Home ဆောင်းပါး မငြိမ်းချမ်းသောအရပ်မှမြေစာပင်အမျိုးသမီးများ

မငြိမ်းချမ်းသောအရပ်မှမြေစာပင်အမျိုးသမီးများ

နန်းဆိုင်နွမ်။ ။

မိုးအကုန်ဆောင်းအကူးကာလ ချမ်းစိမ့်စိမ့်ရာသီဥတုရှိနေခဲ့တဲ့ အောက်တိုဘာ ၉ ရက် ည ၉ နာရီလောက်မှာ ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် အနီးကပ်ရှိတဲ့ ကျွဲကုန်းကျေးရွာက နန်းမွန်းစိန်တယောက်တနေကုန်ပင်ပန်းသမျှကို အားပြန်ဖြည့်ဖို့ရန် အိပ်စက်အနားယူဖို့ ပြင်ဆင်နေပါတယ်။

အဲ့သည့်နေ့က သူမဟာ တရေးမှတောင် မအိပ်လိုက်ရသေးဘဲ အိပ်မပျော်ခင် အိမ်မက်ဆိုးနဲ့ကြုံခဲ့ရပါတယ်။

“ဂျိမ်း” ခနဲ အသံကျယ်ကြီးတစ်ချက် ကြားလိုက်ရပြီးတပြိုင်နက်တည်းမှာ သူမရဲ့ခေါင်းနဲ့ခြေထောက် နှစ်ခုစလုံးမှာ နာကျင်တဲ့ဝေဒနာ ခံစားခဲ့ရပါတယ်။ နန်းမွန်းစိန် ထိမှန်ခဲ့တာ လက်နက်ကြီးကျည်တစ်ခုရဲ့ အပိုင်းအစတွေ ဖြစ်ပါတယ်။

သူမနေထိုင်ရာ ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် အတွင်းမှာ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် နဲ့ မြန်မာ့တပ်မတော် တို့အကြား စက်တင်ဘာ ၃၀ ကစတင်ပြီး အောက်တိုဘာ ၁၁ရက် ထိတိုက်ပွဲပြင်းထန်ခဲ့ကြပြီး မြန်မာ့တပ်မတော်မှ ပစ်လိုက်တယ်လို့ ဒေသခံတွေဘက်ကယုံကြည်ကြတဲ့ လက်နက်ကြီးကျည် သူမအိမ်ပေါ်ကျခဲ့တာဖြစ်ပါတယ်။

ထိုလက်နက်ကြီး ဟာ နန်းမွန်းစိန် တို့ မိသားစုနေအိမ် အပါအဝင် အိမ် ၃ အိမ်ကို ထိမှန်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

“ အဲ့အချိန်က ကျမအိပ်ယာပေါ်မှာ အိပ်တော့မလို့ လုပ်နေတာ။ လက်နက်ကြီးအသံနဲ့အတူ လက်နက်ကြီးက ကျမအိမ်ပေါ်ထိတော့တာပဲ။ ကျည်စက ကျမ နဖူးနဲ့ ခြေသလုံးကို ထိမှန်ပါတယ်”

“ ခေါင်းတွေ က မူးနောက်နေသေးတယ်။ ဒူးကလည်း နာနေတုန်းပဲ။ လမ်းကောင်းကောင်းမလျှောက်နိုင်သေးဘူး” လို့ ကျည်စ ထိမှန်တဲ့ နန်းမွန်းစိန် က စိတ်မကောင်းစွာ ပြောပြပါတယ်။

နာကျင်ပေမယ့်လည်း ဆေးရုံဆေးခန်းဆီကို သူမ အပြေးသွားပြီးဆေးမကုရဲခဲ့ပါဘူး။

လက်နက်ကြီးပစ်ခတ်သံတွေက ဆက်တိုက်ကြားနေခဲ့ပြီး နန်းမွန်စိန် တယောက် ကျည်စထိမှန်တဲ့အနာကို အာရုံမရဘဲ လက်နက်ကြီး ထပ်မံကျလာမှာကို စိုးရိမ်စိတ်ဖြင့် တညလုံး ကြောက်စိတ်နဲ့ အိမ်တွင်းအောင်းနေခဲ့ရကြောင်း နန်းမွန်းစိန် က ကြုံတွေ့ခဲ့ရတဲ့အကြောင်းကို ပြန်လည် ပြောပြပါတယ်။

