Home ဆောင်းပါး အဝေးပြေးကားပေါ်က စွန့်စားခန်းများ အောင်မြင်ပါစေ

အဝေးပြေးကားပေါ်က စွန့်စားခန်းများ အောင်မြင်ပါစေ

အမြန်လမ်းရှိ သစ်နီရဲကင်းတွင် တိုင်ကြားနေစဉ် (ဓါတ်ပုံ – မသဲကို)

နန်းဆိုင်နွမ်။            ။

အချိန်ညနေ(၆)နာရီ၊ မန္တလေးမှ မူဆယ်သို့သွားမည့် လိုင်းကားတစီးပေါ်တွင် အသက်(၂၅)နှစ်အရွယ် နန်းမွေခမ်း တယောက်လိုက်ပါခဲ့သည်။

ညအချိန်တွင် နန်းမွေခမ်းထိုင်ခုံ၏ အနောက်တွင်ထိုင်သည့် အမျိုးသားတဦးက ခြေထောက်ဖြင့် သူမအား ထိတို့သ ကဲ့သို့ လက်ဖြင့်လည်း ပခုံးကိုလာရောက် ထိတို့ မှုများ စတင်ပြုလုပ်လာသည်။

သို့သော် နန်းမွေးခမ်းကတော့ ရှက်စိတ်ဖြင့် မည်သူကိုမှ မပြောပြရဲဘဲ  သည်းခံပြီး လိုက်ပါခဲ့ရသည်။

“ ကျမက ကားပြတင်းပေါက် နားမှာထိုင်တာ။ ကျမနောက်တည့်တည့်မှာတော့ အမျိုးသားတယောက်ထိုင်တယ်။ သူက ကျမခုံကြားထဲ ခြေထောက်နဲ့ထိုးပြီး ကျမတင်ပါးကို လာလာထိတယ်။ အစက မတော်တဆလို့ထင်ခဲ့တယ်“  ဟု နန်းမွေခမ်းတယောက် ကြုံခဲ့ဖူးသည့် အဖြစ်အပျက်ကို ပြန်လည် ပြောပြနေခြင်းဖြစ်သည်။

ဆက်လက်ပြီး နန်းမွေခမ်းက “ နောက်ဘယ်လောက် အတင့်ရဲလာလဲဆိုရင် လက်နဲ့ပခုံးကို လာပုတ်တာ၊ ခြေ ထောက်နဲ့ ကလိတာတွေ လုပ်တယ်။ ကျမလည်း ညဖက်ဆိုတော့ ဘာမှ ပြန်မပြောရဲဘူး။ တချက်တချက်တော့ ကျမချောင်းဆိုးသလိုတော့ အသံပြုလိုက်တယ်” ဟု သူမက ထိုညက ဖြစ်ပျက်ခဲ့သည်ကို စဉ်းစားပြီး ပြန်ပြောပြ သည်။

အမျိုးသားတဦးက သူမကို ထိကပါးရိကပါး ပြုလုပ်ခဲ့ပေမယ့် သူမအနေဖြင့် မည်သူကိုမျှ သွားရောက် မတိုင်ကြား ခဲ့သလို မည်ကဲ့သို့ ပြန်လည်တုန့်ပြန်ရမည်ကိုလည်း မသိရှိသဖြင့် မဝံ့မရဲဖြင့် ငြိမ်နေခဲ့ရသည်ဟု နန်းမွေခမ်းက ဆို ပါသည်။

“ ကျမ ဘာမှမတုန့်ပြန်ခဲ့ရဘူး။ ဘယ်လိုတုန့်ပြန်ရမှန်းလည်း မသိဘူး။ ပြောရမှာလည်း ရှက်တယ်။ မပြောထွက်ခဲ့ ဘူး” ဟု နန်းမွေခမ်းက ပြောသည်။

ထိုကဲ့သို့ဖြစ်ပျက်ပြီးနောက်ပိုင်းမှာတော့ ခရီးသွားလျှင် မလုံခြုံတော့သလိုခံစားရပြီး၊ ကားပေါ်မှာ အိပ်ခြင်း၊ စိတ် လွှတ်လက်လွှတ်ထိုင်ခြင်းများ မပြုလုပ်ရဲတော့ကြောင်းလည်း နန်းမွေခမ်းက  ထပ်လောင်းပြောသည်။

