Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဧပြီ ၁၆ မှ ဧပြီ ၂၃ အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့ အကြောင်းအရာတွေကို HI က စုစည်းဖော် ပြပေးလိုက်ရပါတယ်။   

  • မင်းတပ်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့်ကလေးငယ်နဲ့ အမျိုးသမီးနှစ်ဦးသေဆုံး

စစ်ကောင်စီက ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ပန်းဝါရွာကို ဧပြီ၁၆ရက်နေ့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်နဲ့ အမျိုးသမီးနှစ်ဦးသေဆုံးခဲ့တယ်လို့ မင်းတပ်CDFက ထုတ်ပြန်ပါတယ်။

လေကြောင်းတိုက်ခိုက်ခံရတာကြောင့် အသက်၇၀အရွယ် အမျိုးသမီးတစ်ဦး၊ အသက်လေးနှစ်အရွယ် ကလေးတစ်ဦးသေဆုံး ခဲ့ကာ အမျိုးသား နှစ်ဦးနဲ့အမျိုးသမီးငါးဦးဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရသူတွေထဲမှ အသက်၁၇နှစ်အရွယ် အမျိုးသမီးတစ်ဦးထပ်မံ သေဆုံးခဲ့ပါတယ်။  

Source-PVTV

  • ဒီးမော့ဆိုစစ်ရှောင်စခန်းမှာ အမျိုးသမီးစိတ်ပိုင်းဆိုင်ရာအခက်အခဲဖြေလျော့နိုင်ရေး ယောဂကျင့်လှုပ်ရှားမှုပြုလုပ်

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင်းစခန်းတစ်ခုမှာ အမျိုးသမီးတွေရဲ့စိတ်ပိုင်းဆိုင်ရာ အခက်အခဲဖြေလျော့ နိုင်စေဖို့ လူမှုရေးအဖွဲ့တစ်ခုက ယောဂကျင့်လှုပ်ရှားမှုအစီအစဉ်ပြုလုပ်ခဲ့ပါတယ်။

စိတ်ပိုင်းဆိုင်ရာ အခက်အခဲဖြေလျော့စေနိုင်ရေးအစီအစဉ်မှာ စစ်ရှောင်အမျိုးသမီး ၃၀ဦး ပါဝင်ခဲ့ပြီး ယောဂကျင့်တာ အလှ ပြင်တာတွေပြုလုပ်ခဲ့သလို စစ်ရှောင်တွေကို အဟာရဆန်ပြုတ်ကျွေးတာ အမျိုးသမီးအသုံးအဆောင် ပေးတာတွေ လုပ်ဆောင် ခဲ့ပါတယ်။

Source – Kantarawaddy Times

  • ထားဝယ်မြို့မှာ ပညာရေးသင်တန်းတက်ရန်လာတဲ့ ကျောင်းဆရာမတစ်ဦးဖမ်းဆီးခံရ

တနင်္သာရီတိုင်းဒေသကြီး ၊ပုလောမြို့မှ ထားဝယ်မြို့သို့ သင်တန်းတက်ရန်လာတဲ့ ကျောင်းဆရာမတစ်ဦးကို သရက်ချောင်း မြို့နယ်ဘုတ်တောင်မှာ အမည်မသိလက်နက်ကိုင်တွေက ဖမ်းဆီးသွားပါတယ်။

ပုလောမြို့မှ ထားဝယ်သို့အလာ သရက်ချောင်း ဘုတ်တောင်အရောက် အမည်မသိလက်နက်ကိုင်များက ခရီးသည်တင်ကား ပေါ်ပါလာတဲ့ ကျောင်းဆရာမလေးဦးကို ခေါ်ယူစစ်ဆေးပြီးနောက် ယင်းဆရာမကိုဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။

