Home ဆောင်းပါး တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အလုပ်အဖွဲ့ ဒုတိယခေါင်းဆောင် နန်းယဉ်ယဉ်စိုးနှင့် တွေ့ဆုံခြင်း

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အလုပ်အဖွဲ့ ဒုတိယခေါင်းဆောင် နန်းယဉ်ယဉ်စိုးနှင့် တွေ့ဆုံခြင်း

နန်းဆိုင်နွမ်

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ( NCA ) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ဖွဲ့ ဖွ့ဲစည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) သည် အောက်တိုဘာ (၁၀) ရက်မှ (၁၂)ရက်နေ့ထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် အစည်းအဝေးပြုလုပ်ခဲ့သည်။

ထိုအစည်းအဝေးမှ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အလုပ် အဖွဲ့ (PPWT) ၏ဒုတိယ ခေါင်းဆောင်နေရာကို PPWT ၏တင်ပြမှုဖြင့် အစည်းအဝေးမှ အတည်ပြုပေးခဲ့သဖြင့် နန်းယဉ်ယဉ်စိုးသည် PPWT ၏ဒုတိယအဖွဲ့ခေါင်းဆောင်ဖြစ်လာသည်။

နန်းယဉ်ယဉ်စိုးသည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၏ဗဟိုကော်မတီဝင်တဦးဖြစ်ပြီး PPWT တွင် PNLO ကိုယ်စားပြုပါဝင်နေခြင်းဖြစ်သည်။

NCA လက်မှတ်ရေးထိုးထားသော အဖွဲ့(၁၀)ဖွဲ့မှ ကိုယ်စားလှယ်(၁)ဦးစီဖြင့် ပါဝင်ဖွဲ့စည်းထားသည့် PPWT (ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်အလုပ်အဖွဲ့)တွင် PNLO ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့ရာမှ PPWT ၏လစ်လှပ်နေသော ဒုတိယအဖွဲ့ခေါင်းဆောင်နေရာတွင် ကော်မတီဝင်များသဘောထားဖြင့် ရွေးချယ်ခန့်အပ်ခံရသူဖြစ်လာပြီး NCA အ ခြေခံသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ကိုယ်စားပြုအမျိုးသမီးခေါင်း ဆောင်တစ်ဦး ဖြစ်လာသည်။ PPWT ၏အဖွဲ့ခေါင်းဆောင်မှာ ချင်းအမျိုးသားတပ်ဦး (စီအမ်န်အက်ဖ်) မှ ဆလိုင်း ထလာဟေးဖြစ်သည်။

အမျိုးသမီးတဦးအနေဖြင့် PPWT တွင် ခေါင်းဆောင်မှုနေရာရရှိလာသည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ ပိုမိုပါဝင်လာရန်နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများပါဝင်မှု အရေးကြီးသည့် အကြောင်း အရာများအပေါ် Honest Information မှာ သတင်းထောက် နန်းဆိုင်နွမ်က တွေ့ဆုံမေးမြန်းခဲ့သည်။

