Home ဆောင်းပါး ကျားမတန်းတူရေးနဲ့ အမျိုးသမီးသင်းအုပ်ဖြစ်ခွင့်

ကျားမတန်းတူရေးနဲ့ အမျိုးသမီးသင်းအုပ်ဖြစ်ခွင့်

ဒေဝီ။ ။

အမျိုးသမီးဓမ္မအမှုတော်ဆောင်တွေကို သင်းအုပ်အရာသိက္ခာတင်ခွင့် (Ordination)ပေးရေး ထောက်ခံနှိုးဆော်တဲ့ ကမ်ပိန်းကို မတ်လဒုတိယပတ်ကစပြီး အမျိုးသမီးဓမ္မအမှုတော်ဆောင်တွေနဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက ထောက်ခံခဲ့ရာက လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)မှာ အမျိုးသမီးဓမ္မအမှုတော်ဆောင်တွေက အမျိုးသမီးဖြစ်ခြင်းကြောင့် ခွဲခြား ခံရပြီးသင်းအုပ်ဖြစ်ခွင့်မရတဲ့အတွက် အမျိုးသမီးဓမ္မအမှုတော်ဆောင်တွေကို သင်းအုပ်အရာ သိက္ခာတင်ခွင့် (Ordination) ပေးဖို့အတွက် အမျိုးသမီးဓမ္မအမှုတော်ဆောင်တွေ၊ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေနဲ့ ကချင်လူမှု အသိုင်းအဝန်းက သူတွေက ထောက်ခံနှိုးဆော်ကြတဲ့ကမ်ပိန်းတစ်ခုပဲဖြစ်ပါတယ်။

#WeSupportWomenOrdinationInKBC ဆိုတဲ့ စာသားနဲ့အတူ မိမိဓာတ်ပုံကိုတင်ကာ အမျိုးသမီးဓမ္မ အမှုတော်ဆောင် တွေကို သင်းအုပ်အရာ သိက္ခာတင်ခွင့်(Ordination)ပေးအပ်ဖို့ ထောက်ခံနှိုးဆော်တာဖြစ်ပြီး ကန့်ကွက်မှု၊ ထောက်ခံမှု တွေကလည်း ညံလာခဲ့တယ်။

ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC)မှာ ဘုရားသခင်ထံဆပ်ကပ်ပြီး အလုပ်အကျွေးပြုနေတဲ့ အမျိုးသမီး ဓမ္မအမှု တော်ဆောင်တွေကို အမျိုးသမီးဖြစ်ခြင်းဆိုတဲ့ ကန့်သတ်ခွဲခြားမှုတွေနဲ့ သင်းအုပ်အရာ သိက္ခာတင်ခွင့်(Ordination) ဖြစ်ခွင့် မပေးတာ‌ကြောင့် ယင်းနေရာကို အမျိုးသမီးဓမ္မအမှုတော်ဆောင်တွေ ပေးရေးဆိုတဲ့အသံက ကချင်နှစ်ခြင်းခရစ်ယာန်နဲ့ ကချင်လူမှုအသိုင်းအဝန်းကြားမှာ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာခဲ့ပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)မှာ အမျိုးသမီးဓမ္မအမှုတော်ဆောင်တွေကို သင်းအုပ်အရာ သိက္ခာတင်ခွင့် (Ordination) ဖြစ်ခွင့်မပေးတာက အသင်းတော်မှာ နှစ်အတန်ကြာ လိပ်ခဲတည်းလည်းဖြစ်နေတဲ့ ကိစ္စရပ်တစ်ခုလို့ ကချင် လူမှုအသိုင်းအဝန်းကလည်းဆိုပါတယ်။

