Home ဆောင်းပါး ကျောင်းထဲက ကာယိန္ဒြေထိပါးအောင် နှောက်ယှက်မှုများကို မဖြေရှင်းခြင်းအားဖြင့် ပြဿနာအသစ်များကို မဖိတ်ခေါ်ပါနှင့်

ကျောင်းထဲက ကာယိန္ဒြေထိပါးအောင် နှောက်ယှက်မှုများကို မဖြေရှင်းခြင်းအားဖြင့် ပြဿနာအသစ်များကို မဖိတ်ခေါ်ပါနှင့်

Photo: Maw Kaw Kaw (HI)  

ကောကော်။            ။

ရန်ကုန်တက္ကသိုလ်၊ အဓိပတိလမ်းမတွင် ကားတစီးနှစ်စီးသာ တွေ့ရပြီး လူရှင်းနေသည်။ တချို့အဆောက် အဦးများ ရှေ့တွင်တော့ ဘွဲ့ဝတ်စုံနှင့် လူငယ်များ၊ ကင်မရာသမားများနှင့် ဖြတ်သန်းသွားလာနေသော ကား အချို့ကိုတွေ့ရသည်။

ရန်ကုန်တက္ကသိုလ်ကဲ့သို့ အထင်ကရနေရာတခုလည်းဖြစ်၊ များသောအားဖြင့် လူသွားလူလာ များပြားနေ တတ်သောနေရာတွင် ကျောင်းသူများ စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်ဆောင်နေသူများ ရှိနေသည် ဟု တက္ကသိုလ်ကျောင်းသူများမှ ရင်ဖွင့်လာကြသည်။

နိုင်ငံရေးသိပ္ပံဘာသာ၊ ဒုတိယနှစ်ကျောင်းသူ မယွန်းအိကျော်မှာ ညနေဖက်အတန်းပြီးသည့်အချိန်တွင် အာစီ (RC) အာကစားရုံထဲတွင် ကရာတေးသင်တန်း သွားတက်နေသူဖြစ်သည်။ တရက်သင်တန်းပြီးချိန် အာစီ အနောက်ဖက်ချစ်သူလမ်းကြားမှတဆင့် သူမနေသော ရွှေဘိုဆောင်သို့ သူငယ်ချင်းတဦးနှင့်အတူ ပြန်လာခဲ့ သည်။

ချစ်သူလမ်းကြားမှ ဖြတ်လျှောက်လာချိန်တွင် အမျိုးသားနှစ်ဦးရှေ့သို့ အမှတ်မထင်ရောက်သွားပြီး ထိုသူ (၂)ဦးမှ သူမတို့၏နောက်တွင် အပြန်လမ်းတလျှောက်လုံး ထပ်ကြပ်မကွာလိုက်ပါလာကာ ရိသဲ့သဲ့စကားများ လိုက်လံပြောဆိုခဲ့သည်။

῝ ဘယ်နှစ်ပေါင်ဆိုရင် ကိုင်ပေါက်လို့ရတယ်၊ ဆီးဂိမ်းတုန်းက ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ အဲဒီလိုတွေပြော တော့ ညီမက သိလိုက်ပြီ၊ ဒီလူတွေဟာ မကောင်းတဲ့လူတွေဆိုတာ၊ ညီမရဲ့အဖော်လည်းပါတယ်၊ ညီမတို့က ဘာမှပြန်မပြောပဲ ဒီတိုင်းဆက်လျှောက်လာခဲ့တယ်῎

ပုံမှန်အားဖြင့် ချစ်သူလမ်းကြားထဲမှထွက်လျှင် ဂျပ်ဆင်ဘက်သို့ ထွက်ပေါက်ရှိပြီး နောက်တပေါက်မှာ အဓိပ တိလမ်းမသို့ ထွက်သည့်အပေါက်ရှိသော်လည်း ထိုလူ(၂)ဦးမှာ နှစ်ပေါက်စလုံးမှ မထွက်ပဲ မယွန်းအိကျော် တို့၏နောက်သို့ ထပ်ကြပ်မခွာလိုက်ပါလာခဲ့သည်။ သူမတို့နေသော ရွှေဘိုဆောင်အနီးသို့ ရောက်လာသည့် အချိန်တွင် “အမျိုးသားများမဝင်ရ”ဆိုသော ဆိုင်းပုဒ်ချိတ်ထားသော်လည်း ထိုလူ(၂)ဦးက ဂရုမစိုက်ပဲ ဆက် လိုက်လာသည်ဟု သူမက ပြောသည်။

