Home ဆောင်းပါး ဖမ်းဆီးခံ သူရဲကောင်းများအတွက် ပါရမီဖြည့်ကြသူများ

ဖမ်းဆီးခံ သူရဲကောင်းများအတွက် ပါရမီဖြည့်ကြသူများ

Honest Information (HI)

နာရီနိုးစက်သံကြောင့် ဒေါ်မေနွယ်အောင် (အမည်လွဲ)တစ်ယောက် လေးလံတဲ့စိတ်တွေနဲ့အတူ အိပ်ယာကနိုးထလာရင်း နေ့တစ်နေ့ကို စတင်လိုက်ပါတယ်။

ငယ်ဘဝကတည်းက ဝါသနာပါရာအသက်မွေးဝမ်းကျောင်းအလုပ်ဖြစ်တဲ့ရှေ့နေ့အဖြစ် သက်တမ်း ၁၀ စုနှစ်တစ်ခု အကြာ ဖြတ်သန်းပြီးတဲ့နောက်မှာတော့ တရားခွင်ကိုသွားမယ့် ခြေလှမ်းတွေကအရင်လို မတက်ကြွတော့ပါဘူး။ အရင်လုပ်ငန်း ခွင်ဖြစ်တဲ့ တရားရုံးမဟုတ်ဘဲ ထောင်တွင်းတရားရုံးမှာ အမှုစစ်ရမှာဖြစ်တဲ့အတွက်ကြောင့်ပါ။

ဒေါ်မေနွယ်အောင်ဟာ လေးလံတဲ့စိတ်တွေရှိနေပေမယ့်လည်း အကျဉ်းထောင်တွင်းက ဖမ်းဆီးခံသူရဲကောင်းတွေရဲ့ မျက်နှာတွေနဲ့ မိသားစုဝင်တွေရဲ့ မျက်နှာကိုမြင်ယောင်အားတင်းရင်း လုပ်ငန်းခွင်ရှိရာ နေရာကို ထွက်လာခဲ့ပါတယ်။

အင်းစိန်ထောင်ဗူးဝရှေ့ရောက်တဲ့အခါမှာတော့ စိတ်တူကိုယ်တူ ရှေ့နေမိတ်ဆွေတွေနဲ့ အလုပ်ကိစ္စစကားပြောကာ အချိန် ကျပြီဆိုရင်တော့ ထောင်တွင်းတရားရုံးရှိရာသို့ ဝင်ရောက်ရပါတယ်။

ဖေဖော်ဝါရီလမှာစစ်တပ်ကအာဏာသိမ်းတဲ့အတွက် ပြည်သူတွေဟာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြကြတဲ့ ပြည်သူတွေကို စစ်တပ်ကအကြမ်းဖက်ဖြိုခွင်းမှုတွေအပြင်၊ ဖမ်းဆီးထောင်ချတာတွေ ပြုလုပ်လာတဲ့အတွက် ထောင်ပေါင်းများစွာသောပြည်သူတွေဟာ အကျဉ်းကျခံခဲ့ရပါတယ်။

ပြည်သူထဲကပြည်သူတွေဖြစ်တဲ့ ရှေ့နေတွေဟာလည်း အကျဉ်းကျပြည်သူတွေကို တရားဥပဒေအရ လိုအပ်တဲ့ အကူအညီ ပေးဖို့အတွက် ကျရာနေရာကပါဝင်လာရတာ ဖြစ်ပါတယ်။

“ သူတို့ကလည်း အမှန်တရားကိုလိုချင်တဲ့အတွက် အသက်နဲ့ရင်းပြီးတိုက်ပွဲဝင်ကြတယ်။ ကိုယ်တွေကလည်း ရှေ့နေ ပညာတတ်ကျွမ်းတဲ့အတွက် အမတို့တတ်ကျွမ်းသလောက် ပညာရပ်နဲ့ သူတို့အပေါ်မှာ ကိုယ်တတ်ကျွမ်းသလောက် ပါရမီ ဖြည့်ပေးတယ်။ အမှန်တရားဆိုတဲ့ဖက်မှာ အမတို့လည်းရပ်တည်တယ်ဆိုတဲ့ပုံစံမျိုးနဲ့အကူအညီပေးဖြစ်တာ”လို့ ဖမ်းဆီးခံ ရသူတွေကို အခမဲ့ကူညီပေးနေသူတစ်ဦးဖြစ်တဲ့ ဒေါ်မေနွယ်အောင်ကဖွင့်ဟပါတယ်။