အဖမ်းခံရသူမှာ ပုလောမြို့နယ်၊ ခန္ဒီကျေးရွာက အလယ်တန်းပြဆရာမဖြစ်ပြီး ထားဝယ်မြို့မှာ ပညာရေးဘွဲ့ (B.Ed)အတွက် သင်တန်းတက်ရန်လာခြင်းဖြစ်ကာ ဖမ်းဆီးခံရမှုနဲ့ ပတ်သက်လို့ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်ခြင်း မရှိ သေးပေ။

Source- Dawei Watch

  • ကရင်နီပြည်စစ်ရှောင်စခန်းကအမျိုးသမီးအချို့ လစဉ်သုံးပစ္စည်းလိုအပ်နေ

ကရင်နီပြည်နယ်၊စစ်ရှောင်စခန်းတွေက အမျိုးသမီးအချို့မှာ လစဉ်ဓမ္မတာဖြစ်တည်မှုအတွက် အသုံးပြုရတဲ့ လစဉ်သုံးပစ္စည်း ဂွမ်းထုပ်(Pad) ကို ဝယ်ယူ အသုံးပြုဖို့ငွေကြေးအခက်အခဲရှိတာကြောင့် အဝတ်စနဲ့ အသုံးပြုနေရပါတယ်။

လစဉ်သုံးပစ္စည်းဝယ်ယူဖို့ငွေကြေးခက်ခဲသလို ဝေးလံခေါင်ဖျားတဲ့ တောတောင်ထဲ စစ်ရှောင်နေကြတဲ့ အမျိုးသမီးတွေ အတွက်ဆို လစဉ်သုံးပစ္စည်းရရှိနိုင်မှုက ပိုခက်ခဲတယ်လို စစ်ရှောင်အမျိုးသမီးတွေက ပြောပါတယ်။

စစ်ရှောင်အမျိုးသမီးတွေအတွက် လိုအပ်တဲ့အသုံးအဆောင်တွေကို ကယန်းအမျိုးသမီးအစည်းအရုံး ၊ကရင်နီအမျိုးသမီး အစည်းအရုံး၊ လူသားချင်းစာနာထောက်ထားမှုအဖွဲ့တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းအချို့က ထောက်ပံ့တာရှိပေမယ့် အကုန်လုံး အပြည့်အဝမပေးအပ်နိုင်တာတွေ ရှိတယ်လို့ သိရပါတယ်။

Source – Kantarawaddy Times

  • ကလေးပင်မသပိတ်အဖွဲ့ဝင်လေးဦးနဲ့ မိသားစုဝင်အချို့ဖမ်းဆီးခံရပြီး နေအိမ်ချိတ်ပိတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ ဧပြီ၁၆ရက်နေ့က အတာသပိတ်လုပ်ဖို့ လူစုနေချိန် စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီး ခံရတဲ့ကလေးပင်မသပိတ် အင်အားစုအဖွဲ့ဝင်လေးဦးအပြင် မိသားစုဝင်တွေပါ ထပ်မံဖမ်းဆီးခံရပြီး နေအိမ်တွေပါချိတ်ပိတ်ခံရ တယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။

ကလေးမြို့တောင်ဖီလာ ၊အောင်မင်္ဂလာ၊အောင်သစ္စာနဲ့မွန်းလိုင်ရပ်ကွက်တွေမှာ နေထိုင်ကြတဲ့ ကိုသန်းစိုးဦး ၊မကျိန်ဒွန့်ကိမ်၊ မနှင်းစံ၊ ကိုမျိုးကိုဝင်းတို့ကို ဆန္ဒပြရန်စီစဉ်နေချိန် ပစ်ခတ်ဖမ်းဆီးခံခဲ့ရပြီး  မကျိန်ဒွန့်ကိမ်ရဲ့ ကျန်းမာရေးမကောင်းတဲ့ မိခင် ဖြစ်သူနဲ့ မသန်စွမ်းတူမကိုပါ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောတယ်။

