Home သတင်း အမှောင်ထုမှ အလင်းဆောင်သူ နော် ဘလူးမေနိုက်ဇန် – Blooming Night Zan

အမှောင်ထုမှ အလင်းဆောင်သူ နော် ဘလူးမေနိုက်ဇန် – Blooming Night Zan

ကောကော်

῝ညကြီးမင်းကြီး တော‌ထဲတောင်ထဲ ပြေးလွှားရင်းနဲ့ အမှောင်ထုထဲ ကျမကို အမေက မွေးဖွားလာရတဲ့အတွက် တနေ့တချိန်ကျရင် ကျမက အမှောင်ထုထဲက လူတွေအတွက် အလင်းဖြစ်စေရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ “ဘလူးမင်းနိုက်ဇန်” လို့ အဖိုးက အမည်ပေးခဲ့တာ῎

῝ဘလူး῎ဆိုတာက ပွင့်တာ၊ ῝နိုက်῎ဆိုတာက ည၊῝ဇန်῎ဆိုတာက အဖိုးနာမည်ပါ။

နော်ဘလူးမင်းနိုက်ဇန်၏ ဆွေစ်ဥမျိုးဆက်အားလုံးသည် ကရင့်တော်လှန်ရေးထဲတွင် ထဲထဲဝင်ဝင် ပါဝင်ခဲ့ကြ သူများဖြစ်သည်။ အမေဖြစ်သူမှာ အကြီးတန်းသူနာပြုဖြစ်ပြီး တိုက်ပွဲအတွင်း ပြေးလွှားရင်းနှင့်ပင် သူမကို မွေးဖွားလာခဲ့သည်။ သူမအပါအဝင် နောက်ထပ်ညီမနှစ်‌ယောက်စလုံး တောထဲတောင်ထဲ မိခင်နှင့်အတူ လူနာကြည့်လိုက် စစ်ပြေးလိုက်နှင့်ပင် အိမ်ယာမဲ့ဘဝဖြင့် ကြီးပြင်းလာခဲ့ကြသည်။

သူမအသက် (၄)နှစ်ကျော်တွင် မိသားစုအလိုက် စစ်တပ်မှ သေနတ်ဖြင့် လိုက်လံပစ်သတ်သည့်အတွက် သူမ အဖိုးမှ ဘုရားရှိခိုးဆုတောင်းကာ သူမတို့ကို မပစ်သတ်ရန် တောင်းပန်ခဲ့သည့်အတွက် သူမတို့မြို့ထဲကိုပြန် လာခဲ့ရသည်ဟု ဆိုသည်။

ဘလူးမင်းနိုက်ဇန်၏ ပညာရေးအစ

သူမသည် သန်လျင် အထက(၂)၊ ယခင်က ခရစ်ယာန်မက်သဒစ် အထက်တန်းကျောင်းတွင် ပညာစတင်သင် ယူခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် အခြေခံပညာအထက်တန်းကို အောင်မြင်ခဲ့ပြီး မော်လမြိုင်တက္ကသိုလ်ကို တနှစ် သာတက်ရောက်ခဲ့ရပြီး ဦးသန့်အရေးအခင်းစဖြစ်သည့်အတွက် ကျောင်းများပိတ်ခဲ့သည်။

၎င်းအချိန်တွင် ဆေးပညာအောင်လက်မှတ် မရှိသော်လည်း ဆရာဝန်ကြီးကိုယ်တိုင် သင်ကြားပေးပြီး လုပ် ခွင့်ပေးခဲ့သောကြောင့် ဆေးရုံမှာ (၃)နှစ်နီးပါး အကူသူနာပြုဝင်ရောက်လုပ်ကိုင်ခဲ့ကာ ဆေးကုသမှုအတွေ့ အကြုံများရလာခဲ့သည်။ ၁၉၇၈ – ၇၉ ခုနှစ်၊ စာသင်နှစ်တွင် ခရစ်ယာန် ဓမ္မတက္ကသိုလ် အဂလိပ်ကျမ်းစာ သင်ကျောင်းကို တက်ရောက်ခဲ့ကာ ၁၉၈၃ ခုနှစ်တွင် B.T.H(Bachelor of Theology) ဘွဲ့ကိုရခဲ့သည်။