“ အဲ့ညက လက်နက်ကြီးသံတွေကလည်း တရစပ် ပစ်နေတော့ ဆေးရုံသွားဖို့ကလည်းအဆင်မပြေ။ ဒဏ်ရာနဲ့ သွေးနဲ့ ဒီတိုင်း နာကျင်ပြီးနေရတယ်။ အရဲစွန့်ပြီးတော့လည်းမသွားရဲဘူး” လို့ နန်းမွန်းစိန် က ဝမ်းနည်းစွာပြောပါတယ်။

သူမနေထိုင်တဲ့အိမ်ကိုလည်း လက်နက်ကြီးထိမှန်ခဲ့သဖြင့် တမိသားစုလုံး ကြောက်လန့်မှု စိုးရိမ်မှုနဲ့ ဒဏ်ရာနဲ့ အတူ တညလုံး မအိမ်ပျော်ခဲ့ပေ။

“ မနက်ရောက်တော့ ကျမ ဆေးရုံသွားပြပေမယ့် ကျည်စကို ချက်ချင်းမခွဲပေးဘဲ ဆေးပဲထည့်ပေးခဲ့တယ်” လို့ နန်းမွန်းစိန် က ဆိုပါတယ်။

အလားတူ ယခုနှစ် ဇွန်လ ၂၈ ရက် တွင် မြန်မာ့တပ်မတော် စစ်ကြောင်း ဟာ ကျောက်မဲမြို့နယ် ဟဲကွီးကျေးရွာအုပ်စု ပန်ကျန်ရွာ အတွင်းသို့ ဝင်လာစဉ် အသက် ၅၀ နှစ်အရွယ် ပ့ါဆွယ် တဦးလည်း ဗုံးစထိမှန်ကာ တင်ပါးနဲ့ လက်မှာ ဒဏ်ရာရခဲ့ပါတယ်။

“ ကျမ ယောင်္ကျား လုံးဆုကို စစ်ကြောင်းက သေနတ် ၂ချက်ပစ်လိုက်တာ ကျမမြင်တယ်။နောက် ကျမ အိမ်ထဲပြေးဝင်သွားချိန်မှာ စစ်သားက သေနတ်နဲ့ ပစ်တယ်။ ကျမ ရဲ့ လက်နဲ့ တင်ပါး ဗုံးဆံထိတယ်” ဟု ပါ့ဆွယ်က ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ကို ပြောဆိုထားသည်။

လုံးဆု သတ်ဖြတ်ခံတာနဲ့ပတ်သက်ပြီး မကျေနပ်တဲ့ ဟဲကွီးကျေးရွာအုပ်စုနှင့် အနီးတဝိုက်ရှိ ကျေးရွာများမှ ဒေသခံ တွေဟာ ရှမ်းဘာသာစကားနဲ့ ရေးသားထားတဲ့ “ပြည်သူတွေကို လက်လွတ်စလွယ် ပစ်သတ်တဲ့ တပ်မတော်ကို အလိုမရှိ” ဆိုတဲ့ ဆိုင်းဘုတ်တွေကိုင်ပြီး ဇူလိုင် ၁၀ ရက်မှာ ကျောက်မဲမြို့ထဲ လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက ကျည်ဆံထိမှန်သေဆုံးခဲ့တဲ့ လုံးဆု အတွက် အဖြစ်မှန်ဖော်ထုတ်ဖို့ တောင်းဆိုခဲ့ကြပေမယ့် ဒီဆန္ဒပြပွဲဟာ ကိုဗစ်ကာလမှာ ထုတ်ထားတဲ့ လူမစုရ စည်းကမ်းကို ဖောက်ဖျက်တဲ့အပြင် ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြခဲ့တယ်ဆိုပြီး
ဦးဆောင်သူ ၃ ဦးကို ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ(၁၉)၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ(၁၈)တို့ဖြင့် အမှုဖွင့်သွားမယ်လို့ တပ်ဘက်က ထုတ်ပြန်ခဲ့ပါတယ်။