မေး။ ။ PPWT မှာ ဒုတိယခေါင်းဆောင်အဖြစ် ရွေးချယ်ခံရတဲ့အပေါ် ဘယ်လိုသဘောထားရှိပါသလဲ။

ဖြေ။ ။ ကျမတို့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးတွေ ပိုမိုပါဝင်ရေးဆိုတဲ့အပိုင်းကို ကျမတို့လက်ရှိ တိုင်းရင်း သားအဖွဲ့တွေက လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ကဏ္ဍတွေရှိပါတယ်။ ကျမတို့ women Leadership and Peace Process ဆိုပြီးတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ EAO တိုင်းရင်းသားတွေဘက်က အမျိုးသမီးများပိုမိုပါဝင်ရေးဆိုပြီး ရှေ့လုပ်ငန်းစဉ်တရပ်ရေးဆွဲပြီးတော့ workshop (၅)ကြိမ်လုပ်ပြီး စွမ်းရည်မြှင့် တင်တာတွေရှိတယ်။ အဲဒီစဉ်းစားချက်တွေထဲကနေပြီး အမျိုသမီးတွေ ပါဝင်ရေးကို EAO နဲ့ ပြန်ပြီးတော့မှ လက် တွေ့အကောင်အထည်ဖော်ဆောင်တဲ့အနေနဲ့ PPWT မှာ ကျမပါဝင်လာခြင်းဖြစ်တယ်။ အဲဒီအတွက် ပါဝင်ရုံနဲ့ မပြီး ဘူး။ ဆုံးဖြတ်ချက်ချတဲ့ကဏ္ဍ၊ ဦးဆောင်တဲ့အခန်းကဏ္ဍတွေမှာ ပါဝင်လာနိုင်ရေးအတွက်လည်း EAO တွေကနေပြီး တစိုက်မတ်မတ် အကောင်အထည်ဖော်ဆောင်ရွက်နေတာရှိတယ်။ ကျမအနေနဲ့ အကျုံးဝင်မှု တချက်ပြောရမယ် ဆိုရင် ဒီကနေအကောင်အထည်ဖော်နေတဲ့ EAO တွေရဲ့ကဏ္ဍအပေါ်မှာ ကျမကို PPWT ဒုတိယ ခေါင်းဆောင် အနေနဲ့ ယနေ့ တာဝန်ပေးလိုက်ခြင်းဖြစ်ပါတယ်။ EAO လုပ်ငန်းစဉ်တွေအပေါ်မှာ အမျိုးသမီးပါဝင်ခြင်းဆိုတဲ့ အခန်းကဏ္ဍအလိုက် အကောင်အထည်ဖော်မှုကို EAO တွေဖက်ကနေပြီးတော့ တဆင့်ပြီးတဆင့် ကျင့်သုံးလာတဲ့ အနေအထားတွေရှိပါတယ်။

မေး။ ။ ဒုတိယခေါင်းဆောင်နေရာမှာ ရွေးချယ်ခံရတဲ့ အမျိုးသမီးတယောက်အနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘယ်လိုဦးဆောင်လာဖို့ရှိပါသလဲ။

ဖြေ။ ။ ကျမတို့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ရဲ့ ချမှတ်တဲ့မူဝါဒတွေကို ညှိနှိုင်းအ ကောင်အထည်ဖော် ဆက်စပ်ဆောင်ရွက်ပေးရမယ့် PPWT အလုပ်အဖွဲ့ဖြစ်ပါတယ်။ ကျမဒုတိယခေါင်းဆောင် အနေနဲ့ တာဝန်ယူတဲ့အပေါ်မှာ မဟာမိတ်အဖွဲ့အစည်းတွေ အပါအဝင် နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်တဲ့အခန်းကဏ္ဍတွေအပေါ် ချမှတ်တဲ့မူဝါဒတွေကို တဆင့်ချင်းအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ပိုမိုကြိုးပမ်းရမှာ ရှိသလို အမျိုးသမီးတယောက်ဖြစ်နေတဲ့အတွက် ကျမတို့အမျိုးသမီးပါဝင်မှု အပေါ်မှာ ဘယ်လိုနည်းလမ်းတွေနဲ့ ချဉ်းကပ်ပြီးတော့ ပိုမိုပါဝင်လာနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမလဲ ဆိုတဲ့ အဓိကအချက်အပေါ်မှာလည်း ကျမ ဆောင်ရွက်သွားဖို့ ရှိပါတယ်။

မေး။ ။ လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးပွဲ EAO အစည်းအဝေးတွေကို ကြည့်လိုက်မယ်ဆိုရင် အမျိုးသမီး အင် အားနည်းနေတာတွေ့ရတယ်။ အမျိုးသမီးအင်အားများလာဖို့ တခြား EAO တွေလည်း အမျိုးသမီးတွေ ထည့်သွင်း လာဖို့ရော ဘာများအကြံပေးချင်ပါသလဲ။