ဘာသာရေးကျောင်းပြီးခဲ့သည့်အတွက် ခရစ်ယာန်ဓမ္မပညာဌာနတွင် တာဝန်ခံဒါရိုက်တာအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။ ၁၉၈၈ ခုနှစ် ကျောင်းသားအရေးအခင်းစတင်ချိန်တွင် သူမသည် တော်လှန်ရေးနယ်မြေသို့ အခြေချခဲ့တော့သည်။ ၁၉၈၉ မှ ၂၀၀၀ ခုနှစ်အထိ မယ်လဒုက္ခသည်စခန်းထဲရှိ ကော်သူးလေ ကရင်နှစ်ခြင်း ကျမ်းစာသင်ကျောင်းတွင် ကျမ်းစာဆရာမအဖြစ် (၁၀)နှစ်ကျော် စာသင်ခဲ့သည်။

“သွားပြီးပြောပါ” စကားသံနှင့်အတူ ကရင်အမျိုးသမီးအစည်းအရုံးသို့ ဝင်ရောက်ခဲ့ပုံ

စာသင်နေသည့်အတောအတွင်း ကျောင်းပိတ်ချိန်တွင် ဗဟိုဖြစ်သည့် မာနယ်ပလောသို့ပြန်သွားပြီး ရဲဘော် များနှင့်တွေ့ဆုံကာ သူတို့အသက်ပေးပြီး တိုက်ပွဲဝင်ခဲ့သော စွန့်စားခန်းများနှင့် စစ်ဘေးကြောင့် ပြေးလွှား နေသော ပြည်သူလူထုကို မြင်တွေ့လာခဲ့ရသည်။ ၁၉၉၂ ခုနှစ် ခွေးအိပ်တောင်တိုက်ပွဲတွင် ကရင်ရဲဘော်များနှင့် စစ်တပ်မှ အတုံးအရုံး ကျဆုံးမှုများကို တွေ့မြင်ခဲ့ခြင်းကြောင့် စစ်ပွဲဆိုသောအရာကို သူမ ပိုမုန်းတီးလာသည်။

သူမသည် ဘာသာရေးကျောင်းဆင်း၊ ကျမ်းစာသင်ကြားသူလည်းဖြစ်သည့်အတွက် တော်လှန်ရေးအတွက် သေနတ်ကိုင်ရန် မဖြစ်ပြန်ရာ နောက်ဆုံးတွင်တော့ ဆုတောင်းသံဓိဌာန်ချလိုက်သည်ဟု တော်လှန်‌ရေးနယ် မြေထဲ အပြီးတိုင်ခြေချခဲ့သည့် ဆုံးဖြတ်ချက်ကို သူမက ပြောပြသည်။

῝ကရင်ပြည်သူလူထု၊ ကရင်အမျိုးသားတွေ အကြီးအကျယ် ဒုက္ခရောက်နေတာကို မကြည့်ရက်တော့ဘူး။ ပြေး လွှားရ၊ မုဒိန်းကျင့်ခံရ၊ သတ်ဖြတ်ခံရ၊ ကိုယ်ဝန်သည်တွေလည်း ကိုယ်ဝန်ပျက်ကျ၊ ပေါ်တာဆွဲရခံရနဲ့ အဲဒါတွေ ကြည့်ပြီး ကျမရင်ထဲမှာဆို့ပြီး ကွဲအက်မတတ် ခံစားခဲ့ရတယ်။ ကျမနားထဲမှာ ကြား‌‌‌ယောင်တဲ့အသံက သွားပြီး ပြောပါတဲ့῎

၂၀၀၀ ခုနှစ်မှာပင် ကရင်အမျိုးသမီးအစည်းအရုံးတွင် ဗဟိုကော်မတီဝင်အဖြစ် (၂)နှစ် ဝင်ရောက်အရွေးခံ ခဲ့ရပြီး နောက်ထပ်ရွေးကောက်ပွဲမှာပင် တွဲဖက်အတွင်းရေးမှူး(၂)တာဝန်ကို နှစ်ကြိမ်တိုင်တိုင် ထမ်းဆောင်ခဲ့ သည်။

၂၀၀၁ ခုနှစ်တွင် ကရင်အမျိုးသမီးအစည်းအရုံးကိုယ်စား WLB (အမျိုးသမီးများအဖွဲ့ချုပ်)အနေဖြင့် တောင်အာဖရိကနိုင်ငံတွင် ပထမဦးဆုံး နိုင်ငံတကာခရီးစဉ်ကို သွားရောက်ခဲ့သည်။