Source- RFA

  • ကလေးမြို့မှာ ပစ်ခတ်မှုတွေကြောင့် နှလုံးရောဂါသည်အမျိုးသမီးတစ်ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးမြို့အနောက်ပိုင်း တာဟန်းရပ်ကွက်မှာ ဧပြီ၁၈က အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပစ်ခတ်သံတွေကြောင့် ဝယ်စလီဆေးရုံမှာ နှလုံးရောဂါနဲ့ကုသမှုခံယူနေတဲ့ အသက်၃၇နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိတ် လန့်သေဆုံးခဲ့ပါတယ်။

ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေက တာဟန်းရပ်ကွက်ဘက်မှာ ည၈နာရီခွဲကနေ ၁၀နာရီဝန်းကျင် အထိ တစ်နာရီခွဲလောက်ကြာ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုတွေလည်း ပါဝင်ခဲ့တာကြောင့် နေအိမ်ငါးလုံးထက်မနည်း ထိမှန်ပျက်စီးတဲ့အပြင် ဒေသခံတစ်ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။

Source –Delta News Agency

  • ဖလမ်းမြို့နယ်မှာ မြေမြုပ်မိုင်းကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရမ်ထလိုရွာမှာ ဧပြီ၁၇ရက် နေ့ကတောင်ယာသွားတဲ့ဇနီးမောင်နှံနှစ်ဦး မြေမြုပ်မိုင်းနင်းမိတဲ့ အတွက် ဇနီးဖြစ်သူသေဆုံးကာ အမျိုးသားဖြစ်သူ ဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်။

တောင်ယာသွားတဲ့လမ်းမှာ မြေမြုပ်မိုင်းနင်းမိတာကြောင့် ဇနီးဖြစ်သူ  အသက်၃၀အရွယ်ဒေါ်မဆန်းက ဖလမ်းမြို့နယ်ပြည်သူ့ ဆေးရုံကိုပို့ဆောင်ချိန်မှာပဲ သေဆုံးခဲ့ကာ အမျိုးသားမှာ ညာဘက်ခြေထောက်ထိခိုက်ခဲ့ပြီး သူတို့ဇနီးမောင်နှံမှာ ကလေး ငါးယောက် ကျန်ခဲ့ပါတယ်။

Source- RFA

  • နွေဦးတော်လှန်ရေးကာလအတွင်း အမျိုးသမီးနဲ့ကလေးသူငယ်တစ်ထောင်ကျော်သေဆုံး

မြန်မာ့နွေဦးတော်လှန်ရေး ကာလနှစ်နှစ်ကျော်အတွင်းသေဆုံးခဲ့တဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်အရေအတွက် တစ်ထောင် ကျော်အထိရှိလာပြီး ဖမ်းဆီးခံထားရသူအရေအတွက်မှာ ၃,၇၀၀ ကျော်ရှိနေတယ်လို့ NUGအစိုးရ အမျိုးသမီးလူငယ်နဲ့ ကလေး သူငယ်ရေးရာဝန်ကြီးဌာကပြောပါတယ်။

လတ်တလောအချိန်ထိ သေဆုံးခဲ့တဲ့ အမျိုးသမီးဦးရေမှာ ၆၃၇ယောက်နဲ့ ဖမ်းဆီးခံထားရတဲ့ ဦးရေ ၃,၃၄၆ ယောက်ရှိနေပြီး သေဆုံး ကလေးသူငယ်ဦးရေကတော့ ၃၉၆ ယောက်နဲ့ ဖမ်းဆီးခံထားဆဲဦးရေ ၃၅၅ ယောက် ရှိနေပါတယ်။

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုက နှစ်နှစ်ကျော်ကာလအတွင်း ကလေးသူငယ်၊ကိုယ်ဝန်ဆောင် ၊အမျိုးသမီး၊ သက်ကြီး ရွယ်အိုနဲ့ မသန်စွမ်းတွေပါမချန် အပြစ်မဲ့ပြည်သူတွေကို နိုင်ငံတဝှမ်းမြေပြင်ကရော လေကြောင်းကပါ အစုလိုက်အပြုံလိုက် ရာဇဝတ်မှုမြောက် ပစ်ခတ်သတ်ဖြတ်မှုတွေကျုးလွန်နေကြတာဖြစ်ပါတယ်။