အခြားတိုင်းရင်းသား မျိုးနွယ်စုတွေဖြစ်တဲ့ ကရင်၊ ချင်း၊ ရှမ်း၊ အခါ စတဲ့ နှစ်ခြင်းခရစ်ယာန်အသင်းတော်တွေမှာ အမျိုး သမီးသိက္ခာတော်ရ ဆရာမတွေ၊ သင်းအုပ်တွေ ရှိလာပြီဖြစ်ပေမဲ့ ကချင်နှစ်ခြင်းခရစ်ယာန်မှာတော့ အမျိုးသမီးဓမ္မ အမှု တော်ဆောင်တွေဟာ အမျိုးသမီးဖြစ်တဲ့အတွက် ယင်းနေရာနဲ့မသင့်တော်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ခွဲခြား ခံထားရပြီး သိက္ခာတင်ခွင့်မရ (သင်းအုပ်ဖြစ်ခွင့်မရ) ရှိနေဆဲဖြစ်တယ်လို့ ဆိုကြပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)မှာ အမျိုးသမီး ဓမ္မအမှုတော်ဆောင်တွေကအရည်အချင်းပြည့်မီစွာနဲ့ သင်းအုပ် အရာသိက္ခာတင်ခွင့် (Ordination)အဖြစ် တက်လှမ်းနိုင်ပေမယ့်လည်း အမျိုးသမီးဖြစ်ခြင်းဆိုတဲ့ အကြောင်းပြချက် တစ်ခု တည်းနဲ့ ကန့်သတ်ထားခြင်းခံနေရပါတယ်။

ဘုရားအမှုတော်ဆောင်ဖို့ အမျိုးသား၊အမျိုးသမီး အတူတူ ကျမ်းစာသင်ကျောင်းတက်ရောက်ကာ၊ ပညာတစ်ခုတည်းကိုပဲ သင်ကြားခဲ့ပြီး ဘုရားအမှုတော်ဆောင်တာခြင်းတူပေမယ့် အမျိုးသားတွေကသာ သင်းအုပ်အရာသိက္ခာတင်ခွင့် နေရာကို ခန့်အပ်ခံရပြီး အမျိုးသမီးတွေမှာတော့ ကလေးတွေစာသင်တာ၊ အခြားဝေယျဝစ္စလုပ်ကိုင် စီမံခန့်ခွဲရတာတွေနဲ့ အရေး ကြီးတဲ့ဆုံးဖြတ်ချက်ချခွင့်မရှိတဲ့နေရာတွေမှာသာ နေရပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ရဲ့ သင်းအုပ်အရာ သိက္ခာတင်ခွင့် (Ordination) ဖြစ်ခွင့်ရခြင်းက အသင်းတော် ကနေ သဘောတူညီပြီး တင်မြှောက်တဲ့အရာ ဖြစ်သော်ငြားလည်း စည်းမျဉ်းအသုံးအနှုန်းမှာ ဓမ္မအမှုတော်ဆောင် အမျိုး သားဆိုပြီး ဖော်ပြထားတဲ့အတွက် စကားလုံးအသုံးအနှုန်းမှာတင် ခွဲခြားရာရောက်တယ်လို့ ယင်းတို့က ဆိုပါတယ်။

ဒါ့အပြင် သခင်ယေရှုကအမျိုးသားဖြစ်တဲ့အတွက် ဘာသာရေးအရ အရေးကြီးတဲ့နေရာတွေမှာ အမျိုးသမီးတွေက မသင့် တော်တာ၊ဓမ္မကျမ်းစာမှာလည်း အမျိုးသမီးတွေက အမျိုးသားတွေအောက်မှာနေရမယ်ဆိုတဲ့ အချက်ကိုကိုင်စွဲလို့ သင်းအုပ် အဖြစ်ခွင့်မပြုတာ၊ အမျိုးသမီးတွေ ဓမ္မတာလာမှုကို မသန့်ရှင်းတာလို့ယူဆတာ၊ ကိုယ်ဝန်ရှိချိန် လက်တင်ကောင်းချီးမဂ်လာ ပြုလို့ရလားဆိုတဲ့ အယူအဆတွေနဲ့ အမျိုးသမီးဓမ္မ အမှုတော်ဆောင်တွေကို သင်းအုပ်ဖြစ်ခွင့် ကန့်သတ်ထားတာပါ။