နောက်ပိုင်းတွင် ကရင်ဒုကသည်များ ကြုံတွေ့နေရသော အခက်အခဲများ အခြေအနေများကို နိုင်ငံတကာအထိ ကိုယ်တိုင်ပြောပြချင်သောကြောင့် ပြင်ပအဖွဲ့အစည်းများ၏ ကူညီမှုဖြင့် နိုင်ငံတကာသို့သွားပြီး စည်းရုံး လှုံ့ဆော်ရသော အခွင့်အရေးကို ရရှိခဲ့သည်။

῝နိုင်ငံတကာကိုသွားပြီး အမျိုးသမီးတွေ ကလေးတွေ ဒုက္ခရောက်ရတဲ့အကြောင်း၊ စစ်ရဲ့မြေစာပင် ဖြစ်ရတဲ့ အကြောင်း၊ အမျိုးသမီးတွေ လွတ်လပ်မှုမရှိ၊ ဘဝလုံခြုံမှုမရှိ၊ ဘာအခွင့်အရေးမှမရှိ၊ တချိန်လုံးပြေးလွှားရတဲ့ အကြောင်းနဲ့ ဒုက္ခသည်အကြောင်းတွေကို ပြောပြခဲ့တယ်῎

῝သူများနိုင်ငံကို ပျော်လို့သွားနေတာမဟုတ်ဘူး၊ ဒုက္ခသည်ရဲ့ဇစ်မြစ်ကို ရှာကြည့်လိုက်ရင် နိုင်ငံ‌ရေးပြဿနာ ကြောင့်ပဲ။ ကျမမမွေးခင်မကတည်းက ၁၉၄၇ ခုနှစ်မှာ ကရင်လူမျိုးတွေက ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် နယ်မြေအကန့်အသတ်တခုကို တောင်းဆိုလာခဲ့တာ၊ တောင်းဆိုဆွေး‌နွေးလာခဲ့တာလည်း အကြိမ် ပေါင်း မနည်းတော့ဘူး῎

နိုင်ငံတကာမှ သူမကို ယနေ့ထိတိုင် အသိအမှတ်ပြုနေခြင်းသည် ကရင်အမျိုးသမီးအစည်းအရုံးကြောင့်ဖြစ်ပြီး လုံလောက်သောပညာရပ်ကို ထိုအဖွဲ့မှ ရရှိခဲ့သည်။ ကျ်အချက်သည်ပင် သူမအနေဖြင့် ယနေ့အထိ ကရင် အမျိုးသမီးအစည်းအရုံး၏ ဗဟိုကော်မတီဝင်တဦးအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်နေခြင်းဖြစ်သည် ဟုဆိုသည်။
ကရင်အမျိုးသမီးများကျောင်းတွင်လည်း ကျောင်းအုပ်အနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သလို သင်တန်းနည်းပြ အဖြစ်လည်း ဆောင်ရွက်ခဲ့သူဖြစ်သည်။ ထို့အပြင် ဘာသာရေးနှင့်ဆိုင်သော သင်တန်းများကိုလည်း လိုအပ် လျှင်လိုအပ်သလို သင်ကြားပေးပြီး ကျေးရွာ၊ ခရိုင်အတွင်း စည်းရေးရေးလုပ်ငန်းများကိုလည်း အချိန်ပေး လုပ်ဆောင်ခဲ့သည်။

ပြည်သူတွေရဲ့ဘဝက ကိုယ့်ဘဝဖြစ်နေတယ်။ ကုလားထိုင်မှာ ထိုင်ပြီးတော့ ပြည်သူတွေရဲ့ဘဝကို‌ လေ့လာ မယ်ဆိုရင် ကုလားထိုင်လေးချောင်းအကြောင်းပဲသိမယ်။ ကျမတို့က ပြည်သူတွေထဲက ပြည်သူတွေပါ။ တချိန် လုံးပြေးလွှားလာခဲ့ရတဲ့အတွေ့အကြုံ၊ ဖြတ်သန်းလာရတဲ့ လမ်းခရီးတွေက ကိုယ်တွေသက်သက်ပဲ။ တောထဲ မှာပဲ ပြေးလွှားရင်း အသက်ရှင်လာခဲ့ကြရတယ်။

