Home သတင်း သက်ငယ်မုဒိန်းဆန့်ကျင်ရေးလှုပ်ရှားသူ သက်ငယ်မုဒိမ်းသံသယမှုဖြင့်ရင်ဆိုင်နေရ

သက်ငယ်မုဒိန်းဆန့်ကျင်ရေးလှုပ်ရှားသူ သက်ငယ်မုဒိမ်းသံသယမှုဖြင့်ရင်ဆိုင်နေရ

မိုးမိုး။ ။
ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ရက်တုန်းက နေပြည်တော် ကုတင် ၃၀၀ ဆေးရုံကနေ အချုပ်သားတစ်ဦးထွက်ပြေး လွတ်မြောက်သွားတဲ့သတင်းနဲ့ပတ်သက်ပြီး လူအများအပြားက စိတ်ဝင်တစားရှိခဲ့ကြပါတယ်။

အချုပ်သားထွက်ပြေးတာဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သတင်းဖြစ်ပေမယ့် အခုတခေါက်ထွက်ပြေးခဲ့တဲ့ အချုပ်သားဟာ COVID -19 ကူးစက်ခံရလို့ ဆေးကုသမှုခံယူခဲ့အပြီးမှာ ထွက်ပြေးသွားတာဖြစ်တဲ့အတွက်ကြောင့် လူစိတ်ဝင်စားမှု ပိုခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ်အချုပ်သားဟာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ သက်ငယ်မုဒိမ်းမှု၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၃(လူခိုးမှု) စတဲ့အမှုနှစ်ခုနဲ့ စွပ်စွဲတိုင်ကြားခံထားရတဲ့အတွက် ထိန်သိမ်းထားတာလို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အခြားတဖက်မှာတော့ အဲ့ဒိအမျိုးသားဟာ မြန်မာနိုင်ငံရဲ့အကြီးကျယ်ဆုံးသော သက်ငယ်မုဒိမ်းဆန့်ကျင်ရေး လှုပ်ရှားမှုဖြစ်တဲ့ ဗစ်တိုးရီးအမှု အမှန်တရားရရှိရေးအတွက် ပျဉ်းမနားနဲ့ လယ်ဝေးမြို့ထဲက လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့သူလည်းဖြစ်တယ်လို့ သူနဲ့နီးစပ်သူတွေရဲ့ပြောကြားချက်တွေ၊ အဲ့ဒီတုန်းကရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းတွေ အရသိရပါတယ်။

“တစ်နိုင်ငံလုံး သက်ငယ် မုဒိမ်း ပပျောက်ရေး…ဒို့အရေး…ဒို့အရေး” ဆိုပြီးဗစ်တိုးရီးယား အမှုမှာ ဦးဆောင် ဆန္ဒပြခဲ့ သူတွေထဲက တစ်ယောက်ဖြစ်တဲ့ သူဟာ အခုအချိန်မှာတော့ သက်ငယ်မုဒိမ်းမှုတစ်ခုမှာ သံသယရှိသူအဖြစ် စွပ်စွဲခံနေရပါတယ်။

HI သတင်းဌာနက ရရှိထားတဲ့ ရဲတပ်ဖွဲ့ရဲ့မှတ်တမ်းတွေအရ စွပ်စွဲခံရတဲ့အမျိုးသားဟာ ၂၀၂၀ မေလ အစောပိုင်းက အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အလိုမတူဘဲအဓမ္မပြုကျင့်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တိုင်ကြားခံရတာလို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ရဲ့မှတ်တမ်းတွေအရ စွပ်စွဲခံရတဲ့အမျိုးသားဟာ ပရဟိတအဖွဲ့တစ်ခုမှာလည်း ဦးဆောင်နေသူဖြစ်တယ်လို့ ဆိုပါတယ်။