“ ခရီးသွားရမှာ ကားစီးရမှာ  အလိုလိုကြောက်နေတယ်။ ကိုယ့်နောက်မှာ ယောကျာ်းတွေထိုင်ရင် မလုံခြုံတော့ ဘူး။ ကားလက်မှတ်ဝယ်ရင်လည်း ဘေးခုံနဲ့ နောက်ခုံမှာ ယောကျ်ားမဖြစ်ဖို့နဲ့ ဆုတောင်းနေရတယ်” ဟု နန်း မွေခမ်းတယောက်  လက်ရှိခံစားနေရသော ခံစားချက်ကို ရင်ဖွင့်သည်။

မြန်မာနိုင်ငံတွင် နေထိုင်သည့် အမျိုးသမီးများကို လူမသိ သူမသိ ကာအိန္ဒြေ ထိပါးစော်ကားမှုများ နေ့စဉ်နှင့်အမျှ ပြုလုပ်နေမှုကြောင့် အမျိုးသမီးများ၏ နေ့စဉ်ခရီးသွားလာမှုမှာ လုံခြုံမှုမရှိကြောင်း အမျိုးသမီးအရေး ဆောင်ရွက်သူ တွေက  ပြောဆိုထားသည်။

ထို့နည်းတူ ယခုနှစ်ဇူလိုင်လအတွင်း တောင်ငူမှ ရန်ကုန်သို့လာမည့် လိုင်းကားပေါ်တွင် မသဲကိုတယောက် တင်ပါး ကို လာထိတာခံရပြီး ကားသမားကို ပြောပြသော်လည်း ဖြေရှင်းပေးမှုများ မပြုလုပ်ပေးခဲ့ပေ။

ဓါတ်ပုံ- မသဲကို

“ ကျမ တောင်ငူကနေ ရန်ကုန်ကို နေ့ကားနဲ့ ပြန်လာချိန် ကျမနောက်ခုံက အမျိုးသားတယောက်က ကျမတင်ပါး ကို  လာတို့တာတွေ ထိတာတွေလုပ်တယ်” ဟု မသဲကိုက ပြောပြသည်။

“ကျမလည်း မလုပ်ဖို့ ပြောတော့ ကျမကို အဲဒီအမျိုးသားက အရှက်ရအောင် ပြန်အော်ပါတယ်” ဟု မသဲကိုက သူမ ကြုံခဲ့ရသည့်ဖြစ်စဉ်ကို ပြန်လည်ပြောပြသည်။

မသဲကိုက သူမထိုင်ခုံကို အနောက်သို့လှန်ချထားပြီး သူမနောက်တွင်ထိုင်သည့် အမျိုးသားတဦးက ရည်ရွယ်ချက် ရှိရှိဖြင့် (၂)ကြိမ်တိတိ လာရောက်ထိခဲ့ကြောင်း ပြောပြသည်။

လူတယောက်အနေဖြင့် မတော်တဆထိမိခဲ့ပါက  “ အစ်မရေ ညီမရေ မတော်တဆထိမိလို့ တောင်းပန်ပါတယ် စသဖြင့် ပြောဆိုလို့ရပါတယ်” ဟုသူမကဆိုသည်။

သို့သော် မသဲကိုကို ကာအိန္ဒြေထိပါးခဲ့သည့် အမျိုးသားကမူ  ထိုကဲ့သို့ မပြောဆိုသည့်အပြင် “ ဘာအချိုးတွေလာ လုပ်နေတာလဲ” ဟု ရင့်သီးစွာ ပြန်ပြောခဲ့ပါသည်။ “မသိရင် ကျမကပဲ ဇာတ်လမ်းဆင်တဲ့ပုံစံမျိုး ဖြစ်နေတယ်” ဟု သူမ ကြုံခဲ့ရတာကို ထပ်မံပြောဆိုသည်။

