Home ဆောင်းပါး နာမည်မသေတဲ့ အာဇာနည်အမျိုးသမီး မနိုဘယ်အေး

နာမည်မသေတဲ့ အာဇာနည်အမျိုးသမီး မနိုဘယ်အေး

ရှင်ငြိမ်း  

“ ၉၆ ၉၈ မျိုးဆက်အင်အားစုတွေထဲမှာ သူ့လိုအမျိုးသမီးကရှားတယ်။ သူက နိုင်ငံရေးကို တောက်လျောက် လုပ် လာတာ အခုနွေဦးတော်လှန်ရေးအထိ တကယ်ကိုဆုံးဖြတ်ချက်ခိုင်ခိုင်မာမာနဲ့ လုပ်ခဲ့တယ်။ အာဇာနည်တွေ ထဲမှာဆိုရင် အမျိုးသမီး အာဇာနည်တစ်ဦးပါ။”လို့ ရဲဘော်ဇော်ထွန်းက မှတ်ချက်ပြုပါတယ်။

စစ်အာဏာရှင်စနစ်တော်လှန်ရေးနဲ့ ပြည်သူ့ကာကွယ်ရေးကွန်ရက်မှ ရဲဘော် ဇော်ထွန်းဟာ သေဆုံးသူ မနိုဘယ် အေးနဲ့ နိုင်ငံရေးလှုပ်ရှားမှုအများအပြားမှာ အတူတွဲအလုပ်လုပ်ခဲ့ဖူးသလို သူမအသတ်မခံရခင်အထိတော်လှန် ရေးအတွက်အဆက်အသွယ်ရှိနေခဲ့သူတစ်ဦးဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်အေးဟာ ကိုလေးခွင်းနဲ့အတူ ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၉ ရက်က ပဲခူးတိုင်း၊ ဝေါ မြို့နယ်မှာလက်နက်တွေအမြောက်အများသယ်ယူလာတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ စစ်ကောင်စီကဖမ်းစီးခဲ့ပါတယ်။

ဖမ်းစီးသွားပြီး စစ်ကြောရေးမှာ ၁၀ ရက်ခန့်နေပြီး ဝေါမြို့နယ်တရားရုံးက ရုံးထုတ်အပြန်မှာ ထွက်ပြေးတယ် ဆိုတဲ့စွပ်စွဲချက်နဲ့ စစ်တပ်ကမတရားသတ်ဖြတ်တာခံခဲ့ရတာလို့ဆိုပါတယ်။

“မြေပြင်မှာ လမ်းတောင်မလျှောက်နိုင်တဲ့ကျနော့်အမကို ဆံပင်ဆွဲပြီးတော့ ရွာထဲတရွတ်တိုက်ခေါ်သွားတယ်။ သူအော် လို့ဆိုပြီး ရွာထဲမှာပဲ သူ့ခေါင်းကိုသေနတ်နဲ့တေ့ပြီး ပစ်သတ်လိုက်တယ်။ ကျနော့်အမကို သတ်ပြီးမှ လေးခွင်းကို ဝါးရုံတောထဲခေါ် သွားပြီး သတ်ပစ်လိုက်တာ။”လို့ မနိုဘယ်အေးရဲ့မောင်ဖြစ်သူ ကိုထက်မြက်က ပြောပါတယ်။

ဖမ်းဆီးခံရချိန်မှာ မနိုဘယ်အေးဟာ ထွက်ပြေးဖို့မဖြစ်နိုင်သလို အမျိုးသမီးသားအိမ်ကင်ဆာရောဂါကြောင့် လမ်းမလျှောက်နိုင် လောက်အောင် ကိုက်ခဲတဲ့ဝေဒနာကို အပြင်းအထန်ခံစားနေရသူဖြစ်ပြီးတော်လှန်ရေး ကာလမှာသူခံစားနေရတဲ့ကင်ဆာရောဂါဝေဒနာကို ဆေးမကုအားဘဲ နိုင်ငံရေးအလုပ်တွေကို အင်တိုက်အားတိုက် ဆက် လက်လုပ်ကိုင်နေခဲ့တာလို့ ဆိုပါတယ်။

