Home ဆောင်းပါး အနာဂါတ်တွေ မှောင်မိုက်နေကြရတဲ့ ရန်ကုန်မြို့ပြရဲ့ ညတန်ဆာများ

အနာဂါတ်တွေ မှောင်မိုက်နေကြရတဲ့ ရန်ကုန်မြို့ပြရဲ့ ညတန်ဆာများ

နွေဦးမောင်။ ။

မိုးရွာပြီးစ ရန်ကုန်မြို့ရဲ့ လမ်းမတွေဟာ စိုစွတ်နေပြီး လမ်းရဲ့တချို့နေရာတွေမှာ မိုးရေတွေတင်ကျန်လို့ ရေကွက်လေးတွေ ဖြစ်နေပါတယ်။ လူစည်ကားရာနေရာတွေထဲက လမ်းမကြီးတစ်ခုမှာတော့ ယာဉ်အသွားအလာတွေ အနည်းငယ်ထူထပ် နေပါပြီ။

ညနေ ရုံးဆင်းချိန်၊ အလုပ်ကပြန်ချိန်မို့ ရန်ကုန်မြို့ ၊ မရမ်းကုန်းမြို့နယ်ရှိ လမ်းမကြီးတစ်နေရာက ဘတ်စ်ကားမှတ်တိုင်မှာ ကားရပ်စောင့်သူ၊ ဘတ်စ်ကားပေါ် တိုးဝှေ့တက်သွားသူ၊ ကားပေါ်ကဆင်းလာသူ စသဖြင့် ပျားပန်းခတ်မျှ လှုပ်ရှားသွား လာနေကြပါတယ်။

ကားမှတ်တိုင်ရဲ့ မျက်နှာချင်းဆိုင် လမ်းဘေးပလက်ဖောင်းထက်မှာတော့ အမျိုးသမီးငယ်ခြောက်ဦးက လမ်းမကြီးပေါ်ဖြတ် မောင်းသွားတဲ့ ယာဉ်တွေဆီ အကြည့်ရောက်နေကြပါတယ်။ သူတို့ဟာ အသက် ၂၀ ကနေ ၃၀ ကြားရှိတဲ့ အမျိုးသမီးငယ် တွေပါ။

အများစုက စကပ်အတိုတွေဝတ်ထားကြပြီး မျက်နှာမှာ ရောင်စုံမိတ်ကပ်တွေ ချယ်သထားကြပါတယ်။ သူတို့နဲ့တစ်လံ လောက်အကွာမှာတော့ အသက် ၅၀ ကျော် အမျိုးသမီးတစ်ဦး ထိုင်နေပါတယ်။ အမျိုးသမီးကြီးရဲ့လက်ထဲ ထမင်းချိုင့် လေးတစ်လုံးကို ကိုင်လို့ပါ။

သိပ်မကြာလိုက်ဘူး။ သူတို့ရှေ့နား အိမ်စီးကားတစ်စီး ထိုးရပ်လာတာတွေ့ရတယ်။ သည်တော့ အမျိုးသမီးငယ်တွေထဲက ဆံပင်အနက်ရောင် ကျောလယ်လောက်ရှိတဲ့ အမျိုးသမီးတစ်ဦးက ရပ်လာတဲ့ကားဆီ တိုးကပ်သွားတယ်။ ကားပေါ်က အမျိုးသားနဲ့ အဲဒီအမျိုးသမီး ခေတ္တမျှ စကားတီးတိုးပြောဆိုပြီးတဲ့နောက် အမျိုးသမီးဟာ ကားပေါ်တက် လိုက်ပါသွားတယ်။

ကျန်နေခဲ့တဲ့ အမျိုးသမီးငါးယောက်နဲ့ အမျိုးသမီးကြီးကတော့ ပလက်ဖောင်းထက်ဆက်ရှိနေပြီး ဟိုဒီငေးမောလျက်ပါ။ သူတို့ဟာ စီးပွားရေးမြို့တော်ရန်ကုန်ရဲ့ ညအလှကို ခန္ဓာရင်းပြီး တန်ဆာဆင်ကြမယ့်သူတွေပဲ ဖြစ်ပါတယ်။ တနည်း လိင်အလုပ်သမတွေပါ။