သင်းအုပ်အရာသိက္ခာတင်ခွင့်(Ordination) အဖြစ်သတ်မှတ်ဖို့ ဓမ္မစာပေတွေသင်ကြားရာ ကျမ်းစာသင်တန်း တက်ရောက် ပြီးနောက် သက်ဆိုင်ရာ ဘုရားကျောင်းတွေမှာ ဓမ္မအမှုတော်ဆောင်တဲ့ သက်တမ်းအနည်းဆုံး ခုနစ်နှစ်ရှိပြီးမှ သင်းအုပ် အဖြစ် ရွေးချယ်တင်မြှောက်ခွင့်ရတာဖြစ်ပြီး ဒီလိုအတွေ့အကြုံအရည်အချင်းရှိတဲ့ အမျိုးသမီးဓမ္မအမှုတော်ဆောင်တွေ လည်း ကချင်နှစ်ခြင်းခရစ်ယာန်အသင်းမှာ အများအပြားရှိတယ်လို့ ကချင်လူမှုအသိုင်းအဝန်းကဆိုပါတယ်။

အခြားသော တိုင်းရင်းသားတွေရဲ့အသင်းတော်တွေမှာ အမျိုးသမီးသင်းအုပ်တွေရှိပေမယ့်လည်း ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်မှာ အမျိုးသမီးသိက္ခာတော်ရတစ်ဦးမှ မရှိသေးဘဲ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက အတွေးအခေါ်တွေနဲ့ အမျိုးသမီး ဓမ္မအမှုတော်ဆောင်တွေကို ခွဲခြားဖိနှိပ်ထားတာလို့ အမျိုးသမီးအခွင့်အရေး ကာကွယ်စောင့်ရှောက်သူတစ်ဦးဖြစ်တဲ့ နန်ပူ က ပြောပါတယ်။

အမျိုးသမီးတွေက ဓမ္မတာလာတဲ့အတွက် မသန့်ရှင်းဘူး၊ ရေနှစ်ခြင်းပေးရင် ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့ ပြောဆိုမှုတွေ၊ ကိုယ်ဝန်ဆောင်တဲ့အခါလည်း မသန့်ရှင်းတဲ့အတွက် ဘယ်လိုကောင်းချီးပေးမလဲဆိုတဲ့ အယူအဆတွေ၊ ဒီအမျိုးသမီး တွေရဲ့ ကောင်းချီးပေးမှုကိုမခံယူချင်ဘူးဆိုတဲ့တွေးခေါ်မှုတွေလည်း ရှိကြတယ်လို့ဆိုတယ်၊

” ဘုရားက လူသားကိုဖန်ဆင်းတဲ့အခါ လူမိန်းမကို ဓမ္မတာလာဖို့ ၊ဓမ္မတာလာမှ ကျန်းမာပြီး ဘုရားတာဝန်ပေးတဲ့ မွေးဖွား ခြင်းတာဝန်ကို ထမ်းဆောင်နိုင်ခြင်းက မွန်မြတ်တဲ့ကိစ္စတစ်ခုဖြစ်တဲ့အတွက် ဘုရားရှေမှာ သန်ရှင်းတာတင်မကဘူး လှပ တင့်တယ်တာ။ လူ‌ယောကျ်ားကို ဒီတာဝန်မပေးပဲ လူမိန်းမကိုဘဲပေးတာဟာ အထူးပြုတန်ဖိုးထားတာ”လို့ နန်ပူဆိုတယ်။

ဒီလိုခွဲခြားမှုတွေက ကချင်လူမျိုးတွေရဲ့ အမျိုးသမီးတွေကို ဖိနှိပ်ထားတဲ့ ရိုးရာအစွဲတွေဖြစ်ပြီး အကျိုးမပြုတော့တဲ့ ရိုးရာ ဓလေ့တွေကို ကျင့်သုံးရမှာ မဟုတ်သလို ပိုအကျိုးရှိစေဖို့ ပြုပြင်သင့်ရင် ပြုပြင်ရမယ်လို့ နန်ပူကပြောတယ်။