သူမရဲ့နိုင်ငံရေးမိတ်ဆွေသူငယ်ချင်းတွေက ကင်ဆာရောဂါအတွက် ဆေးကုဖို့ထောက်ပံ့ တဲ့ငွေကြေးတွေကို လည်း ကျန်းမာရေးအတွက်မသုံးဘဲ တော်လှန်ရေးအတွက်သုံးစွဲခဲ့ကာအသက်ကို စတေးပြီး နိုင်ငံအရေး ပြည်သူ့အရေးတွေမှာ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့လို့လည်း မနိုဘယ် အေးကို အာဇာနည်သူရဲကောင်းအမျိုးသမီး လို့ရဲဘော် ဇော်ထွန်းက မှတ်ချက်ပြုတာဖြစ်ပါတယ်။

“သူ့ကျန်းမာရေးကို သိပ်ဂရုမစိုက်ဘူး။ သူ့ကိုယ်သူလည်း ကြာကြာမခံတော့ဘူးလို့ သိနေပုံရတယ်။ ကျန်းမာရေး ကတော့ တော်တော်မကောင်းတာ။ မကောင်းတဲ့ကြားက နိုင်ငံရေးကို ဇွဲကောင်းကောင်းလုပ်တဲ့တကယ့်အာဂ္ဂ အမျိုးသမီးပဲ။”လို့  ဆိုပါတယ်။

သူမဟာ ၉၈ မျိုးဆက်ကျောင်းသူတစ်ဦးဖြစ်ပြီး ၁၉၉၈ မှာတစ်ကြိမ်၊ ၂၀၀၇ မှာ တစ်ကြိမ် နိုင်ငံရေး လှုပ်ရှားမှု ကြောင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ဦးဖြစ်ပါတယ်။

မနိုဘယ်အေး (ခေါ်) မနှင်းမေအောင်ရဲ့ဖခင် ဦးသက်ထွန်းအောင်ဟာ အာဏာရှင်ဦးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီလက်ထက်မှာ တောခိုခဲ့ပြီး နိုင်ငံရေးလှုပ်ရှားခဲ့သူတစ်ယောက်ဖြစ်သလို မိခင်ဖြစ်တဲ့ဒေါ်အေးမြင့် သန်းဟာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တစ်ယောက်ပါ။ မွေးချင်းမောင်နှမလေးယောက် မှာ အကြီးဆုံးသမီးဖြစ်တဲ့သူမဟာ မိဘတွေလိုနိုင်ငံရေးမှာ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်လာခဲ့ပါ တယ်။

မိဘတွေက နိုင်ငံရေးသမားတွေဖြစ်တာကြောင့် သူမတို့မောင်နှမတွေဟာ ကျောင်းတက်စဉ်ကတည်းက ဦးနေ ဝင်း ရဲ့စစ်အစိုးရပစ်မှတ်ထားစောင့်ကြည့်ခံရတာတွေ တွေ့ကြုံရသလို မတရားဖိနှိပ်ခံရတာတွေကိုနည်း မျိုးစုံနဲ့ ကြုံခဲ့ကြရတယ်လို့ဆိုပါတယ်။ 

အထက်တန်းကျောင်းသူဘဝ ဘင်ခရာအဖွဲ့မှာပါတဲ့သူမကို သုဝဏ္ဏကွင်းမှာလုပ်တဲ့ ကျောင်းသား အားကစား ပွဲမှာ ပါဝင်ဖို့ငြင်းဆန်ခဲ့တာကြောင့် အစမ်းစာမေးပွဲ ကျရှုံးရတဲ့ဖြစ်ရပ်တွေလည်း ကြုံခဲ့ရတယ် လို့ မောင်ဖြစ်သူ ကိုထက်မြက်ကပြောပြပါတယ်။

“ငယ်ထဲက အဲ့လိုအနိုင်ကျင့်ခံခဲ့ရတော့ စစ်အာဏာရှင်ကို နာကျဉ်းစိတ်တွေရှိတယ်။ ကျနော့်အမဆိုတက္ကသိုလ် တက်တဲ့အထိပဲ။ အမဆို ၁၀ တန်းအောင်တော့ တက္ကသိုလ်ချက်ခြင်းမတက်ရဘူး။ ၃ နှစ်လောက် နားရတယ်။ ” လို့ ပြောပါတယ်။

