Home ဆောင်းပါး ကလေးတွေအတွက် ဂျုံမင်းသမီး

ကလေးတွေအတွက် ဂျုံမင်းသမီး

ဒေဝီ။ ။

အရောင်အသွေးစုံလင်တဲ့ ဂျုံတွေကို တစ်ခုနဲ့တစ်ခုတွဲစပ်လို့ ဝါးတုတ်ချောင်းလေးပေါ်မှာ ခေါင်း၊ခြေ၊လက်တွေကို သူ့နေရာ နဲ့သူ အသေးစိတ်ပုံဖော်ပြီး မိနစ်အနည်းငယ်အကြာမှာတော့ ဒစ္စနေးဇာတ်ကောင် စနိုးဝှိုက်မင်းသမီးလေးက ရုပ်လုံးပေါ်လာ တယ်။

စနိုးဝှိုက်မင်းသမီးလေးပြီးတော့ စင်ဒရဲလား၊ရေသူမ၊ ပင့်ကူလူသား၊ လင်းနို့လူသားနဲ့ COC ဂိမ်းထဲက ဇာတ်ကောင်လေးတွေကို စိတ်ရှည်ရှည်နဲ့ ဖန်တီးလုပ်ဆောင်ပြီးတဲ့အခါ ကလေးတွေအကြိုက် ကာတွန်းဇာတ်ကောင်လေးတွေက  ပြင်ပကမ္ဘာကို ထွက် ပေါ်လာပြီး ဝယ်မယ့်သူကို စောင့်မျှော်နေပါတယ်။

အရောင်အသွေး စုံစုံလင်လင်နဲ့ဂျုံအရုပ်လေးတွေက လွန်ခဲ့တဲ့နှစ်ကာလတွေမှာ ကျောင်းတွေစျေးတွေနဲ့ လူစည်ကားရာနေရာ တွေမှာ ပေါပေါများများတွေ့ရပေမယ့် ယခုအခါမှာတော့ ဂျုံအရုပ်လေးတွေက တွေ့မြင်ရနည်းလာတဲ့ လက်မှုအနုပညာတစ်ခု ဖြစ်လာပါတယ်။

ဒါပေမယ့် ပုံစံအမျိုးမျိုးပုံဖော်ထားတဲ့ ဂျုံရုပ်လေးတွေက ကလေးတွေအတွက်တော့ ကြိုက်နှစ်သက်တဲ့ ကစားစရာတစ်ခု အဖြစ် ရှိနေပါသေးတယ်။

ဒီလိုရှားပါးစပြုနေတဲ့ ဂျုံအရုပ်လေးတွေကို မတိမ်ကောစေလိုတဲ့ဆန္ဒနဲ့ လက်မှုအရုပ်လေးတွေကို ဖန်တီးနေသူက အသက်၃၃ နှစ်အရွယ် မ‌ဌေးဌေးပါ။

ဂျုံမင်းသမီး မဌေးဌေး

မဌေးဌေးတို့ မိသားစုတွေက ဂျုံအရုပ်လုပ်တဲ့ လက်မှုပညာနဲ့ အသက်မွေးဝမ်းကြောင်းပြုကြသူတွေဖြစ်ပါတယ်။ အကိုဖြစ်သူ ကလည်း ဂျုံမင်းသားအမည်နဲ့ ဂျုံအရုပ်လေးတွေပြုလုပ်ရောင်းချနေသူပါ။

မဌေးဌေးအတွက် လက်မှုအနုပညာ ဂျုံအရုပ်လေးတွေ ဝါသနာအစပျိုးတာက ငယ်စဉ်ဘဝကတည်းက။  ဖခင်ဖြစ်သူက အကို တွေကို အသက်မွေးဝမ်းကြောင်းအဖြစ် လုပ်ကိုင်နိုင်အောင် ဂျုံနဲ့အရုပ်လုပ်တဲ့ပညာကို ဆရာခေါ်ပြီးသင်ကြားပေးတဲ့အခါ အသက် ကိုးနှစ်အရွယ် မဌေးဌေးက ဘေးကနေ ကြည့်ရင်း အရုပ်လေးတွေကို လိုက်ပါလုပ်ဆောင်ကြည့်ခဲ့တယ်။

ကလေးအရွယ်သာရှိသေးတဲ့ မဌေးဌေးက ဂျုံလေးတွေကိုဆော့ကစားရင်း စမ်းတဝါးဝါးနဲ့အရုပ်လေးတွေ လုပ်ဆောင် နေတဲ့ အခါ အကိုတွေကို သင်ကြားပေးတဲ့ဆရာဖြစ်သူက တရုတ်ဇာတ်လမ်းတွဲက အမျိုးသမီးပုံစံတူအရုပ်လေးကို စမ်းသပ်တဲ့ အနေ နဲ့ လုပ်ဆောင်ခိုင်းခဲ့တယ်။