” နှစ်တွေအများကြီး သုတေတနတွေ ကျမ်းစာတွေက အမျိုးသမီးကို ordination မပေးရဘူးလို့ ဆိုထားတာမရှိဘူး။ အချက်အလက်တွေလည်းအမျာကြီးရှိတယ်၊ ကမ္ဘာ့နိုင်ငံတွေမှာ အမျိုးသမီးတွေကို ordination ပေးနေတာ နှစ်ရာထောင်ချီ ကြာပြီ။ မြန်မာနိုင်ငံမှာလည်းအခြား ခရစ်ယာန်အဖွဲ့ချုပ် Conventionတွေက ပေးနေတာ နှစ်ဆယ်ချီကြာပြီ၊ ကချင်မှာက ဇီးရိုးတောင်မကွဲသေးဘူး။”လို့ နန်ပူက‌ပြောပါတယ်။

ကချင်လူမှုအသိုင်းအဝန်းမှာ ဖိုဝါဒကြီးစိုးမှုနဲ့အတူ အမျိုးသမီးဓမ္မအမှုတော်ဆောင်တွေကို သင်းအုပ်အရာ သိက္ခာတင်ခွင့် (Ordination)ဖြစ်ခွင့်ပေးရေး ကိစ္စမှာလည်း အိမ်တွင်းရေးပြသနာတစ်ခုအဖြစ် နှစ်ပေါင်းများစွာချောင်ထိုးခံထားရတာလို့ အမျိုးသမီးအခွင့်အရေးကာကွယ်စောင့်ရှောက်သူ ‌ဒေါ်မေစပယ်ဖြူကပြောပါတယ်။

အမျိုးသမီး ဓမ္မအမှုတော်ဆောင်တွေက အမျိုးသမီးသိက္ခာတော်ရ ဖြစ်ခွင့်ရဖို့ အသင်းတော်မှာတင်ပြဆွေးနွေးတဲ့အခါတိုင်း လျစ်လျူရှုခြင်းခံရသလို အမျိုးသမီးဓမ္မအမှုတော်ဆောင်တွေနဲ့ အမျိုးသမီးအခွင့်အရေး လုပ်ဆောင်သူတွေ အချင်းချင်း ကြား အမြဲတစ်စေ ပြောဆိုဆွေးနွေးရတဲ့ ကိစ္စရပ်တစ်ခုဖြစ်ခဲ့တယ်လို့ ဆက်ပြောပါတယ်။

” ဒါကိုတင်ပြတဲ့အခါတိုင်း အခုချိန်မှာ ရှေ့တန်းတင်ပြီးဆွေး‌နွေးလို့ရမယ့်ကိစ္စတွေမဟုတ်သေးဘူး၊ စစ်ပြီးတဲ့အခါ ကျားမ တန်းတူ အခွင့်အရေးတွေရတဲ့အခါ ဒါကကျွဲကူးရေပါ‌ပေါ့၊ သူ့အလိုလို ပြေလည်သွားမှာ၊ ဒါက အိမ်တွင်းရေးပြသနာ၊ကချင် လူမှု့အသိုင်းအဝိုင်းထဲက လူမှုပြသနာပဲဖြစ်တယ်၊ တခြားသူတွေသိအောင်ပြောရမယ်ပြသနာမဟုတ်ဘူး ဆိုတာမျိုးနဲ့ပဲ နောက်တန်းကို ပို့ထားခြင်းခံရတယ်”လို့ ဒေါ်မေစပယ်ဖြူကပြောပါတယ်၊

ဒါ့အပြင် အိမ်တွင်းရေးပြသနာကို အပြင်ကိုထုတ်ဖော်ပြီး ဖိအားပေးဖို့ ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲချက်တွေ၊ အမျိုးသမီး ဓမ္မအမှုတော်ဆောင်တွေနဲ့ကမ်းပိန်းပြုလုပ်သူတွေကို လိင်ပိုင်းဆိုင်ရာပြောဆိုနှောင့်ယှက်မှုတွေလည်း ကြုံရတယ်လို့ ကမ်ပိန်းမှာပါဝင်သူတွေကပြောပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)က ကိုယ်စားလှယ် ၂၅၀ဦး၊ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ သတ်မှတ်နယ်မြေအဖွဲ့ အစည်း ၁၅ခုရှိ ‌ဒေသခံ အသင်းတော်အဖွဲ့၃၈၄ခုနဲ့ ဖွဲ့စည်းထားတာပါ။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဟာ ဘာသာရေးအသင်းအဖွဲ့တစ်ခုဖြစ်တယ်ဆိုပေမယ့် လူသားချင်းစာနာ ထောက်ထားမှုလုပ်ငန်းတွေအပြင် အခြားလူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူထုဖွံ့ဖြိုးမှု အကျိုးပြုလုပ်ငန်းတွေများစွာကို လုပ်ဆောင်နေသလို ကချင်ပြည်သူလူထုအပေါ် နိုင်ငံရေးအရ သြဇာတိက္ကမကြီးမားပါတယ်။