ဖြေ။ ။ ကျမတို့ဒီနေရာမှာ နှစ်ပိုင်းခွဲပြောချင်ပါတယ်။ ပထမပိုင်းကတော့ ကျမတို့ EAO ကို လွှမ်းခြုံနိုင်တဲ့ အနေအထားနဲ့ ပြည်ထောင်စု တဝှမ်းလုံးမှာ လွှမ်းခြုံနိုင်မယ့် အနေအထားဆိုပြီး ပြောချင်ပါတယ်။ ကျမ ကိုယ်စားပြုအနေနဲ့ တိုင်းရင်းသူတယောက်အနေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းမှာ ကိုယ်စားပြု ပါဝင်ရတယ်။ ကျမ နည်းတူ အလားတူပဲ အမျိုးသမီးအခွင့်အရေးအတွက် အမျိုးသမီးခေါင်းဆောင်မှု နေရာမှာရရှိရေးအတွက် တခြား EAO အဖွဲ့အစည်းမှာလည်း အရည်အချင်းရှိပြီးတော့ သူနဲ့ကိုက်ညီတဲ့ အနေအထားတရပ် ခေါင်းဆောင်တွေဖြစ် လာဖို့ရှိရင် ရဲရဲဝံ့ဝံ့ တာဝန်ပေးဖို့ လိုအပ်ပါတယ်။ နောက် သူတို့နဲ့ ကိုက်ညီတဲ့ရာထူးတွေနဲ့ ဖြစ်လာခဲ့ရင်လည်း ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသမီးတွေကို ရွေးချယ် ပေးဖို့ လိုအပ်တယ်။ နောက်တခုက EAO တခုတည်းနဲ့ မပြီးဘူး။ ပြည်ထောင်စုအရေးကို ဆောင်ရွက်နေတာဖြစ်တဲ့အတွက် တစုံလုံးလွှမ်းခြုံနိုင်တဲ့ အရေး တွေမှာ EAO အပါအဝင် နိုင်ငံရေးဖြစ်စဉ်မှာဆိုရင် State Holder တွေရှိတယ်။ ပါတီ၊ အစိုးရ၊ တပ်မတော် စတာတွေ အဲဒီလိုမျိုး တပြည်လုံးလွှမ်းခြုံနိုင်တဲ့ ပြည်သူတွေပါဝင်နိုင်တဲ့အသံ၊ စတာတွေနဲ့ အမျိုးသမီးတွေ ပါဝင်လာနိုင်ဖို့ တဆင့်ချင်းဆီ ကြိုးပမ်းဆောင်ရွက်သွားရမှာ ဖြစ်တယ်။

မေး။ ။ EAO ကနေ အမျိုးသမီးတွေအများကြီးပါဝင်လာခဲ့မယ်ဆိုရင် ဘာတွေများကောင်းကျိုးတွေ ရှိလာနိုင် မလဲ။