အမျိုးသမီးများကို  ကာအိန္ဒြေထိပါးနှောက်ယှက်တတ်သည့် အမျိုးသားအများစုသည် အမျိုးသမီးများက ပြန်လည် တုန့်ပြန်သည့်အခါ အမျိုးသမီးများကို အရှက်ရအောင် ပြန်လည်အော်ငေါက်သည့်နည်းကို အသုံးပြုတတ်ကြသည်။

“ ကားပေါ်မှာလည်း လူတွေရှိပါတယ်။ အားလုံးက ထိုင်ခုံမှာထိုင်ပြီး ကြည့်နေကြပါတယ်။ တယောက်မှလည်း ဝင် မပါကြဘူး။ အဲဒီမှာ ကျမက ကားသမားကို  အနောက်ကနေ လာထိနေတို့နေတယ်။ ကာအိန္ဒြေပျက်အောင် လုပ် နေတယ်။ ရဲစခန်းကို မောင်းပေးပါလို့ပြောတော့ သူတို့က ကျမကို ရယ်(ရီ)နေသေးတယ်” ဟု မသဲကိုက ကြုံတွေ့ရ သည်များကို ပြန်လည် ပြောပြသည်။

အမျိုးသမီးတယောက်အနေဖြင့် အကူအညီတောင်းကာ ရဲစခန်းကို မောင်းပေးရန် ပြောဆိုခဲ့သော်လည်း ကားသ မားက “ ခရီးသည်တွေအများကြီးနဲ့ အလုပ်လုပ်နေတာ။ ခင်ဗျားအတွက်နဲ့ ခရီးသည်တွေ အားလုံး ဒုက္ခရောက်ကုန် မယ်ဆိုပြီး ပြောပါတယ်” ဟု မသဲကိုက ပြောပြသည်။

ခရီးသည်အချင်းချင်းလည်း အကူအညီပေးမှုမရှိသည့်အပြင် “ ကျမကို ပြဿနာမဟုတ်ဘဲ ပြဿနာရှာတယ်ဆိုတဲ့ ပုံစံနဲ့ ကြည့်ကြပါတယ်။ ထိတာပဲ  ဘာဖြစ်လဲ ဆိုတဲ့ပုံစံတွေနဲ့ ကျမကိုကြည့်နေကြတယ်” ဟု မသဲကိုက ဆိုသည်။

ခရီးသည်များထံ အခကြေးငွေများယူဆောင်ထားပြီး ပြေးဆွဲနေသည့် မော်တော်ယာဉ်များအနေဖြင့် ယခုလို လက် လွတ်စပယ် ပြောဆိုသည့် စိတ်ဓာတ်ကို အံ့သြမိကြောင်း၊ ခရီးသည်များပြဿနာဖြစ်သည့်အခါ ကားပေါ်မှ ဆင်း သွားရန် ပြောဆိုသည်ကိုလည်း အံ့သြမိကြောင်း မသဲကိုက ဆိုသည်။

မသဲကို ပြောဆိုသကဲ့သို့ ကားသမားက ရဲစခန်းကို မမောင်းပေးဘဲ သူလိုရာ ခရီးကိုသာ ဆက်မောင်းခဲ့သည်။

သို့သော် မသဲကိုက ကားပေါ်တွင် ဖြစ်ပွားခဲ့သည့် ပြဿနာကို အွန်လိုင်းပေါ်တွင် တင်လိုက်သည့်အခါ မသဲကို၏ အသိမိတ်ဆွေများက လမ်းခရီးရှိ ရဲစခန်းသို့ အကြောင်းကြား တိုင်ကြားပေးခဲ့သည်။

ရဲများက အမြန်လမ်းမိုင်တိုင်(၅၂)တွင် ကားကိုလာရောက်တားသည့်အခါ “ ကျမကားပေါ်ကနေ ဆင်းပြီး ကျူးလွန် သူကို လက်ညှိုးညွှန်ပြလိုက်တယ်။ ကျမနဲ့ အဲဒီလူကို ရဲက သစ်နီရဲကင်းကို  ခေါ်သွားပါတယ်” ဟု မသဲကိုက ဆို သည်။