တရုတ်တီဗီဇာတ်လမ်းတွဲကိုကြည်ရှုပြီး နမူနာယူလုပ်ဆောင်ခဲ့တဲ့ အမျိုးသမီးပုံစံတူဂျုံအရုပ်လေးက သေသေသပ်သပ်နဲ့ ရုပ်လုံးပေါ်လာတဲ့အခါ  ဆရာဖြစ်သူက သူ့ကိုချီးကျူးခဲ့ပြီး ဒါကသူ့ဘဝရဲ့အမှတ်တရပဲလို့ မဌေးဌေးက ပြောတယ်။

” ညီမလုပ်တဲ့ပုံကိုအံ့သြသွားတယ်။ နင်ကတော်တော်ဟုတ်တာပဲ။ သေချာတောင်မသင်ရသေးဘူး ၊ အများကြီးပဲတိုးတက်ဦး မှာပဲ ဆိုပြီး ဆရာကပြောတယ်။” လို့ မဌေးဌေးကပြောပါတယ်။

မဌေးဌေးက သူလုပ်ချင်တဲ့အရုပ်လေးတွေကို အကိုတွေနဲ့ဆရာကိုပြပြီး သူတို့ရဲ့လမ်းညွန်ပြသမှုနဲ့ လုပ်ဆောင်ရင်း ဂျုံအရုပ် လက်မှုပညာကို ကြိုက်နှစ်သက်လာတယ်။

ဒါပေမယ့် ဖခင်ဖြစ်သူက သားတွေကို လက်မှုပညာအနေနဲ့ ဂျုံရုပ်လုပ်နည်းကို သင်ကြားပေးသလို သမီးဖြစ်သူ မဌေးဌေး ကိုတော့ မိန်းကလေးဖြစ်တာကြောင့် စက်ချုပ်ပညာသင်စေခဲ့တယ်။ မဌေးဌေးကတော့ စက်ချုပ်သင်ခဲ့ပေမယ့် ဂျုံအရုပ်လုပ် တာကိုပဲ ပိုစိတ်ဝင်စားခဲ့တယ်။

မဌေးဌေးအိမ်ထောင်ကျပြီးတဲ့အခါအသက်မွေးဝမ်းကြောင်းအနေနဲ့ ခင်ပွန်းဖြစ်သူကပါ ဂျုံအရုပ်ပညာသင်ခဲ့ပြီး မဌေးဌေးအကို ဆိုင်ရှိရာ ရန်ကုန်တရိစ္ဆာန်ဥယျာဉ်အတွင်းမှာပဲ ဂျုံအရုပ်ဆိုင်ဖွင့်လှစ်ခဲ့တယ်။

မဌေးဌေးရဲ့အကိုဖြစ်သူက တိရစ္ဆာန်ဥယျာဉ်ကဆင်ရုံအနီးမှာ ဂျုံမင်းသားအမည်နဲ့ အရုပ်ပြုလုပ်ရောင်းချသလို မဌေးဌေးတို့ ဇနီးမောင်နှံက တိရစ္ဆာန်ရုံအတွင်းက ဝက်ဝံရုံအနီးမှာ ရောင်းချခဲ့ပါတယ်။

တိရစ္ဆာန်ဥယျာဉ်က ကလေးတွေအလာများတဲ့ နေရာဖြစ်တာကြောင့် ဂျုံအရုပ်တွေကိုစိတ်ဝင်စားကြသူများပြီး ပိတ်ရက်တွေ မှာဆို လက်မလည်အောင်ရောင်းရပါတယ်။ ခင်ပွန်းသည်တစ်ယောက်တည်း ဂျုံအရုပ်လေးတွေလုပ်တဲ့အခါ ဝယ်သူအချို့က မစောင့်နိုင်ပဲ ပြန်သွားတာတွေရှိတော့ မဌေးဌေးက ခင်ပွန်းဖြစ်သူကို ကူညီတဲ့အနေနဲ့ ဂျုံရုပ်လေးတွေ ဝိုင်းလုပ်ပေးရင်း တစိုက် မတ်မတ်နဲ့ လုပ်ဖို့အကြောင်းဖန်လာတယ်။

” လူကျလာတဲ့အခါမနိုင်တော့ဘူးလေ။ ဝယ်သူတွေလွတ်သွားတဲ့အခါ ငါတစ်ရုပ်စာဝင်လုပ်ရင် တစ်ရုပ်စာရမယ်ဆိုပြီး ဝင်လုပ် ရင်းနဲ့ လုပ်ဖြစ်သွားတာ၊လုပ်ရင်းနဲ့လည်းပိုကျွမ်းသွားတာပေါ့။” လို့ မဌေးဌေးက ပြောတယ်။