ဖြေ။ ။ အမျိုးသမီးတွေအနေနဲ့ ငြိမ်းချမ်းရေးကို ပါဝင်ဆောင်ရွက်နေတဲ့နေရာမှာ ကွဲပြားခြားနားမှုက အမျိုးသား တွေနဲ့ မတူပါဘူး။ အမျိုးသမီးတွေ အဓိကအားဖြင့် မိခင်စိတ်ဓာတ်နဲ့ မွေးဖွားလာဖြစ်တယ်။ ပြီးရင် ကျမတို့ ပြည် တွင်းစစ်ဒဏ်မှာ အဓိက ခံနေရတာ အမျိုးသမီးတွေ မိခင်တွေ သားသည်မိခင်တွေ ပိုများတယ်။ အဲဒီလို ပါဝင်လာပြီး ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်တဲ့ နေရာမှာ အခက်အခဲအတားအဆီးတွေ ဖြစ်လာရင် အမျိုးသမီး တွေအနေနဲ့ ဆွေးနွေးချည်းကပ်က ပိုပြီးတော့နူးညံ့ငြင်သာပျော့ပျောင်းတယ်။ အပြန်အလှန် ဆွေးနွေးတဲ့အခါမှာ လည်း အမျိုးသားတွေ မမြင်နိုင်တဲ့အရာကို အမျိုးသမီးတွေရဲ့ ခြားနားတဲ့သဘာဝအရ မြင်နိုင်တဲ့ အတိုင်းအတာ တွေရှိတယ်။ ဒါတွေက လက်ရှိ အမျိုးသမီးတွေရဲ့ အားသာချက်ဖြစ်တယ်။ တစုံလုံးနဲ့ ဆွေးနွေးတဲ့အခါကျတော့ မိခင်ရဲ့စိတ်ဓာတ်အပေါ် အခြေခံတဲ့အတွက်ကြောင့် အဆင်ပြေရေးဆိုတဲ့အပိုင်းကို ချဉ်းကပ်ပြီး အပြုသဘော ဆောင် ဆွေးနွေးတဲ့အပိုင်းမှာတော့ အမျိုးသားတွေထက် အားသာချက် ရှိတယ်။ ဒီနေရာမှာ ကျမအနေနဲ့ အမျိုးသားတွေက မဆွေးနွေးနိုင်ဘူးလို့ မဆိုလိုဘူး။ ကျမတို့အမျိုးသမီးတွေရဲ့ ရှိရင်းစွဲ စိတ်ဓာတ်အခြေခံပေါ်မှာ ညှိနှိုင်းဆွေးနွေးမှုလုပ်တဲ့နေရာမှာ၊ နူးညံပျော့ပျောင်းမှုအပေါ်မှာ ချဉ်းကပ်ရင် လက်ရှိ အခက်အခဲ အကြပ်အတည်း တွေဖြစ်လာရင် မတူညီတဲ့ ရှုထောင့်တွေနဲ့ကြည့်ဖို့လိုအပ်ရာမှာ အမျိုးသမီးတွေက အများကြီး အထောက်အကူပြု မယ်လို့ ကျမထင်ပါတယ်။

မေး။ ။ EAO တိုင်းရင်းသားခေါင်းဆောင်တွေ အမျိုးသမီးတွေကို ယုံကြည်လာဖို့ရော ဘာများပြောချင်ပါသလဲ။

ဖြေ။ ။ အဓိက ကျမတို့ ဒီကနေ ဒုတိယခေါင်းဆောင် တာဝန်ပေးလိုက်တဲ့အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုဆိုရင် ကျမကိုယ်စားပြု မိခင်အဖွဲ့အစည်းကို တာဝန်ယူရသလို ဒီနေ့ကိုယ်စားပြုတဲ့ EAO အဖွဲ့ကိုလည်း တာဝန်ယူရသလို PPWT မှာ ဒုခေါင်းဆောင်ကို တာဝန်ယူရတယ်။ အဲဒီလို တာဝန်ပေးတဲ့အခါမှာ ချဉ်းကပ်မှု အတိုင်းအတာနဲ့ လုပ်ဆောင်နိုင်ဖို့အတွက် ကိုယ့်ဘက်ကလည်း လိုအပ်တဲ့အရည်အချင်းစွမ်းရည်တွေ Capacity တွေ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ကောင်းမွန်စွာ နားလည်သဘောပေါက်ထားမှုတွေ လိုအပ်ပါတယ်။ အဲဒီလို မျိုးပြည့်စုံလာရင် သူတို့ကနေ ချည်းကပ်လာတဲ့အခါ ကိုယ်က ပိုပြီးတော့ လုပ်ပြဖို့လိုပါတယ်။ ကျမတို့ အမျိုးသမီး တွေကပိုပြီး စွမ်းဆောင်ရတယ်။ ပိုပြီးတော့ ချည်းကပ်ရတယ်။ အမျိုးသားတွေထက် ပိုပြီးစွမ်းဆောင်ရတယ်။ မိမိရဲ့ မိခင်အဖွဲ့အစည်းသော်လည်ကောင်း စုပေါင်းထားတဲ့ အစုအဖွဲ့မှာသော်လည်းကောင်း အဓိကအားဖြင့် စွမ်းရည်အ ပိုင်းရော ကျမတို့တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းရော တကယ်လက်တွေ့ပြလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ အဲဒီ အပေါ်မှာ ကျမတို့ကို တာဝန်ယူမှု တာဝန်ခံမှု ပေးအပ်လာတဲ့ တာဝန်အပေါ်မှာ ပိုပြီး လေးလေးနက်နက် ဆောင် ရွက်ဖို့လိုပါတယ်။