ဖမ်းဆီးခံ ပြည်သူတွေအတွက် ရှေ့နေအဖြစ် မတ်လအစကတည်းကအခမဲ့လိုက်ပါဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး အခုဆိုရင် လေးလနီးပါး ရှိနေပြီဖြစ်ပါတယ်။

ရှေ့နေတွေအနေနဲ့ အခုလိုနွေဦးတော်လှန်ရေးမှာ ဖမ်းဆီးခံရသူတွေရဲ့ အမှုနဲ့ပတ်သက်ပြီး လိုက်ပါဆောင်ရွက်ပေးရတဲ့ အခါမှာ အရင်တုန်းကလိုက်ပါဆောင်ရွက်ပေးရတဲ့ အမှုတွေနဲ့လုံးဝကွာခြားနေပါတော့တယ်။

ပုံမှန်အခြေအနေမှာဆိုရင် အမှုလိုက်ပြီဆိုပါက ရှေ့နေတွေကို အခကြေးငွေနဲ့ ငှားရမ်းကာ ဆောင်ရွက်စေကြရတာ ရှိသလို တချို့သော အခမဲ့ကူညီဆောင်ရွက်ပေးတဲ့ ဥပဒေအဖွဲ့အစည်းတွေလည်းရှိပါတယ်။

အခုအခါမှာတော့ ရှေ့နေတော်တော်များများဟာ ဖမ်းဆီးခံသူရဲကောင်းတွေအတွက် အခမဲ့လိုက်ပါဆောင်ရွက်ပေးကြတဲ့ အပြင် အကျဉ်းကျသူတွေရဲ့ လိုအပ်ချက်မှန်သမျှကို ဖြည့် ဆည်းပေးနေကြပါတယ်။ ငါးပိငါးခြောက်ကအစ ထမင်း၊ ဆေး လိပ် ၊ ကွမ်းယာ ၊ဖိနပ်၊ အမျိုးသမီးလစဉ်သုံးပစ္စည်းအဆုံးရှေ့နေတွေက အိပ်စိုက်ကာ ကူညီပေးကြရပါတယ်။

ကူညီကြတဲ့အခါ စိတ်တူကိုယ်တူ ရှေ့နေတွေစုပေါင်းပြီး ကူညီကြတာရှိသလို တစ်ဦးချင်းနိုင်သလောက်ကူညီပေးသူတွေ လည်းရှိပါတယ်။

ရှေ့နေတွေဟာ အမှုလိုက်ရုံမက အပြင်က မိသားစုတွေပေးပို့တဲ့ ပစ္စည်းတွေ၊ရေသန့်ဗူးတွေ၊ အထုတ်တွေကိုယ်တိုင်မကာ ဖမ်းဆီးခံရသူတွေအတွက် ဖြည့်ဆည်းပေးကြရပါတယ်။

ဒေါ်မေနွယ်အောင်ရဲ့ နေစဉ်ဆောင်ရွက်တဲ့အလုပ်တွေထဲမှာ ဖမ်းဆီးခံထားရသူတွေအတွက် အပြင်က အလှူရှင်တွေ လှူလိုက်တဲ့ ထမင်းဗူးတွေကို ထောင်ထဲကိုသယ်ယူပေးတာအပြင် အလှူရှင်မရှိတဲ့နေ့တွေမှာလည်း ထောင်တွင်း ဈေးဆိုင် တွေကနေ ထမင်းဝယ်ကျွေးတာကအစ ကူညီဆောင်ရွက်ပေးတယ်လို့ဆိုပါတယ်။