အထက်တန်းအောင်ပြီး ဒဂုံတက္ကသိုလ်မှာ ရူပဗေဒမေဂျာနဲ့ ကျောင်းတက်တဲ့အချိန်ဟာ မနိုဘယ်အေးရဲ့နိုင်ငံရေး ခြေလှမ်းအစ လို့ ပြောရမှာပဲဖြစ်ပါတယ်။ သူမဟာ အဲ့ဒီအချိန်ကတည်းက ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်(ABFSU)ရဲ့ ခေါင်းဆောင်တစ်ဦးအနေနဲ့ ပါဝင်ခဲ့ပါတယ်။

တတိယနှစ်ကျောင်းတက်နေစဉ် ကျောင်းသားစည်းရုံးရေးမှူးတစ်ဦးဖြစ်တဲ့သူမဟာ ရန်ကုန်မြို့ မြေအောက် ကျောင်းသားအဖွဲ့အစည်းမှ ကျောင်းသားတွေကိုစည်းရုံးကာ စာစောင်လျှို့ဝှက်ဖြန့်ဝေတာတွေ ပြုလုပ်ခဲ့ပါ တယ်။

အဲ့ဒီအချိန်မှာပဲ သူမရဲ့မိခင်ဖြစ်သူဟာ သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရဲ့ အတွင်းရေး မှူးဖြစ်သလို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကော်မတီ(CRPP)ကို ဖွဲ့စည်းဖို့ထောက်ခံခဲ့သူလည်း ဖြစ်တယ်။

၁၉၉၈ ခုနှစ်မှာ စစ်တပ်က CRPP ဖွဲ့စည်းဖို့လိုလားတဲ့မနိုဘယ်အေးတို့သားအမိတွေကို ဒေါ် အောင်ဆန်းစုကြည် ရေးတဲ့ကြောက်ရွံ့ခြင်းမှကင်းဝေးခြင်းစာအုပ်ကို အကြောင်းပြုပြီး ရှာဖွေဖမ်းဆီးမှုလုပ်ခဲ့ပါတယ်။ 

“အမေက ရွှေတွေရောင်းပြီး စာအုပ်တွေဝယ်ထားတာ။ အဲ့ထဲက တန်ဖိုးကြီးစာအုပ်တွေရွေးသိမ်းသွားတယ်။ အမေ့ကိုဖမ်း သွားပြီး ၇ ရက်ပဲခြားတယ်။ မကြီးကိုထပ်ဖမ်းသွားတယ်။”လို့ ကိုထက်မြက်က ပြောပါတယ်။

မနိုဘယ်အေးကို ကျောင်းသားတွေကို စည်းရုံးတာ စာတွေဖြန့်ဝေတဲ့ကိစ္စအပြင် CRPP ထောက်ခံသူဖြစ်တာ ကြောင့် ၅(ည) ၊ ပြည်ပအဖွဲ့တွေနဲ့ ဆက်သွယ်မှု စတာတွေနဲ့ အပြစ်ရှာပြီး ထောင်ဒဏ် ၄၂ နှစ်ချမှတ်ခံခဲ့ရပြီး သူမရဲ့မိခင်ကတော့ ထောင်ဒဏ် ၂၁ နှစ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

စစ်တပ်ကဖမ်းသွားပြီး သတင်းမရ၊ ဘာမရနဲ့ ၂ လလောက်ကြာမှ အင်းစိန်ထောင်ရောက်နေတယ်ဆိုတာကို မိသားစုဝင် တွေသိခဲ့ရတာဖြစ်သလို စသိတဲ့အချိန်ထောင်ဝင်စာတွေ့ခွင့်မရပဲတပတ်အကြာမှ ထောင်ဝင်စာ ပို့ခွင့်ရခဲ့တယ်လို့ဆိုပါတယ်။

အင်းစိန်ကနေ ထောင်ရွှေ့တော့ မနိုဘယ်အေးက မြင်းခြံထောင်ရောက်သွားပြီး သူမမိခင်ကတော့ မြောင်းမြ ထောင် ကို ရောက်သွားခဲ့တဲ့အတွက် မိသားစုဝင်တွေအနေနဲ့ ထောင်ဝင်စာပို့ဖို့ အခက်အခဲတွေရှိခဲ့ကြ တယ်လို့ ဆိုပါတယ်။အဲ့ဒီနောက်မြောင်းမြထောင်မှာရောက်နေတဲ့ မိခင် နာမကျန်းဖြစ်လာတာကြောင့် ထောင်ပိုင် ကိုသွား ရောက်ပြုစု ဖို့ခွင့်တောင်းခဲ့တဲ့အတွက် ပြောင်းရွှေ့ခွင့်ပေးခဲ့လို့ ထောင်တစ်ခုထဲဖြစ်သွားခဲ့တာ လို့ဆိုပါ တယ်။