နန်းယဉ်ယဉ်စိုး

မေး။ ။ EAO မှာ အမျိုးသမီးတွေ ထပ်ပါလာဖို့အတွက် ခေါင်းဆောင်တွေကို ဘယ်လိုတွန်းအားပေးချင်ပါသလဲ။

ဖြေ။ ။ လက်ရှိ ကျမ က တိုင်းရင်းသားကိုယ်စားပြုဖြစ်တဲ့အတွက်ကြောင့် EAO ဖော်ဆောင်နေတဲ့လုပ်ငန်းစဉ် ရှေ့လုပ်ငန်းစဉ်ဆိုင်ရာ ချမှတ်ထားမှုတွေ ရှိတယ်။ အဲဒီရှေ့လုပ်ငန်းစဉ်ဆိုင်ရာ ချမှတ်ထားမှုတွေအပေါ်မှာ အခြေ ခံပြီးတော့ ကျမတို့တခြားမိတ်ဖက်အဖွဲ့အစည်းတွေရှိမယ်။ အရပ်ဖက်အဖွဲ့အစည်းတွေရှိမယ်။ ပါဝင်နေတဲ့ State holder တွေရှိမယ်။ ကျမတို့ကို အမြဲတမ်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စောင့်ကြည့်နေတဲ့ ပြည်သူလူထု တွေရှိ မယ်။ အဲဒီအပိုင်းတွေကို အမျိုးသမီးတွေ ပိုမိုပါဝင်လာနိုင်ရေးအတွက် ဘယ်လိုနည်းလမ်းနဲ့ကျမတို့ရှာနိုင်မလဲ။ ဥပမာ ကျမတို့ နိုင်ငံရေး လေ့လာသုံးသပ်တော့မယ် ငြိမ်းချမ်းရေးမှာ အမျိုးသမီးတွေ ပါဝင်လာဖို့အတွက် ကျမတို့ ကိုယ်တိုင်ကိုယ်ကျ တောင်းဆိုရမယ်။ ပြုပြင်ရမယ်။ အပြင်ကနေ လုပ်ဆောင်နေတဲ့ အမျိုးသမီးအဖွဲ့တွေရှိမယ်။ လူထုအရပ်ဖက် အဖွဲ့အစည်းတွေရှိမယ်။ မတူညီတဲ့ အမျိုးသမီးတွေရဲ့အသံကိုလည်း သူတို့မပါဝင်နိုင်တဲ့အပေါ်မှာ အခြေခံပြီးတော့ စည်းဝိုင်းထဲမှာရောက်နေတဲ့သူတွေက ဘယ်လိုလုပ်မလဲ ဒါတွေလည်း အပြန်အလှန် ချိတ်ဆက်ဖို့ အရေးကြီးတယ်။ ကျမတို့အတွင်းပိုင်းပဲ သွားလို့မရဘူး။ အတွင်းအပြင် ချိတ်ဆက်ညီညွတ်မှ ကျမတို့ပြည်သူလူထု အပြည့်အဝ ထောက်ခံတဲ့ အောင်မြင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းကို ဖော်ဆောင်နိုင်မှာဖြစ်သလို ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။