၁၉၈၈ကာလတုန်းက ထောင်တွင်းတရားရုံးတွေအကြောင်း ကြားဖူးနားဝရှိခဲ့ပေမယ့် ကိုယ်တိုင်ကြုံတွေ့ရမယ်လို့ စိတ် တောင်မကူးခဲ့ဖူးတဲ့ ဒေါ်မေနွယ်အောင်တစ်ယောက် အခုအခါတော့ ကိုယ်တိုင် ကြုံတွေ့နေရတာဖြစ်တယ်လို့ ဆိုပါတယ်။

ထောင်တွင်းတရားရုံးတွေကို အင်းစိန်ထောင်ရဲ့ အားကစားခန်းမ၊ ဘုန်းကြီးကျောင်းနဲ့ လေ့ကျင့်ရေးသင်တန်း ကျောင်း နေရာတွေကို ၁၃ ပေသာသာ အခန်းပုံစံဖွဲ့ထားပြီး အခန်းတစ်နေရာနဲ့ တစ်နေရာကို ပိတ်စတွေနဲ့ ခြားထားကာ အခန်းတွေမှာ နံပါတ်စဉ်တွေတပ်ကာ ဖွဲ့စည်းထားတာ ဖြစ်တယ်လို့ ဒေါ်မေနွယ်အောင်က ပြောပြပါတယ်။

ထောင်တွင်းတရားရုံးကို အထူးတရားရုံးလို့ခေါ်ပြီး ပုဒ်မ (၅၀၅-က) အမှုတွေကို အထူးတရားရုံး အနေနဲ့အင်းစိန်ထောင် တွင်းမှာစစ်ဆေးတာဖြစ်ပါတယ်။

ထောင်တွင်း တရားရုံးတွေမှာ မိသားစုဝင်တွေဝင်ရောက်နားထောင်ခွင့်မရှိဘဲ တရားသူကြီး၊ ဥပဒေအရာရှိ၊ တရားခံရှေ့နေ၊ သက်သေတွေနဲ့ အမှုကြားနာစစ်ဆေးကြတာဖြစ်ပါတယ်။

အမှုစစ်တဲ့အခါမှာ “ တရားစွဲအဖွဲ့အစည်းက အမှုတည်ဆောက်တဲ့အခါ အဖမ်းခံရတဲ့ရက်မတူ အဖမ်းခံရတဲ့နေရာမတူ လည်းတစ်မှုထဲစုပေါင်းပြီး ဖွင့်ချင်ဖွင့်တယ်။ တစ်အိမ်ထဲအတူတူအဖမ်းခံရတဲ့ သားအဖကိုလည်း သီးခြားတစ်မှုစီဖွင့်ချင်ဖွင့် တယ်။ အဓိကကတော့ ဖမ်းလိုက်တဲ့သူတွေကို အမှုဖြစ်အောင် မဖြစ်မနေစွဲလိုက်တာပဲ။ အမှုထဲမှာ ဓာတ်ပုံ၊ အခြား အထောက်အထားပါရင်လည်း အခြားအမှုမှာ အဲ့ပုံတွေကိုပဲ မိတ္တူကူးပြီး တွဲတင်တာပဲ။ တိုင်စာဆိုရင်လည်း ဒီအ ကြောင်း အရာပဲ တရားခံအမည်နဲ့ အဖမ်းခံရတဲ့ရက်သာပြောင်းတယ် ” လို့ လုပ်ထုံးလုပ်နည်းကျော်လွန်နေတဲ့ ကိစ္စတွေကို ဒေါ်မေ နွယ်အောင်က ပြောပြပါတယ်။

ဒီလိုအခက်အခဲတွေရှိနေပေမယ့်လည်း ရှေ့နေတစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာနဲ့ လိုအပ်တာတွေကို အနည်း ငယ်မျှလစ်ဟင်းမှုမရှိအောင် ဆောင်ရွက်ပေးတယ်လို့ဆိုပါတယ်။

