Home သတင်း စီဒေါအစီရင်ခံစာနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပ

စီဒေါအစီရင်ခံစာနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပ

13592681_1283264831685278_988006300792390388_n

Photo: Naw Hel Lay Paw (Facebook)

ပိုးဝါ  / မုန်တိုင်းနီ

ရန်ကုန် –

အမျိုးသမီးများအပေါ် ခွဲခြားထားမှုများအားလုံး ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်နှင့်ပါတ်သက်သော UN ဆိုင်ရာကော်မတီ (CEDAW Committee) သို့ မြန်မာအမျိုးသမီး လူမှုအဖွဲ့အစည်းများ တင်သွင်းသည့် စီဒေါ စင်ပြိုင်အစီရင်ခံစာတွင်  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၏ နိုင်ငံရေးနှင့် သက်ဆိုင်သည့် ဆုံးဖြတ်ပိုင်ခွင့်ရှိသည့် နေရာများတွင် အမျိုးသမီးများအနေဖြင့် နေရာရရှိမှု မရှိခြင်းကို အဓိကအချက် (၅) ချက်အတွင်း ထည့်သွင်း ထားသည်ဟုဆိုသည်။

ဇူလိုင် (၁၁) က မီကာဆာဟိုတယ်တွင် အစိုးရနှင့် စင်ပြိုင်အစီရင်ခံစာတင်သွင်းခဲ့ကြသည့်  မြန်မာ့အမျိုးသမီး လူမှုအဖွဲ့အစည်းများမှ  စီဒေါအစီရင်ခံစာနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့သည်။

ထိုအစီရင်ခံစာကို Cedaw Action Myanmar (CAM )၊ အမျိုးသမီးများအဖွဲ့များကွန်ယက် (WON) ၊ အမျိုးသမီး များအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) ၊ Karen Human Rigjht Group (KHRG) ၊ ကျားမရေးရာတန်းတူ ညီမျှ ရေးကွန်ရက် (GEN)  တို့မှ ပူးပေါင်းရေးဆွဲတင်ပြခဲ့ခြင်းဖြစ်သည် ။

အဆိုပါအဖွဲ့များသည် အစိုးရနှင့် စင်ပြိုင်တင်သွင်းခဲ့သည့် အစီရင်ခံစာတွင် အဓိကအချက် (၅) ချက်ကို ထည့် သွင်းရေးသားခဲ့ကြောင်း ကျား၊မရေးရာတန်းတူညီမျှရေးကွန်ရက် ဒါရိုက်တာဒေါ်မေစပယ်ဖြူကပြောသည်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ဇူလိုင်လ ၄ ရက်မှ ၂၂ ရက်အထိ ကျင်းပခဲ့သည့် (၆၄) ကြိမ်မြောက် စီဒေါ ကော်မတီအစည်းအဝေးကို ပြည်တွင်းမှ အမျိုးသမီးလူမှုအဖွဲ့အစည်းများနှင့် ပြည်ပအခြေစိုက် အမျိုးသမီးအဖွဲ့ အစည်းများမှ အစိုးရနှင့် စင်ပြိုင်အစီရင်ခံစာ တင်သွင်းခဲ့သည်။

မြန်မာအမျိုးသမီးများသည် လက်ရှိအချိန်အထိ ခွဲခြားဆက်ဆံခံနေရပြီး အမျိုးသမီးများအပေါ်တွင် တရား ဥပဒေအရ တရားမျှတမှုရှိအောင် မလုပ်ဆောင်နိုင်ခြင်းနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်သူများအား အပြစ်ပေးခြင်းတို့မှ ကင်းလွှတ်ခြင်းများ ရှိနေကြောင်း ပထမအချက်အနေဖြင့် ထည့်သွင်းရေးဆွဲထားသည် ။

“အန်တီတို့မှာ သက်သေအထောက်အထားတွေ အများကြီးရှိတယ်။ အမျိုးသမီးအကြမ်းဖက်ခံရမှုတွေနဲ့ ပတ် သက်ပြီး သုတေသနလုပ်ထားတာတွေလည်း ရှိတယ်။ အိမ်တွင်းအကြမ်းဖက်မှုတွေလည်း အများကြီးရှိနေသေး တယ်။ လိင်အကြမ်းဖက်မူတွေလည်း အများကြီးရှိနေသေးတယ်” ဟု CAM အဖွဲ့ဝင် ဒေါ်မေမေပြုံးက ပြော သည် ။

ဒုတိယအချက်အဖြစ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၏ နိုင်ငံရေးနှင့်သက်ဆိုင်သည့် ဆုံးဖြတ်ပိုင်ခွင့်ရှိသည့်နေရာ တွင် အမျိုးသမီးများပါဝင်ခြင်း မရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည် ။