ဓါတ်ပုံ – မသဲကို

ထိုသို့အခက်အခဲကြုံနေချိန်တွင် မသဲကိုတယောက် မိမိ၏ အိမ်ထောင်ဖက်ထံ ဖုန်းဆက်ပြောကြားခဲ့သော်လည်း ခင်ပွန်းသည်ကိုယ်တိုင်က စိတ်လျော့ခိုင်းကာ သူမကို ပြဿနာရှာသူတယောက်အဖြစ်သာမြင်ကြောင်း သူမက ပြန် ပြောပြသည်။

“ ကျမဘက်ကို ရပ်တည်မယ့်သူက ကျမယောကျ်ားတောင် မရှိပါဘူး” ဟု မသဲကိုက ဝမ်းနည်းစွာဖြင့် ပြန်ပြော သည်။

ကားပေါ်မှ ဆင်းလာချိန်တွင်လည်း လူလတ်ပိုင်းအရွယ် အမျိုးသမီးတဦးက “အသားလေး ထိတာများ ပဲ့ပါသွားတာ မှတ်လို့” ဆိုသည့် စကားကို ပြောဆိုနေခဲ့သည်ဟု မသဲကိုက ဆက်လက်ပြောပြသည်။

ဖြစ်စဉ်ကိုကြည့်လျှင် မြန်မာလူမျိုးများသည် အမျိုးသမီးတဦးကို ကာအိန္ဒြေထိပါးမှု ပြုလုပ်သည်ကို ဖြစ်ရိုးဖြစ်စဉ် ဟုသာ များသောအားဖြင့်  ထင်မြင်ယူဆနေကြသည်ကို တွေ့မြင်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏  ခန္ဓာကိုယ်ကို  အမျိုးသားများက ထိကိုင်စော်ကားမှုပြုသည့်အခါ အမျိုးသားများကို ပြစ်တင်ပြောဆိုခြင်းထက် အမျိုးသမီးများကို ကဲ့ရဲ့ဝေဖန်မှုက ပိုများနေသည်။

အမျိုးသမီးများ ကာအိန္ဒြေစော်ကားခံရလာပါက အမျိုးသမီးများမှာ ထုတ်ဖော်ပြောကြားရန် အခြေအနေမပေးခြင်း၊ လူ့အသိုင်းအဝန်းက ဖေးမမှု မရှိခြင်းတို့ကြောင့် အများစုက ထုတ်ဖော်ပြောဆိုမှုမရှိကြောင်း အမျိုးသမီးရေး တက် ကြွဆောင်ရွက်သူများက မှတ်ချက်ပြုပြောဆိုကြသည်။

မြန်မာနိုင်ငံတွင် အမျိုးသမီးများ တယောက်တည်း ခရီးသွားလာရခြင်းသည် မည်သည့်နေရာမှ မလုံခြုံကြောင်း၊ မိမိ နေရပ်နှင့်ဝေးသည့်အရပ်ကို သွားရမည်ဆိုပါက အဖက်ဖက်မှအန္တရာယ်နှင့် အချိန်မရွေး ရင်ဆိုင်ကြုံတွေ့နိုင်ကြောင်း မြန်မာအမျိုးသမီးသတင်းသမားများအဖွဲ့ (Myanmar Women Journalists Society) မှ မသူဇာက ပြောသည်။

“ အဝေးပြေး ကားပေါ်မှာတောင် လုံခြုံမှု မရှိတဲ့အခြေအနေ။ ကျမဆို တယောက်ထဲခရီးသွားရင် အမြဲတမ်း  တဦး ထဲ ထိုင်ခုံနဲ့ပဲ သွားချင်တယ်။ ဘာလို့ဆို ဘေးမှာ အမျိုးသားတဦးဦးလာထိုင်မှာ တအားကြောက်တယ်။ အခုဆို ရှေ့ ရော နောက်မှာပါ အမျိုးသား တဦးဦး ပါလာဖို့ ကြောက်နေရပြီ” ဟု သူဇာက ပြောသည်။