“ ကန့်ကွက်ရမယ့်အပိုင်းတွေ ကန့်ကွက်တယ်။ အမိန့်ချခြင်းမချခြင်း ၊လွှတ်ပေးခြင်း မလွှတ်ပေးခြင်းဆိုတာက တရား သူကြီးရဲ့ ဆင်ခြေတုံတရားရယ်၊ အမှုစစ်တာ ဘယ်လောက်ပဲကောင်းကောင်း လွတ်ချင်လည်းလွတ်မယ်၊ လွတ်ချင်မှ လည်းလွတ်မယ်၊ အဲ့အထိတော့ မမျှော်လင့်ထားနဲ့လို့ အမှုသည်ကိုလည်း တခါတည်းရှင်းပြထားပြီးသား” လို့ ဒေါ်မေနွယ် အောင်က ဆိုပါတယ်။

တစ်ဖက်မှာလည်း အခက်အခဲတွေကြားကအလုပ်ကြိုးစားလုပ်ရင်း မိသားစုဝင်တွေရဲ့သောကကိုထပ်တူခံစားကာ စိတ်မ ကောင်းစရာအဖြစ်အပျက်တွေနဲ့အတူနေ့စဉ် ဖြတ်သန်းနေရပါတယ်။

“ စစ်ကြောရေးကပြန်လာတဲ့ကလေးတွေနဲ့ကြုံလာရင်တော့ ပိုပြီးစိတ်ထိခိုက်ခဲ့ရတယ် ။ တစ်ရက်ဆိုရင် သူတို့ကို ကြည့်ပြီး ကိုယ်တိုင်တောင်မျက်ရည်ဝဲခဲ့ရတဲ့အခြေအနေအထိကြုံခဲ့ရတယ်”လို့ဒေါ်မေနွယ်အောင်က သူ့အတွေ့အကြုံကိုပြောပြ ပါတယ်။

ရှေ့နေလုပ်သက် ၁၀ နှစ်ကျော်ရှိပြီဖြစ်တဲ့ မဝင်းဝင်း (အမည်လွဲ)တစ်ယောက်လည်း အင်းစိန်ထောင်နဲ့အိမ်ကို ကူးချည် သန်းချည်သွားလာနေတာ လေးလနီးပါးရှိပြီဖြစ်ပါတယ်။

မတရားမှုကိုဆန့်ကျင်လို့ အကျဉ်းကျခံရသူတွေအတွက် နိုင်တဲ့ဝန်ကိုထမ်းကာ ကူညီပေးမယ်ဆိုတဲ့စိတ်နဲ့ အခမဲ့အမှုလိုက် ဆောင်ရွက်ပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သူကဆိုပါတယ်။

“ အရင်အမှုတွေတုန်းကဆိုစိတ်ခံစားချက်က ဘာမှသိပ်မရှိဘူး၊ လုပ်စရာရှိတာလုပ်တယ်။ သူတို့ရဲ့ရပိုင်ခွင့်တွေကို တောင်းဆိုပေးတယ်ဒီလောက်ပဲ၊ အခုကျ ကိုယ်အမှုလိုက်ပေးလည်းထောင်ကျမယ်ဆိုတာသိနေပေမယ့်လည်း သူတို့တွေ ကို အားတစ်ခုအနေနဲ့ အားမတက်တက်အောင်ပြောပြီးအမှုလိုက်ကြရတာပဲ၊အဖမ်းခံရတဲ့သူတွေ အားရှိအောင် နိုင်တဲ့ ဖက်ကကူညီပေးကြတယ် ဆိုပြီးတော့လှုပ်ရှားနေကြတာပဲ”လို့မဝင်းဝင်းကဆိုပါတယ်။

အမှုလိုက်တဲ့အခါ အခမဲ့ဆောင်ရွက်တဲ့အတွက် ဝင်ငွေလျော့နည်းတာ၊ ထောင်ထဲကသူတွေအတွက် လိုအပ်တာ ဝယ်ခြမ်း ပေးတာ၊ လမ်းစရိတ်၊စားစရိတ်တွေအကုန်အကျရှိတဲ့အတွက် ငွေရေးကြေး ရေးအခက်အခဲတွေရှိနေပေမယ့်လည်း မဝင်းဝင်းတစ်ယောက် တစ်ရက်မှ မညည်းညူခဲ့ပါဘူး။

