Home သတင်း တပ်မတော်သားသုံးဦး၏ အဓမ္မပြုကျင့်ခြင်းခံရသည်ဆိုသော အမျိုးသမီး၏ DNA ကို CID စစ်ဆေး

တပ်မတော်သားသုံးဦး၏ အဓမ္မပြုကျင့်ခြင်းခံရသည်ဆိုသော အမျိုးသမီး၏ DNA ကို CID စစ်ဆေး

မိုးမိုး

တပ်မတော်သား သုံးဦးက သူ့အား အဓမ္မ ပြုကျင့်သည်ဟုဆိုကာ တိုင်ကြားထားသည့် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါရွာမှ ၃၆ နှစ်အရွယ် အမျိုးသမီးထံမှ DNA ကို မှုခင်းရဲတပ်ဖွဲ့ (CID) က စစ်ဆေးရန် ယူဆောင်သွားကြောင်း သတင်းရရှိသည်။

“ဒီလ ၃ ရက်နေ့က အင်းစိန် CID ကနေပြီးတော့ ဆင်းလာပြီးတော့ ကာယကံရှင်အမျိုးသမီးဆီက၊ ပါးစပ်ထဲက ခြစ် ထုတ်ပြီးတော့ DNA စစ်မယ်ဆိုပြီးတော့ ယူသွားတယ်။ အခုထိတော့ အဲ့ဒီအဖြေ မသိရသေးဘူး” ဟု ယခုအမှုအား လိုက်ပါဆောင် ရွက်ပေးနေသည့် ရခိုင်အမျိုး သမီးများ ကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်ညနေပိုင်းက ဦးဂါကျေးရွာအတွင်းသို့ တပ်မတော်စစ်ကြောင်း ဝင်ရောက်လာခဲ့ပြီးနောက် ည ၁၁ နာရီခန့်တွင် တပ်မတော်သားများက သူ့အား အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း အသက် ၃၆ နှစ်အရွယ် ကလေးလေးဦး၏မိခင်ဖြစ်သည့် တရားလိုအမျိုးသမီးက စွပ်စွဲထားသည်။

ယင်းနောက် ပြီးခဲ့သည့် ဇူလိုင်လ ၁၀ရက်နေ့တွင် တပ်မတော်သား သုံးဦးကို အဆိုပါအမျိုးသမီးက စစ်တွေ မြို့မ ရဲစခန်းသို့ လာရောက် အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး၊ ဆေးစစ်ချက်များ ခံယူကာ ရာဇသတ်ကြီး ပုဒ်မ ၁၁၄ ပူးပေါင်း ပါဝင်မှု၊ ရာဇ သတ်ကြီး ပုဒ်မ ၃၆၆ မတရားသဖြင့် ကာမယှက်စပ်မှု၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ မုဒိမ်းမှု စသည့် ပုဒ်မများဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

တပ်ဘက်ကမူ အဆိုပါစွပ်စွဲချက်များကို ငြင်းဆန်ထားပြီး ယင်းသတင်းမှာ “ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် လုပ်ကြံဖန်တီးပြီး မမှန်သတင်းဖော်ပြခဲ့ခြင်း” ဟု ဇူလိုင် ၂ ရက်က ကြေညာချက်ထုတ်ကာတုန့်ပြန်ထားသည်။

အမှုဖွင့် တိုင်ကြားသည့် အမျိုးသမီးအပါအဝင် သူ၏သမီးနှင့် ရွာသားများ ကို တပ်မတော် နှင့် ရဲတပ်ဖွဲ့ဝင်များဘက်မှ မကြာခဏ ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း အရပ်ဖက် အဖွဲ့ အစည်းများ ၏ပြောပြချက် အရသိရသည်။

ထိုသို့ တပ်မတော်ဘက်မှ ခေါ်ယူစစ်ဆေးရာတွင် စစ်အင်ဂျင်နီယာ( GE) တပ်ထဲသို့ အစစ်ခံရန် ခေါ်သော်လည်း တိုင်တန်းထားသည်မှာ စစ်တွေ မြို့မရဲစခန်းတွင် ဖြစ်သည့် အတွက် အဆိုပါရဲစခန်းတွင်သာ အစစ်ခံနိုင်ကြောင်း အရပ်ဖက် အဖွဲ့အစည်းများက တောင်းဆိုခဲ့ခြင်းဖြစ်သည်။

“စစ်တပ်ထဲမှာ မစစ်ဆေးရအောင် တရားလိုနဲ့ သက်သေတွေက လွတ်လပ်စွာ ထွက်ဆိုနိုင်ဖို့ လုံခြုံမှု ရှိနိုင်ဖို့ အတွက်ကို ရဲစခန်းသွားပြီး CSO၊ အမျိုးသမီးအဖွဲ့အစည်း အကုန်လုံးပါတယ်။ ကျမတို့ သွားပြီးတောင်းဆိုတယ်။ သူတို့တွေ လုံခြုံမှု ရှိဖို့ ရဲစခန်းမှာ စစ်ဆေးဖို့ တောင်းဆိုတဲ့ အတွက် သူတို့ဘက်ကလည်း ရဲမှာပဲ လာစစ်ပေးပါတယ်” ဟု အဆိုပါ အမှုအား ကူညီဆောင်ရွက်ပေးနေသူ Legal Clinic Myanmar (LCM) စစ်တွေရုံး ခွဲမှ တရားလွှတ်တော် ရှေ့နေ ဒေါ်မြသူဇာက ပြောသည်။