ကရင်ဒုက္ခသည်အရေးဆောင်ရွက်မှုအတွေ့အကြုံ

ကရင်ဒုက္ခသည်ကော်မတီမှ အမျိုးသမီးပါဝင်လာရေးအတွက် ကရင်အမျိုးသမီးအစည်းအရုံးကို ရွေးကောက်ပွဲ ဝင်ရန် ဖိတ်ခေါ်ခဲ့ချိန်တွင် အဖွဲ့ကိုယ်စား သူမသည် ကရင်ဒုက္ခသည်အမှုဆောင် တွဲဖက်အတွင်းရေးမှူးအဖြစ် (၂)ကြိမ်တိုင်တိုင် အရွေးခံခဲ့ပြီး နောက်ထပ်ရွေးကောက်ပွဲတွင်လည်း ဒုက္ခသည်ကော်မတီ၏ ဘဏ္ဍရေး တာဝန်ခံ အဖြစ် ဆက်လက်တာဝန် ထမ်းဆောင်နေရဆဲ ဖြစ်သည်။

၁၉၇၄ ခုနှစ်တွင် ဒုက္ခသည်များ စတင်ဖြစ်ပေါ်လာခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် ကရင်ဒုက္ခသည်ကော်မတီကို စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ ယနေ့အချိန်ထိ နှစ်ပေါင်း(၃၀)ကျော်ကြာလာခဲ့ပြီဖြစ်သည်။ စစ်ကြောင့် ပြေးလွှား ခဲ့ရသည့်အတွက် ပညာရေးတွင် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်ကိုလည်း သူမက ပြန်ပြောပြသည်။

῝ကျောင်းဆရာမတွေအတွက် စာသင်ဖို့ကျောင်းသင်ပုန်းမရှိတဲ့အတွက် ကျောက်နံရံ‌တွေမှာပဲ ခဲလုံးတွေနဲ့ ခြစ်ပြီး စာသင်ခဲ့ရတဲ့ဘဝတွေလဲရှိခဲ့ပါတယ်῎

ကရင်ဒုက္ခသည်စခန်းထဲတွင် ပညာရေးဆိုင်ရာအဖွဲ့ကို သေချာဖွဲ့စည်းပြီး ပညာရေးစနစ်တခုပေါ်ပေါက်လာ စေရန် ကျောင်းသူကျောင်းသားများအားလုံး ပညာသင်ကြားနိုင်ရန်အတွက် သူမဆောင်ရွက်နိုင်ခဲ့သည်။ ၂၀၀၅ ခုနှစ်အတွက် ဒုက္ခသည်အရေအတွက်(၁)သိန်းကျော်ရှိလာသည့်နောက် ပြဿနာအခက်အခဲများ နေ့စဉ် နှင့်အမျှတိုးလာမှုကို ထိုင်းအစိုးရမှ နိုင်ငံတကာသို့ တင်ပြခဲ့သည့်အတွက် နိုင်ငံတကာမှ ကူညီစောင့်ရှောက်ရန် သဘောထားကျလာသည့်အချိန်တွင် တတိယနိုင်ငံပေါင်း(၁၃)နိုင်ငံသို့ ကရင်ဒုက္ခသည်များရောက်ရှိသွားခဲ့ သည်။ အများဆုံးရောက်ရှိကြသည့်နိုင်ငံမှာ အမေရိကန်ပြည်ထောင်စုဖြစ်ပြီး လူဉီးရေ(၈)သောင်းခန့် ရောက်ရှိ နေပြီဟု သူမက ဆိုသည်။

ကရင်ဒုက္ခသည် ကော်မတီမှ ဒုက္ခသည်စခန်း(၇)ခုကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ရသည့်အချိန်တွင် လူမျိုး၊ ဘာသာ၊ အဆင့်အတန်းမခွဲခြားပဲ စခန်းထဲ‌ရောက်ရှိလာသူ မှန်သမျှကို ဒုက္ခသည်ဟု သတ်မှတ်ပြီး လက်ခံခဲ့ သည်။

῝ကရင်မဟုတ်တဲ့၊ ဒုက္ခမရောက်ပဲ ရောက်လာသူတွေ၊ တတိယနိုင်ငံကို ပို့မယ်လို့ပြောသံကြားတော့ မိမိကိုယ် ကို ဒုက္ခသည်လို့ ခံယူတွေအားလုံး ကျမတို့က မခွဲခြားပဲ လက်ခံခဲ့ပါတယ်῎