“ပရဟိတ ရုံးကိုခေါ်ပြီးမှ မုဒိမ်းကျင့်ပါတယ်ဆိုပြီး လာတိုင်တာ။ အဲ့ဒါနဲ့ ပတ်သက်ပြီး အမှုဖွင့်ထားတာပေါ့။ ရဲစခန်းမှာ အမှု လာဖွင့်တော့ ရဲက အမှုလက်ခံရတယ်လေ။ အမှု စစ်ဆေးပြီးတော့ ဒက္ခိဏ ခရိုင် ဥပဒေရုံးကို ဥပဒေ အကြံတောင်းတင်တာပေါ့။ ဥပဒေ အကြံပြုချက်နဲ့ သူ့ကို တရားစွဲတာလေ” လို့ ပျဉ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အေးမြင့်နိုင် က HI ကို ပြောပါတယ်။

အလိုမတူဘဲအဓမ္မပြုကျင့်တယ်ဆိုပြီး တိုင်ကြားခဲ့တဲ့ အမျိုးသမီးငယ်ဟာ မိခင်ဆုံးပါးသွားတဲ့အတွက် ဖခင်နဲ့နှစ်ယောက်ထဲ နေထိုင်ပြီး ဖခင်က စားဝတ်နေရေးအတွက် တနေကုန် အလုပ်ထွက်နေ ရတာကြောင့် အိမ်မှာ သူတစ်ယောက်ထဲ နေရတဲ့ အချိန်တွေက ပိုများတယ်လို့ အမျိုးသမီးငယ်ရဲ့ အဒေါ်က ဆိုပါတယ်။

အဒေါ်ဖြစ်သူရဲ့ အဆိုအရ မေလ ၁၀ ရက်မှာ သူ့ရဲ့တူမနဲ့စွပ်စွဲခံရတဲ့ အမျိုးသားအကြောင်းကို မေးမြန်းရာကနေ အဖြစ်အပျက်ကို သိရတာလို့ဆိုပါတယ်။

စွပ်စွဲခံရတဲ့ အမျိုးသားဟာ အမျိုးသမီးငယ်ရဲ့အိမ်ကို ဆိုင်ကယ်နဲ့ ရောက်လာပြီး လူမှုကူညီရေးအသင်းတွင် လုပ်ကိုင်ရန် အတွက် လာခေါ်သွားပြီး လုပ်ငန်းများဆောင်ရွက်ပြီးသည့်အခါမှာ အလုပ်ကိစ္စပြောစရာ ကျန်သေးတယ်ဆိုပြီး ရုံးခန်း သို့ ခေါ်ယူကာ အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်လို့ တရားလိုတွေက ရဲကိုတိုင်ကြားခဲ့တဲ့ ပထမသတင်းပေး တိုင်ကြားချက် အရသိရပါတယ်။

“ပရဟိတကို အကြောင်းပြပြီး မိန်းကလေးတစ်ယောက်ကို စော်ကားတယ်။ နင်တို့ ပရဟိတ အဖွဲ့ကို ငါခေါ်တာ မလာဘူး ဆိုရင် Facebook ပေါ်ကို လူတွေကို ကူညီပါတယ် အကြောင်းပြပြီး ဖျက်ဆီးနေတယ်ဆိုတာ တင်မှာလို့ အန်တီက အဲ့လို ပြောလိုက်မှ ကျနော်တို့ လာဖြေရှင်းမယ်” လို့ အဒေါ်ဖြစ်သူက ဆိုပါတယ်။

စွပ်စွဲခံရတဲ့ အမျိုးသားဟာ ည ၉နာရီဝန်းကျင် မှာလာရောက်တွေ့ဆုံခဲ့ပေမယ့် ကလေးမလေးမှာ အသက်ငယ် နေသေးတာကြောင့် သူ့မိဘ များနဲ့ ပြန်တိုင်ပင်ရန် ၂ ရက်၊ ၃ ရက် အချိန်ပေးဖို့ မှာကြားခဲ့ပြီး ပြန်သွားခဲ့တယ်လို့ အဒေါ်ဖြစ်သူက ဆိုပါတယ်။

