Home ဆောင်းပါး ခွဲခြားဆက်ဆံမှုကင်းသောနေ့ရက်များဆီသို့

ခွဲခြားဆက်ဆံမှုကင်းသောနေ့ရက်များဆီသို့

ခင်ဘုန်းမို့‌။ ။

အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုတွေ အရှိန်အမြင့်ဆုံးအချိန်ဖြစ်တဲ့ ပြီးခဲ့တဲ့ ၂၀၂၁ မတ်လ ၈ရက် တုန်းက မြန်မာနိုင်ငံရဲ့မြို့ကြီးတွေမှာ အရင်ရက်တွေနဲ့မတူညီတဲ့ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခု ဖြစ်ခဲ့ပါတယ်။

“အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့” လည်းဖြစ်တဲ့ အဲ့ဒီနေ့မှာ “စစ်အာဏာရှင်ပြုတ်ကျဖို့ ထဘီအလံထူကြစို့” လို့ကြွေးကျော်ပြီး အမျိုးသမီးတွေဟာ လမ်းမတွေပေါ် တက်လာခဲ့ကြပါတယ်။

နွေဦးတော်လှန်ရေးဒိုင်ယာရီရဲ့ စာမျက်နှာတချို့ကို ပြန်လှန်ကြည့်လိုက်ချိန်မှာ အမျိုးသမီးတချို့က အမျိုးသမီးဝတ်ထဘီတွေကို အလံအဖြစ် အသုံးပြုဖို့ပြင်ဆင်နေတာ၊ အမျိုးသားတွေက ထဘီတွေကို ခေါင်းပေါင်းပြီး သပိတ်ထွက်ကြတဲ့ မြင်ကွင်းတွေကို မှတ်မှတ်ရရ မြင်တွေ့နိုင်ပါတယ်။

ထဘီအလံသပိတ်တွေ မထွက်ခင်အစောပိုင်းရက်မှာလည်း ထဘီတွေ၊ အမျိုးသမီးဝတ် အတွင်းခံတွေကို ကြိုးနဲ့တန်းကာ လမ်းမတွေပေါ်မှာချိတ်ဆွဲပြီး စစ်ကောင်စီတပ်တွေ အလွယ်တကူ မဝင်ရောက်နိုင်အောင် ခံတပ်အဖြစ် အသုံးပြုခဲ့ကြပါသေးတယ်။

ထဘီတွေကို ဘုန်းနိမ့်တယ်လို့ လက်ခံထားကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒီအယူအဆကို လက်ခံယုံကြည်ထားသူ တချို့အတွက် ထဘီတန်းနဲ့ထဘီအလံ သပိတ်တွေဟာ မျက်စိဆံပင်မွေး ဆူးစရာ ဖြစ်ခဲ့ပါတယ်။

အမျိုးသမီးတွေကို ခွဲခြားနှိမ့်ချတဲ့ အယူအဆအမှားတွေကို ထောက်ပြတဲ့ အမျိုးသမီးထု ဦးဆောင်တဲ့ သပိတ်တွေ ထွက်ပေါ်လာခဲ့တာ တစ်နှစ်ကျော်ကြာခဲ့ပါပြီ။ ဒီကာလအတွင်းမှာ ခွဲခြားနှိမ့်ချတဲ့ အယူအဆတွေအပေါ် အမှန်တကယ် အမြင်တွေပြောင်းလဲသွားပြီလားဆိုတာ မေးခွန်းထုတ်စရာပါ။ ဒီအတွက် HI သတင်းဌာနက ဖြေဆိုသူ ၁၀၀ ပါဝင်တဲ့ အသေးစား သဘောထားစစ်တမ်းတစ်ခုကို လူထုကြားထဲမှာ ကောက်ခံခဲ့ပါတယ်။