13592575_1283173538361074_97817480014971502_n

Photo: Naw Hel Lay Paw (Facebook)

“အစိုးရဘက်က ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်နေတာဟာ အမျိုးသမီးတွေ အခွင့် အရေးရနေတယ်ဆိုပြီး အစီရင်ခံစာမှာရေးတယ်။ ကျမတို့အမျိုးသမီးအဖွဲ့တွေ ထောက်ပြတာက ဒေါ်အောင် ဆန်းစုကြည်တစ်ယောက် ဆုံးဖြတ်ချက်ချနိုင်တဲ့နေရာမှာ ရှိနေရုံနဲ့ အမျိုးသမီးတွေဟာ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ နေရာမှာ အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေး ရနေတယ်လို့ ပြောလို့မရဘူး” ဟု ဒေါ်မေစပယ်ဖြူက ပြောသည် ။

တတိယအချက်အဖြစ် အမျိုးသမီးများ တန်းတူညီမျှမှုကို အဟန့်အတားဖြစ်စေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်များ၊ ဥပဒေများနှင့် မူဝါဒများကို ပြင်ဆင်မှု မရှိခြင်းကို အဓိကထားတင်သွင်းခဲ့သည်ဟု ဆိုသည် ။

“ဖွဲ့စည်းပုံထဲက ပြဌာန်းချက်တွေဟာ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံရာရောက်တဲ့ ပြဌာန်းချက်တွေ အများ ကြီးပဲပါနေတယ်။ တရားမျှတမှုကို လက်လှမ်းမမှီနိုင်အောင်လည်း ဖွဲ့စည်းပုံကိုယ်တိုင်က အတားအဆီးဖြစ်နေ တယ်။ ဒါကြောင့် ဖွဲ့စည်းပုံပါ ပြဌာန်းချက်တွေကို ပြင်ဆင်သင့်တယ်လို့ စီဒေါကော်မတီက အစိုးရကို အကြံပြု ခဲ့တယ်”ဟု ဒေါ်မေစပယ်ဖြူက ပြောသည် ။

စတုတ္ထအချက်အဖြစ် ကျားမရေးရာတန်းတူညီမျှမှုရေးအတွက် ရေးဆွဲထားသည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (NSPAW) ကဲ့သို့သော စီမံကိန်းများကို လက်ရှိအချိန်ထိ အကောင်အထည်ဖော်ခြင်း မရှိသေးကြောင်း အဓိကအချက်တစ်ချက်အနေဖြင့်အဖြစ် ထည့်သွင်းခဲ့သည်။

ပဉ္စမအချက်အဖြစ် ကျေးလက်နေအမျိုးသမီးများသည် မြို့ပြနေအမျိုးသမီးများထက် ဆင်းရဲနွမ်းပါးမှုနှုန်း နှစ်ဆ ပိုမိုမြင့်မားနေခြင်းကို ထည့်သွင်းတင်ပြထားကြောင်းသိရသည်။

မြန်မာနိုင်ငံ အစိုးရသည့် စီဒေါသဘောတူစာချုပ်ကို ၁၉၉၇ ခုနှစ်တွင် စတင်လက်မှတ်ရေးထိုးခဲ့ပြီး ပထမအကြိမ် ကို ၁၉၉၉ ခုနှစ်နှင့် ဒုတိယအကြိမ်နှင့် တတိယအကြိမ်ကို ၂၀၀၇ ခုနှစ်တို့တွင် စီဒေါကေ်ာမတီသို့ အစီရင်ခံစာတင်သွင်းခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လတွင် စတုတ္ထအကြိမ် နှင့် ပဉ္စမအကြိမ် အစီရင်ခံစာကို ပူးတွဲတင်ပြခဲ့ခြင်းဖြစ်သည်။

စီဒေါအစီရင်ခံစာအချက်အလက်များကို မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ အမျိုးသမီးများထံမှ ၂၀၁၅ ခုနှစ်၊ မတ်လ တွင် စတင်ကောက်ယူခဲ့သည်။ ထိုသို့ ကောက်ယူခြင်းမှ ရရှိလာသည့် အချက်အလက်များကို စီဒေါကော်မတီသို့ ဇွန်လတွင် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ တင်သွင်းခဲ့သည် ။

မြန်မာအရပ်ဖက်လူမှုအဖွဲ့အစည်းများမှ စီဒေါစင်ပြိုင် အစီရင်ခံစာကို အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB )မှ နှစ်ကြိမ်တင်သွင်းခဲ့ပြီးဖြစ်သည် ။

 

Related Articles