ထောင်ထဲမှာ ၇ နှစ်လောက်နေပြီးတော့ ၂၀၀၅ ခုနှစ် ဇူလိုင်လ ၆ ရက်မှာ မနိုဘယ်အေးတို့သားအမိလွတ်ငြိမ်း ချမ်းသာင့်နဲ့လွတ်မြောက်ခဲ့ပြီးလွတ်မြောက်လာတဲ့အခါမှာတက္ကသိုလ် တက်ရောက်ခွင့် မရသလို နိုင်ငံသား မှတ်ပုံ တင်လည်း ပြန်လည် ထုတ်ပေးတာမျိုးမရှိခဲ့တဲ့အတွက်ခရီးသွားလာတာဖြစ်ဖြစ်၊ ဘဝ ရပ်တည်ရေးအတွက် အလုပ်ရှာတဲ့အခါမှာဖြစ်ဖြစ် များစွာအခက်အခဲတွေကြုံခဲ့ရတယ်လို့ပြောပါတယ်။

သူမကတော့ကြုံရတဲ့အခက်အခဲတွေအပေါ်မှာ စိတ်ပျက်အားလျော့သွားတာမျိုးမရှိဘဲ နိုင်ငံရေး ဆက်လက်လုပ် နေခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေကိုကျောင်းနဲ့စာအုပ်တွေအခမဲ့လေ့လာခွင့်ပေးထားတဲ့ အမေရိကန်စင်တာမှာ အင်္ဂလိပ်စာလေ့လာသင်ယူခဲ့တယ်လို့ ဆိုပါတယ်။

ဆင်းရဲနွမ်းပါးတဲ့ကလေးတွေကို အိမ်ခေါပြီးစာသင်ပြန်သင်ပေးခဲ့ပြီး၂၀၀၆ ခုနှစ်မှာတော့ ကလေးဂျာနယ်တစ်ခု မှာ အယ်ဒီတာအဖြစ်လုပ်ကိုင်ခဲ့ရာမှ ခင်ပွန်းသည်ဖြစ်တဲ့ ကိုတင်အေးနဲ့စတင်စုံစည်းခဲ့တာလို့ဆိုပါတယ်။

လစဉ်ထုတ် မဂ္ဂဇင်းတစ်ခုမှာ ဝန်ထမ်းတစ်ဦးအနေနဲ့ ဘဝကိုရုန်းကန်ရင်း စစ်ထောက်လှန်းရေးတွေရဲ့ခြိမ်း ခြောက်စောင့်ကြည့်တာတွေကိုရင်ဆိုင်ခဲ့ရပေမယ့်ဂရုမစိုက်ပဲ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှာ အဖွဲ့ဝင်တစ်ဦး အဖြစ်ဝင်ရောက်လုပ်ခဲ့ပြီး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးအတွက် ဆက်လက် လုပ်ဆောင်နေခဲ့တာလို့ဆို ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ခေါင်းဆောင် ဦးကြည်မောင်ရဲ့ကွယ်လွန်ခြင်းအတွက် ဗဟန်းမြို့နယ် တာမွေမြို့သို့ လမ်းလျှောက်ရာမှာလည်း သူမပါဝင်ခဲ့သလို၈၈ မျိုးဆက်ကျောင်းသားတွေ တနင်္ဂနွေနေ့တိုင်း အဖြူရောင်အဝတ်အစားတွေဝတ်ဆင်ပြီး နိုင်ငံရေးအကျဉ်းသားတွေရဲ့မိသားစု ၁၀၀ ဦးကို သွားရောက်တွေ့ ဆုံ ထောက်ပံ့တဲ့“White Sunday” လှုပ်ရှားမှုမှာလည်း သူမပါဝင်ခဲ့ပါတယ်။