ကရင်ဒုက္ခသည် (၁)သိန်းကျော်ရှိသည့်အနက် (၇)နှစ်အတွင်း လူဉီးရေ (၈)သောင်းကျော်သည် တတိယနိုင်ငံ ကို ထွက်ခွါခဲ့ပြီး လက်ရှိကျန်ရှိနေရမည့်လူဉီးရေသည် (၄)သောင်းကျော်ရှရမည်ဖြစ်သော်လည်း ယခုအချိန် အထိ ကရင်ဒုက္ခသည်စခန်း(၇)ခုထဲတွင် လူဉီးရေသည် (၉)သောင်းဝန်းကျင်ရှိနေသေးသည်မှာ ဒုက္ခသည်ပိုများ လာခြင်းဖြစ်ပြီး ထိုသို့ တတိယနိုင်ငံသို့ ထွက်ခွါမည့်သူများလာခြင်းသည် ပြည်တွင်းစစ်မရပ်သေးသည့် သဘောဆောင်နေသည်ဟု သူမက ပြောသည်။

῝လူဉီးရေက ဘာလို့မလျှော့ပဲ ပိုများလာလဲဆိုတော့ ပြည်တွင်းစစ်က ရပ်မှမရပ်ပဲ။ ငြိမ်းချမ်းရေးလည်း မရတဲ့ အတွက် ဒုက္ခရောက်တဲ့ကရင်လူထုတွေပြေးလာရတယ်။ အိုးမဲ့အိမ်မဲ့ပြေးလာရတဲ့သူတွေကို လက်ခံနေရတာ။ ဒါအကြောင်းပြချက် ခိုင်လုံတဲ့အတွက် ကျမတို့က စိစစ်ပြီး လက်ခံရတယ်။ တကယ်စစ်ဖြစ်တဲ့နေရာက လာခဲ့ရ တယ်ဆိုတာ သေချာနေတော့လေ῎

၂၀၁၂ ခုနှစ်မှစပြီး ကရင်အမျိုးသားအစည်းအရုံးနှင့် တပ်မတော်တို့ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ဆွေးနွေးရန် သဘောထားရရှိခဲ့သော်လည်း ထိုအချိန်က ကရင်အမျိုးသားအစည်းအရုံးမှ အဖြစ်မှန် ကို ထုတ်ပြန်နိုင်ခြင်း မရှိသေးချိန် နိုင်ငံတကာမှ တဖက်သတ်သတင်းကိုသာ ကြားသိရပြီး ငြိမ်းချမ်းရေးနှင့် အပတ်အခတ်ရပ်စဲရေးဖြစ်သွားပြီဟုဆိုကာ ကရင်ဒုက္ခသည်ကော်မတီကို ဖိအားပေးလာခဲ့သည်။

῝ငြိမ်းချမ်းရေးလက်မှတ်ထိုးပြီးပြီ၊ ဒုက္ခသည်တွေမပြန်ကြသေးဘူးလား။ မပြန်ကြတော့ဘူးလား၊ ဘယ်တော့ ပြန်မှာလဲဆိုပြီး တချိန်လုံးအမေးခံရတဲ့အတွက်ကြောင့် ကြိုတင်ပြင်ဆင်မှုတွေလုပ်ရပါတယ်။ တိကျမှန်ကန်တဲ့ သတင်းကို တင်ပြနိုင်မှ ဒုက္ခသည်တွေပြန်သင့်မပြန်သင့်ကို ဆုံးဖြတ်နိုင်မှာလေ῎

သတင်းအချက်အလက်များကို မှတ်တမ်းစနစ်တကျရယူထားရှိခဲ့ပြီး ဒုက္ခသည်များ မိမိနေရပ်သို့ပြန်ရောက် ရှိသည့်အခါတွင် ပြည်တွင်းရှိ လုပ်ငန်းခွင်များထဲတွင် အလုပ်ဝင်နိုင်ရန် အစိုးရမှ အသိအမှတ်ပြုသည့်အထိ အသက်မွေးဝမ်းကျောင်းနှင့်ဆိုင်သော သင်တန်းများကို ဆောင်ရွက်ပေးခဲ့သည်။