စစ်အုပ်စု အာဏာမသိမ်းမီ ကောက်ယူထားတဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ လိင်လုပ်သား ခြောက်သောင်းကျော် (၆၆,၀၀၀)ဝန်းကျင်ရှိတယ်လို့ စစ်တမ်းတစ်ခုက ဖော်ပြပါတယ်။ အခုကာလမှာဆိုရင် လိင်လုပ်သားဦးရေ တစ်သိန်းကျော် ရှိနိုင်တယ်လို့ လိင်လုပ်သား အကူအညီပေးရေးလုပ်ဆောင်သူတွေက ခန့်မှန်းပါတယ်။

လူကုန်ထံတွေ ကျက်စားတဲ့အရပ်
ရန်ကုန်ညတွေရဲ့အလှကို တန်ဆာဆင်ကြမယ့် လိင်လုပ်သားတွေဟာ သူတို့ရဲ့ရပ်တည်ရှင်သန်မှုအတွက် ဈေးကွက်ရှာဖွေ မှုပုံစံတွေ မတူညီကြပါဘူး။ အထက်မှာဖော်ပြခဲ့သလို လမ်းမကြီးပေါ်လှုပ်ရှားသွားလာနေတဲ့ အိမ်စီးကားတွေ မျှော် သူရှိသလို ရန်ကုန်မြို့ရဲ့အထက်တန်းလွှာတွေသာ ကျက်စားလေ့ရှိတဲ့နေရာတွေဟာလည်း လိင်လုပ်သားတွေရဲ့ ဈေးကွက် တစ်ခုအနေနဲ့ ရှိနေပါတယ်။

ရန်ကုန်မြို့ လမ်းမများထက်တွင် အလုပ်လုပ်ရန် စောင့်ဆိုင်းနေကြသည့် လိင်အလုပ်သမများ/Photo: Nway Oo Maung

အဲသည်နေရာတွေထဲက တစ်ခုဟာ ဗဟန်း၊ တာမွေနဲ့ မင်္ဂလာတောင်ညွန့် စတဲ့မြို့နယ်သုံးခု ထိစပ်နေတဲ့ နေရာဟာလည်း တစ်ခုအပါအဝင်ပါ။ အဲဒီနေရာမှာ ရန်ကုန်မြို့ရဲ့ နာမည်ကြီးကလပ်နဲ့ ဘီယာဆိုင်တွေတည်ရှိပါတယ်။

ငွေကြေးပြည့်စုံသူတွေနေထိုင်တဲ့ ရပ်ကွက်တစ်ခုဖြစ်ပြီး စင်တင်တေးဂီတဆိုင်ကြီးတစ်ဆိုင်ရှိတဲ့ လမ်းလေးဟာ လူသိများ ပါတယ်။ လမ်းထဲဝင်လိုက်တာနဲ့ တန်ဖိုးကြီးကားတွေ ဘေးဝဲယာမှာတန်းစီရပ်ထားတာကို တွေ့ရပါတယ်။

ဆိုင်ကို စားသုံးဖို့ရောက်လာတဲ့ ကာစတမ်မာတွေရဲ့ တန်းဖိုးကြီးကားတွေကို ဆိုင်ဝန်ထမ်း လုံခြုံရေးတွေက နေရာချပေးပြီး စီစီရီရီ ရပ်ထားစေပါတယ်။ အချိန်ဟာ ည ၇ နာရီဝန်းကျင် ရှိပါပြီ။ ရန်ကုန်ညတွေရဲ့ထုံးစံအတိုင်း အဲဒီလမ်းလေးထဲမှာ မီးရောင်စုံတွေ၊ ယာဉ်အသွားအလာတွေနဲ့ စည်ကားလျှက်ရှိနေပါတယ်။ ဆိုင်ထဲကနေလွင့်ပြန့်လာတဲ့ တေးဂီတသံသဲ့သဲ့ ဟာ လမ်းမပေါ်ဖိတ်လျှံကျနေပါတယ်။