ဆက်လက်ပြီး ကားပေါ်တွင် အမျိုးသမီးများကို ကာယိန္ဒြေထိခိုက်အောင် လုပ်ဆောင်ပါက အဝေးပြေးကားဂိတ် များ၊ ကုမ္ပဏီများအနေဖြင့်  ယာဉ်မောင်းများနှင့်  ယာဉ်အကူများကို မည်ကဲ့သို့ ကူညီဆောင်ရွက်ပေးရမည်ကို အသိပညာပေးမှုများ  အများကြီးလုပ်ပေးရန် လိုအပ်ပြီး၊ ပြဿနာ ဖြစ်လာပါက ရဲစခန်းသို့ မောင်းပေးရန် ကား သမား များတွင် တာဝန်ရှိသည်ကို သိရှိထားရန်လိုအပ်ကြောင်း သူဇာက မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံတွင် အဝေးပြေးကားများ၊ လိုင်းကားများပေါ်တွင် ကာယိန္ဒြေထိခိုက်စော်ကားခံရပါက  မည်သို့ကာကွယ် ရမည်ကို သိရှိသော်လည်း  လက်တွေ့တွင် အကောင်အထည်ဖော်ရန် ခက်ခဲနေကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီး ကားသမားနှင့် ယာဉ်နောက်လိုက်တွေပါ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း  Legal Aid Project မှ စီမံကိန်း မန်နေဂျာ တရားလွှတ်တော်ရှေ့နေ ဦးငိုင်ဆာ့ခ်က ပြောပါတယ်။

“ အဝေးပြေးကားပေါ်မှာ အမျိုးသမီးတွေ ကာယိန္ဒြေထိခိုက်စော်ကားခံရရင်  ကားသမားနဲ့ ယာဉ်နောက်လိုက်တွေ က ပူးပေါင်းဆောင်ရွက်မှု မရှိဘူး။ အလုပ်ခံရရင်၊ ကျူးလွန်ခံရရင်၊ အမှုဖွင့်ဖို့ ရဲစခန်းကို ကားမောင်းပေးတာမျိုး ကူညီပေးရမှာ။ အခုက အဲဒါမျိုး မရှိဘူး” ဟု ဦးငိုင်ဆာ့ခ်က ဆိုသည်။

မည်သူမဆို မိန်းမတဦးရဲ့ ကာယိန္ဒြေကို စော်ကားရန် ကြံရွယ်၍ ပြောဆိုခြင်း၊ အသံပြုခြင်း၊ ကိုယ်အမူအရာ ပြု လုပ်ခြင်း၊  အရာဝတ္ထုတခုခုကို ပြသခြင်းများသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၅၀၉) မိန်းမတို့ရဲ့ကာယိန္ဒြေကို ထိခိုက် စေသော ပုဒ်မအဖြစ် ထောင်ဒဏ်(၂)နှစ်၊ ငွေဒဏ်နှင့် ဒဏ်(၂)ရပ်လုံးချမှတ်နိုင်သည်ကို အမျိုးသမီးများ သိရှိထား ရန်လိုအပ်ပါသည်။

အမျိုးသမီးများအနေဖြင့်  လိုင်းကားများ၊ အဝေးပြေးကားများပေါ်တွင် ပြဿနာတခုခုဖြစ်ခဲ့ပါက ကြောက်ရွံ့စိတ် မဖြစ်ဘဲ ရဲရဲဝံ့ဝံ့ပြောဆိုပြီး အကူအညီတောင်းရန်နှင့် ကူညီသူမရှိခဲ့လျှင်တောင် မိမိဖာသာကာကွယ်နိုင်အောင် ကြိုးစားရန်လိုအပ်ကြောင်း၊ ထိုသို့ပြုလုပ်မှသာ အနာဂတ်တွင် အမျိုးသမီးများ ထိုသို့ဘေးအန္တရာယ်တွေ့မှုများ လျော့ပါးသွားစေမည်ဖြစ်သည်ဟုလည်း အမျိုးသမီးရေးတက်ကြွလှုပ်ရှားသူများက ပြောဆိုလိုက်သည်။

Related Articles