လုံးစု သေဆုံးမှုဟာ တပ်မတော်မှ ပစ်ခတ်တာကြောင့်ဆိုတဲ့ စွပ်စွဲချက်တွေကိုတော့ ငြင်းပယ်တာ ဒါမှမဟုတ် ဝန်ခံတာ တွေတော့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ချက်ထဲမှာ မပါဝင်ခဲ့ပါဘူး။

ပါ့ဆွယ်ရဲ့ အမျိုးသား လုံးဆု ဟာ စစ်ကြောင်းရဲ့လက်နက်ဖြင့် သေဆုံးခဲ့ပြီး၊ လက်ရှိမှာတော့ ပါ့ဆွယ်တယောက် သား၊သမီး ၅ဦး နှင့် ခက်ခဲစွာ ရှာဖွေစားသောက်နေရပါတယ်။

“ သူ့ (ပါဆွယ့်) ရဲ့အမျိုးသားကတော့ ပွဲချင်းပြီးဆုံးသွားတယ်။ သူလည်း ဒဏ်ရာရခဲ့တယ်။ အခုတော့ လုံးဆုမရှိတော့ တောင်ယာတွေ လုပ်ဖို့တော့ ခက်ခဲတာတွေရှိတယ်။ စစ်ရဲ့ဒဏ်က ကျမတို့ အမျိုးသမီးတွေ အရမ်းပင်ပန်းနေပြီ။ စစ်ပွဲတွေလည်း ထပ်မဖြစ်စေချင်တော့ဘူး” လို့ ဟဲကွီးကျေးရွာ မှ နန်းလှ က ပြောပါတယ်။

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဟာ ၂၀၁၅ နောက်ပိုင်းမှ စတင်လာပြီး နယ်မြေ လှုပ်ရှားတဲ့ RCSS/SSA၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) နှင့် အစိုးရတပ်မတော် တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားတဲ့နေရာ တခုလည်းဖြစ်ပါတယ်။

ထိုဒေသအတွင်း တိုက်ပွဲတွေဟာ မကြာခဏဖြစ်ပွားမှုကြောင့် တချို့ အမျိုးသမီးတွေဟာ စစ်ပွဲကို ၁ကြိမ်မက ရှောင်ပြေး နေရတာတွေလည်းရှိပါတယ်။

ထို၂ ကြိမ် စစ်ဘေးရှောင်ခဲ့ရသူထဲမှာ အမျိုးသမီးနဲ့ကလေးငယ်အများစုဖြစ်နေကြပြီး၊ မကြာခဏ စစ်ဘေးရှောင်နေရ၊ စစ်ဒဏ်ကို စိုးရိမ်နေရတဲ့အတွက် အမျိုးသမီးတွေရဲ့ ဘဝဖွံ့ဖြိုးတိုးတက်မှု၊ကလေးပညာရေးဟာ ဆုတ်ယုတ်မှုတွေဖြစ်လာပါတယ်။

Photo: Nang Ei Mon Aung

ဒါ့အပြင် လက်ရှိ အချိန်ကာလဟာ ကမ္ဘာတဝှမ်း ရင်ဆိုင်နေရတဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်တားဆီးနေချိန်လည်း ဖြစ်တဲ့ အတွက် လက်နက်ကိုင်များအနေဖြင့် လည်း ထိန်းထိန်းသိမ်းသိမ်းနေရန်လိုအပ်ကြောင်း ရှမ်းလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောဆိုလိုက်ပါတယ်။