သင်းအုပ်အရာခန့်ထားခြင်းအပါအဝင် အဖွဲ့ချုပ်အတွင်းမှာ အရေးပါတဲ့ဆုံးဖြတ်ချက် ချမှတ်တဲ့ရာထူးနေရာတွေကို အသင်း သူ၊သားများ ဇုံနယ်၊ခရိုင်အဆင့်ဆင့်ရွေးကောက် တင်မြှောက်တဲ့စနစ်နဲ့ မဲပေးရွေးချယ်ခန့်ထားမှု ပြုလုပ်လေ့ရှိပါတယ်။

အသင်းသူ၊သားများမှ မဲပေးရွေးချယ်တင်မြှောက်တယ်ဆိုပေမယ့်လည်း KBCကအလုပ်အမှုဆောင်(EC)မှာ အဓိက ပါဝင် ခွင့်ရသူတွေဟာ သိက္ခာတော်ရသင်းအုပ်များသာဖြစ်ကြတာမို့ အမျိုးသမီးဓမ္မအမှုတော်ဆောင်တွေဟာ အရေးပါတဲ့ ဆုံးဖြတ်ချက်ချမှတ်နိုင်ဖို့ အခွင့်အရေးမရှိသလိုဖြစ်နေပြီး အဖွဲ့ချုပ်ရဲ့မူဝါဒနဲ့ဖွဲ့စည်းပုံအရကို အမျိုးသမီးတွေဟာ အရေး ကြီးဆုံးဖြတ်ချက်တွေကို ချမှတ်နေတဲ့နေရာ၊ ရာထူးတွေကို တာဝန်ယူဖို့အခွင့်အရေးမရရှိကြဘူးလို့ ဒေါ်မေစပယ်ဖြူက ဆိုတယ်။

” များသောအားဖြင့် ကချင်လူမှုအသိုင်းအဝိုင်းကိုက ဖိုဝါဒီကြီးစိုးတယ်၊ အမျိုးသမီးတွေမလို့ ဆုံးဖြတ်ချက်ချနိုင်တဲ့ နေရာ တွေမှာ ပါဝင်ဆွေးနွေးရင် အမှားပါတတ်တယ်၊ ကြက်မတွန်လို့မိုးမလင်းဘူး။ အမျိုးသမီးတွေက ပံ့ပိုးကူညီပေးတဲ့ နေရာ တွေကပဲ ပါဝင်သင့်တယ်ဆိုတဲ့ Negative အမြင်တွေက လူထုကြားမှာကို တော်တော်လေးကို ရှိနေသေးတာ” လို့ ဒေါ် မေစပယ်ဖြူက ပြောပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) အပါအဝင် တိုင်းရင်းသာမျိုးနွယ်စု နှစ်ခြင်းခရစ်ယာန်အသင်းတော်တွေက မြန်မာ နိုင်ငံနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ရဲ့လက်အောက်မှာ တိုင်းရင်းသားမျိုးနွယ်အလိုက် အဖွဲ့ချုပ်အသင်းတော်တွေရှိပြီး အခြား အသင်းတော်တွေမှာ အမျိုးသမီးဓမ္မအမှုတော်ဆောင်တွေကိုသင်းအုပ်အရာ ခန့်အပ်တာတွေရှိလာပြီဖြစ်တယ်လို့ ယင်းက ဆက်ပြောပါတယ်။