အဆိုးဆုံး အခက်အခဲကတော့ ထောင်ထဲကဝန်ထမ်းတစ်ချို့ရဲ့ ရင့်သီးကြမ်းတမ်းစွာပြောဆိုဆက်ဆံခံရတာပါပဲ။

“ ဝန်ထမ်းတချို့ရဲ့ ဟောက်တာခံရတယ်။ အရင်တုန်းကတော့အဲ့လိုဆိုပြန်ပြောလိုက်မှာ၊ အခုကျတော့ ကိုယ့်ကြောင့် အချုပ်သားတွေ ကျပ်တည်းသွားမှာဆိုးလို့ အပြောအဆိုခံရတယ်။ သည်းခံရတယ်။အရင်အခြေအနေတုန်းကဆို သူတို့က ဒီလိုပြောလို့မရပေမယ့်အခုလိုကာလမျိုးမှာပြောကြတယ်”လို့ မဝင်းဝင်းက သူ့အခက်အခဲကိုဖွင့်ဟပါတယ်။

ဒီလိုအခက်အခဲတွေမျိုးစုံရှိနေပေမယ့်လည်း ရှေ့နေအယောက်တစ်ရာမှာ ၉၉ ယောက်က ဖမ်းဆီးခံထားရသူတွေကို မိသား စု သဖွယ်စောင့်ရှောက်ပေးကြတယ်လို့ ရှေ့နေတွေကဆိုပါတယ်။

“ တစ်ခါကဆို ညာသန်အမျိုးသမီးတစ်ယောက်ရဲ့ ညာဘက်လက်ကို တခြားသူတစ်ယောက်နဲ့ပေါင်းပြီး လက်ထိပ် ခတ်ထားတော့ ဘယ်လက်လက်နဲ့ ထမင်းစားဖို့ အဆင်မပြေတဲ့အတွက်ရှေ့နေက ခွံ့ကျွေးတာမျိုးကိုမြင်ဖူးတယ်” လို့ မဝင်းဝင်းက သူ့ အတွေ့အကြုံကိုပြောပါတယ်။

ဒါအပြင် အမှုစစ်တဲ့အခါမှာလည်း ပြောရဆိုရတာ မလွတ်လပ်တာမျိုးတွေ စိတ်မလုံခြုံမှုခံစားရတာတွေရှိတယ်လို့ သူက ဆိုပါတယ်။

ဒေါ်မေနွယ်အောင်နဲ့ မဝင်းဝင်းတို့လိုပဲ ဖမ်းဆီးခံရသူတွေကို မိသားစုသဖွယ်မေတ္တာနဲ့ ကူညီပေးနေသူ ရှေ့နေတစ်ဦးက တော့ ဒေါ်ထားထား(အမည်လွဲ)ပဲဖြစ်ပါတယ်။

ဒေါ်ထားထားဟာ ဖမ်းဆီးခံရသူတွေရဲ့အခက်အခဲတင်မကဘဲ အပြင်မှာကျန်ခဲ့တဲ့မိသားစုဝင်တွေရဲ့ အခက်အခဲကိုပါ ကူညီ ပေးရတယ်လို့ဆိုပါတယ်။

“ တချို့ဆို မိသားစုမှာ ဖမ်းခံရတဲ့သူကအိမ်ထောင်ဦးစီးဖြစ်တယ်။ အဖမ်းခံရပြီးပါလာတဲ့အတွက် သူ့အိမ်ကလည်း သူ့ ကိုမှီခိုနေရတာဖြစ်တဲ့အတွက် သူ့အိမ်ကလည်းမပို့နိုင်ဘူး။ အဲ့အခါကျသူ့အပြင်ကမိသားစုအတွက်ပါ ကူပေးရတယ်၊ တချို့ ဆိုလည်းသားလေးပါသွားလို့ ကျန်းမာရေးမကောင်းတဲ့ အမေကိုကြည့်ပေးရတာမျိုးတွေရှိတယ်”လို့ဒေါ်ထားထားက သူ့အ တွေ့ အကြုံကိုပြောပါတယ်။