အဲဒီအချိန် ဆိုင်ရဲ့မလှမ်းမကမ်း လမ်းဘေးပလက်ဖောင်းပေါ်မှာတော့ အလှပဆုံးဝတ်စားဆင်ယင်ထားတဲ့ အမျိုးသမီးငယ် အချို့ ဟိုနားတစ်စု ဒီနားတစ်စုရှိနေတာကို တွေ့ရပါတယ်။ တချို့ နှစ်ယောက်တွဲရပ်နေတာရှိသလို တချို့က သုံးလေး ယောက် စုပြီးရပ်နေကြတာပါ။

သူတို့ထဲက အသက်၂၀ ခန့်အရွယ် အမျိုးသမီးတစ်ယောက်ဟာ သူရဲ့ဂုတ်သားတွေကို ထင်းနေအောင်မြင်နိုင်တဲ့ ကြိုး တစ်လုံးအကျီကို ဂျင်းပင်အကြပ်နဲ့ တွဲဝတ်ထားပါတယ်။ တစ်ခေါင်းလုံးဆံပင်တွေဖွထားတဲ့ သူ့ပုံစံဟာ ခပ်မိုက်မိုက်ပုံစံ ဖြစ်နေပါတယ်။

အဲဒီအမျိုးသမီးငယ်က သူနဲ့အတူရပ်နေတဲ့ အဖော်အမျိုးသမီးတစ်ဦးကို မျက်ရိပ်ပြလိုက်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ သူတို့နဲ့မလှမ်းမကမ်းမှာ တန်ဖိုးကြီးအနက်ရောင်ဇိမ်ခံကားတစ်စီး ထိုးရပ်လာတာကြောင့်ပါ။ ဒါကြောင့် သူ့အဖော် ဟာ လာရပ်တဲ့ အနက်ရောင်ဇိမ်ခံကားကြီးဆီ တစ်လှမ်းချင်းသွားလိုက်ပါတော့တယ်။

“ဈေးကတော့ ညှိနိူင်းဈေးနဲ့လိုက်ရတာများတယ်။ ဒီကာလက ရဲဖမ်းတဲ့နေ့ဆို မလာကြတော့ဘူး”လို့ အနီးအနားမှာ ဈေးရောင်းတဲ့အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

ပြောမယ်ဆိုရင် သူတို့ကျင်လည်တဲ့နေရာဟာ ငွေကြေးတတ်နိုင်သူတွေ သီးသန့်သွားပြီး သောက်စားပျော်ပါး ကြတဲ့နေရာ တစ်ခုပါ။ ငွေကြေးအကုန်အကျများတဲ့ ကလပ်တွေ၊ စားသောက်ဆိုင်ကြီးတွေနဲ့ ဟိုတယ်ကြီးတွေရှိနေတဲ့နေရာတစ်ခုပါပဲ။

ဒါကြောင့် ဆိုင်တွေနား ရပ်စောင့်နေကြတဲ့ အမျိုးသမီးငယ်တွေဟာ ကလပ်အတူတက်ဖို့ခေါ်သူ၊ ဘီယာဆိုင်မှာ အတူထိုင်ဖို့ ခေါ်သူနဲ့ အချို့ကျပျော်ပါးဖို့ခေါ်ရင်လည်း သူ့ဈေးနဲ့သူ လိုက်သွားတတ်ကြတယ်လို့ အဲဒီနေရာနားကဈေးသယ်တွေက ဆိုပါတယ်။

ရန်ကုန်မြို့ လမ်းမများထက်တွင် အလုပ်လုပ်ရန် စောင့်ဆိုင်းနေကြသည့် လိင်အလုပ်သမများ/Photo: Nway Oo Maung