သို့သော်လည်း နောက်ပိုင်းမှာ ဆက်သွယ်မှု မလုပ်တော့ဘဲ တိမ်းရှောင်နေတာကြောင့် အမျိုးသမီးငယ်ရဲ့ ဖခင်ဖြစ်သူက “တရှက် ကနေ နှစ်ရှက်ဖြစ်တယ်။ နင်တို့တွေ ဆက်သွယ်မနေနဲ့ လို့ ပြောတော့ အန်တီလည်း စိတ်တိုပြီး ခေါ်လည်း မခေါ်တော့ဘူး။ ဒီအတိုင်းပဲ ပစ်ထားလိုက်တာ” လို့ အဒေါ်ဖြစ်သူက ဆိုပါတယ်။

အဆိုပါအဖြစ်အပျက်နောက်ပိုင်းမှာ အမျိုးသမီးငယ်ဟာ စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ်ဖြစ်ခဲ့ရပြီး နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ဆိုပါတယ်။

အခင်းဖြစ်ခဲ့တာ မေလအတွင်းကဖြစ်ပြီး နောက်လေးလခန့်အကြာ စက်တင်ဘာမှသာ အမှုဖွင့် တိုင်ကြားခဲ့ပေမယ့် အချက်အလက် ခိုင်ခိုင်မာမာနဲ့ တိုင်ကြားခဲ့တယ်လို့လည်း အမျိုးသမီးငယ်ရဲ့ အဒေါ်ကဆိုပါတယ်။

“သူလုပ်တာကိုတော့သူ ဝန်ခံတယ်။ သူငြင်းလို့ မရအောင် အဲ့လို ပြောနေတဲ့ အချိန် သူဝန်ခံထားတာတွေကို အသံသွင်းထားတာ။ ဒါကို လည်း ရဲစခန်းကိုပေးပြီးသား။ ကောင်မလေးကိုမေးတဲ့ အချိန်မှာလည်း ကောင်မလေး ဝန်ခံတဲ့ ဗီဒီယိုဖိုင်လည်း အကုန်လုံး ရဲကို ပေးလိုက်တာ” လို့ အဒေါ်ဖြစ်သူက ဆိုပါတယ်။

စွပ်စွဲခံရတဲ့ အမျိုးသားဆီကတော့ အမှုနဲ့ပတ်သက်ပြီးမှတ်ချက်တစုံတရာ မရသေးပါဘူး။ ဒါပေမယ့် သူအသုံးပြုတယ်လို့ ယူဆရတဲ့ “အရိပ်ကလေး” ဆိုတဲ့ Facebook အကောင့်မှာတော့ သူ့အပေါ်မဟုတ်မမှန်ရေးသားတဲ့ သူတွေကို တရားစွဲဖို့ ကြိုးစားမယ်လို့ စက်တင်ဘာ ပထမသတင်းပတ်အတွင်းကရေးသားထားပါတယ်။

နောက်ပိုင်းမှာတော့ သူ့ကို ရဲတပ်ဖွဲ့ကထိန်းသိမ်းခဲ့ပါတယ်။ ကိုဗစ်ကာလ ဖြစ်သလို၊ အချုပ်ခံနေရစဉ် ရောဂါပိုး ကူးစက်ခံခဲ့ရကြောင့် အမှုမှာ တရားရုံးသို့ မရောက်သေးဘဲ စောင့်ဆိုင်းနေရတဲ့ အချိန်ဖြစ်တယ်လို့လည်း သိရပါတယ်။

စွပ်စွဲခံရတဲ့ အမျိုးသားဟာ အချုပ်ကျနေစဉ် ကိုဗစ်ရောဂါပိုး ကူးစက်ခံရတာကြောင့် နေပြည်တော် ကုတင်(၃၀၀) ပြည်သူ့ဆေးရုံကြီးမှာကုသမှုခံယူခဲ့ရပြီး အောက်တိုဘာ ၃၁ ရက်က ဆေးရုံဆင်းခွင့်ရပြီ ဖြစ်တဲ့ အတွက် သက်ဆိုင်ရာ ရဲစခန်းကို ဆေးရုံက လွှဲပြောင်းပေးစဉ် ထွက်ပြေးသွားခဲ့တာပဲ ဖြစ်ပါတယ်။

“ပိုးကူးစက်ခံရမှုကို အခွင့်ကောင်းယူပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ သဘောရှိပါတယ်”လို့ ပျဉ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အေးမြင့်နိုင် ကပြောပါတယ်။