῝ဆက်လိုက်လာတော့ လုံခြုံရေးဦးလေးကြီးက မြင်သွားတဲ့အတွက် ဘာလိုက်လုပ်တာလဲ၊ ဒါမိန်းကလေးအ ဆောင်ဆိုပြီး အော်ပြောလိုက်မှ သူတို့က ဘာမှမဟုတ်ပါဘူးဆိုပြီး မသိချင်ယောင်ဆောင်သလိုလိုနဲ့ နောက် ပြီး ညီမတို့ကိုလည်း မကျေနပ်တဲ့ အကြည့်နဲ့ကြည့်ပြီး ပြန်ထွက်သွားကြတယ်῎

မယွန်းအိကျော်သည် ထိုကဲ့သို့ကြုံတွေ့ခဲ့ရသည်ကို Y family ဆိုသည့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ စုစည်းရာ လူမှုကွန်ယက်စာမျက်နှာတွင် တင်လိုက်သောအခါ အောက်မှ မှတ်ချက်ရေးသားမှု (Comment) များကို ကြည့်ခြင်းဖြင့် တက္ကသိုလ်ကျောင်းသူအများအပြား သူမကဲ့သို့ နည်းအမျိုးမျိုးနှင့် နေ့စဉ်ကြုံတွေ့နေ ရကြောင်း သိရှိခဲ့ရသည်ဟု ဆိုသည်။

῝ဖေ့စ်ဘုတ်ပေါ်မတင်ခင်တုန်းကတော့ တခြားသူတွေဆီကနေ ကြားဖူးတာမရှိဘူး၊ ကြုံတော့ ကြုံရကြတယ်၊ ကျောင်းသားတွေက သိနေကြတော့ သူတို့ကိုယ်တိုင် ကျောင်းသူအမျိုးသမီးများကို ကာယိန္ဒြေထိပါးနှောက် ယှက်နေတဲ့အကြောင်းနဲ့ ပြစ်မှုပြစ်ဒဏ်တွေကို ပညာပေးစတစ်ကာ (Sticker) တွေ လိုက်ကပ်ကြတာကို တော့ တွေ့ဖူးတယ်῎

ကျောင်းအဝင်လမ်း တနေရာ (Photo: Maw Kaw Kaw (HI) )

နိုင်ငံရေးသိပ္ပံမေဂျာမှ ဒုတိယနှစ်ကျောင်းသူများဖြစ်ကြသော မြတ်ပွင့်ဖူးစုံနှင့် မြတ်သွေးခင်တို့သည် တက္က သိုလ်ထဲရှိ အင်းလျားဆောင်တွင် နေထိုင်ကြသူများဖြစ်ပြီး တညနေခင်းအပြင်သင်တန်းမှ အဆောင်သို့ ပြန် လာချိန်တွင် လမ်းမှ သင်္ဃန်းဝတ်နှင့် ဘုန်းကြီးတပါးက သူမတို့နေထိုင်သော အင်းလျားဆောင်အထိ  လိုက် ပါလာသည့်ဖြစ်ရပ်ကို ပြန်ပြောပြသည်။

῝ညနေခင်းဖက် (၅)နာရီလောက်မှာ ညီမတို့အပြင်သင်တန်းကနေ ဆင်းလာတော့ ကျောင်းမိန်း(ပင်မ)ထဲ ဝင် ခါနီးမှာ စပြီးသတိထားမိတာ၊ ရုပ်ကပြီတီတီကြီးနဲ့၊ လူတွေအများကြီးရှိတဲ့နေရာမှာတောင် လိုက်လာရဲ တာ၊ လူပြတ်တဲ့နေရာဆိုရင် ပြောတောင်မပြောရဲဘူး၊ ပစ္စည်းပဲလုမလား၊ လူကိုတခုခုလုပ်မလား῎ဟု မြတ် သွေးခင်က ပြောသည်။

အလားတူပဲ မြတ်သွေးခင်သည် တက္ကသိုလ်ရိပ်သာလမ်းတွင် သူမ၏ပိုက်ဆံအိတ်အလုခံခဲ့ရပြီး ဆိုးဆိုးရွား ရွားခံစားရသည့်အတွက် သတိထားစေချင်သည်ဟု သူမက ပြောသည်။ ကျောင်းလုံခြုံရေးများ ရှိသော်လည်း ယခုကဲ့သို့ ဖြစ်ရပ်များ ဖြစ်နေသည့်အတွက် လုံခြုံရေးကို တိုးမြှင့်ပေးစေချင်သည်ဟု သူမက ဆိုသည်။