မေး။ ။ အဖွဲ့အစည်းတွေ အမျိုးသမီးပါဝင်ဖို့ အမြဲတမ်းတောင်းဆိုလာပေမယ့် အခုရော ပါဝင်နေပြီလား။ မျှော် လင့်သလောက် ဘယ်လောက်ရောက်ပြီလဲ။

ဖြေ။ ။ ကျမတို့ အရပ်ဖက်က ပြုစုထားတဲ ဒေတာတွေရှိပါတယ်။ တတိယ ငြိမ်းချမ်းရေးညီလာခံပြီးတော့ အရပ်ဖက်အဖွဲအစည်းတွေပြုစုထားတဲ့ အမျိုးသမီးဒေတာအရ ၁၇ ရာခိုင်နှုန်းရှိပါတယ်။ ကျမတို့တောင်းဆိုနေ တာက အနည်းဆုံး ၃၀ ရာခိုင်နှုန်းဖြစ်ပါတယ်။ ဒါပေမယ့် ၃၀ ရာခိုင်နှုန်းဆိုတာ ကျမတို့ ကန့်ကွက်တာ မဟုတ်ဘူး။
အနည်းဆုံးဆိုတဲ့အနေအထားကို အခြေခံပြီးတော ဒီထက်ပိုပြီးပါဝင်လာဖို့ကိုယ်စားပြုမှု Stat holder မှာ ပါဝင် နေတဲ့ မိခင်အဖွဲ့အစည်းတိုင်းက အမျိုးသမီးတွေ အထူးသဖြင့် စွမ်းရည်ရော အရည်အချင်းရော ပြည့်ဝမယ်ဆိုရင် နေရာပေးမှုမှာ အမျိုးသားနဲ့ တန်းတူဖြစ်လာရင် သူရဲ့ လုပ်နိုင်စွမ်းအားပေါ် ယုံကြည်ပြီးတော့ ယုံယုံကြည်ကြည် ပေး အပ်ဖို့လိုသလို၊ အမျိုးသမီး ကိုယ်စားလှယ်ပါဝင်မှုအတွက် ပိုပြီးစွမ်းရည်မြှင့်တင်ဖို့လည်း လိုတယ်။ စွမ်းရည်ပေါ်မှာ မူတည်ပြီး ထိုက်သင့်တဲ့ ပါဝင်မှုပေါ်မှာ နေရာပေး ဖို့လိုအပ်တယ်။ အထူးသဖြင့် ကျမတို့ဖော်ဆောင်ရတဲ့ ကဏ္ဍ တခါတလေကျရင် ကျမတို့အမျိုးသမီးကဏ္ဍအနေနဲ့ ပါဝင်ရေးအတွက် ပြောရင် ကျမတို့က တခါတလေအရ ကိုတာ အရပြောတာ။ အမျိုးသမီးကိုတာ(ခွဲတမ်းစနစ်)ထည့်သွင်းပေးဖို့ ကိုတာ (ခွဲတမ်း) အပေါ်မှာလည်း ရှင်းလင်းဖို့ လိုပါတယ်။ ကိုတာအရ သွားခြင်းသည် အရည်အချင်း မရှိတဲ့အမျိုးသမီးတွေ သွားရောက် ထိုင်နေခြင်းမဟုတ် ပါဘူး။ သူတို့ရဲ့ ပြည့်မှီတဲ့အနေအထားတခုပေါ်မှာ သွားခြင်းဖြစ်တဲ့အတွက်ကြောင့် ဒီလို အရည်အချင်းရှိခဲ့မယ် ဆိုရင် အဖွဲ့အစည်းအသီးသီးကနေပြီး ဦးစားပေးရွေးချယ်ဖို့ လိုပါတယ်။ ဒီလိုမျိုး ဆင့်ကဲဆင့်ကဲ ဖော်ဆောင်လာရင် ဘာပဲဖြစ်ဖြစ် ပြည့်မီတဲ့ အမျိုးသမီး ပါဝင်ရေးဆိုတဲ့ အခန်းကဏ္ဍတခုကတော့ လုပ်ငန်းစဉ်နဲ့ အကောင်အထည် ပေါ်လာမှာ ဖြစ်ပါတယ်။ မိခင်အဖွဲ့အစည်းတွေကိုယ်တိုင်ကလည်း မိမိတို့အမျိုးသမီးတွေပါဝင်မှုအပေါ်မှာ အလေး ထားဦးစားပေး ဆောင်ရွက်ပေး တာဝန်ပေး ချဉ်းကပ်ဖို့ကလည်း အရေးကြီးပါတယ်။