အမျိုးသမီးတွေလည်း ရှေ့တန်းက ပါဝင်ခဲ့ပြီး အာဏာရှင်နဲ့အတူ ခွဲခြားဆက်ဆံမှုတွေကို တိုက်ထုတ်နေတဲ့ နွေဦးတော်လှန်ရေး တစ်နှစ်အကြာမှာ အမျိုးသမီးတွေကိုခွဲခြားနှိမ့်ချတဲ့ အယူအဆတွေလျော့ပါးလာတယ်လို့ အများစုက ရှုမြင်ကြပါတယ်။ ဖြေဆိုသူ (၇၂.၇) ရာခိုင်နှုန်းက အမျိုးသမီးတွေကို ခွဲခြားနှိမ့်ချတဲ့ အယူအဆတွေ လျော့ပါးလာတယ်လို့ ဆိုပါတယ်။ ကျန်တဲ့ (၂၇.၃) ရာခိုင်နှုန်းကတော့ ဆန့်ကျင်ဘက် အမြင်ရှိကြပါတယ်။

မြို့ကြီးတွေအနှံ့ဆီ ပျံ့နှံ့ခဲ့တဲ့ ထဘီအလံသပိတ်ကိုလည်း ဖြေဆိုသူ ၁၀၀ ထဲက (၉၄) ယောက်က သဘောကျတယ်လို့ မှတ်ချက်ပေးပြီး ကျန်တဲ့ (၆) ယောက်ကတော့ သဘောမကျဘူးလို့ဆိုပါတယ်။ ဒါ့အပြင် ထဘီအလံသပိတ်တွေ ပြုလုပ်ပြီးနောက် စစ်တမ်းဖြေဆိုတဲ့သူတွေထဲက (၃၉) ယောက်က ထဘီနဲ့ပတ်သက်တဲ့ အစွဲတွေ ပြောင်းလဲသွားခဲ့တယ်လို့ ဆိုပါတယ်။

ထဘီအလံသပိတ်တွေ မပြုလုပ်ခင်က အိမ်မှာအမျိုးသားအဝတ်နဲ့ အမျိုးသမီးအဝတ်တွေ အထူးသဖြင့် ထဘီတွေကို အဝတ်လျှော်ရင် ခွဲလျှော်တယ်လို့ဖြေဆိုသူ (၆၂) ရာခိုင်နှုန်း၊ ခွဲမလျှော်ဘူးလို့ဖြေဆိုသူ (၃၈) ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

ရန်ကုန်က အမျိုးသမီးသပိတ်တွေမှာ ပါဝင်နေတဲ့ မချောဝတ်ရည်အေးက ပြီးခဲ့တဲ့ တစ်နှစ်တာကာလအတွင်း လှုပ်ရှားမှုတွေဟာ လူတွေရဲ့အမြင်ကို ပြောင်းလဲသွားခဲ့ပြီး အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုတွေဟာ အတိုင်းအတာတစ်ခုထိ လျော့လာပြီလို့ မှတ်ချက်ပြုပါတယ်။ မချောဝတ်ရည်အေးဟာ ထဘီအလံတွေ ကိုယ်တိုင်ကိုင်ပြီး သပိတ်တွေ စထွက်ကတည်းက ထဘီဆိုတာ အဝတ်စတစ်ခုလို့ ခံယူပြီး အဝတ်စကိုအလံလုပ် သပိတ်တွေမှာ ပါဝင်ခဲ့သူပါ။

“အမျိုးသမီးတွေက တော်လှန်ရေးနှစ်ခု တစ်ပြိုင်တည်း လုပ်နေရတာဖြစ်တယ်။ အာဏာရှင်ကိုလည်း ဖြုတ်ချနိုင်ရမယ်။ အနာဂတ်နိုင်ငံသစ်မှာ ခေတ်အဆက်ဆက်က ခံခဲ့ရတဲ့ ဖိုဝါဒကြီးစိုးမှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ မရှိတော့အောင်လည်း လုပ်ရမယ်” လို့ မချောဝတ်ရည်အေးက ရှင်းပြပါတယ်။

ထဘီအလံသပိတ်တွေနဲ့ အယူအဆဟောင်းတွေကို ထောက်ပြတဲ့ သပိတ်တွေကြောင့် ပတ်ဝန်းကျင်မှာ အရင်ကထက်စာရင် လွဲမှားတဲ့ အယူအဆတစ်ချို့ကို သိမြင်လာပြီလို့ သူက ဆက်ပြောပါတယ်။