Source  –DVB

  • ကလေးမြို့ပင်မသပိတ်က အမျိုးသမီးအဖွဲ့ဝင်အချို့ရဲ့ နေအိမ်တွေဖြိုချခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာ သင်္ကြန်ကာလ အတာသပိတ်ပြုလုပ်ခဲ့တဲ့ ကလေးမြို့ပင်မသပိတ်အင်အားစုမှအဖွဲ့ဝင် တစ်ချို့ရဲ့နေအိမ်တွေကို စစ်ကောင်စီက စက်ယန္တရားတွေနဲ့ ဖြိုချဖျက်စီးခဲ့ပါတယ်။

ဧပြီ ၁၆ရက်နေ့က တံတားဦးထိပ်နားမှာအတာသပိတ်ပြုလုပ်နေစဉ် စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီးလို့ မကျိန်ဒိတ်ကိမ်၊ မအိစံ၊ ကိုမျိုးကိုဝင်းနဲ့ ကိုသန်းစိုးဦးတို့ဖမ်းဆီးခံခဲ့ရပါတယ်။

အောင်သစ္စာ ရပ်ကွက်နယ်မြေ-၈က ဖမ်းဆီးခံထားရတဲ့ သပိတ်အဖွဲ့ဝင် မအိစံရဲ့နေအိမ်ကို ဧပြီ၂၀ရက်မှာဖျက်စီးခဲ့ပြီး ဧပြီ ၁၉ရက်နေ့မှာ တောင်ဖီလာရပ်ကွက်မှာရှိတဲ့ မကျိန်ဒိတ်ကိမ်ရဲ့နေအိမ်၊ ညနေပိုင်းမှာတော့ သပိတ်ကိုဖမ်းဆီးစဉ်ထွက်ပြေး လွတ်မြောက်သွားတဲ့ သပိတ်အဖွဲ့ဝင်မပွားလေးရဲ့ အောင်မင်္ဂလာရပ်ကွက်က နေအိမ်နဲ့ စင်္ကြာလမ်းက အဖွဲ့ဝင်တစ်ဦးရဲ့ နေအိမ်တို့ကို ဖြိုချသွားတယ်လို့ သိရပါတယ်။

Source -မြေလတ်အသံ

  • အိမ်အကူမိန်းကလေးကို အဓမ္မပြုကျင့်မှုအတွက် သရုပ်ဆောင်မင်းရာဇာကို ထောင်ဒဏ် အနှစ်၂၀ချမှတ်

အိမ်အကူမိန်းကလေးကို အဓမ္မပြုကျင့်မှုနဲ့ဖမ်းဆီးခံရပြီးတရားရင်ဆိုင်နေရတဲ့ သရုပ်ဆောင်မင်းရာဇာကို အဓမ္မပြုကျင့်မှု ဆိုင်ရာ ပုဒ်မ (၃၇၆) အရ သင်္ဃန်းကျွန်းခရိုင်တရားရုံးက ဧပြီ၂၀ ရက်နေ့မှာ ထောင်ဒဏ်အနှစ်၂၀ ချမှတ်လိုက်ပါတယ်။