မိုင်းများရှင်းလင်းထားမှုမရှိခြင်း၊ လုပ်ကိုင်စားသောက်ရန် နယ်မြေမရှိခြင်းတို့ကြောင့် ဒုက္ခသည်များ မိမိနေ ရပ်ပြန်နိုင်ရန် လုံခြုံစိတ်ချသောနေရာ ယခုအချိန်ထိ မရှိသေးသည့်အတွက် နေရပ်ကို မပြန်နိုင်ခြင်းဖြစ်ပြီး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သော်လည်း တပ်စခန်းပြောင်းရွေ့ရေးကိစ္စကိုမူ ယခုချိန်ထိ မဆွေး နွေးဖြစ်သေးဟု ဆိုသည်။

မိမိဆန္ဒအရောက် နေရပ်ပြန်ချင်သူများသည်လည်း ကရင်ဒုက္ခသည် ကော်မတီသို့ ပွင့်လင်းစွာ လာရောက် ဆွေးနွေးပြီး ပြန်သွားနိုင်သည်ဟု မူဝါဒအသစ်ထုတ်လိုက်သည့်အတွက် သူမတို့အပေါ်တွင် ဖိအားများလျှော့ သွားသည်။ သို့သော် သူမဘဝတွင်လည်း ဒုက္ခသည်အဖြစ်မှလည်း လွတ်မြောက်လိုသော ဆန္ဒအပြည့်ရှိသည်ဟု ဆိုသည်။

῝ကျမအနေနဲ့ ဒီလောက်ထဲထဲဝင်ဝင် တော်လှန်ရေးနယ်မြေထဲ‌ရောက်သွားတာ၊ ပြည်သူလူထုကြားထဲမှာ ဒုက္ခ သည်ဘဝနဲ့ အသက်ရှင်ရမယ်လို့ တခါမှ အိပ်မက်မက်ခဲ့ဖူးဘူး။ ငယ်ငယ်ကတည်းက အမေ့ဗိုက်ထဲမှာသာ ဒုက္ခ သည်ဖြစ်ခဲ့ရတာ၊ နှစ်ပေါင်း (၃၀)ကျော်လောက်က မြို့ထဲမှာ ပြန်ကြီးပြင်းလာခဲ့ရတယ်။ ဒါပေမယ့်ကျမအရွယ် ရောက်လာတဲ့အခါမှာ သုညဘဝနဲ့ ပြန်စခဲ့ရတယ်။ ဒုက္ခသည်ဘဝကနေပြီးတော့ ဘယ်နေ့ ကျွတ်လွတ်မလဲ ဆို တာ ကျမရဲ့ပြင်းပြတဲ့ဆန္ဒတခုပဲ῎

၂၀၁၂ ခုနှစ်မှစပြီး ကရင်အမျိုးသားအစည်းအရုံးမှ အပစ်အခတ်ရပ်စဲရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးခဲ့သည့် အချိန်မှစပြီး ယခုအချိန်အထိတိုင် သူမအတွက် ငြိမ်းချမ်းရေးဆိုသည်မှာ မရှိသေးဟုဆိုသည်။

῝ကျမရင်ထဲမှာ အမြဲတမ်းပူလောင်နေတယ်၊ စိုးရိမ်နေရတယ်။ လူထုတွေကို သနားတယ်၊ အားကုန်နေရတယ်၊ ကြောက်ပေးနေရတယ်။ ငြိမ်းချမ်းရေးဆိုတာ ဘာလဲ ကျမနားမလည်ဘူး။ ဒီနေ့အထိရှာနေတာပဲ၊ နောက် လည်း ဆက်ရှာနေအုံးမှာဦးပဲ။ စစ်ဆိုတဲ့အသံကိုလည်း မကြားချင်တော့ဘူး῎

သူမ၏နှစ်(၃၀)သည် နယ်စပ်‌‌ဒေသတွင်နေထိုင်လာသော နုပျိုသည့်ကာလသက်တမ်း မရှိတော့ပဲ ကုန်ဆုံးသွား ပြီဖစ်ကာ ပြည်တွင်းစစ်မငြိမ်းပဲ ဆက်လက်ရှိနေမည်ဆိုပါက ပေးဆပ်ရမည့်ခွန်အားများလည်း လျှော့နည်း လာပြီဟု ဆိုသည်။