῝ရန်ကုန်တက္ကသိုလ်ကြီးက ကြာရင် ဒုစရိုက်နယ်မြေဖြစ်တော့မယ်၊ ပြီးတော့ အမျိုးသမီးတွေ အများစုတက် တဲ့ ကျောင်းလည်းဖြစ်တယ်၊ အပြင်ကလူတွေ ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက်၊ ဖြစ်နေတာတော့ မဖြစ် သင့်ဘူး῎

သူမတို့၏ ဆန္ဒမှာတော့ တက္ကသိုလ်ဝင်းထဲသို့ တက္ကစီများ၊ အပြင်လူများကို ဝင်ခွင့်မပေးပဲ ကျောင်းသားကဒ် ရှိသောသူများသာလျှင် ဝင်ခွင့်ပေးစေချင်သလို ဘွဲ့နှင်းသဘင်အခမ်းအနားများ ရှိသည့်အချိန်တွင်လည်း လူ အများဝင်ရောက်လာကြသဖြင့် စိတ်အနှောက်အယှက်ဖြစ်ရသည်ဟု ဆိုသည်။

အမျိုးသမီးများအပေါ် နှမသားချင်းမစာနာပဲ ပါးစပ်အရသာခံပြီး ထိပါးပြောဆိုတတ်သူများသည် မည်သို့ပင် တားဆီးသော်လည်း ဆက်လက်လုပ်ဆောင်နေမည်သာဖြစ်ပြီး တက္ကသိုလ်၏အရှေ့တွင် ရပ်နေသော အငှား ကားသမားများ၊ ကျောင်းထဲတွင် မြက်ရိတ်၊ အမှိုက်ကောက်၊ စသည့်သန့်ရှင်းရေးအလုပ်သမားများကအစ ကျောင်းသူများကို ကာယိန္ဒြေထိပါးအောင် ပြောဆိုနေကြကြောင်း မယွန်းအိကျော်က ပြောသည်။

အမျိုးသမီးများကို ကာယိန္ဒြေထိပါးအောင် နှောက်ယှက်ကျူးလွန်သူများကို ထိရောက်သော ပြစ်ဒဏ်များ ပေးစေလိုသည်ဟုလည်း မြတ်သွေးခင်က ဆက်ပြောသည်။

လက်ရှိဖြစ်ပေါ်နေသော ရန်ကုန်တက္ကသိုလ်မှ ကျောင်းသူများအပါ် ကာယိန္ဒြေထိပါးနှောက်ယှက်မှုများကို ကျောင်းသားများကသာ ပြန်ပြီး အကာအကွယ်ပေးနေရသည်ဟု သူမက ဆိုသည်။

῝ကျောင်းသားသမဂ္ဂတွေကပဲ တခုခုဖြစ်လာရင် Hotline ဖုန်းနံပါတ်ကို ဆက်ဖို့၊ စာတွေလိုက်ကပ်ထားကြ တယ်၊ ဒါပေမဲ့ ကိုယ့်ကို တစုံတယောက်က ခုလိုလုပ်လိုက်ပြီဆိုရင် ဖုန်းဆက်နိုင်ဖို့က အရမ်းနောက်ကျ နေမှာ။ မဖြစ်ခင်က ကြိုတင်ကာကွယ်မှုတွေ လုပ်ထားရင် ပိုပြီး အဆင်ပြေမယ်လို့ ထင်ပါတယ်῎ဟု မယွန်း အိကျော်ကပြောသည်။

Photo: Maw Kaw Kaw (HI)

ယခင်ကလည်း ရန်ကုန်တက္ကသိုလ်ထဲတွင် ကျောင်းသူလေးများကို ကာယိန္ဒြေထိပါးနှောက်ယှက်မှုတွေ ရှိနေ သည်ကို ကြားသိရနေရပြီး တိုင်ကြားမည့်သူ မရှိသလို အမျိုးသမီးများကိုယ်တိုင်ကလည်း မိမိတို့၏ ဂုဏ် သိက္ခာထိခိုက်မည်ကို စိုးရိမ်ပြီး ဖုံးကွယ်ထားသဖြင့် လူမသိလိုက်သောအမှုတွေ အများအပြားရှိသည်ဟု ကျောင်းသူများက ဆိုသည်။