ခရစ်ယာန်ဘာသာဝင်တွေယုံကြည် လိုက်နာကျင့်သုံးတဲ့ ဘာသာအဆုံးအမခြင်းအတူတူ တခြားအသင်းတော်တွေမှာ အမျိုး သမီးတွေကိုနေရာပေး ခန့်အပ်မှုရှိပေမယ့် တခြားအသင်းတော်မှာ နေရာမပေးနိုင်တာက ဘာသာရေးအဆုံးအမထက် ဦးဆောင်ဦးရွက်သူတွေရဲ့ လိုက်နာကျင့်သုံးမှု၊စံနှုန်းတွေ ကွဲပြားနေတာကြောင့်ဖြစ်တယ်လို့ ‌‌‌ဒေါ်မေစပယ်ဖြူကပြောတယ်။

ဘုရားသခင်ကိုယ်တိုင်က မေတ္တာတရားရှေ့ထားပြီး ယုံကြည်ကိုးကွယ်မှုကိုလွတ်လပ်စွာ ရွေးချယ်ခွင့် ပေးထားတာဖြစ် ပေမယ့်လူတွေက သူတို့အမြင်နဲ့သတ်မှတ်ထားတဲ့ စံနှုန်းတွေအောက်မှာ အမျိုးသမီးတွေကိုခွဲခြားပြီး နေရာမပေးချင်တာက ကျဉ်း‌မြောင်းတဲ့အမြင် တွေကြောင့်ဖြစ်ပြီး ဒီလိုအတွေးအမြင်တွေကိုသက်ဆိုင်ရာဘာသာရေးနယ်ပယ်အတွင်းက ဦးဆောင် သူတွေဆီမှာ မရှိစေချင်တော့ဘူး လို့ ‌‌‌ဒေါ်မေစပယ်ဖြူက ဆက်ပြောတယ်။

” ပြောရရင် KBC အတွင်းက ဓမ္မအမှုတော်ဆောင်တွေထဲမှာကို အခုထိကျဉ်းမြောင်းတဲ့အမြင်တွေနဲ့ အပြောင်းအလဲကို လက်ခံဖို့အဆင်သင့်မဖြစ်သေးတာလို့ ကျမတို့ကမြင်တယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင် KBC အသင်းသားတ‌စ်ယောက် အနေနဲ့ ဒီလိုကျဉ်းမြောင်းခေတ်မမှီတော့တဲ့အတွေးအခေါ်တွေကို ကျမတို့ရဲ့အဖွဲ့ချုပ်က အသင်းတော်ခေါင်းဆောင်‌ တွေ ဆီမှာမရှိစေချင်ဘူး။ ကျမတို့ရဲ့လူ့အဖွဲ့အစည်းကိုလည်း ပြောင်းလဲစေချင်တယ်။ ကျွန်မတို့ကဘာသာရေးအဆုံးအမနဲ့ ဆန့် ကျင်ပြီး ပြောဆိုနေတာမဟုတ်ပါဘူး။ ဒါဟာသမ္မာတရားနဲ့ညီတဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ကိစ္စတစ်ခုပါ” လို့ ဒေါ်မေစပယ်ဖြူက ပြောပါတယ်။

ဒါ့အပြင် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်မှာ အမျိုးသမီးတွေကို သင်းအုပ်အရာ ပေးမယ်ဆိုရင်တောင် အမျိုးသမီး ဖြစ် တဲ့အတွက် လက်မခံနိုင်ဘူးဆိုတဲ့ အသင်းသားတွေလည်း အများအပြားရှိနိုင်တယ်လို့ဆက်ပြောပါတယ်။

အမျိုးသမီးသင်းအုပ်ကပေးတဲ့ ကောင်းချီးပေးမှု မင်္ဂလာဆောင်ပေးမှုကို မခံယူနိုင်ဘူးဆိုတဲ့ အမျိုးသမီးဖြစ်ခြင်းအပေါ် ခွဲခြား နှိမ့်ချတဲ့ အမြင်တွေရှိနေတာကလဲ အမျိုးသမီးတွေကို သင်းအုပ်သိက္ခာတော်ရဆရာမအဖြစ်နဲ့ မြင်တွေ့ရတဲ့အခွင့်အရေး သိပ်မရှိသေးတာကြောင့်ဖြစ်ပြီး၊ အမျိုးသမီးသင်းအုပ်တွေတဖြည်းဖြည်းရှိလာမယ်၊ များလာမယ်ဆိုရင် အသင်းသူ အသင်း သားတွေရဲ့ ခေါင်းထဲအမြစ်စွဲနေတဲ့ ခွဲခြားဘက်လိုက်မှု၊ အတွေးအမြင်အယူအဆတွေကို တဖြည်းဖြည်း ပြောင်းလဲလို့ ရမယ်လို့ ယုံကြည်တယ်လို့ဆိုတယ်။