ရွှေဝါရောင်တော်လှန်ရေးမဖြစ်လာသေးတဲ့အချိန် ၂၀၀၇ ခုနှစ် သြဂုတ်လအတွင်းမှာ လောင်စာဆီဈေး နှုန်းအဆ မတန် မြင့်တက်မှု ကြောင့် ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ တခြားတက်ကြွလှုပ်ရှားတဲ့သူတွေစုပေါင်းပြီး လူ ၄၀၀ ကျော်ချီတက်ဆန္ဒပြခဲ့ကြသလိုအဲ့ဒီလိုဆန္ဒပြပြီး ၄ ရက်မြောက်နေ့ ညသန်းခေါင်အချိန်မှာသူမရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်းခံရပြီးထပ်မံဖမ်းဆီးခံခဲ့ရပါတယ်။ ဒီတစ်ကြိမ်မှာလည်းသူမဟာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံခဲ့ ရပါတယ်။

အကျဉ်းကျနေချိန် ၂၀၀၈ ခုနှစ်အောက်တိုဘာလမှာ အမေရိကန်နိုင်ငံက မနိုဘယ်အေးအပါအဝင် ၈၈ မျိုး ဆက် ကျောင်းသားအယောက် ၃၀ ကျော်စုပေါင်းပြီး “၂၀၀၈ ခုနှစ် သမ္မတရဲ့နိုင်ငံတကာ ဒီမိုကရေစီဆု”ကို ချီးမြှင့်တာခံ ခဲ့ရပါတယ်။

၂၀၀၉ ခုနှစ် ဧပြီလ ၇ ရက်မှာလည်း သူမဟာ အီတလီနိုင်ငံ၊ ဗီလာဆန်တာမြို့ရဲ့ဂုဏ်ထူး ဆောင်နိုင်ငံသားဆုရရှိ ခဲ့ပါတယ်။ ဒီတကြိမ်မှာလည်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ သူမပြန်လွတ်ခဲ့ပါတယ်။

ထောင်ကလွတ်တာနဲ့ ထိုင်းနိုင်ငံ၊ မဲဆောက်ကိုထွက်သွားပြီးခင်ပွန်းဖြစ်တဲ့ကိုတင်အေးနဲ့ လက်ထပ်ခဲ့ပါတယ်။ အိမ်ထောင်ကျသွားလည်း သူမက နိုင်ငံရေးကို ပုံစံမျိုးစုံနဲ့ဆက်လုပ်ဆောင်နေခဲ့တာပါ။ ဒါပေမဲ့ အဲ့ဒီအချိန်က တည်းက သူမဟာ သားအိမ်ကင်ဆာရောဂါကို ခံစားနေရတာဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း(AAPP)ရဲ့နှစ်သိမ့်ဆွေးနွေးရေး အခန်း ကဏ္ဍမှာ ဝင်ရောက်လုပ်ကိုင်ရင်း မြေအောက်တော်လှန်ရေးလှုပ်ရှားမှုတွေမှာလည်းပါဝင်နေခဲ့သူ ဖြစ်ပါ တယ်။  ၂၀၁၁ ခုနှစ် ဝန်းကျင်မှာ မြန်မာပြည်ထဲ သူမပြန်ဝင်လာခဲ့ပြီးနောက် ရွေးကောက်ပွဲမှာမနိုဘယ်အေး က လူ့ဘောင် သစ် ဒီမိုကရက် တစ်ပါတီ(DPNS)မှာ ဝင်ရောက် တာဝန်ထမ်းဆောင်ပြီး ပါတီရဲ့စည်းရုံးရေးလုပ်ငန်း စဉ် နဲ့ ကြေးနီတောင်စီမံကိန်းကိစ္စတွေမှာ ပါဝင်လုပ်ကိုင်ခဲ့တယ်လို့ဆိုပါတယ်။

သူမဟာကိုဗစ် – 19 ကပ်ရောဂါကာလမှာလည်း လူမှုကူညီရေးလုပ်ငန်းတွေကိုလုပ်ဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေးမှာလည်းရှေ့ဆုံးကနေ ပါ၀င်လှုပ်ရှားခဲ့သူဖြစ်တယ်လို့ သူမနဲ့ နီးစပ်သူတွေ ကပြောပါတယ်