ပရဟိတ လုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်နေသူကိုယ်တိုင်က မုဒိမ်းမှုသံသယနဲ့ တိုင်ကြားခံထားရပြီး ထွက်ပြေး လွတ်မြောက်နေတဲ့အတွက် ဝေဖန်ပြောဆိုမှုတွေလည်းရှိနေပါတယ်။

“ဒီကိစ္စမှာဆိုရင်လည်း မလုပ်သင့်တဲ့ ကိစ္စကို လုပ်တယ်။ ဗစ်တိုးရီးယား ကိစ္စမျိုးမှာ ဆန္ဒပြတဲ့ အထဲမှာတောင် ပါဝင်ခဲ့တဲ့ သူက ဒီလို မျိုးလုပ်တယ်ဆိုတော့ ဒီလို လူက အယောင်အဆောင်လို့ဘဲ ကျနော်မြင်တယ်” လို့ လယ်ဝေးမြို့၊ဗစ်တိုးရီးယား အမှုမှန်ပေါ်ပေါက်ရေးအတွက် စွပ်စွဲခံရတဲ့ အမျိုးသားနဲ့အတူ ဦးဆောင်ဆန္ဒပြခဲ့သူ ဦးအောင်နိုင်က ဆိုပါတယ်။

ယခုကဲ့သို့ ပရဟိတ အလုပ်တွေ ခေါင်းဆောင်ပြီးဆောင်ရွက်နေတဲ့ သူတယောက်ဟာ မုဒိမ်းမှုအတွက် သံသယရှိခံရပြီး တိမ်းရှောင် ထွက်ပြေးနေတာဟာ တခြားသော ပရဟိတ လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေကိုပါ ထိခိုက်မှုရှိနိုင်တယ်လို့လည်း ဦးအောင်နိုင်က မှတ်ချက်ပြုပါတယ်။

ပရဟိတ အဖွဲ့အစည်းများ အခုနောက်ပိုင်းမှာ ပေါများလာတဲ့ အတွက် အမှန်တကယ် ပရဟိတစိတ်ရှိတဲ့ လူမျိုးတွေကိုသာ ထားသင့်ကြောင်း၊ ပရဟိတ ကိုခုတုံးလုပ်သည့် အလားတူကိစ္စတွေ အများကြီး ထပ်ဖြစ်လာနိုင်တဲ့အတွက် သတိထား သင့်ကြောင်း၊ မျက်စိပိတ်၊ နားပိတ် လူတန်းစားတွေက ဒီလို အဖွဲ့ အစည်းကိုပဲ မျှော်နေရတဲ့ ကာလဖြစ်တဲ့အတွက် စုန်းပြူးတွေပါလာခဲ့ရင် မိန်းကလေးတွေမှာ သားကောင်ဖြစ်သွားရတယ်လို့ အရှိုအမျိုးသမီး အဖွဲ့အစည်းမှ ဒါရိုက်တာ မိုင်သန့်စီဦးက ပြောပါ တယ်။

“မျက်စိပိတ်၊ နားပိတ် အသိုင်းအဝိုင်းကြားက အမျိုးသမီးလေးတွေက သားကောင်လို ဖြစ်သွားရတာလေ။ ဒီလို အဖွဲ့အစည်းတွေက ကျူးလွန်တာ ပိုကြောက်စရာ ကောင်းတာပေါ့” လို့ မိုင်သန့်စီဦး က ပြောပါတယ်။

ဒီအမှုကို တရားမျှတမှု ရရှိစေဖို့အတွက် ကူညီမယ်ဆိုတဲ့ သူတွေလည်းရှိပါတယ်။

အမျိုးသမီးငယ်ရဲ့အိမ်နီးခြင်း မခိုင်ကတော့ အမှုနဲ့ပတ်သက်ပြီး သူမြင်သမျှ၊ သိသမျှ အကုန်လုံးရဲစခန်းမှာ တရားလိုပြသက်သေ အနေနဲ့ ထွက်ဆိုပေးခဲ့ပြီး တရားရုံးရောက်ပါကလည်း အမှန်အတိုင်း ထွက်ဆိုပေးဖို့ အဆင်သင့်ပဲလို့ဆိုပါတယ်။