“တိုက်ပွဲ ဒဏ်ကြောင့် အမျိုးသမီး ဘဝ ဖွံ့ဖြိုးရေး လုံခြုံရေးက မရှိသလောက်ပါပဲ” လို့ Shan Women’s Action Network မှ ညွှန်ကြားရေးမှူး နန်းမွန်းကိန် က ပြောပါတယ်။

ငြိမ်းချမ်းရေးလို့ ပြောဆိုနေကြချိန်မှာ တိုင်းရင်းသားပြည်သူတွေ အမျိုးသမီးနဲ့ကလေးငယ်တွေနဲ့ မသက်ဆိုင်သလို ဖြစ်နေကြောင်း၊ တိုက်ပွဲရှိနေသရွေ့ အမျိုးသမီး နဲ့ ကလေးငယ်ဘဝဖွံ့ဖြိုးရေးဟာလည်း အလှမ်းဝေးနေဦးမယ်လို့ နန်းမွန်းကိန် က ပြောပါတယ်။

အမျိုးသမီးတွေ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ကိစ္စရပ်တွေအတွက် ပထမဆုံးချမှတ်ခဲ့တဲ့ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ ဆုံးဖြတ်ချက် အမှတ် (၁၃၂၅) မှာ စစ်ပွဲ၊ လက်နက်ကိုင်ပဋိပက္ခတွေ အတွင်း အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် သက်ရောက်မှုကို ထည့်သွင်းစဉ်းစားရန် အ‌လေးထားဖော်ပြခဲ့ပါတယ်။

“ ၁၃၂၅ ကတော့ စစ်တပ်က လိုက်နာတာ မရှိသလောက်ပါပဲ။ လုပ်ဆောင်မှုတွေလည်းမရှိဘူး” လို့ နန်းမွန်းကိန် က ဆိုပါတယ်။

အမျိုးသမီး၊ ငြိမ်းချမ်းရေး နဲ့ လုံခြုံရေးဆိုင်ရာ ကမ္ဘာ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် (၁၃၂၅) ဟာ လက်နက်ကိုင် တပ်ဖွဲ့တိုင်း လိုက်နာရန် ကတိကဝတ်ဖြစ်ပေမယ့် လက်ရှိ မြန်မာနိုင်ငံမှာရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကတော့ အလေးထားလိုက်နာကျင့်သုံးမှု အားနည်းနေဆဲလို့အမျိုးသမီးအဖွဲ့အစည်းတွေက ထောက်ပြဝေဖန်ကြပါတယ်။

လက်နက်ကိုင် ပဋိပက္ခ နဲ့ စစ်ပွဲတွေကြားမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူတွေ ထိခိုက်မှု မရှိစရန် လက်နက်ကိုင်တပ်ဖွဲ့မှာ တာဝန်ရှိသလို နိုင်ငံတော် အစိုးရ တွေလည်း တာဝန်ယူဖြေရှင်းမှုတွေ ရှိရန် လိုအပ်ပါတယ်။

“ ကျမ လက်နက်ကြီးစထိမှန်တော့ တပ်ကလာတော့ကြည့်တယ်။ ဆေးပဲထည့်ပေးတယ်။ ဘာမှ တော့မပြောဘူး။ တစုံတရာတောင်းပန်တာလည်းမရှိဘူး” လို့ လက်နက်ကြီးစ ၂ချက်ထိမှန်ခဲ့တဲ့ နန်းမွန်းစိန် က ပြောပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့တွေ အနေနဲ့ ပြည်သူအရပ်သားနေထိုင်တဲ့နေရာ အနီးတွင် တိုက်ပွဲမဖြစ်ပွားရန်နဲ့ အရပ်သားတွေကို ကာကွယ်ပြီး တိုက်ပွဲမဖြစ်ရန် ကမ္ဘာ့ကုလသမဂ္ဂ ကောင်စီ ဆုံးဖြတ်ချက်မှာ ပါဝင်ပေမယ့် လက်ရှိမှာတော့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ မသိကျိုးကျွန်ပြုပြီး စစ်ရာဇာဝတ်ကျူးလွန်နေကြကြောင်း ရှမ်းမြောက် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ နန်းမွေလျန်း က ပြောပါတယ်။