” ဒါက အချိန်ကာလတစ်ခုအတွင်းမှာ လူတွေရဲ့အသိအမြင်တွေပြောင်းလဲလာမယ်ဆိုရင် တဖြည်းဖြည်းချင်းပြောင်းလဲလို့ ရမယ့်အရာလို့ထင်ပါတယ်၊ အဲ့ဒီလို ကန့်သတ်ပိတ်ဆို့ထားတဲ့ မမြင်ရတဲ့ဖန်သားမျက်နှာကျက်ကို အရင်ခွဲဖို့လိုတာပါ၊” လို့‌‌‌ ဒေါ်မေစပယ်ဖြူကပြောပါတယ်။

ရန်ကုန်မြို့ပြအသင်းတော်တစ်ခုမှ အမျိုးသမီးသင်းအုပ်ပါ Pastor တစ်ဦးက အမျိုးသမီးဖြစ်နေခြင်းကြောင့် သင်းအုပ်အရာ သိက္ခာတင်ခွင့် (Ordination)ဖြစ်ခွင့်မပေးခြင်းက ဓမ္မကျမ်းစာနဲ့မကိုက် ညီသလို လိင်ခွဲခြားမှုတွေနဲ့အမျိုးသမီးတွေကို တားမြစ်ဖိနှိပ်ထားတဲ့ အရာတစ်ခုဖြစ်တယ်လို့ ပြောပါတယ်။

ဒီလိုကန့်သတ်မှုက လူ့အခွင့်အရေးချိုးဖောက်ရာရောက်တယ်လို့လည်းမြင်ပြီး အမျိုးသားအမျိုးသမီးတန်းတူ အခွင့်အရေးနဲ့ လိင်ခွဲခြား ဖိနှိပ်မှုတွေက ပြင်ပလောကမှာတင်မကဘဲ ဘာသာရေးအသိုင်းအဝန်းမှာပါ ဒီလိုချိုးဖောက်ခံရမှုတွေက မရှိသင့် တဲ့အတွက် ခွဲခြားခံရတဲ့ အမျိုးသမီးဓမ္မအမှုတော်ဆောင်တွေ၊ ကမ်ပိန်းလှုပ်ရှားသူတွေနဲ့အတူရပ်တည်တယ်လို့ ယင်းအမျိုး သမီးသင်းအုပ်ပါစတာကဆိုပါတယ်။

” အမျိုးသမီးအမျိုးသား တန်းတူအခွင့်အရေးဆုံးရှုံးမှုတွေ လိင်ခွဲခြားမှုတွေဖိနှိပ်မှုတွေ ဘောင်ခတ်မှုတွေထဲမှာ အမျိုးသမီး ထုတွေရဲ့ ရပိုင်ခွင့်တွေက တစ်ခါတစ်လေ နှစ်မြုပ်နေပြီးမှ ဖိနှိပ်ခံနေရတဲ့အခြေအနေတွေက ဘာသာရေး အသိုင်းအဝိုင်း မှာရှိနေသေးတဲ့အတွက် ကျွန်မက အထူးသဖြင့်KBCအသင်းတော်က ကချင်အမျိုးသမီးတွေ၊ ကချင်မှာဖြစ်နေတဲ့ ဒီအမျိုး သမီးပိုင်းနဲ့ဆိုင်တဲ့ အခွင့်အရေးတွေချိုးဖောက်မှုတွေအပေါ်သူတို့နဲ့ရပ်တည်တယ်ဆိုတာကို အမျိုးသမီးသင်းအုပ် အနေနဲ့ ပြောချင်ပါတယ် “လို့ ယင်းသင်းအုပ် Pastor ကဆိုတယ်။