“အရင်က အမျိုးသားတွေအပြင် အမျိုးသမီးတွေ ကိုယ်တိုင်ကိုက ထဘီက ဘုန်းနိမ့်တယ်လို့ တွေးကြတယ်။ အခုဆိုရင် အမျိုးသားတွေ ကိုယ်တိုင်က ထဘီခေါင်းပေါင်းပြီး သပိတ်ထွက်လာကြတာကိုက ဒါပြောင်းလဲလာတာပဲဖြစ်တယ်” လို့ မချောဝတ်ရည်အေးက ဆိုပါတယ်။

ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြပွဲတွေကို စစ်အာဏာရှင်တပ်တွေက ပြင်းပြင်းထန်ထန် နှိမ်နှင်းနေပေမယ့် လူငယ်တချို့ဟာ ပြောက်ကျားသပိတ်တွေကို မြို့ပြနဲ့ကျေးလက်တွေမှာ အခွင့်အရေးရရင်ရသလို ဆင်နွှဲနေကြပါတယ်။ ထိုအထဲမှာ ထဘီအလံလွှင့်ထူထားတဲ့ အမျိုးသမီးပြောက်ကျား သပိတ်တွေဟာလည်း အပါအဝင်ပါ။

ရန်ကုန်၊မန္တလေး၊မုံရွာစတဲ့ မြို့ကြီးတွေအပြင် ရှေးရိုးစွဲအယူအဆတွေ လွှမ်းမိုးမှုအများဆုံးရှိနိုင်တဲ့ ကျေးလက်ဒေသတွေမှာ ထဘီအလံလွှင့်ထူတဲ့ အမျိုးသမီးသပိတ်တွေ ပေါ်ပေါက်လာတာ ကောင်းမွန်တဲ့ အရွေ့တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။

“ထဘီအလံကို စတင်ကိုင်ဆောင်ပြီး ပထမဦးဆုံးအကြိမ် သပိတ်စထွက်တော့ ကိုယ့်ကိုကိုယ် အရမ်းယုံကြည်မှု ရှိတယ်လို့ခံစားရတယ်” လို့ လက်ပံတောင်းတောင်ဒေသက အမျိုးသမီး သပိတ်စစ်ကြောင်းကို ဦးဆောင်နေတဲ့ မဖူးဖွင့်ဝေက ဆိုပါတယ်။

“ရှေးလူကြီးတွေရဲ့ ရှေးရိုးစွဲအမြင်တွေအရ မိန်းမတွေဝတ်ဆင်နေတဲ့ ထဘီတွေဟာဆိုရင် လူတစ်ယောက်အတွက် ဘုန်းနိမ့်စေတယ်။ ကံနိမ့်စေသောအယူအဆလို့ မှတ်ယူထားခဲ့ကြတဲ့ အယူအဆကြီးကို တိုက်ဖျက်နေတယ်လို့ ခံစားရစေတယ်” လို့ သူ့ခံစားချက်ကို ပြောပါတယ်။

ထဘီအလံသပိတ်တွေ စထွက်တုန်းကတော့ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံတာကို တိုက်ဖျက်ဖို့ဆိုတဲ့ ပင်မရည်မှန်းချက်ကို မသိသေးတဲ့သူ တချို့ရဲ့အမြင်မှာတော့ အမြင်ရိုင်းတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိခဲ့တယ်လို့ မဖူးဖွင့်ဝေက ဆိုပါတယ်။ သပိတ်စစ်ကြောင်းမှာလိုက်တဲ့ အမျိုးသားအချို့ဟာလည်း ထဘီအလံနဲ့ ဝေးဝေးကနေ နေတာ၊ အမျိုးသမီးအချို့ကလည်း ထဘီအလံကိုင်ရမှာကို လက်တွန့်နေတာမျိုးတွေ ရှိခဲ့တယ်လို့ သူ့အတွေ့အကြုံကို ပြောပါတယ်။