သရုပ်ဆောင်မင်းရာဇာနဲ့ ဇနီးဖြစ်သူအပါအဝင်သုံးဦးကို ပြီးခဲ့တဲ့မတ်လအတွင်း မြောက်ဥက္ကလာတရားရုံးက အပြင်းအထန် နာကျင်စေမှုရာဇသတ်ကြီးပုဒ်မ (၃၂၆) အရ ထောင်ဒဏ်၅နှစ်ချမှတ်ထားတာဖြစ်တဲ့အတွက် မင်းရာဇာက အမှုနှစ်မှုအတွက် ထောင်ဒဏ်၂၅နှစ်အထိ ချမှတ်ခံထားရတာဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်စစ်ကောင်စီက အမှုတစ်ချို့ပိတ်သိမ်းပေးရာမှာ မင်းရာဇာတို့အပေါ်စွဲဆိုထားတဲ့အမှုတွေလည်း ပါဝင်ခဲ့ ပေမယ့် အိမ်အကူမိန်းကလေးဘက်က ကန့်ကွက်တာကြောင့် တရားရုံးက ပြန်လည်လက်ခံပြီး ဆက်လက်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

Source- Delta News Agency

  • နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့အယူခံအမှု ခုနှစ်မှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်လက်ခံ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံအမှုခုနှစ်မှုကို စစ်ကောင်စီရဲ့ ပြည်ထောင်စုတရားလွှတ်တော် ချုပ်က ဧပြီလ ၁၉ရက်နေ့မှာ လက်ခံလိုက်ပြီး ဆက်လက်စစ်ဆေးကြားနာသွားမယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။  

သဘာဝ‌ဘေးအတွက် ရဟတ်ယာဉ်ဝယ်ယူငှားရမ်းတဲ့ကိစ္စအပေါ်အဂတိနဲ့စွပ်စွဲထားတဲ့ အမှုငါးမှု၊ ရွေးကောက်ပွဲကိစ္စနဲ့ စွပ်စွဲ ထားတဲ့ ပုဒ်မ၁၃၀(က)အမှု၊ နိုင်ငံတော်လျို့ဝှက် ဥပဒေပုဒ်မ၃(၁)(ဂ)အမှုတို့ကို ဆက်လက်ကြားနာရန် လက်ခံခဲ့ခြင်းဖြစ်ပါ တယ်။

စစ်ကောင်စီလက်အောက်ခံ အထူးတရားရုံးက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို အမှု၁၉မှုအတွက် ထောင်ဒဏ် ၃၃နှစ်ချမှတ် ထားပြီးယင်းနက်အချို့အမှုတွေကို အယူခံအဆင့်ဆင့်တက်လျက်ရှိပါတယ်။ ယခုအယူခံတက်ထားတဲ့ အမှုခုနှစ်မှုအတွက် စစ် ကောင်စီလက်အောက်ခံ အထူးတရားရုံးက နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ထောင်ဒဏ် ၁၃နှစ်ချမှတ်ထားတာဖြစ်ပါတယ်။

Source- Mizzima

  • နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ အနုပညာရှင်လေးဦး၊အမျိုးသမီးတစ်ဦးနဲ့ အယ်ဒီတာချုပ်‌ဟောင်းတို့ကို ဖမ်းဆီး

ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာလေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးခဲ့သူတွေအတွက် ဝမ်းနည်းကြောင်း အနက်ရောင် ပရို ဖိုင်း ပြောင်းလဲခဲ့တယ်ဆိုတဲ့စွဲချက်တွေနဲ့ အနုပညာရှင်လေးဦး၊ အမျိုးသမီးတစ်ဦးအပါအဝင် The Voice ဂျာနယ် အယ်ဒီ တာ‌ချုပ်ဟောင်းတို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့် အရေးယူခဲ့ပါတယ်။