ဝင်ငွေနည်းသူတွေ ကျင်လည်တဲ့အရပ်
လိင်အလုပ်သမတွေရဲ့ နောက်ထပ်ဈေးကွက် တစ်ခုကတော့ အပေါ်ကအခြေအနေတွေနဲ့မတူဘဲ တမူကွဲပြားတဲ့နေရာ လေး တစ်ခုပါ။ သည်နေရာက ရန်ကုန်မြို့ထဲနဲ့ ထိစပ်နေတဲ့ မြို့နယ်တစ်ခု ဖြစ်ပါတယ်။ အများစုဟာအခြေခံလူတန်းစားနဲ့ လူလတ်တန်းစားတွေနေထိုင်ရာမြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။

အဲဒီမြို့နယ်ရဲ့ လမ်းမကြီးတစ်ခုပေါ်မှာတော့ ညအချိန် ကုန်တင်ယာဉ်အများစု သွားလာနေတတ်ပြီး လူအသွားအလာ အနည်းငယ်ပြတ်လေ့ရှိပါတယ်။ ခုလည်း ည ၈ နာရီဝန်းကျင်သာရှိသေးတယ် ကားမှတ်တိုင်မှာ လူသိပ်မရှိတော့ပါဘူး။

အဝတ်အစား ခပ်နွမ်းနွမ်းဝတ်ဆင်ထားတဲ့ အမျိုးသမီးသုံးယောက်သာ ကားမှတ်တိုင်က ခုံတန်းပေါ်မှာ အေးအေးလူလူ ထိုင်နေတာကို တွေ့ရပါတယ်။ သူတို့ထိုင်နေတဲ့နေရာကို လမ်းမီးရောင်ခပ်မှိန်မှိန်လေးကျနေတာကြောင့် သူတို့နှုတ်ခမ်း ပေါ်က နှုတ်ခမ်းနီနီရဲရဲတွေဟာ အနီရောင်ထက် အညိုရောင်ဖက် ပိုသမ်းနေပါတယ်။

သူတိုရဲ့မလှမ်းမကမ်းမှာတော့ တွဲကားတစ်စီးရပ်ထားပြီး ကားပြင်နေဟန်တူပါတယ်။ လုယက်တာတွေ၊ အဖမ်းအဆီးတွေ များပြားတဲ့ဒီကာလမှာတောင် သူတို့ဟာ ဝမ်းတစ်ထွာအတွက်ကလွဲလို့ ဘာကိုမျှ ဂရုမပြုအားကြပါဘူး။ သူတို့ရဲ့ညတွေကို ငွေကြေးနဲ့ ဝါးမျိုတိုက်စားကြမယ့် ပုရိသတွေကိုသာ တမျှော်ထဲ မျှော်နေကြရတာမျိုးပါ။

အခုလက်ရှိ သူတို့ကျင်လည်နေတဲ့အရပ်ဟာ ငွေကြေးအကုန်အကျ များများမတတ်နိုင်ကြတဲ့ ပုရိသတွေရဲ့ စားကျက်လို့ ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ရန်ကုန်ညတွေကို တန်ဆာဆင်ဖို့ သူတို့လိုအမျိုးသမီးတွေကို လာခေါ်ကြသူအများစုဟာ ဟိုတယ်တွေ၊ တည်းခိုခန်းတွေအထိသွားဖို့ မတတ်နိုင်ကြဘူးလို့ အဲဒီအနီးဝန်းကျင်မှာ နေထိုင် သူတွေက မှတ်ချက်ပေးကြပါတယ်။

ဒါကြောင့်လည်း ညရဲ့အလှကိုခံစားဖို့ ဟိုတယ်တွေ၊ တည်းခိုခန်းတွေပေါ်မတက်နိုင်တဲ့အခါ ကုန်တင်ကားတွေဟာသူတို့ရဲ့ ပျော်ပါးရာ နေရာဖြစ်လာတယ်လို့ ဆိုကြပါတယ်။