῝အာစီတူး မြတ်လေးဖက်လည်း လူစုံတော့ တနေ့ကို အမှုသုံးလေးခုလောက်ကို ဖြစ်နေတာ၊ ဒါပေမယ့် ဖုံးဖိ ထားကြတယ်၊ ပြီးတော့ ရန်ကုန်တက္ကသိုလ်နဲ့ အာစီတူးနဲ့က သိပ်မချိတ်ဆက်မိဘူး၊ သတင်းအချက်အလက် တွေလည်း သိပ်မသိရဘူး῎

ယခင် ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ)၊ အာစီတူးထဲတွင် အဆောင်ထဲမှ ထွက်လာသော ကျောင်းသူတဦး ကို ဝန်ထမ်းတဦးမှ ကာယိန္ဒြေပျက်ပြားအောင် ပြုလုပ်ခဲ့တဲ့သည့်အတွက် အဆောင်မှူးများ စုစည်းပြီး ရဲစ ခန်းတွင် တိုင်ချက်ဖွင့်ခဲ့ကာ ကျူးလွန်သူကို ဝန်ထမ်းဥပဒေအရ အလုပ်မှ ထုတ်ပစ်ခဲ့သည့်အထိ အရေးယူ ခဲ့ဖူးသည်ဟု ရန်ကုန်တက္ကသိုလ်များအဖွဲ့ ကျောင်းသားများသမဂ္ဂ(ဗကသ)အဖွဲ့ချုပ်မှ သတင်းနှင့် ပြန်ကြား ရေး၊ ပြင်ပဆက်ဆံရေးကော်မတီဝင် ကိုအောင်ကောင်းဆက်က ပြောပြသည်။

ယခုနှစ်ထဲတွင် ထိုအဖြစ်အပျက်များကို လူပိုသိလာရခြင်းမှာ ရန်ကုန်တက္ကသိုလ်အတွင်းရှိ ရာမညဆောင်၏ ဂိတ်ထွက်ပေါက်တွင် တက္ကစီသမားတဦးနှင့် ကျောင်းဝန်ထမ်းတို့မှ ကျောင်းသူတဦးကို နှုတ်ဖြင့်အသံပေး ကာ လိုက်လံနှောက်ယှက်ခဲ့သည်ကို ထိုကျောင်းသူမှ ရန်ကုန်တက္ကသိုလ်အဖွဲ့မှ ဖွင့်ထားသည့် လူမှုစာ မျက်နှာတွင် ရေးသားလိုက်သောကြောင့်ဖြစ်သည်။

῝ဒီကျောင်းသူက အရှေ့က လမ်းကြောင်းဖွင့်ပေးလိုက်တဲ့အတွက် နောက်ကနေ ကြုံခဲ့ရတဲ့ကျောင်းသူတွေ လည်း ပြောရဲဆိုရဲဖြစ်လာကြတယ်၊ ဒါကြောင့် ကျောင်းသူအများစု ကြုံတွေ့နေရပါလားဆိုပြီး ကျွန်တော်တို့ က သိလာရတာဖြစ်တယ်῎

ကျောင်းသားသမဂ္ဂအနေဖြင့် ကျောင်းလုံခြုံရေးအတွက် ဖြေရှင်းပေးရန် အထက်ကို စာတင်ပြီး တောင်းဆို မှုများ ပြုလုပ်ခဲ့ကြကာ  တက္ကသိုလ်ရှေ့ အာစီရှိ ဖြူနီကျားလမ်းတွင် အငှားယာဉ်များရပ်ထားပြီး ကျောင်းရှေ့ ကို ဖြတ်သန်းသွားသမျှ ကျောင်းသူများကို နှုတ်အားဖြင့်သော်လည်းကောင်း၊ အမူအရာအားဖြင့်သော်လည်း ကောင်း၊ နှောက်ယှက်မှု အမြဲတမ်းပြုလုပ်နေသည့်အကြောင်း ကျောင်းတာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ပြီး လူအများသိစေရန် လှုပ်ရှားမှုတခုကိုလည်း ပြုလုပ်ခဲ့သည်ဟု ကိုအောင်ကောင်းဆက်က ပြောသည်။