မေး။ ။ အမျိုးသားတွေကြားမှာ အမျိုးသမီးတယောက်အနေနဲ့ လှုပ်ရှားရတာ အခက်အခဲ ဘာတွေရှိပါသလဲ။

ဖြေ၊ ။ အဓိကအားဖြင့်တော့ ကျမတို့ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိဖို့လိုပါတယ်။ နောက်တခုက ကိုယ့်ရဲ့ ပါဝင်နေ တဲ့ သက်ဆိုင်ရာကဏ္ဍလိုက်ပေါ်မှာ လေ့လာမှု ပြုဖို့လိုပါတယ်။ တခါတလေကျရင် ကျမတို့အဝန်းအဝိုင်းမှာ သွားနေ တဲ့အခါဆိုရင် တချို့နေရာမှာ အမျိုးသမီးဆိုရင် ဒါက အမျိုးသမီးနဲ့ပဲဆိုင်တယ်ဆိုပြီးတော့ ရှုမြင်သုံးသပ်ချက်တွေ ရှိတယ်။ အမျိုးသမီးအဖွဲ့က တွေ့ချင်တယ်ဆိုရင် မင်းတို့အမျိုးသမီးတွေက တွေ့ချင်တယ်။ မင်းတို့ပဲသွားတွေ့လိုက် ဆိုတာ ကျမက မဖြစ်စေချင်ဘူး။ အမျိုးသမီးတွေလည်း လူသားထဲကလူတွေဖြစ်တယ်။ အဲဒီအခါကျတော့ အမျိုးသမီးတွေလည်း ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ခံစားနေရတဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်။ နာမည်တပ်မှု ကျား၊မဆိုတဲ့ နာမည်တပ်မှုပေါ်မှာ အခြေမခံပဲနဲ့ ဒါကလည်း ငါတို့အရေးဆိုတဲ့စိတ်ကို အမျိုးသားတွေ ကိုယ် တိုင်ခံစားဖို့လိုပါတယ်။ ဒီနေ့ ကျမတို့နိုင်ငံမှာ ဖြစ်တည်လာတဲ့ အာရှစံတန်ဖိုးပဲပြောပြော ကိုးကွယ်ယုံကြည်မှုတွေပဲ ပြောမလား အဲ့ဒါတွေမပျောက်သွားဘူး။ မွေးလာကတည်းက အမျိုးသမီးတွေ သိမ်သိမ်မွေ့မွေ့နေရမယ်။ ဒါက အိမ်တွင်းမှုဆိုရင် အမျိုးသမီးက ထိန်းသိမ်းရမယ်။ အဲ့ဒါတွေက ပြောင်းလဲဖို့လိုပါတယ်။ ပြောင်းလဲတဲ့ အခြေခံ ပေါ်မှာလည်း အမျိုးသားကိုယ်တိုင်က အဲဒီလို ရှုမြင်ဖို့လိုပါတယ်။ တန်းတူညီတူ ငါတို့နဲ့ အလုပ်လုပ်နိုင်တဲ့ အခွင့်အရေးဆိုတာ အမျိုးသမီး ကျား၊မ တန်းတူရေးပေါ်မှာ အခြေခံသလို တချို့ကိစ္စရပ်တွေက အမျိုးသမီးတွေနဲ့ ဆိုင်တယ် အမျိုးသားတွေနဲ့ဆိုင်တယ်ဆိုပြီး မခွဲခြားဖို့ အဓိကလိုပါတယ်။ ဒါတွေကို အမျိုးသားတွေ ရှုမြင်တတ်ရင် ညှိနှိုင်းတဲ့အခါ အဆင်ပြေမယ်။ သူတို့ နဲ့ဆက်စပ်လုပ်ကိုင်တဲ့အခါ အဆင်ပြေမယ်။ တခါတလေ ဒီအချက်လေးက ကျမတို့ကို အဟန့်အတားဖြစ်စေပါတယ်။ အမျိုးသမီးတွေနဲ့သာ သက်ဆိုင်တယ်ဆိုတဲ့အမြင်က တခါတလေမှာ အဟန့်အတားဖြစ်ပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ဘာများ ထပ်ပြောချင်ပါသလဲ။