၂၀၂၁ ခုနှစ်မှာစစ်တပ်က နိုင်ငံတော်အာဏာကို မတရားသိမ်းယူလိုက်တော့ လူထုအုံကြွမှုကြီးဖြစ်လာခဲ့ပါတယ်။ အဲ့ဒီ ဆန္ဒပြမှုတွေမှာ မနိုဘယ်အေးဟာ စစ်ကြောင်းဦးဆောင်သူတစ်ဦးဖြစ်သလို စစ်အာဏာရှင် စနစ်တိုက်ဖျက် ရေး အထွေထွေသပိတ်ကော်မတီမှာလည်း ဘဏ္ဍာရေးမှူးအဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။

ဆန္ဒပြရင်း သူမကို စစ်တပ်က ၂၄ နာရီနီးပါး ဖမ်းဆီးတာမျိုးရှိခဲ့လည်းပြန်လွတ်လာတာနဲ့ဆန္ဒပြတာတွေကိုဆက် လက်လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ ၆ လနီးပါး ဆက်တိုက် ဆန္ဒပြတာတွေလုပ်ရင်း ဖမ်းဆီးသတ်ဖြတ်မှုတွေ ပြင်း ထန်လာတော့ ကျောင်းသားလူငယ်တချို့နဲ့ အတူတောခိုခဲ့ပြီး အာဏာရှင်ကို လက်နက်ကိုင်တိုက်ခိုက်ဖို့ ဒေါင်း မင်းစစ်ကြောင်းထဲ ဝင်ရောက်ခဲ့တယ်လို့ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ဒေါင်းမင်းစစ်ကြောင်းကတပ်မဟာ ၆ နဲ့တပ်မဟာ ၃ မှာ တစ်ခုစီရှိနေတာ ဖြစ်သလို သူမက အဲ့ဒီစစ်ကြောင်းတွေအပြင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရဲ့အညာစစ်ကြောင်း တာဝန်ခံတစ်ဦး အဖြစ်တာဝန်ယူထားပြီးစစ်ကြောင်း သုံးခုအတွက် လက်နက်လိုအပ်ချက်ကို ဖြည့်ပေးနေရသူဖြစ်တဲ့အတွက် တပ်မဟာ ၆၊ တပ်မဟာ ၃ နဲ့ ကနီစစ်ကြောင်းတွေကိုသွားလိုက်လာလိုက်လုပ်နေရတာလို့ဆိုပါတယ်။

“သူမက ကာကွယ်ရေးတပ်တွေအတွက် လက်နက်တွေဝယ်ပေးရတယ်။ သယ်ပေးရတာပေါ့။”လို့ ရဲဘော်ဇော် ထွန်းက ပြော ပါတယ်။အဲ့ဒီလိုလက်နက်သယ်ယူနေစဉ်အတွင်း ပဲခူးတိုင်း၊ ညောင်ခါးရှည်ဂိတ်မှာ ဟိုင်းလတ် ယာဉ်နဲ့လာစဉ် စစ်တပ်က ဖမ်းဆီးတာကို ခံလိုက်ရပြီး ဘုရားကြီး စစ်ကြောရေးထဲမှာ ၁၀ ရက်ကျော်ကြာဖမ်း ဆီးစစ်ဆေးခံခဲ့ရပါတယ်။

ဖမ်းဆီးသွားတာကို တရားဝင်သတင်းမထုတ်ပြန်ဘဲ စနိုက်ပါ ၁ လက်၊ M16 သေနတ် ၁ လက်၊ ပစ္စတို ၁ လက်၊ ကျည်အိမ် ၅ ခု၊ ကျည် ၂၉၀၀ တောင့်၊ ယမ်းပျော့ ၆ ကီလိုဂရမ်ကို သိမ်းဆည်းရမိကြောင်း စစ်တပ်ရဲ့ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တခုမှာ ဖော်ပြခဲ့တာပါ။

“လက်နက်တွေပါတဲ့ဟိုင်းလတ်ကားကို ရှေ့မှာဖမ်းထားပြီးတော့ နောက်က လိုင်းကား(BUS)ပေါ်မှာ ပါတဲ့မနို ဘယ်အေး တို့ကို လက်နက်နဲ့မိတယ်ဆိုပြီး တွဲဖမ်းလိုက်တာ”လို့ ကိုထက်မြက်က ဖြစ်စဉ်ကိုရှင်းပြပါတယ်။