ခေတ်ပျက်ထဲက ညရဲ့တန်ဆာများ
ရန်ကုန်ညတွေရဲ့ တန်ဆာတွေဖြစ်တဲ့ အမျိုးသမီးငယ်တွေဟာ ခုလိုခေတ်ဆိုးခေတ်ကြပ်ကြီးမှာ ပျော်တော်ဆက်ကြရတာ ဟာ လွယ်ကူလှတဲ့ အခြေအနေတော့လည်း မဟုတ်ပါဘူး။ တစ်ခါတစ်လေ ကံဆိုးတဲ့နေ့တွေဆိုရင် စစ်ကောင်စီ လက် အောက်ခံတပ်သားတွေထံ အခမဲ့ ပျော်တော်ဆက်ရတာမျိုးတွေလည်း ရှိနေပါတယ်။

ပြီးတော့ ကင်းလှည့်တာနဲ့တွေ့ရင် အဖမ်းခံရတာနဲ့ ရင်ဆိုင်ရပြီး ပါလာတဲ့ငွေကြေးလေးတွေကို ရဲတွေဆီပေးလိုက်ရတာ မျိုးတွေလည်း ရှိတတ်ကြတယ်လို့ သူတို့နဲ့နီးစပ်သူတွေက ပြောကြပါတယ်။

ဒါ့အပြင် တရားဥပဒေ စိုးမိုးမှုမရှိတော့တဲ့အချိန်မှာ လူရမ်းကားတွေ ရဲတင်းလာကြပြီး ပြန်လည်တုံ့ပြန်ဖို့ မစွမ်းသာတဲ့ လိင် အလုပ်သမ အမျိုးသမီးတွေကို အနိုင်ကျင့်တာ ၊ ပိုက်ဆံတွေ လုယက်သွားတာနဲ့ နှိပ်စက်သွားကြတာတွေလည်း ရှိတယ်လို့ လိင်အလုပ်သမ အမျိုးသမီးတွေက ဆိုကြပါတယ်။

” ဒီကာလ အလုပ်သိပ်မဖြစ်ကြဘူး။ စားစရိတ်တောင်မတတ်နိုင်တော့တဲ့ အခြေနေ။ နေ့စဉ်အသုံးစားရိတ်ကို ချေးငှား သုံးရတာလည်းရှိတယ်။ ၂၀ တိုးလောက်နဲ့ ချေးကြရတယ်။ ဖောက်သည်များများရတဲ့နေ့ အကြွေးပြန်ဆပ်၊ အဆင်မပြေ တဲ့အခါ ပြန်ချေးပေါ့”လို့ သူတို့နဲ့နီးစပ်တဲ့ အမျိုးသမီးကြီးတစ်ဦးက ရှင်းပြပါတယ်။

ရန်ကုန်မြို့ လမ်းမများထက်တွင် အလုပ်လုပ်ရန် စောင့်ဆိုင်းနေကြသည့် လိင်အလုပ်သမများ/Photo: Nway Oo Maung

ဆိုခဲ့ပါ ရန်ကုန်မြို့ရဲ့နေရာသုံးခုမှာ ဝမ်းတစ်ထွာအတွက် ကျင်လည်နေရတဲ့ အမျိုးသမီးတွေထဲမှာ လူလွတ်တွေပါသလို တချို့က ကလေးမိခင်တွေပါ။ ပုရိသတွေ မျက်စေ့ကျအောင် ဝတ်စားဆင်ယင်ဖို့အတွက် အထည်ငှားရမ်းရတာတွေလည်း ရှိပါတယ်။ တချို့ကတော့ အဖိုးနည်း ဝန်ပါဆိုသလို ဘေထုတ်အသန့်လေးတွေရှာဖွေဝယ်ယူကြတာလည်း ရှိတယ်လို့ ဆိုကြပါတယ်။