နောက်ပိုင်းမှာတော့ ကြွေးကြော်သံတွေ၊ သပိတ်တွေ ကတဆင့် အသိပညာပေးတာ၊ အမျိုးသားတွေကိုယ်တိုင် ထဘီကို ခေါင်းပေါင်းဝတ်ပြီး သပိတ်စစ်ကြောင်းတွေမှာ လိုက်ပါလာတာတွေကြောင့် ထဘီအလံထူတဲ့သပိတ်တွေရဲ့ ရည်မှန်းချက်တွေဟာ ထိရောက်မှု ရှိလာတယ်လို့လည်း မဖူးပွင့်ဝေက ရှင်းပြပါတယ်။

“အခုဆိုရင် သပိတ်စစ်ကြောင်းတွေစပြီး ထွက်ခါစနဲ့မတူတော့ဘူး။ ဘာလို့လဲဆိုရင် လူထုရဲ့ ပါဝင်မှုအားလဲ အရင်ကထက် ပိုကောင်းလာသလို အမျိုးသမီးတွေဟာလည်းပဲ အမျိုးသားတွေနဲ့ တန်းတူလုပ်ကိုင်နိုင်တယ်ဆိုတဲ့ အသိတွေရှိလာတယ်။ ကိုယ့်ကိုကိုယ် အမျိုးသမီးပဲဆိုပြီး အားငယ်စိတ်ဖြစ်မှုတွေ လျော့ပါးလာတယ်” လို့ မဖူးပွင့်ဝေက ဖွင့်ဟပါတယ်။

ထဘီအလံသပိတ်တွေ ပေါ်ပေါက်လာပြီးနောက် ခွဲခြားဆက်ဆံမှုတွေကို တိုက်ဖျက်ဖို့ တိုးတက်တဲ့အမြင်တွေ ရှိလာပေမယ့် အသိပညာပေးဖို့ လိုပါသေးတယ်လို့ အမျိုးသမီးနဲ့LGBTအရေး တက်ကြွလှုပ်ရှားသူတစ်ဦးက မှတ်ချက်ပေးပါတယ်။

အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ ဒေါ်ခင်လေးကလည်း အမျိုးသမီးတွေကို ခွဲခြားနှိမ့်ချတဲ့ အယူအဆတွေ လျော့ပါးလာပြီလားဆိုတာနဲ့ ပတ်သက်ပြီး ဘယ်လောက်အတိုင်းအတာအထိ လျော့နည်းလာလဲ ဆိုတာကတော့ လက်ရှိအခြေအနေတွေအရ အခုချိန်မှာ ပြောဖို့ခက်သေးတယ်လို့ ဆိုပါတယ်။

“အမျိုးသမီးဖြစ်ဖြစ်၊ အမျိုးသားဖြစ်ဖြစ်၊ LGBT ပဲဖြစ်ဖြစ် အားလုံးဟာ အခြေအနေပေးတဲ့အခါမှာ အကုန်လုံးတန်းတူ ဆောင်ရွက်နိုင်တယ်။ ဆောင်ရွက်ခွင့်လည်း ရှိတယ်။ ဆောင်ရွက်လည်း ဆောင်ရွက်နိုင်တယ်ဆိုတာကို နွေဦးတော်လှန်ရေးကနေ သက်သေပြတယ်လို့ ယုံကြည်တယ်” လို့ သူကဆိုပါတယ်။

အမျိုးသမီးပြောက်ကျားသပိတ်တွေမှာ ပါဝင်လှုပ်ရှားနေတဲ့ မချောဝတ်ရည်အေးက “အာဏာရှင်ယန္တယားတစ်ခုလုံး ပြိုကျအောင်လည်း ဖြိုချရမယ်။ အနာဂတ်နိုင်ငံသစ်မှာ ခွဲခြားမှုတွေ မရှိတော့အောင် အမျိုးသမီးတွေအပေါ် ဖိနှိပ်အကြမ်းဖက်တာတွေလည်း မရှိတော့အောင် တိုက်ယူရမယ်။ ဒါကြောင့် ဒီတော်လှန်ရေးမှာ လူထုအနေနဲ့ တတ်နိုင်တဲ့နေရာ တတ်နိုင်တဲ့ဘက်ကနေ တော်လှန်ရေးအောင်မြင်ချိန်ထိ သစ္စာရှိရှိ ပါဝင်တော်လှန်ပေးပါ၊ ကူညီပေးပါ” လို့တိုက်တွန်းပါတယ်။

Author:

Related Articles