ရဲဘော် ဇော်ထွန်းက“လက်နက်သယ်တာတော့ ဟုတ်လိမ့်မယ်။ ဒါပေမဲ့ လူနဲ့ လက်နက်နဲ့တွဲမိတဲ့အပေါ်မှာတော့ ကျနော် သံသဃဖြစ်တယ်။ ဘာလို့ဆို ကျနော်တို့က ဒီဘက်မှာငွေရှာပေးရတဲ့သူဆိုတော့ အဲ့လောက်အများကြီး မဝယ်နိုင်ဘူးလေ။ နောက်သူလည်း လူနဲ့တွဲသယ်တာလည်းမဖြစ်နိုင်ဘူး။”လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မနိုဘယ်အေးကို ဖမ်းဆီးခေါ်သွားစဉ်ကလည်း သတင်းထုတ်ပြန်တာမရှိသလို သေဆုံး သွားတာလည်း မိသားစုကို အခုထိအကြောင်းကြားတာမျိုးမရှိဘူးလို့သိရပါတယ်။

“လမ်းတောင်မလျှောက်နိုင်တဲ့သူကို လူမြင်ကွင်းကြားမှာ ပစ်သတ်တယ်ဆိုတာဟာ လူတွေကို အကြောက်တရား လွှမ်းမိုးအောင်လုပ်တာ။ နောက် ကျနော်တို့မိသားစုကို အခုထိအကြောင်းမကြားသေးတာဟာ လူ့အခွင့် အရေးချိုးဖောက် တာပဲ။”လို့ မနိုဘယ်အေးရဲ့မောင်ဖြစ်သူကိုထက်မြက်က ပြောပါတယ်။

အခုလိုအခြေအနေတွေကြောင့် တော်လှန်ရေး သုံးနှစ်တာကာလအတွင်း စစ်တပ်ရဲ့မတရားဖမ်းဆီးသတ်ဖြတ် တာတွေ ကြောင့် ကျဆုံးခဲ့ရတဲ့အမျိုးသမီးဦးရေဟာ ၈၁၀ ဦးရှိတယ်လို့  နိုင်ငံရေးအကျဉ်းသားများကူညီစောင့် ရှောက်ရေးအသင်း (AAPP)က မတ်လ ၂ ရက်နေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

“ထွက်ပြေးလို့ ပစ်သတ်လိုက်တယ်ဆိုရင်တောင် သေဆုံးတဲ့ရုပ်အလောင်းဖြစ်ဖြစ်၊ ဓါတ်ပုံဖြစ်ဖြစ် မိသားစုဝင် တွေကို ပေးအပ်အကြောင်းကြားရမှာဖြစ်ပါတယ်။ သတင်းလည်း မထုတ်ပြန်၊ အကြောင်းလည်း မကြားတဲ့ အပြင် မနိုဘယ်အေးတို့နှစ်ဦး ပစ်သတ်ခံရတာဟာ သတင်းအမှား သာဖြစ်တယ်”လို့ စစ်တပ်ရဲ့ပဲခူးတိုင်းပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးတင်ဦးက ငြင်းဆိုထားတယ်လို့ RFA ရဲ့သတင်းမှာဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလမှာ အာဏာသိမ်းစစ်တပ်ဟာ အမျိုးသမီးတွေကို ပစ်မှတ်ထားပြီး မတရားဖမ်းဆီး သတ်ဖြတ်တာ အဓမ္မပြုကျင့်တာစတဲ့အရက်စက်ဆုံးနည်းလမ်းတွေနဲ့ ဖိနှိမ်ထားပေမယ့် အမျိုးသမီးတွေရဲ့ တော်လှန်ရေးမှာပါဝင်မှု အရှိန် အဟုန်ကတော့ လျော့မသွားခဲ့ပါဘူး။

ဒါနဲ့ပတ်သက်လို့ နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ဦးဖြစ်တဲ့ မနီကလည်း “နိုဘယ်အေးကျသွားရင် သူ့ လိုအမျိုး သမီး သူရဲကောင်းနေရာအနှံ အမြောက်အများထပ်ပေါ်နေဦးမှာပဲ။”လို့  မှတ်ချက်ပြုခဲ့ပါတယ်။

Author:

Related Articles