ထိုသို့ စစ်ဆေးမှုများကို အကြိမ်ကြိမ် ပြုလုပ်နေသော်လည်း တပ်မတော်ဘက်မှ အခင်းဖြစ်ပွားစဉ် အချိန်က ယင်းကျေးရွာ အတွင်းသို့ စစ်ကြောင်း ဝင်ရောက်ခြင်း မရှိကြောင်း ငြင်းဆိုနေဆဲ ဖြစ်သည်ဟု အရပ်ဘက် အဖွဲ့အစည်းများက ဆိုသည်။

“စစ်တဲ့ အရာရှိက သူတို့ စစ်ကြောင်း မဝင်ဘူးဆိုတဲ့ အချက်ကို သူတို့က လိုချင်တဲ့ သဘောပေါ့နော်။ ဒါပေမယ့် ဒီဘက်က စစ်ကြောင်း ဝင်သွားတယ်ဆိုတဲ့ အကြောင်း သက်သေတွေက ရှိတယ်လေ”ဟုဒေါ်ညိုအေးက ပြောသည်။

ဦးဂါကျေးရွာအတွင်း အကြီးဆုံး စတိုးဆိုင်မှ ထမင်းပေါင်းအိုးပါ မကျန် ယူသွားပြီး၊ ပါသွားသည့် ပစ္စည်း တန်ဖိုးငွေ ၄ သိန်းကျော် ဖိုး ရှိကြောင်း ဆိုင်ရှင်မှ သက်သေအဖြစ် ထွက်ဆိုထားကြောင်း ဒေါ်ညိုအေးက ဆိုသည်။

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ ဇူလိုင် ၂ ရက်ထုတ်ပြန်ချက်တွင်တော့ ပစ္စည်းများ ပျောက်ရှမှုမရှိကြောင်း၊ ကျေးရွာရှိ ရွာသူရွာသားများရှေ့မှောက်တွင်ပင် ဝန်ခံကတိ လက်မှတ်ရေးထိုးစေခြင်း အပါအဝင် ဓါတ်ပုံ၊ ဗွီဒီယိုနှင့် အသံဖိုင်များ သက်သေအထောက်အထားအဖြစ် မှတ်တမ်းတင်ထားခြင်းများအား ဆောင်ရွက်ခဲ့သည်ဟု ရေးသားထားသည်။

ယင်းအမှု မြေပြင်စစ်ဆေးမှု ကြန့်ကြာနေရခြင်းမှာ အခြားသော မုဒိမ်းများနှင့် မတူဘဲ စစ်ဆေးမှုမှာ ရဲဘက်၊ တပ်ဘက်ကပါ စစ်ဆေးမှုများ ပြုလုပ်နေသဖြင့် ပုံမှန်ထက် အချိန်ယူရကြောင်း သို့သော်လည်း အမှုမှန်ပေါ်ပေါက်ရန်အတွက် အားလုံးနီးပါး ဝိုင်းဝန်း ကူညီပေးနေကြောင်း ဒေါ်မြသူဇာက ရှင်းပြသည်။

“ရဲက စစ်ဆေးတယ်။ ထပ်ပြီးတော့ အဲဒီ Case ကို အတည်ပြုဖို့ ထပ်စစ်တယ်။ ပြီးတော့ စစ်တပ်ဘက်က ထပ်စစ်တယ်။ ကာယကံရှင် အမျိုးသမီးကို ခဏခဏ စစ်ဆေးနေရတော့သူရဲ့ စိတ်ပိုင်းဆိုင်ရာကို ခဏခဏ ခံစားနေရတာပေါ့။ ဘယ်သူမှလည်း ဒီလိုဖြစ်တာချည်းကို ထပ်ခါ တလဲလဲ မပြောချင်ဘူးလေ” ဟု ဒေါ်မြသူဇာက ဆိုသည်။

တရားလို တိုင်တန်းထားသည့် အမှု တိုးတက်မှုအခြေအနေနှင့် စစ်ဆေးနေသည့် အခြေအနေကို သိလိုသဖြင့် စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်နိုင်ကို Hi သတင်းစာမျက်နှာမှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ “ အလုပ်များနေလို့နော် ” ဟူ၍သာ ဖြေဆိုပြီး ဖုန်းချခဲ့ခြင်း ဖြစ်သည်။

အမှု အမှန်ပေါ်ပေါက်ပြီး တရားမျှတမှု ရရှိဖို့အတွက် အရပ်ဘက် အဖွဲ့အစည်း ၁၁၈ ဖွဲ့၏ အချက် ၈ ချက်ပါသော သဘောထား ကြေညာချက်ကို ပြီးခဲ့သည့် ဇူလိုင် ၂၇ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တပ်တွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း တပ်မတော် သတင်းပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ် ထွန်းထွန်းညီ ပြီးခဲ့သည့် ဇူလိုင်က ဧရာဝတီ သတင်းဌာနဆို ပြောဆိုထားသည်။

Author: Moe Moe

Related Articles