပါး ထိတွေ့မှု ရှိခဲ့ပြီး ရှမ်းတပ်(၂)တပ်ရဲ့ ပြောရေးဆိုခွင့်သူတွေဟာ အပြန်အလှန် နယ်မြေ ကျူးလွန်မှုဟု ပြောဆိုပြီး ကိုယ်စီ လွိုင်ဟွန်းတောင်ကို ပြန်ရရှိဖို့အတွက် တပ်စခန်းတွေ နောက်ဆုတ်မည် မဟုတ်ဘဲ ဆက်ပြီးတိုက်သွားမည်ဟုလည်း ဖြေကြားခဲ့ကြပါတယ်။

“ ရှမ်းပြည်မှာ ရှိတဲ့ တိုက်ပွဲ အားလုံးရပ်စေချင်တယ်။ အိမ်တွင်းရေး ဖြစ်တဲ့ကိစ္စ ကြောင့် အချင်းချင်းပြေလည်စေချင်တယ်။ ရန်သူအရေး တောင်ဖြေရှင်းနိုင်သေးတာပဲ မိသားစုအချင်းချင်းက ပိုပြီး ဖြေရှင်းနိုင်တာပေ့ါ” လို့ စစ်ရှောင်တွေကို အမျိုးသမီးအရေး ကူညီနေတဲ့ နန်းမွမ်းမွမ်းပေါင်း က ဆိုပါတယ်။

ဒါ့ကြောင့် ရှမ်းတပ်(၂)တပ်ဖြစ်တဲ့ အိမ်တွင်းရေး မိသားစုပြဿနာကို အချင်းချင်းတွေ့ဆုံဖြေရှင်းပေးသင့်ကြောင်း၊ ရန်သူ(စစ်ကောင်စီ)တပ်ဖွဲ့ကိုတောင် ငြိမ်းချမ်းရေးနည်းနဲ့ ဖြေရှင်းနိုင်ခဲ့ကြသေးကြောင်း ကျေးသီးပြည်သူတွေက ပြောပါတယ်။

Related Articles