ပဇီကြီးဖြစ်စဉ်သတင်းကို ဝမ်းနည်းကြောင်းဖော်ပြခဲ့ပြီး လိုက်ဖ်လွှင့်ရောင်းချရမယ့် အလုပ်ကိုဖျက်သိမ်း ရွှေ့ဆိုင်းတယ်ဆိုတဲ့ စွဲချက်တွေနဲ့ မော်ဒယ်သရုပ်ဆောင် မေပန်းချီ၊  မော်ဒယ်သရုပ်ဆောင်မြတ်သူသူ၊ အဆိုတော် ရွှေရည်သိန်းတန်၊ အဆိုတော် မေလသံစဉ်၊သတင်းစာဆရာ ဦးကျော်မင်းဆွေနဲ့ ရန်ကုန်မြို့တော်ခန်းမမဏ္ဍပ် ခေါင်းစီးဆိုင်းဘုတ်ကို “မသာသင်္ကြန်ပွဲတော်” လို့ ပြုပြင်ပြောင်းလဲကာ လူမှုကွန်ရက်တွင် ဖော်ပြခဲ့တဲ့ မထက်ထက်လှိုင်တို့ကို စစ်ကောင်စီကဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးခံရသူများကို အောင်သပြေစစ်‌ကြောရေးစခန်းမှာ စစ်ဆေးခဲ့ပြီးနောက် ရွှေရည်သိန်းတန် ၊မေပန်းချီ ၊မထက်ထက် လှိုင်တို့ကို မြောက်ဒဂုံမြို့မရဲစခန်း၊မေလသံစဉ် ကိုအရှေ့ဒဂုံရဲစခန်း၊ မြတ်သူသူကိုမရမ်းကုန်းမြို့နယ်ရဲစခန်း၊ ဦးကျော်မင်းဆွေ ကို စမ်းချောင်းမြို့မရဲစခန်းကိုပို့ဆောင်ပြီး ချုပ်နှောင်စစ်ဆေးနေတယ်လို့ သိရပါတယ်။  

Source- BBC

  • စစ်ကိုင်းတိုင်းက အမျိုးသမီးရဲဘော်တွေ အပူဒဏ်ကြောင့် ကျန်းမာရေးပြသနာတွေခံစားနေရ

စစ်ကိုင်းတိုင်းဒေသကြီးထဲမှာ အပူရှိန်ပြင်းနေပြီး၄၀ဒီဂရီကနေ ၄၅ ဒီဂရီအကြားထိရှိနေတာကြောင့် ယူနီဖောင်းတွေနဲ့ လှုပ်ရှားသွားလာနေရတဲ့ အမျိုးသမီး ရဲဘော်တွေမှာ ကျန်းမာရေးပြသနာတွေရှိလာတယ်လို့ သိရပါတယ်။

အပူဒဏ်ကြောင့် ဆီးကျင်တာ ၊ယူနီဖောင်းတွေ ကြာရှည်ဝတ်ထားရလို့ ယားနာဖုတွေပေါက်တာ၊ ချွေးထွက်လွန်ပြီးမူးဝေတာ  ၊ အစားမစားနိုင်တာနဲ့ အခြားအမျိုးသမီးကိစ္စပြသနာတွေရှိနေတယ်လို့ မြောင်မြို့နယ်အခြေစိုက် T.G.R ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ Women Drone Force က ကျားခင်စိန်က ပြောပါတယ်။

T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Women Drone Forceမှာတော့ အမြင်မသင့်တော်တဲ့ ဒူးပေါ်ဘောင်းဘီတွေ၊ လည်ဟိုက် အင်္ကျီတွေဝတ်ဆင်ခွင့်ကို ကန့်သတ်ထားပြီး ရာသီဥတုပူပေမယ့် ပေါ့ပေါ့ပါးပါးလွတ်လပ်အမြင်သင့်တော်မယ့် အဝတ်အစား၊ ဦးထုပ်တွေမရှိဘဲ လှူဒါန်းပေးပို့သူတွေ နည်းတာကြောင့် အဆင်ပြေတဲ့ အဝတ်အစားတွေကိုသာ ဝတ်ဆင်နေရတယ်လို့ ဆိုပါ တယ်။

Source -မြေလတ်အသံ

  • ဗုံးပေါက်ကွဲမှုကြောင့် အမှိုက်ကောက်မိသားစုမှကလေးတစ်ဦးသေဆုံးပြီး မိခင်နဲ့နောက်ကလေးငယ်တစ်ဦး ထိခိုက် ဒဏ်ရာရ