ဖြေ။ ။ ကျမတို့ ငြိမ်းချမ်းရေး ဖြစ်စဉ်က Progress အလိုက်သွားတာပါ။ ကျမတို့ တနိုင်ငံထဲလည်းမဟုတ်ဘူး နိုင်ငံတကာ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေဆိုရင်လည်း နှစ်ကာလ ကြာတာပေါ့။ ကျမတို့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ချည်းကပ်တဲ့အခါမှာ အမျိုးသမီးတွေအနေနဲ့ လုပ်ငန်းစဉ်အတွင်းမှာ ပါဝင်လာတဲ့ အတိုင်းအတာမှာ တစိုက်မတ် မတ်ဆောင်ရွက်ဖို့ လိုပါတယ်။ အဲဒီလို ဆောင်ရွက်ဖို့အရေး အမျိုးသားတွေနဲ့ အမျိုးသမီးတွေ အခြေအနေ ပေးထားချက်က မတူပါဘူး။ မိခင်တွေ ဖြစ်တဲ့အတွက် သူတို့လုပ်နိုင်မယ့် အခင်းအကျင်းကိုလည်း ဖန်တီးပေးဖို့ လိုပါတယ်။ အ့ဒါမှ အမျိုးသမီးတွေပိုမိုပါဝင်လာနိုင်မှာဖြစ်သလို ဒီလိုမျိုးလုပ်ငန်းစဉ်တွေမှာ ပျော့ပျောင်းတဲ့သဘော တွေနဲ့ ချည်းကပ်နိုင်မယ်။ တစုံလုံးအတိုင်းအတာနဲ့ပြောရရင် ကိုယ့်ကိုကိုယ် ယုံကြည်ဖို့လိုအပ်တယ်။ ဖြစ်ပေါ် ပြောင်းလဲနေတဲ့ နိုင်ငံရေးအခြေအနေကို စောင့်ကြည့်လေ့လာဖို့ အမြဲလိုအပ်တယ်။ လိုအပ်နေတဲ့ စွမ်းရည်ပိုင်း ကိုလည်း ဖြည့်ဆည်းဖို့ လိုအပ်ပါတယ်။ ပြီးတော့ တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းနဲ့ ပေးအပ်လာရင်လည်း ရဲရဲဝံ့ဝံ့တာဝန်ယူပြီး လုပ်ငန်းစဉ်ပိုင်းဆိုင်ရာမှာ ပါဝင်ဖို့အထူးအရေးကြီးတယ်ပါတယ်။

ဟုတ်ကဲ့ပါ အချိန်ပေးပြီး လက်ခံဖြေကြားပေးတဲ့အတွက် ကျေးဇူးပါ။

Author:

Related Articles