῝ကျွန်တော်တို့က ကျောင်းတာဝန်ရှိသူတွေကို ရာမညဆောင်မှာ ဖြစ်သွားတဲ့ကိစ္စတွေကို စုံစမ်းဖော်ထုတ်ဖို့ တင်ပြတယ်။ နောက်တခုက ကျောင်းထဲမှာပဲ ပုဒ်မ (၅၀၉)အပါအဝင် နောက်ထပ်အရေးယူလို့ရတဲ့ ပုဒ်မ (၂) ခုပါတဲ့ (၃၅၄)၊ (၂၉၄) အများသူငှာ စိတ်ညိုငြင်အောင် ပြုလုပ်မှု၊ ညစ်ညမ်းသောစကားကို ပြောဆိုမှု စတဲ့  ပြစ်မှုပြစ်ဒဏ်တွေ ဖော်ပြထားတဲ့ စတစ်ကာ(Stiker)တွေကို လိုက်ကပ်ကြတယ်῎

ဇန်နဝါရီလ(၂၈)ရက်နေ့တွင် ကျောင်းသားများနှင့် တခြားစိတ်ပါဝင်စားသော ပြင်ပအဖွဲ့အစည်းများမှ ကျောင်းဝန်းထဲရှိ ပြဿနာကို ဖြေရှင်းနိုင်ရန် ဆွေးနွေးခဲ့ကြပြီး ရလာသောရလာဒ်များကို ကျောင်းအုပ်ချုပ် ရေးသို့ တင်ပြမည်ဖြစ်ကာ သဘောတူထားသော အချက်များမှာ ပြဿနာဖြစ်လာခဲ့လျှင် ကျူးလွန်သော သူ၏ရုပ်ပုံကို မှတ်တမ်းယူထားရန်ဖြစ်ပြီး ကျောင်းသားများမှ လူအများရှေ့တွင် အရှက်ရစေရန် (Public Shaming) ပြုလုပ်မည်ဟု စီစဉ်လျက်ရှိသည်။

Photo: Maw Kaw Kaw (HI)

အမျိုးသမီးများကို ကာယိန္ဒြေထိပါးအောင် ပြုလုပ်ခြင်းသည် မကောင်းသောအလေ့အထဖြစ်သည်ဟူသော စတစ်ကာ(Sticker)များကို ထပ်မံကပ်ရန်နှင့် ကျောင်းအုပ်ချုပ်ရေးမှူးနှင့် တွေ့ရန်လည်း ထပ်ပြီး စာတင်ထား ကြောင်း ကျောင်းသားများက ပြောဆိုသည်။

နောက်ထပ်လှုပ်ရှားမှုတမျိုးမှာ Online Form အွန်လိုင်းမှ စစ်တမ်းကောက်ယူမှုဖြစ်ပြီး ဖြေဆိုသူများ ကျောင်းသူများ၏ အချက်အလက်မျာကို လျှို့ဝှက်ထားပေးကာ လွတ်လွတ်လပ်လပ် ဖြေဆိုနိုင်ကြောင်းနှင့် ရရှိလာသောရလာဒ်များကို တက္ကသိုလ်အုပ်ချုပ်ရေးဆီသို့ တင်ပြသွားရန်ဖြစ်သည်ဟု သိရသည်။

ကျောင်းအုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံနိုင်ရန် စာသွားတင်သည့်အချိန်တွင် ကျောင်းအုပ်ချုပ်ရေးရုံးမှ ရာမည ဆောင်တွင် ကျောင်းသူကို ထိပါးနှောက်ယှက်ခဲ့သည့် ကိစ္စအတွက်၎င်းတို့ စုံစမ်းထားသော အစီရင်ခံစာကို ကျောင်းသားများသမဂ္ဂသို့ ပြသခဲ့ပြီး အစီရင်ခံစာ၏ နောက်ဆုံးတွင် နားလည်မှုလွဲပြီး ဖြစ်ခဲ့သော ပြဿနာ ဟု ကောက်ချက်ချထားသည်ကို တွေ့ရသည်ဟု  ကိုအောင်ကောင်းဆက်က ပြောသည်။