ဒါ့အပြင် ခင်ပွန်းဖြစ်သူက အခြားစီးပွားရေးပြောင်းလုပ်တဲ့အခါ ဂျုံအရုပ်လုပ်ငန်းကိုမဌေးဌေးကပဲ ဆက်လုပ်ဆောင်ခဲ့တယ်။ လက်ရှိမှာ မဌေးဌေးက တိရစ္ဆာန်ရုံမှာနေ့စဉ်ရောင်းချနေတာ ရှစ်နှစ်ဝန်းကျင်ရှိပါပြီ။ တခါတရံ ပြင်ပကမွေးနေ့ပွဲတွေ အထိမ်း အမှတ်ပွဲတွေမှာလည်း သွားရောက်ပြုလုပ်ပေးရတာလည်းရှိပါတယ်။

သူဖန်တီးတဲ့ ဂျုံအရုပ်လေးတွေမှာလည်း စတင်ရောင်းချချိန်ကာလတွေက တစ်ရုပ် ၅၀၀ကျပ်နဲ့သာရောင်းချပေမယ့် ခေတ် ကာလအခြေအနေအရ အခုဆို တစ်ရုပ်ကို နှစ်ထောင်နဲ့ရောင်းချရပါတယ် ။ ဒါပေမယ့်လည်း ကလေးတွေအတွက် မိဘ တွေကတော့ ဝယ်ပေးကြတယ်လို့ ဆိုတယ်။

လွန်ခဲ့တဲ့နှစ်တွေတုန်းက မြွေ၊ငှက်၊ကြက်၊နဂါး အရုပ်လေးတွေပဲ ဖန်တီးရတာကနေ နောက်ပိုင်းမှာ ကာတွန်း ဇာတ်ကောင် တွေ ဂိမ်းဇာတ်ကောင်တွေကိုလည်း ကလေးတွေအကြိုက်ပေါ်မူတည်ပြီး ပြုလုပ်လာရတယ်လို့ ဆိုတယ်။

” ကလေးတွေက ပိုစိတ်ဝင်စားတယ် ကိုယ်လုပ်ထားတဲ့အရုပ်တင်မက သူတို့လိုချင်တဲ့အရုပ်လေးတွေကိုလည်း ယူလာပြပြီး လုပ် ခိုင်းတယ်။” လို့ မဌေးဌေးက ပြောပါတယ်။

ဂျုံအရုပ်လေးတွေက လွန်ခဲ့တဲ့ ၁၀ စုနှစ်တွေက နေရာအနှံအပြားမှာ ရောင်းချသူလည်း များပြားခဲ့ပြီး ကလေးတွေမှာလည်း အခြားကစားစရာ ပေါပေါများများမရှိသေးတာကြောင့် ဂျုံအရုပ်လေးတွေက ကလေးတွေအတွက် ဆော့ကစားစရာတစ်ခု ဖြစ် ခဲ့ပါတယ်။

ဒါပေမယ့် ကစားစရာပစ္စည်းတွေ ပေါပေါများများရှိလာတဲ့အခါ ဂျုံအရုပ်အပါအဝင် လက်မှုကစားစရာတချို့လည်း ရှားပါးလာ ပြီး ပြုလုပ်ရောင်းချသူတွေလည်း တဖြည်းဖြည်းနည်းပါးလာခဲ့ပါတယ်။

အဓိကအားဖြင့် ဂျုံအရုပ်လုပ်တဲ့ပညာကို စိတ်ဝင်တစားနဲ့ပြုလုပ်ရောင်းချမယ့်သူနည်းလာသလို ဂျုံနဲ့ ဂျုံအရုပ်တွေကို သယ် ဆောင်ပြီး က‌လေးတွေရှိတဲ့ နေရာတွေလှည့်လည်သွားလာရတာကလည်း မလွယ်ကူဘူးလို့ ဆိုတယ်။

” အပြင်မှာ ရောင်းတဲ့သူက ပင်ပန်းတယ်။ ဒီပုံးကြီးနဲ့ လျှောက်သွားရတယ် တစ်နေရာနဲ့တစ်နေရာလှည့်ရတော့ ပင်ပန်းတယ်။  ပြီးတော့ ဂျုံအရုပ်ကို လုပ်ရောင်းချင်တဲ့သူတွေလည်း သိပ်မရှိသလောက်ပဲ။” လို့ မဌေးဌေးက ပြောပါတယ်။

သူတို့မိသားစုမှာတောင် သားသမီးတွေကို လက်ဆင့်ကမ်းသင်ကြားပေးထားပေမယ့် စိတ်ဝင်စားသူကတော့ နည်းနေသေး တယ်လို့ ဆက်ပြောတယ်။