ကချင်နှစ်ချင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) မှာဖြစ်နေတဲ့ အမျိုးသမီးဓမ္မ အမှုတော်ဆောင်တွေကို သင်းအုပ်အရာ သိက္ခာ တင်ခွင့် (Ordination) ဖြစ်ခွင့်မပေးခြင်းနဲ့ပတ်သတ်ပြီး ကိုးကွယ်ယုံကြည်တဲ့ အသင်းတော်အသီးသီးရဲ့ အယူအဆ အတွေးအမြင်ပေါ်မူတည်တဲ့အတွက် ဝေဖန်ပြောဆိုခြင်းမပြုလိုပေမယ့် အမျိုးသမီးတွေလည်း အရည်အချင်းအလိုက် သင်းအုပ်အရာရသင့်တယ်လို့ မြစ်ကြီးနားမြို့ စိန့်ဖရန်စစ်ဇေးဗီးယားပလန သီလရှင်ကျောင်းကစစ္စတာ အန်းရိုဇား နူးတောင်ကကလည်း ဆိုပါတယ်။

စစ္စတာ အန်းရိုဇားနူးတောင်တို့ ယုံကြည်ကိုးကွယ်ရာ ကက်သလစ်အသင်းတော်မှာလည်း အရည်အချင်းပြည့်ပြီး ထက် မြက်တဲ့ အမျိုးသမီးသင်းအုပ်ဆရာတွေလည်းရှိပြီး အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် သင်းအုပ်၊ သင်းထောက်ဖြစ်ခွင့် ရနိုင်တယ် လို့ဆက်ပြောပါတယ်။

လက်ရှိမှာလည်း အာဏာရှင်စနစ်ကို တော်လှန်နေတဲ့အချိန်ဖြစ်ဖြစ်နေသလို၊ ယုံကြည်သက်ဝင်တဲ့အသင်းတော်မှာ ဖိုဝါဒကို အခြေခံတဲ့အာဏာရှင်စနစ်နဲ့ ဗဟိုချုပ်ကိုင်စနစ် ဖြစ်နေတာတွေကို အသင်းသားတစ်ဦးအနေနဲ့ လက်မခံနိုင်ဘဲ တော်လှန် ရေးကာလအချိန်တွင်း အာဏာရှင်စနစ်၊ ဖိုဝါဒီစနစ်ကျင့်သုံးမှုတွေ၊ ဖိနှိပ်မှုခွဲခြားမှုတွေနဲ့ နှိမ့်ချတဲ့အတွေးအခေါ်က လာတဲ့ ကျင့်သုံးမှုတွေအားလုံးကို တပြိုင်နက်တည်းမှာ တွန်းလှန်ပစ်ရမယ်လို့ ဒေါ်မေစပယ်ဖြူက ယခုလိုပြောပါတယ်။

” လက်နက်ရှိတဲ့သူတွေကိုတောင်မကြောက်ဘဲ အမျိုးသမီးတွေက ရှေ့တန်းကနေတော်လှန်နေတဲ့ဒီအချိန်မှာ အာဏာ ရှင်ဆန်ဆန်အမျိုးသမီးဖြစ်လို့ ခွဲခြားဆက်ဆံထားတဲ့ ဖိုဝါဒီစနစ်ကိုလည်း အမြစ်ဖျက်တွန်းလှန်သွားမှာဖြစ်တယ်၊ ကျွန်မတို့နဲ့ မတူတဲ့အမြင်ရှိတဲ့အတွက် ပြောချင်သလိုပြောနိုင်တယ်၊ အမျိုးသမီးဖြစ်တဲ့အတွက်‌ကြောင့် ဘယ်လိုခွဲခြားဆက်ဆံမှု၊ ဘက်လိုက်မှုမျိုးကိုမဆို ကျွန်မတို့အမျိုးသမီးတွေက ဆက်ပြီးသည်းခံနေဖို့အတွက် ဆန္ဒမရှိဘူး”

Author:

Related Articles