“လက်နက်ကိုင်တွေ အနေနဲ့ အမျိုးသမီးနဲ့ကလေးငယ်ကိုထိခိုက်စေမယ့်အရာတွေကို ရှောင်ရှားပေးစေလိုပါတယ်။ တပ်သားတွေဟာ အမျိုးသမီးမှန်းသိသိနဲ့ ပစ်ခတ်တာတွေရှိနေတယ်။ ဒါတွေဟာ စစ်ရာဇဝတ်မှု ကျူးလွန်နေတယ်လို့ပြောလို့ရပါတယ်” လို့ နန်းမွေလျန်း က ဆိုပါတယ်။

ကျောက်မဲမြို့ အတွင်းဖြစ်ပွားတဲ့ စစ်ပဋိပက္ခကိုကြည့်ခြင်းအားဖြင့် အရပ်သားအမျိုးသမီးမှန်းသိရက်နဲ့ ပစ်ခတ်ခံရမှုတွေကိုတွေ့ရသလို လက်နက်ကြီး စထိမှန်ခံရတဲ့အမျိုးသမီးတွေလည်းရှိကြောင်း နန်းမွေးလျန်း က ပြောပါတယ်။

ကျောက်မဲမြို့နယ် အတွင်း ဖြစ်ပွားတဲ့တိုက်ပွဲ စစ်ဘေးရှောင် ၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ၎င်းတို့တွင် အမျိုးသမီးနှင့် ကလေးငယ် ၈၀ ရာခိုင်နှုန်းပါဝင်နေပါတယ်။

“ တိုက်ပွဲဖြစ်ရင် ရှေ့ဆုံးပြေးရတာတော့ ကျမတို့အမျိုးသမီးနဲ့ ကလေးငယ်တွေပါပဲ။ တချို့ဆိုရင်မွေးဖွားစ မိခင်တွေ ကလေးတွေပါတယ်။ တိုက်ပွဲကြောင့် ထိခိုက်မှုများဆုံးက ကျမတို့ အမျိုးသမီးနဲ့ ကလေးတွေပါ” လို့ စစ်ဘေးရှောင်တွေကို လိုက်လံကူညီတဲ့ နန်းလှရီ က ပြောပါတယ်။

ကျောက်မဲမြို့နယ်အတွင်း လက်နက်ကိုင် အချင်းချင်းထိလွယ်ရှလွယ်တဲ့ နယ်မြေဖြစ်တာကြောင့်တချို့ အမျိုးသမီးတွေဟာ တကြိမ်ထက်မက စစ်ဘေးရှောင်နေရတာလည်းရှိကြောင်း သိရပါတယ်။

လက်ရှိမှာတော့ လက်နက်ကြီးကျည်းစကို ခွဲထုတ်လိုက်ပေမယ့် နန်းမွန်းစိန် တယောက် ဟာ လမ်းကိုကောင်းမွန်စွာ မလျှောက်နိုင်သေးပါဘူး။

လက်နက်ကြီးစ ထိမှန်မှုကြောင့် ခေါင်းကိုက်ဒဏ်ရာ၊ လမ်းမလျှောက်နိုင်တဲ့ကိစ္စတွေကြောင့် အရင်လို အလုပ်ပုံမှန် မလုပ်နိုင်မှာကိုလည်း နန်းမွန်းစိန် တ‌ယောက်စိုးရိမ်ပူဆွေးနေပြီး၊ လက်နက်ကြီးသံ ဘယ်ချိန်ပြန်ကြားရမလဲ။ အိမ်ခေါင်မိုးပေါ်ဘယ်ချိန်ကျမလဲဆိုတဲ့ အတွေးဟာ ညစဉ်လွှမ်းမိုးနေဆဲပါ။

Related Articles