ဒေါ်မေနွယ်အောင်နဲ့ မဝင်းဝင်းတို့နည်းတူ ဒေါ်ထားထားလည်း အမှုလိုက်တဲ့အခါမှာ အခက်အခဲတချို့နဲ့ ရင်ဆိုင်နေရ ပါတယ်။

“ တခါတလေတော့ ဖြစ်စဉ်တွေအတိုင်းစစ်နေရတာ မမှန်တာကြီးကိုစစ်နေရတဲ့အတွက် တခါတလေတော့ ဒေါသထွက် တာပေါ့ ။ ဥပမာအနေနဲ့ပြောရရင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆန္ဒပြတဲ့သူတွေကိုလိုက်ဖမ်းတယ်၊ ကလေးတွေက ထွက်ပြေးကြတော့ ဆူညံသံတွေကြောင့်တိုက်ခန်း ပေါ်ကငုံ့ကြည့်မိတဲ့ သူတွေကိုတက်ပြီးဖမ်းတယ် ၊လမ်းပေါ်မှာ အချုပ် ကားပေါ် အကြာကြီးထားပြီး နောက်ထပ်ထပ်ဖမ်းတယ်။ နေရာမတူတဲ့ နေရာကလူတွေဖမ်းလာပြီးအမှုတစ်ခုထဲထည့်စွဲ တယ် “ လို့ သူကြုံတွေ့နေရတဲ့ အမှုဖြစ်စဉ်တွေကို ဒေါ်ထားထားက ရှင်းပြပါတယ်။

ဒီလိုအခက်အခဲတွေမျိုးစုံကြားက ရှေ့နေတွေဟာ ဖမ်းဆီးခံရသူတွေအတွက် ဥပဒေအတိုင်း ဆောင်ရွက်နေကြတာ ဖြစ် ပေမယ့် တစ်ဖက်မှာလည်း စစ်တပ်ကရှေ့နေတွေကို ဖမ်းဆီးမှုတွေရှိနေပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့စာရင်းတွေအရ ဖေဖော်ဝါရီလမှ ဇွန်လအထိ ဖမ်းဆီး ခံရတဲ့ ရှေ့နေ ၁၇ ဦးအထိရှိပြီဖြစ်ပြီး အဲ့ဒီအထဲမှာ ရှေ့နေအမျိုးသမီး ခုနစ်ဦးပါဝင်ပါတယ်။

ဖမ်းဆီးခံရှေ့နေတွေထဲမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြမှုကြောင့်ဖမ်းဆီးခံရသူတွေ၊နေအိမ်မှာ နေစဉ်အကြမ်းဖက် ဖမ်းဆီးခံရသူ၊ အမှုလိုက်နေစဉ်တရားရုံးရဲ့ တရားခွင်အတွင်းမှာပဲ ဖမ်းဆီးခံရသူ၊ ဓားစာခံအဖြစ်ဖမ်းဆီးခံရသူတွေဖြစ်ပါ တယ်။

အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်တဲ့ သားဖြစ်သူ တရားသူကြီးကို လာရောက်ဖမ်းဆီးရာမှာ မတွေ့တဲ့အတွက် မိခင်ဖြစ် သူ ရှေ့နေ ဒေါ်ဝေဝေခိုင်ကို စစ်တပ်ကဓားစာခံအဖြစ်ဖမ်းဆီးခံပါတယ်။ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးမျိုးအောင် ရဲ့ အမှုကိုလိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ ရှေ့နေဦးသိန်းလှိုင်ထွန်းကိုလည်း တရားခွင်အပြီး ပြန်အထွက်မှာ ဖမ်းဆီးခဲ့တာ ဖြစ် ပါတယ်။