ရန်ကုန်တိုင်းဒဂုံမြို့သစ်အရှေ့ပိုင်း ၁၁၇ရပ်ကွက် ကုန်းဘောင်အိမ်ရာမှာ ဧပြီ၁၉ရက်နေ့က ကုန်းဘောင်လမ်းပေါ်မှာရှိတဲ့ အမှိုက်ကန်က အမှိုက်ထုတ်ကိုယူပြီး တွန်းလှည်းပေါ်တင်ချိန်ဗုံးပေါက်ကွဲလို့ ကလေးတစ်ဦးသေဆုံးပြီး မိခင်ဖြစ်သူနဲ့နောက် ကလေးငယ်တစ်ဦး အပြင်းအထန် ဒဏ်ရာရသွားပါတယ်။

သေဆုံးသွားတဲ့ကလေးငယ်မှာ ငါးနှစ်ဝန်းကျင်၊မိခင်မှာ အသက်၃၀ဝန်းကျင်ရှိပြီး ယင်းအမှိုက်ကောက်သူ မိသားစုမှာ ဒဂုံမြို့ သစ်၊ အရှေ့ပိုင်းမြို့နယ် ၁၀၈ ရပ်ကွက် ကျုးကျော်မှာနေထိုင်ကြသူတွေဖြစ်ပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားတဲ့ ကုန်းဘောင်အမှိုက်ကန်နားက ၁၁၇ရပ်ကွက်ကုန်းဘောင်အိမ်ယာက အငြိမ်းစားဗိုလ်ချုပ်တွေ ဗိုလ်မှူး တွေကို ချထားပေးတဲ့အိမ်ယာဖြစ်ပါတယ်။

Source –DVB

  • လေကြောင်းတိုက်ခိုက်မှုကြောင့် CNAဆေးတပ်ဖွဲ့မှ အမျိုးသမီးတပ်ကြပ်ကြီးတစ်ဦးကျဆုံး

ချင်းပြည်နယ် တီးတိန်မြို့နယ် ချင်းအမျိုးသားတပ်မတော် CNA တပ်မဟာ ၄စခန်းကို စစ်ကောင်စီတပ်ကတိုက်လေယာဉ်နဲ့ နှစ်ကြိမ်လာရောက်ပြီး ဗုံးကြဲတိုက်ခိုက်တာကြောင့် ဆေးတပ်ဖွဲ့မှတပ်ကြပ်ကြီး မိုင်မေကံဟွေ့နဲ့ CNA တပ်ဖွဲ့မှဒုဗိုလ်ဆလိုင်း ကိုရိန်တို့ သေဆုံးခဲ့ပါတယ်။

ဗုံးကြဲတိုက်ခိုက်တာကြောင့် ဆေးတပ်ဖွဲ့မှတပ်ကြပ်ကြီးနဲ့ CNAတပ်ဖွဲ့မှ ဒုဗိုလ်တို့သေဆုံးခဲ့တဲ့အပြင် တပ်ဖွဲ့ဝင်လေးဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

Source- The Chin Journal

  • စစ်ဘေးရှောင်အဘွားအိုတစ်ဦး အပူဒဏ်ကြောင့်သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်မှာ ယခုရက်ပိုင်းအပူချိန်အဆမတန် မြင့်တက်နေတာကြောင့် စစ်ဘေးရှောင်အများစု မူးမေ့လဲကျပြီး အသက်၈၁နှစ်အရွယ်အဘွားအိုတစ်ဦး သတိလစ်မေ့မြော သေဆုံးခဲ့ပါတယ်။

