Home ဆောင်းပါး ညောင်ရွှေမြို့အနာဂတ်ကိုထုဆစ်ကြသူများ

ညောင်ရွှေမြို့အနာဂတ်ကိုထုဆစ်ကြသူများ

ဒေဝီ။ ။

မြန်မာနိုင်ငံရဲ့ အထင်ကရ အင်းလေးကန်ရှိရာ ညောင်ရွှေမြို့လေးရဲ့ သောကြာနေ့နံနက်တိုင်းမှာ အပြာရောင် တူညီဝတ်စုံလေးတွေ ဝတ်ဆင်ထားတဲ့ အရွယ်စုံကလေးငယ်တွေကို ရပ်ကွက်တိုင်းမှာ တွေ့မြင်ရပါလိမ့်မယ်။

ယင်းကလေးငယ်တွေက ဆာလာအိတ်တွေကို ကိုင်ဆွဲလို့ လမ်းဘေးဝဲယာတစ်လျှောက်က တွေ့မြင်သမျှ ပလတ်စတစ်အမှိုက်၊ ဗူးခွံပုလင်းခွံ၊ စွန့်ပစ်နှားခေါင်းစည်းအမှိုက်တွေကို မမောမပန်း ကောက်ယူနေသိမ်းဆည်း နေကြပါတယ်။

အမှိုက်ကောက်နေတဲ့ ကလေးတွေက Hand to Hand charity သင်တန်းကျောင်းက Eco-Warrior အဖွဲ့ဝင် လေးတွေဖြစ်ပြီး၊ ညောင်ရွှေမြို့ကိုစိမ်းလန်းသန့်ရှင်းပြီး ပလတ်စတစ်ကင်းစင်တဲ့ ပတ်ဝန်းကျင်ဖြစ်စေဖို့ အမှိုက်ကောက်ယူနေတာ အချိန်ကာလ ၁၀နှစ်နီးပါး ရှိနေပါပြီ။

ယင်းကလေးငယ်တွေ လူမူဝန်းကျင်ချစ်မြတ်နိုးပြီး ပတ်ဝန်းကျင်အကျိုးပြု လူသားလေးတွေဖြစ်စေဖို့ ပဲ့ကိုင်နေ သူကတော့ Hand to Hand charity နဲ့ Eco-Warrior တည်ထောင်သူ မရီရီမင်း‌(ခ) မပူဆူးပါ။

မပူဆူးက အင်းလေးကိုလာလည်တဲ့ နိုင်ငံခြားသားဧည့်သည်တွေကို အင်းလေးဒေသအစားစာနဲ့ မြန်မာအစား စာချက်ပြုတ်နည်းတွေကို သင်ကြားပေးတဲ့ Bamboo Delight ဟင်းချက်သင်တန်း ပိုင်ရှင်လည်းဖြစ်ပါတယ်။

မပူဆူးဖွင့်လှစ်ခဲ့တဲ့ ညောင်ရွှေမြို့ရဲ့ ပထမဆုံးဟင်းချက်သင်တန်း Bamboo Delight ကတဖြည်းဖြည်း အောင်မြင်မှုရလာတဲ့အခါ သူ့ဒေသက ကလေးတွေရဲ့ပညာရေးအတွက် တစ်ခုခု လုပ်ဆောင်ပေးဖို့ စဉ်းစားခဲ့တယ်။

သူ့ပတ်ဝန်းကျင်မှာရှိတဲ့ ကလေးတွေက နွေရာသီမှာ အချိန်ကုန်အကျိုးမဲ့ ကုန်ဆုံးရတာများပြီး မျက်စိရှေ့မှောက်မှာတင် ကလေးတွေ ဆော့ကစားရင်း မတော်တဆမှုတွေကြုံတာ အသက်ဆုံးရှုံးတဲ့အထိ ထိခိုက်မှုတွေ ကြုံရတာတာကို သတိပြုမိတယ်။