῝အစီရင်ခံစာထဲမှာ နစ်နာတဲ့ကျောင်းသူတွေကိုတော့ မေးမြန်းထားတာ မတွေ့ရပဲ ကျုးလွန်ထားတဲ့ တက္ကစီ သမားနဲ့ ကျောင်းထဲကဝန်ထမ်းကို မေးထားတာပဲရှိတယ်။ အဲဒီလိုလုပ်ပါသလားဆိုတော့ သူတို့က မလုပ်ပါ ဘူးလို့ ဖြေထားတယ်။ နောက်ပြီး ကျောင်းထဲက လုံခြုံရေး၊ သန့်ရှင်းရေးဝန်ထမ်းတွေကိုမေးပြီး ပြန်ရတဲ့ အဖြေတွေက မလုပ်ပါဘူးလို့ပဲ ပြန်ဖြေထားကြတယ်၊ ဒါကြောင့် ဒီဝန်ထမ်းမှာ အပြစ်မရှိဘူးလို့ ကျောင်း အုပ်ချုပ်ရေးက ကောက်ချက်ချထားတာ῎

ထို့ကြောင့် ကျောင်းသားများသမဂ္ဂအဖွဲ့နှင့် ကျောင်းသူကျောင်းသားများမှ ဝန်ထမ်းကို ငဲ့ညှာပြီး နစ်နာသူ ကျောင်းသူများကို ခေါ်ယူမေးမြန်းမှုတွေ မလုပ်ထားကြောင်းနှင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်မှုများ လုပ်ဆောင်ပေးရန် ကြေညာချက်တစောင်ကို သဘောထားထုတ်ပြန်ထားသည့်အပြင် ကျောင်းထဲတွင် နှောက်ယှက်မှုများရှိလာပါက ကျောင်းသားသမဂ္ဂကို ချက်ချင်းအကြောင်းကြားရန်ဆိုသော ပိုစတာများကို လည်း လိုက်လံကပ်ထားကြောင်း ၎င်းက ပြောပြသည်။

῝ပိုစတာထဲမှာ ကျွန်တော်တို့အဖွဲ့ရဲ့ ဖေ့စ်ဘုတ်ပေ့ချ်၊ ကျောင်းထဲက နယ်မြေတာဝန်ခံတွေရဲ့ ဖုန်းနံပါတ်တွေ ပါတယ်။ ဖြစ်လာရင် လုပ်ဆောင်ရမဲ့ လုပ်ငန်းအဆင့်ဆင့်တွေလည်း ပြောပြထားပါတယ်῎

ရန်ကုန်တက္ကသိုလ်တွင်သာမဟုတ်ပဲ နိုင်ငံနှင့်အဝှမ်း တက္ကသိုလ်ကျောင်းဝန်းထဲရှိ ကျောင်းသူအမျိုးသမီး များကို လိုက်လံနှောက်ယှက်မှုများ ရှိနေပြီး ရန်ကုန်တက္ကသိုလ်က အဆိုးရွားဆုံးဖြစ်ကာ လူဝင်လူထွက် များသော နေရာဖြစ်သဖြင့် ၎င်းကိစ္စအတွက် လူတိုင်းမှာတာဝန်ရှိသည်ဟု အောင်ကောင်းဆက်က မှတ်ချက် ချသည်။

ရွှေဘိုဆောင်တာဝန်ကျ အစောင့်လုံခြုံရေး ဦးကျော်မင်းဦးက မယွန်းအိကျော်နောက်ကို လိုက်လာသည့် လူ နှစ်ဦးကို ၎င်းကိုယ်တိုင်က ဟန့်တားခဲ့ပြီး လိုက်လာသောသူများကို မယွန်းအိကျော်၏ အပေါင်းအသင်း များဟု ထင်မိခဲ့ကြောင်း ပြောသည်။

῝တချို့အမျိုးသားတွေက သူတို့ကိုယ်သူတို့ ကျောင်းသူလေးတွေရဲ့ မိတ်ဆွေတွေလို ပြုမူတော့ ဦးလေးတို့ သိပ်မသိဘူး၊ အမျိုးသားများမဝင်ရ ဆိုတာရေးထားရက်နဲ့ သူတို့ကဝင်မယ်လုပ်တော့ ဦးလေးက တားရ တာ။ တခြားနေရာမှာ ကျောင်းသူတွေကို အဲဒီလိုလုပ်တာတွေတော့ မကြားမိပါဘူး၊ ဒီအနီးအနားမှာတော့ အပြင်က ဘယ်အမျိုးသား၊ အမျိုးသမီးကိုမှ ဦးလေးက ဓာတ်ပုံပေးမရိုက်တော့ဘူး῎

Author:

Related Articles