“သူလုပ်တဲ့ ပရဟိတ အလုပ်က လေးစားစရာ ကောင်းပေမယ့် သူဒီလို လုပ်ရက်မယ်လို့ လုံးဝကို မထင်ခဲ့မိတာ တော်တော် အံ့သြတယ်” လို့ မခိုင်က ပြောပါတယ်။

အမျိုးသမီးငယ်ရဲ့ မိသားစုဟာ ဆင်းရဲနွမ်းပါးတာကြောင့် ဒီအမှုကို အမှန်တိုင်းဖြစ်စေရန်အတွက် ရှေ့နေ အကျိုးဆောင်ခ မယူဘဲ အခမဲ့ လိုက်ပေးနေတယ်လို့ ပျဉ်းမနားမြို့မှ တရားလွှတ်တော် ရှေ့နေ ဒေါ်မိုးမြင့်နိုင်က ဆိုပါတယ်။

ပရဟိတ လုပ်တဲ့ သူတွေသည် ရဟန္တာ ဖြစ်တယ်လို့ ကြေညာထားတာ မဟုတ်တဲ့ အတွက် အမျိုးသမီးတွေဘက်ကလည်း ဘယ်အမျိုးသားကိုမှ မယုံသင့်ပါဘူးလို့ ထင်တာကြောင့် လုပ်ရပ်တစ်ခု အပေါ်မှာ ကောက်ချက်မချမိဖို့ အရေးကြီးပါ တယ်လို့ ပျဉ်းမနားမြို့ မျှဝေသောလက်များ ပရဟိတ အသင်းမှ ဒုတိယ ဥက္ကဌ ဦးကျော်သူရ က ဆိုပါတယ်။

“ကောင်မလေးဘက်ကလည်း နောက်ဆုံး စိတ်ရောဂါ ဖြစ်သွားတဲ့ အခြေအနေ ဖြစ်သွားတာ ကြားရတာ အင်မတန်မှ တုန်လှုပ်ခြောက်ခြားရပါတယ်။ တော်တော်လေး စိတ်မကောင်းလည်း ဖြစ်ရတယ်။ ကိုယ့်သမီးလေး ဖြစ်ရင် ဘယ် လိုနေမလဲ ပေါ့။ ဒီလိုတွေတွေးရင် တော်တော်လေး ခံစားမိပါတယ်” လို့ ဦးကျော်သူရ က ပြောပါတယ်။

ဒီအမှု မှာတော့ ပရဟိတ လုပ်ရင်း ပတ်သက်ခဲ့တာဖြစ်တဲ့အတွက် လူမှုရေး အမြင်အရ တော်တော်လေး အခြေနေ ဆိုးတယ်လို့ ဦးကျော်သူရက မှတ်ချက်ပြုပါတယ်။

သတင်းတပတ်ကျော်ကြာ ထွက်ပြေးနေခဲ့ရာကနေ နိုဝင်ဘာ ၈ ရက်မှာတော့ သူ့ကိုရဲက ရှမ်းပြည်နယ် ရွှေညောင်မြို့နယ်ထဲမှာ ပြန်ဖမ်းမိခဲ့ပြီလို့ ပျဉ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အေးမြင့်နိုင် ကအတည်ပြုပါတယ်။

အခုချိန်မှာတော့ သက်ငယ်မုဒိမ်းဆန့်ကျင်ရေးလှုပ်ရှားတဲ့ အဲ့ဒီအမျိုးသားဟာ သူ့အပေါ်စွပ်စွဲထားတဲ့ သက်ငယ်မုဒိမ်းသံသယမှုကို ရင်ဆိုင်ဖြေရှင်းရတော့မှာဖြစ်သလို အချုပ်ကနေထွက်ပြေးတဲ့အတွက် နောက်တိုးအမှုတွေနဲ့လည်း ရင်ဆိုင်ရဖို့ရှိနေပါတယ်။

Related Articles