မိဘတွေကပညာရေးအားနည်းတဲ့အတွက် ကလေးတွေအနာဂတ်ခရီးလမ်းကိုလမ်းညွှန်၊ ပံ့ပိုးကူညီမူမပြုနိုင်တာတွေကြောင့် ကလေးအများစုက အရွယ်ရောက်တာနဲ့ တပြိုင်နက် ကျောင်းထွက်ပြီး ဝင်ငွေရတဲ့အလုပ်လုပ်ဖို့သာ ပိုမိုစိတ်အားထက်သန်ကြတယ်။

ဒါတင်မက အရွယ်မတိုင်ခင် အိမ်ထောင်ကျတာ လူငယ်လေးတွေက ဆေးလိပ်အရက်စွဲတာ၊ မိန်းကလေးတွေဆိုလည်း အိမ်ထောင်ကွဲပြီး ကလေးမိခင်အဖြစ်နဲ့ ခက်ခက်ခဲခဲ ရုန်းကန်ရတာ၊ အမျိုးသမီးနဲ့ ကလေးလူငယ် အခွင့်အရေးတွေကို နားမလည်ဘဲ အိမ်တွင်းအကြမ်းဖက်မှု ကြုံတွေ့နေရတာတွေကို ကူညီချင်ခဲ့မိတယ်။

ဒီအတွက်ကြောင့် Hand to Hand charity အမည်နဲ့ နွေရာသီသင်တန်းကျောင်းကို တည်ထောင်ပြီး ကလေးတွေအတွက် ပညာရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစရှိတဲ့ လူမှုအကျိုးပြု လုပ်ငန်းတွေကို ၂၀၁၃ ခုနှစ်မှာ စတင်လုပ်ဆောင်ခဲ့ပါတယ်။

နှစ်စဉ်နွေရာသီရောက်တိုင်း Hand to Hand charity နွေရာသီသင်တန်းကျောင်းကို ဖွင့်လှစ်ပေးခဲ့ပြီး အခြေခံအင်္ဂလိပ်စာနဲ့ ကလေးတွေအတွက် အကျိုးရှိစေမယ့် လူမှုရေး ဘာသာရပ်တွေကို အခမဲ့သင်ကြားပေးပါတယ်။ ဒီလိုသင်ကြားဖို့အတွက်လည်း ပြည်တွင်းပြည်ပက Volunteer ဆရာဆရာမတွေကို ဖိတ်ခေါ်ပြီး အထွေထွေဗဟုသုတတွေကို မျှဝေစေခဲ့တယ်။

သင်တန်းကျောင်းမှာ အင်္ဂလိပ်စာ စကားပြောကို ဂီတရသ စုံလင်စွာ သင်ကြားပေးတာ၊ က‌လေးတွေ သိသင့်သိထိုက်တဲ့ အထွေထွေဗဟုသုတတွေကို ပျော်ရွှင်လွတ်လပ်စွာ သင်ယူနိုင်ဖို့လေ့ကျင့်ပေးတာ၊ သောကြာနေ့တိုင်း သဘာဝပတ်ဝန်းကျင်နေ့အဖြစ် သတ်မှတ်ကာ ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးစေဖို့ သင်ကြားပေးတာ၊ အမှိုက်ကောက်တာ သစ်ပင်စိုက်ပျိုးတာတွေကို ပြုလုပ်စေပါတယ်။

ကလေးတွေ စာအုပ်စာပေချစ်မြတ်နိုးပြီး စာဖတ်ဝါသနာပါစေဖို့ စာအုပ်ပေါင်း ၅၀၀၀ရှိတဲ့ စာကြည့်တိုက်ကိုလည်း ဖွင့်လှစ်ပြီး စာမဖတ်တ တတ်သေးတဲ့ ကလေးတွေအတွက်လည်း Toy Library လေးကိုပါ ဖွင့်လှစ်ခဲ့တယ်။