စစ်အုပ်စုအာဏာမသိမ်းခင် ကောက်ယူထားတဲ့ စစ်တမ်းတွေအရ သူတို့ရဲ့ တစ်ရက်ဝင်ငွေဟာ ဒေါ်လာ (၆၀)ခန့်ရှိတယ်လို့ သိရပါတယ်။ ပြောမယ်ဆို အဲဒီကာလမြန်ငွေပေါက်ဈေးနဲ့တွက်ရင် ကျပ်ခြောက်သောင်းကနေ ခုနစ်သောင်းဝန်းကျင် ရှိပါ တယ်။

ဒါပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း အခုလက်ရှိအခြေအနေမှာ ပျော်တော်ဆက်ဖို့ခေါ်မယ့်သူ နည်းသွားတာကြောင့် အရင်လို တွက်ခြေမကိုက်ကြတော့ပါဘူး။ တစ်ချို့ဆို နေ့နှစ်ချက်တီးလောက်ထဲက ဖောက်သယ်ရှာလိုက်တာ ည ၉ နာရီ လောက်ထိ ဈေးဦးမပေါက်ဘဲ အဆောင်ပြန်ခဲ့ရတဲ့ရက်တွေလည်း ရှိနေတယ်လို့ လိင်အလုပ်သမားအသိုင်းက ဆိုပါတယ်။

ခုဆိုရင် ပြည်သူတစ်ရပ်လုံးရင်ဆိုင်နေရတဲ့ စီးပွားရေး ကျပ်တည်းမှု၊ ငွေကြေးဖောင်းပွမှုနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေက ရရာလုပ်ပြီး ငွေရှာရတဲ့အဖြစ်မျိုးကို တွန်းပို့နေသလိုဖြစ်လာနေတယ်လို့ ရန်ကုန်မြို့ခံတွေက ညည်းတွားကြပါတယ်။

ရရာလုပ်ကိုင်ကြရာမှာ တချို့က ခိုးဆိုးလုယက်တာတွေ လုပ်လာတယ်။ တချို့လည်း မိသားစုလိုက်နီးပါး တောင်းရမ်းစား သောက်လာကြတယ်။ တချို့ကတော့ ငယ်ရွယ်နုပျိုမှုကိုအရင်းပြုပြီး ဝမ်းစာအတွက် ဘဝကိုရင်းကာ ညတွေကို အလှဆင် ကြရပြန်ပါတယ်။

အဲဒီလိုခန္ဓာရင်းပြီး ရန်ကုန်ညတွေကို အလှဆင်နေရတဲ့အထဲမှာ မမို့မို့(အမည်လွှဲ)လည်း ပါဝင်ပါတယ်။ သူဟာ နယ်မြို့ တစ်မြို့ကဖြစ်ပြီး ဝမ်းရေးအတွက် ရေကြည်ရာမျက်နုရာရှာရင်း ရန်ကုန်မြို့ကို ရောက်လာခဲ့ရသူပါ။ ခုချိန်နယ်ပြန်ပြီးနေမယ် ဆိုပြန်တော့ နယ်မြေတွေမငြိမ်းချမ်းတဲ့အပြင် အလုပ်အကိုင်ရှားပါးတာကြောင့် ပြန်ဖို့အဆင်မပြေပါဘူး။

ဒီလိုနဲ့ မမို့မို့တစ်ယောက် ညတွေကို အလှဆင်ပေးရတဲ့သူ ဖြစ်မှန်းမသိ ဖြစ်လာခဲ့ရတော့တာပါပဲ။ သူ့အဖို့ ရန်ကုန်မှာ အလုပ်လွယ်လွယ်ရှာမရခဲ့ဘူး။ နယ်လည်း မပြန်ချင်ဘူး။ သည်တော့ ပုရိသတွေကို ပျော်တော်ဆက်ရတဲ့အလုပ်ကိုသာ သူ ဆက်လုပ်နေရပါတယ်။

ဒါပေမယ့် ” (ဝင်ငွေ)သေချာတဲ့ အလုပ်လေးရှိရင်တော့ ဒီအလုပ်ဆက်မလုပ်တော့ဘူး”လို့ မမို့မို့က ရင်ဖွင့်လိုက်ပါတော့ တယ်။

Author:

Related Articles