ဒီလို ရှေ့နေတွေဖမ်းဆီးခံရတဲ့ သတင်းတွေကြားနေပေမယ့်လည်း ဖမ်းဆီးခံရသူတွေအတွက်ကူညီပေးမှုကို ရပ်ပစ်လိုက် မယ်ဆိုတဲ့ အတွေးမျိုး ရှေ့နေအမျိုးသမီးတွေဟာမတွေးမိခဲ့ကြပါဘူး။

“ တခြားရှေ့နေတွေဖမ်းခံလိုက်ရတဲ့သတင်းကိုကြားရတဲ့ အခြေအနေတွေက ကိုယ့်ကိုလည်း သွယ်ဝိုက်တဲ့နည်းနဲ့ ခြိမ်း ခြောက်ခံနေရတာပဲ။ ဒီလိုဆိုပြီး နောင်တရတယ် လို့တော့မရှိဘူး။ ရပ်ပစ်မယ်ဆိုတဲ့ အတွေးလည်းမရှိဘူး၊ ကိုယ့်ကိုခြိမ်း ခြောက်ခံရမယ်ဆိုရင်တောင် ကိုယ်အဖမ်းမခံရမခြင်း ကျန်းမာရေးကောင်းနေသရွေ့ကတော့ အရေးတော်ပုံ မအောင်မ ချင်းကတော့ ဆက်လုပ်နေဦးမှာပဲ”လို့ဒေါ်မေနွယ်အောင်က ပြတ်သားစွာဆိုပါတယ်။

အရေးတော်ပုံအောင်မြင်ပြီး တရားဥပဒေစိုးမိုးတဲ့နိုင်ငံသစ်တစ်ခုကိုလည်း ရှေ့နေတွေကမျှော်လင့်နေကြပါတယ်။

“ အကုန်လုံးအေးအေးချမ်းချမ်းပြန်ဖြစ်သွားရင် ကိုယ့်အမှုလေးကို ဥပဒေဘောင်ထဲကနေပဲ လုပ်ချင်တယ်။ တရားဥပဒေ စိုးမိုးတာကို လိုလားတာလေ။ အမှန်တရားက အမှန်တရားအတိုင်း တရားဥပဒေစိုးမိုးပြီးတော့ ကူညီခွင့်ရမယ့်ဟာတွေ ပဲဆက်ပြီးလုပ်သွားမှာ”လို့ဒေါ်ထားထားက မျှော်လင့်ချက်အပြည့်နဲ့ပြောပါတယ်။

မဝင်းဝင်းကတော့ အရေးတော်ပုံအောင်ပါက ရှေ့နေအလုပ်ကိုပဲ ဆက်လုပ်မယ်လို့စဉ်းစားထားပြီးတော့ မတော်တဆ အရေးတော်ပုံရှုံးနိမ့်ခဲ့ရင်တော့ တစ်သက်လုံးနစ်မြုပ်ခဲ့တဲ့အလုပ်ဖြစ်တဲ့ ရှေ့နေအလုပ်ကိုစွန့်လွတ်လိုက်ဖို့ ဆုံးဖြတ်ထား တယ်လို့ ယခုလိုဆိုတယ်။

“ ရှေ့နေပြန်လုပ်ဖို့မစဉ်းစားတော့ဘူး။ တရားဥပဒေစိုးမိုးမှုမရှိဘဲ ရှေ့နေလုပ်လည်း ဘာမှမထူးတော့ဘူးလေ၊ အမှုစစ်တယ် ဆိုတာက မတရားဘူးဆိုတာကို မတရားဘူးလို့ ပြောခွင့်ရဖို့အတွက်စစ်တာလေ။ ရသင့်ရထိုက်ခွင့်ဆိုတာကို တောင်းဆို ဖို့ တရားရုံးတွေကရှိနေတာလေ၊ စာအိတ်ထဲက အဖြေအတွက်နဲ့အမှုစစ်ပြီးဘာလုပ်တော့မှာလဲ”

Related Articles