ဒါ့အပြင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို စိတ်ဝင်စားတဲ့ ကလေးငယ်(၁၀၀)ခန့်ကို စုစည်းပြီး ၂၀၂၀ စက်တင်ဘာ ၁၉ရက်နေ့( World Cleanup Day)မှာ Eco-Warrior အမည်နဲ့အဖွဲ့ဖွဲ့စည်းကာ အင်းလေးဒေသမှာ အမှိုက်ကောက်တာ၊ သစ်ပင်စိုက်တာ ၊ပလတ်စတစ်အစားထိုး စက္ကူအိတ်တွေ ပြုလုပ်တာစတဲ့ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးပညာ‌ပေး အစီအစဉ်တွေလည်း ပြုလုပ်ခဲ့ပါတယ်။

Eco-Warrior အဖွဲ့ဝင်တွေက သောကြာနေ့တိုင်း ရပ်ကွက်အသီးသီးမှာ အဖွဲ့ခွဲပြီး မနက်(သို့မဟုတ်) ညနေပိုင်း အချိန်တွေမှာ အမှိုက်ကောက်ယူပြီး၊ ကလေးတွေကောက်ယူထားတဲ့ အမှိုက်တွေကိုတော့ အင်းလေးနှင်းဆီပုဂ္ဂလိက အမှိုက်သိမ်းဝန်ဆောင်မှုလုပ်ငန်းက နောက်ဆုံးအမှိုက်ပုံအထိ တာဝန်ယူသိမ်းဆည်းပေးပါတယ်။

ကလေးတွေကပုံမှန် အမှိုက်ကောက်တာကြောင့် ညောင်ရွှေမြို့လေးက အမှိုက်ကင်းစင်ပြီး ရပ်ကွက်အချို့နဲ့၊ လမ်းတွေမှာ အမှိုက်တွေ လုံးဝမရှိတော့တဲ့အထိ ဖြစ်လာသလို၊ ရပ်ကွက်နေပြည်သူအချို့ကလည်း အမှိုက်ကိုစနစ် တကျစွန့်ပစ်လာကြတယ်လို့ မပူဆူးကပြောပါတယ်။

ညောင်ရွှေမြို့ဟာ နိုင်ငံကျော် အင်းလေးကန်အတွက် အဓိကကျတဲ့မြို့ဖြစ်တာကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက်သာမက ခရီးသွားမြို့ဖြစ်တာကြောင့် သန့်ရှင်းသပ်ရပ်ဖို့ကလည်း မြို့အတွက်မရှိမဖြစ် လိုအပ်တာဖြစ်ပါတယ်။ အင်းလေးကန်ရဲ့ အနာဂတ်နဲ့ မြို့ရဲ့အဓိက စီးပွားရေးလုပ်ငန်းဖြစ်တဲ့ ခရီးသွားလုပ်ငန်းဟာ ညောင်ရွှေမြို့ထွက် အမှိုက်တွေကို စီမံခန့်ခွဲမှုအပေါ်မှာလည်း တစိတ်တပိုင်း မူတည်နေပြန်ပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေးကိုလည်း အားထားရတဲ့ မြို့ဖြစ်တာကြောင့် ပလက်စတစ်လို အမှိုက်မျိုးတွေကို စနစ်တကျ စွန့်ပစ်ရေးက အရေးပါလှပါတယ်။

“ကလေးတွေက ပုံမှန်လေး၊ စနစ်တကျလေးလုပ်နေတော့ ကလေးတွေကို အသိအမှတ်ပြုရင်း လူတွေလည်း ဆင်ခြင်လာတယ်ပေါ့၊ တခုပဲ တချို့စည်းကမ်းမလိုက်နာတဲ့ သူတွေက အမှိုက်မီးရှို့နေတုန်း ၊ကလေးတွေကလည်း မီးရှို့ရင်သွားပြောတာ မီးမရှို့ဘဲ အမှိုက်ကို စနစ်တကျလေးပစ်ပေးဖို့ကို” လို့ မပူဆူးကပြောပါတယ်။