 အင်းပတ်ကျေးရွာနေ အသက်၈၁နှစ်အရွယ်အဘွားဒေါ်ပုစိန်မှာ စစ်ဘေးရှောင်ရင်း ဧပြီ၁၉ရက်နေ့ညနေပိုင်းမှာ  နေပူဒဏ် ကြောင့် သတိလစ်မေ့မြောကာ သေဆုံးခဲ့တယ်လို့ ခင်ဦးမြို့သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ခင်ဦးမြို့နယ်အနောက်ပိုင်းကျေးရွာတွေကို စစ်ကောင်စီကစစ်ကြောင်းထိုးတာကြောင့် ကျေးရွာ၂၀လောက်က ဒေသခံ နှစ်သောင်းဝန်းကျင်မှာ တိမ်းရှောင်နေရပြီး ချွေးထွက်လွန်ကာ မူးမေ့သူတွေရှိတာကြောင့် ဆေးကုသမှုများပြုလုပ်ပေးနေရ ပါတယ်။

Source- Mizzima

  • မော်ခီးတပ်စခန်းမှာ အမျိုးသမီးအချို့ လိင်ကျွန်ပြုခံနေရတယ်လို့ ထွက်ပြေးလာတဲ့ CDM စစ်သားပြော

ကရင်ပြည်နယ်မြဝတီမြို့နယ်က စစ်ကောင်စီရဲ့ မော်ခီးတပ်စခန်းက အရာရှိတွေက အမျိုးသမီးအချို့ကို လိင်ကျွန်ပြုခိုင်းတာ တွေရှိနေတယ်လို့ မော်ခီးတပ်စခန်းက ထွက်ပြေးလာတဲ့ CDM စစ်ကောင်စီတပ်ဖွဲ့ ဝင်တစ်ဦးကပြောပါတယ်။

မော်ခီးတပ်စခန်းမှာအရာရှိတွေသာမက အောက်ခြေစစ်သားတွေကလည်း ဖမ်းဆီးမိထားသူတွေကို လိင်ဖျော်ဖြေရေး ပြုလုပ် ခိုင်းတာတွေလည်းရှိပြီး လိင်ဖျော်ဖြေမှုကိုငြင်းဆန်ပါက သတ်ပစ်ခံရနိုင်တယ်လို့ ခြိမ်းခြောက်ထားတယ်လို့ CDM စစ်သားက ပြောပါတယ်။

Source- Mizzima

  • ပြည်အကျဉ်းထောင်က နိုင်ကျဉ်းအမျိုးသမီးလေးဦးကို ထောင်ပြောင်းရွှေ့

ပြည်အကျဉ်းထောင်အတွင်းဖိနှိပ်မှုတွေကို ဆန့်ကျင်တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တဲ့ အကျဉ်းသူမဆုဝေဖြိုးအပါအဝင် အမျိုး သမီးလေးဦးကို သာယာဝတီအကျဉ်းထောင်ကို ပြောင်းရွေ့လိုက်တယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေထံက သိရပါတယ်။

မဆုဝေဖြိုးအပါအဝင် အမျိုးသမီးအကျဉ်းသူလေးဦးနဲ့ အခြားအမျိုးသားအကျဉ်းသားတစ်ချို့ကိုပါ ပြောင်းရွှေ့ခဲ့ပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့ဆိုပါတယ်။

မဆုဝေဖြိုးက  အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ -၅၁(ဂ)နဲ့ ထောင်ဒဏ်၇နှစ် ချမှတ်ခံထားရတာဖြစ်ပြီး ၂၀၂၂ ခုနှစ်မှ စတင်ကာ ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီအထူးတရားရုံးတွေက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေတွေနဲ့ သာအမှုဖွင့် တရားစွဲဆိုအမိန့်ချမှတ်ခဲ့တာကြောင့် အများစုမှာ ထောင်တစ်သက်အပါအဝင် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်းခံထားရတယ်လို့ ရှေ့နေအသိုင်းအဝိုင်းကသိရပါတယ်။

Source -မြေလတ်အသံ  

Author:

Related Articles