ဂျုံအရုပ်လေးတွေပြုလုပ်ရောင်းချသူ နည်းပါးလာပေမယ့် ဂျုံအရုပ်လုပ်နည်းသင်ချင်လို့ လူမှုကွန်ရက်ကနေ လာရောက် ပြော ဆိုသူတွေလည်းရှိပြီးသူ့အနေနဲ့ အွန်လိုင်းကနေသင်ပေးဖို့က နည်းပညာမကျွမ်းကျင်တာကြောင့် မလုပ်ဆောင်နိုင် သေးဘူးလို့ မဌေးဌေးကပြောပါတယ်။

ဂျုံအရုပ်လုပ်တဲ့နည်းစနစ်ကလည်း ခေတ်ကာလအလိုက်ပြောင်းလဲအသုံးပြုရတာလည်းရှိတယ်လို့ မဌေးဌေးက ပြောပါတယ်။ ယခင်ကာလတွေတုန်းက ကောက်ညှင်းဂျုံလို့ခေါ်တဲ့ ကောက်ညှင်းနဲ့ ဆန်မှုန့်ကိုရောစပ်ပြီး လုပ်ရတာကနေ အခုတော့ တရုတ် ကနေဝင်တဲ့ ဖော့ဂျုံလို့ခေါ်တဲ့  ကလေး ကစားတဲ့ ဂျုံတစ်မျိုးနဲ့ ပြောင်းလဲ လုပ်ဆောင်ရတယ်။

ကောက်ညှင်းဂျုံက ကိုင်တွယ်ရလွယ်ကူပြီး အရောင်တွေတွဲစပ်နိုင်ပေမယ့် ပြုလုပ်ပြီးသားအရုပ်က ကြာရှည်မခံဘဲ နှစ်ရက် သုံးရက်နဲ့ပျက်စီးသွားပါတယ်။ ဖော့ဂျုံကတော့လနဲ့ချီရေရှည်ခံတာကြောင့် နောက်ပိုင်းတရုတ်ကလာတဲ့ဖော့ဂျုံပဲ သုံးဖြစ်တော့ တယ်လို့ ဆက်ပြောတယ်။

ဒါ့အပြင် ပြည်ပကဝင်တဲ့ အမြင့်လိုင်းဂျုံလို့ခေါ်ဝေါ်ကြတဲ့ ဂျုံတစ်မျိုးနဲ့ပြုလုပ်နည်းလည်းရှိပြီး အဲ့ဒီဂျုံနဲ့ဆို အရုပ်ကို အရည် အသွေးကောင်းကောင်းနဲ့ ပိုအသေးစိတ်ကျကျဖန်တီးနိုင်သလို တစ်သက်တာကြာရှည်ခံနိုင်တယ်လို့ဆိုတယ်။ ဒါပေမယ့် အမြင့် လိုင်းဂျုံနဲ့လုပ်မယ်ဆို စျေးနှုန်းလည်းများသလို အချိန်ပေးပြီးပြုလုပ်ရတာကြောင့် လတ်တလောအသုံးပြုဖို့ မလွယ်ကူ သေးဘူးလို့ဆက်ပြောတယ်။

သူ့အနေနဲ့ကတော့ ဂျုံအရုပ်လေးတွေလုပ်ဆောင်နေရရင် ပျော်ရွှင်ရတာကြောင့် ဘယ်လိုဂျုံအမျိုးအစားနဲ့ပဲဖြစ်ဖြစ်  ဘယ်လို ဇာတ်ကောင်အရုပ်ပဲဖြစ်ဖြစ် က‌လေးတွေတင်မက လူကြီးတွေပါ နှစ်သက်သဘောကျအောင် လုပ်ဆောင်ဖို့ လေ့လာကြိုးပမ်း သွားမှာလို့ မဌေးဌေးကပြောပါတယ်။

သူဖန်တီးပြုလုပ်တဲ ဂျုံအရုပ်လေးတွေကို အဆင့်မီမီနဲ့ အမှတ်တရသိမ်းလို့ရတဲ့ အရုပ်လေးအဖြစ်မြင်ချင်သလို ဂျုံအရုပ် လုပ် တာကိုလည်း မပျောက်ပျက်တဲ့ပညာတစ်ခု အဖြစ်ရှိစေချင်တယ်လို့ ဆက်ပြောပါတယ်။

ဂျုံရုပ်လေးတွေကို ကာတွန်းဇာတ်ကောင်တွေအပြင် လူပုံစံတူ၊ ဥယျာဉ်ဒီဇိုင်း ၊ မွေးနေ့ကိတ်မှာ အသုံးပြုလို့ရတဲ့ အရုပ်ပုံစံ ငယ်လေးတွေလည်းပြုလုပ်ချင်ပြီး အရည်အသွေးကောင်းကောင်းနဲ့ကြာရှည်ခံတဲ့ အရုပ်လေးတွေ ဖန်တီးချင်တယ်လို့ မဌေး ဌေးက ဆိုပါတော့တယ်။

Author:

Related Articles