ကလေးတွေအတွက် ပညာရေးနဲ့ ပတ်ဝန်းကျင် အကျိုးပြုလုပ်ငန်းတွေလုပ်ဖို့ သူပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်း Bamboo Delight က အမြတ်ငွေ ၁၅ရာခိုင်နှုန်း အသုံးပြုသလို ပြည်တွင်းပြည်ပမှ လုပ်အားစေတနာရှင်တွေရဲ့ ပံ့ပိုးကူညီမှုနဲ့ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ မပူဆူးကပြောပါတယ်။

သူကိုယ်တိုင်က ပညာရေးဆုံးခန်းတိုင် အောင်သင်ယူခွင့် မရခဲ့တာကြောင့် ဘဝတူ ပညာရေးသင်ကြားဖို့ အခက်အခဲရှိနေတဲ့ ကလေးတွေကို တတ် နိုင်တဲ့ နေရာကနေကူညီထောက်ပံပြီး ကိုယ်တိုင်သဘာဝတရားတွေကို ချစ်မြတ်နိုးတဲ့ အခြေခံစိတ်နဲ့ လူမှုအကျိုးပြုအလုပ်တွေကို လုပ်ဆောင်ဖြစ်တာလို့ မပူဆူးက ဆက်ပြောတယ်။

ကလေးတွေအတွက် နွေရာသီသင်တန်းကျောင်းစတင်လုပ်ဆောင်ချိန်က အခက်အခဲတွေအများကြီး ကြုံခဲ့ရပါတယ်။သမာရိုးကျ ဘဝနေထိုင်မှုကနေ ခွဲထွက်ပြီး အများအကျိုးပြုလုပ်ငန်းလုပ်တဲ့အခါ ကူညီအားပေးသူလည်းရှိသလို မလိုလားသူတွေလည်း ရှိခဲ့တယ်လို့ မပူဆူးက ပြောပါတယ်။

မပူဆူးကိုယ်တိုင်က ဘွဲ့ရပညာ တတ်မဟုတ်တဲ့အတွက် နွေရာသီသင်တန်းကျောင်းဖွင့်လှစ်တဲ့အခါမှာ နှိမ့်ချဆက်ဆံခံရတာ၊ အထင်အမြင်သေးခံရတာတွေ ကြုံရတယ်။

“တချို့ကလေးတွေရဲ့ မိဘတွေက အဲ့ဒီအိမ်ကိုမသွားနဲ့ဆိုတဲ့ တားမြစ်ချက်တွေအထိ လုပ်ခဲ့ကြတယ်” လို့ မပူဆူးက ပြောပါတယ်။

ဒါပေမဲ့ ဘယ်လိုကဲ့ရဲ့စကားတွေ အခက်အခဲတွေကြုံကြုံ ကလေးတွေအပေါ် စိတ်ရင်းစေတနာနဲ့ မျှော်မှန်းထားတဲ့လုပ်ငန်းတွေ လုပ်ဆောင်ရင်း ကျော်ဖြတ်ခဲ့တာကြောင့် သူတည်ထောင်တဲ့ သင်တန်းကျောင်းလေးက အောင်မြင်မှုတွေရခဲ့တယ်လို့ ဆိုတယ်။

၂၀၁၃ ကနေစခဲ့တဲ့ Hand to Hand charity လေးက မကြာခင်၁၀နှစ်ပြည့်တော့မှာ ဖြစ်ပြီး ကျောင်းကကလေးတွေက အပြောအဆို အမူအရာနဲ့ စိတ်နေသဘောထားတွေက သိသိသာသာပြောင်းလဲလာတာ၊ အခြေခံ လူ့ကျင့်ဝတ်တွေကို ပိုမိုနားလည်လာရုံမက ပေါင်းသင်းဆက်ဆံရေး တိုးတက်ကောင်းမွန်လာတာ၊ အချင်းချင်းမျှဝေ ကူညီ တတ်ပြီး သဘာဝပတ်ဝန်းကျင်ကို ချစ်ပြီးထိန်းသိမ်းလာနိုင်တဲ့အတွက် ပျော်ရွှင်ကျေနပ်မိတယ်လို့ ဆိုတယ်။