သူမလိုချင်သောအရာမှာ မြန်မာနိုင်ငံငြိမ်းချမ်းပြီး ပြည်သူလူထုအားလုံး စားဝတ်နေရေးပြေလည်ရျ် သာယာ ဝပြော ပျော်ရွှင်သော လူမှုဘဝသာဖြစ်ကြောင်း သူမ၏ဆန္ဒကို ပြောပြသည်။

ထို့အပြင် သူမဘဝတွင် အမျိုးသားများနှင့် လက်တွဲပြီး လုပ်ဆောင်ရသော လုပ်ငန်းများသည် ခက်ခဲလှ ကြောင်း မှတ်တမ်းတင်ချင်သည်ဟု သူမ၏ စိမ်ခေါ်မှုများကိုလည်း ပြောပြခဲ့သည်။

῝အမျိုးသမီးဖြစ်လို့ ခွဲခြားဆက်ဆံခံရတာ တကယ်ပဲ၊ ဘာသာရေးမှာရော၊ ဒုက္ခသည်ကော်မတီမှာရော၊ ကရင် အမျိုးသားအစည်းအရုံးမှာ ထမ်းဆောင်ခဲ့တဲ့အခါလည်း အဲဒီလိုပဲ῎

ယခုအချိန်တွင် အခွင့်အရေးတစုံတရာရှိလာသော်လည်း ထင်သလောက် မဖြစ်သေးသည့်အနေအထားတွင် ရှိနေကာ အမျိုးသမီးများကို အခွင့်အရေးပေးပါဟု မဆိုလိုသော်လည်း တန်းတူပါဝင်ဆောင်ရွက်နိုင်သည့် အနေအထားရအောင် မပြည့်ဝသေးဟု ခံစားရကြောင်း သူမကဆိုသည်။

သူမဘဝတွင် ရယူခြင်းနှင့် ပေးဆပ်ခြင်းနှစ်မျိုးသာရှိပြီး သူမဖြတ်သန်းလာရသောဘဝသည် ရယူမှုအတွက် အလုပ်လုပ်သည့်အခါ ပျော်ရွှင်မှုမှာ ခဏတာဖြစ်ပြီး ပေးဆပ်ခြင်းဖြင့် လုပ်ဆောင်ပါက ဆုံးရှုံးမှုဟု ထင်ရသော် လည်း အဆုံးတွင် ပီတိဖြာရသည်ဟုလည်းဆိုသည်။

လက်ရှိထမ်းဆောင်နေဆဲ လုပ်ငန်းတာဝန်များ

သူမသည် နယ်စပ်ဒေသ ကော်သူးလေကရင်နှစ်ချင်းအမျိုးသမီးခေါင်းဆောင်အဖြစ် (၂၅)နှစ်တိုင်တိုင် တွဲဖက် အတွင်းရေးမှူးမှ ဥက္ကဌအထိ တာဝန်ယူခဲ့ပြီး ယခုအချိန်အထိ အကြံပေးဘုတ်အဖွဲ့ဝင်အဖြစ် ဆက်လက်လုပ် ဆောင်ကာ၊ ဓမ္မဆရာအသင်းတွင် ဒုဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေသည်။ ကရင်အမျိုးသမီး အစည်းအရုံး တွင် ဗဟိုကော်မတီဝင်အဖြစ်သော်လည်းကောင်း၊ ငြိမ်းချမ်းရေးနှင့်ပါတ်သက်သော စည်းရုံးလှုံ့ဆော်မှုတွင် တာဝန်ခံအဖြစ်လည်း ထမ်းဆောင်နေသည်။

ထို့အပြင် ကရင်ဒုက္ခသည်ကော်မတီတွင် လက်ရှိတွင် ဘဏာရေး တာဝန်ခံအဖြစ် လုပ်ဆောင်နေပြီး နယ်စပ်ဒေသတွင် ကလေးသူငယ်များ မွေးစားရင်းနှင့်ပါတ်သက်ပြီး ကလေး သူငယ်များဖွံ့ဖြိုးတိုးတက်မှုနှင့် အခွင့်အရေးကာကွယ်စောင့်ရှောက်မှုကော်မတီတွင် လက်ရှိဘဏ္ဍရေး တာဝန်ခံ အဖြစ် ဆောင်ရွက်လျက်ရှိသည်။

Author:

Related Articles