စတင်ခဲ့စဉ်က ကျောင်းသားဦးရေ (၁၀) ဦးခန့်သာ ရှိပေမယ့် တစ်နှစ်ထက်တစ်နှစ် တိုးတက်လာခဲ့ပြီး ကိုဗစ်မဖြစ်ပွားခင် ကာလအချိန်မှာ ကျောင်းသားဦးရေ (၃၀၀) နီးပါး ဖြစ်ခဲ့ပါတယ်။

ကိုဗစ်ကပ်ရောဂါကာလအတွင်းမှာတော့ နွေရာသီသင်တန်းရပ်ပြီး၊ Stay Home နေရတာကြောင့်အပြင် ထွက်ခွင့်မရခဲ့ပေမယ့် ကလေးတွေက စာကြည့်တိုက်က စာအုပ်တွေငှားရမ်းဖတ်ရှု့ကာ ကျော်ဖြတ်ခဲ့သလို ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းတွေကိုပါ အလျင်းသင့်သလို လုပ်ဆောင်ခဲ့တယ်။

ဒါပေမယ့် အာဏာသိမ်းကာလတွေမှာတော့ အရင်လို လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့်မရခဲ့ပေမယ့် လက်ရှိမှာတော့ စနေ၊တနင်္ဂနွေနေ့တိုင်း စာကြည့်တိုက် ဖွင့်ပေးပြီး Eco-Warrior အဖွဲ့ဝင်တွေကလည်း အပတ်စဉ် သောကြာ နေ့တိုင်း အမှိုက်ကောက် သန့်ရှင်းရေးပြုလုပ်နေကြပါတယ်။

ရှေ့ဆက်ပြီးတော့ ကလေးတွေအတွက် တတ်နိုင်သမျှ ပညာရေးထောက်ပံ့မှုအစီအစဉ်တွေနဲ့ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးအစီအစဉ်တွေကို ဆက်လက်လုပ်ဆောင်မှာဖြစ်ပြီး ကိုယ်တိုင်လည်း သဘာဝပတ်ဝန်းကျင် ကိုချစ်မြတ်နိုးသူ ဖြစ်တာကြောင့် တတ်နိုင်သမျှ ပလတ်စတစ် လျော့ချသုံးစွဲ တာတွေလုပ်ဖြစ်တယ်လို့မပူဆူးက ဆိုတယ်။

မပူဆူးတည်ထောင်ခဲ့တဲ့ Hand to Hand charity က အနာဂတ်မျိုးဆက်တွေဝါသနာပါရာ စိတ်အား ထက်သန်ရာတွေကို အဆင့်အတန်းမှီမှီ သင်ယူပြီး ကိုယ်ပိုင်အတွေးအခေါ်တွေကို စိတ်ကြိုက် ပုံဖော်နိုင်ခွင့်ရစေဖို့ ကူညီပေးနေတဲ့ နေရာဖြစ်တစ်ခုဖြစ်ပါတယ်။

သူ့အနေနဲ့ ဘယ်လိုအခက်အခဲတွေကြုံပါစေ အနာဂတ်မှာ ကလေးတွေအတွက် ပိုမိုကြီးမားကျယ်ဝန်းတဲ့ စာသင်ကျောင်း ကြီးတစ်ခုတည်ဆောက်ပေးချင်ပြီး၊သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းသွားနိုင်မယ့် ကလေးတွေ ၊ခေါင်းဆောင်ကောင်းတွေနဲ့ နှလုံးလှ ပရဟိတသမားတွေပေါ်ထွက်လာဖို့ မြေတောင်မြှောက် ပျိုးထောင် သွားမယ် လို့မပူဆူးကပြောတယ်။

“ကျွန်မတို့ရဲ့ အိမ်မက်တွေ တကယ်ဖြစ်မလာခဲ့ရင်တောင်မှ တခြားသူရဲ့အိမ်မက်တွေကို အ‌ကောင်အထည်ဖော်ဖို့ ကူညီပေးနိုင်တဲ့ အခွင့်အရေးဆိုတာ ရှိပါသေးတယ် “လို့မပူဆူးကပြောပါတယ်။

Author:

Related Articles