Home ဆောင်းပါး ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲများကြောင့် ဘယ်သူတွေပိုဒုက္ခရောက်နေသလဲ

ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲများကြောင့် ဘယ်သူတွေပိုဒုက္ခရောက်နေသလဲ

dec-1-2016-burma-military-airstrikes-in-mongkoe-in-northern-shan-state

Photo: Kachin News

မလိခ။             ။

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခသည် အမျိုးသမီးများ တွင် လိုအပ်ချက်များရှိနေပြီး ရေရှည်တွင် အခက်အခဲများ ပိုမိုရင်ဆိုင်လာရနိုင်သည်ဟု ကူညီသူ များနှင့် အမျိုးသမီးအဖွဲ့များက ပြောသည်။

ကချင်အမျိုးသမီးအစည်းရုံး(ထိုင်းနိုင်ငံ) – KWAT မှ အထွေထွေအတွင်းရေးမှူး ဒေါ်မွန်းနေလီက “ဒုက္ခသည်စခန်းတွေမှာ အမျိုးသမီးတွေအတွက် သီးသန့်ဘာမှလုပ်ပေးနိုင်တာ မရှိသေးဘူး။ ဥပမာ ကျန်းမာရေးနဲ့ ပတ်သက်လို့ လိုအပ်ချက်တွေ၊ အိမ်သာ၊ သန့်ရှင်းရေးအပိုင်းတွေက အချိန်ကြာလာ ရင် ခက်ခဲလာမယ်။ ကျန်းမာရေးက စိုးရိမ်ရမယ့် အခြေအနေရှိတယ်” ဟုပြောသည်။

“တရုတ်အစိုးရက စားသောက်တာပေးနေတယ်ဆိုပေမဲ့ ကလေးနဲ့ ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက် မိခင်တွေအတွက် ခက်ခဲလာနိုင်တယ်။ အခုဆိုရင် ဆောင်းရာသီဆိုတော့ စောင်တွေ၊ အနွေးထည် တွေ အများကြီးလိုအပ်နေတယ်ဆိုပြီး အကြောင်းကြားလာကြတယ်”

တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ရှမ်းပြည်မြောက်ပိုင်း မုံးကိုး၊ ပန်ဆိုင်း၊ ဖောင်းဆိုင်ဒေသများမှ စစ် ပြေးဒုက္ခသည် သောင်းနှင့်ချီ၍ တရုတ်နိုင်ငံ၊ နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်နေရပြီဖြစ်သည်။

တရုတ်အစိုးရကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်ပြေးဒုက္ခသည် (၁၄၀၀၀) ခန့်သည် တရုတ် နိုင်ငံ၊ မန်ရှီ(Mangshi)နှင့် ဝမ်ဒိန် (Wandin)တို့တွင် ပြန်လည် နေရာချထားပေးကာ အစားအ သောက်များ ထောက်ပံ့ပေးနေကြောင်း တရားဝင် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားသည်။

တရုတ်နိုင်ငံဘက်ခြမ်း ဝမ်တိန်၊ မန်ဆိုင်းနှင့် ဆွေမျိုးများ၏ နေအိမ်တွေ၊ ဘုရားကျောင်းတွေနဲ့ ဒုက္ခ သည်စခန်းတွေ ဆောက်လုပ်ပေးပြီး ၎င်းတို့အတွက် တရုတ်အစိုးရက အစားအသောက်၊ နေထိုင် ရေးနှင့် ကျန်းမာရေးစသည့် ကူညီထောက်ပံ့မှုများပေးနေကြောင်း တရုတ်အစိုးရက ကြေညာထား သည်။

သို့သော်လည်း ဒုက္ခသည်များ ရောက်ရှိနေသောဒေသမှာ ရာသီဥတုအေးလွန်းသည့် ဒေသဖြစ်ပြီး ဆောင်းတွင်းကာလ ရောက်ရှိနေသဖြင့် စောင်နှင့်အနွေးထည်တွေ ပိုပြီးလိုအပ်နေသည်ဟု ဒုက္ခ သည်များက ပြောသည်။

တရုတ်နယ်စပ်၊ လွယ်ယိန်းစခန်းမှာ မိသားစုတစ်စုလျှင် လူဦးရေ(၈)ဦးရှိပါက စောင်(၂)ထည်၊ မိ သားစု(၁၅)ဦးတွင် စောင်(၃)ထည် ထောက်ပံ့ပေးသော်လည်း ယခုအချိန်တွင် ရာသီဥတုအေးလာ သဖြင့် စောင်များလုံလောက်မှု မရှိကြောင်း မုံးကိုးမြို့ရပ်ကွက်(၅)မှ ထွက်ပြေးတိမ်းရှောင်လာသူ ဒေါ်လဘန်ခေါန်ရှောင်က ပြောသည်။

တရုတ်နယ်စပ်၊ လောင်မီကျိန်၊ မန်ဟိန်နှင့်ခလွမ်ပါကျေးရွာရှိ ဆွေမျိုးများနေအိမ်တွေမှာ ခိုလှုံနေ သော ဒုက္ခသည်(၅၀၀)ကျော်အတွက် ယနေ့အထိ အကူအညီမရသေးသဖြင့် အခက်အခဲရှိနေ ကြောင်း ဖောင်ဆိုင်ဒေသ၊ လရှပ်ကျေးရွာမှ ပြောင်းရွှေ့လာသူဒေါ်မရိပ်ဂျာတောင်က ပြောသည်။

“သူတို့ကိုတော့ အောက်လမ်းကနေ ခိုးဝင်လာတယ်ဆိုပြီး မကူညီသေးဘူး။ တခြားဆွေမျိုးတွေရဲ့ နေအိမ်တွေမှာဘဲ နေနေတဲ့လူတွေနဲ့အတူ စာရင်းထဲမှာတောင် မထည့်ထားဘူး” ဟု သူက ပြောသည်။

အခုလောလောဆယ်တွင် အဆင်ပြေနေသော်လည်း အချိန်ကြာလာပါက ဒုက္ခသည်ကလေးငယ် တွေအတွက် အခက်အခဲရှိလာနိုင်တယ်လို့ ဒေါ်မရိပ်ဂျာတောင်က ပြောသည်။

“တရုတ်လူမျိုးတွေက ကလေးတဦးဘဲ မွေးကြတယ်ဆိုတော့ ကျမတို့က တအိမ်မှာ ကလေး(၄)(၅) (၆) ယောက်ရှိတယ်။ အနည်းဆုံးက (၃)ဦးရှိတယ်။ အခုကျမတို့နေတဲ့နေရာတခုမှာတောင် ကလေးက (၆၀)ဦးရှိနေတော့ ပြဿနာက သူတို့ကလေးတွေက နည်းပြီး အဆောင်တွေမှာ ထားလိုက်တော့ တရွာလုံးက တိတ်ဆိတ်နေတာ။ အခုကျမတို့ကလေးတွေက ဆူဆူညံညံနဲ့ လွတ်လွတ်လပ်လပ် ကစားနေကြတော့ သူတို့တွေ စိတ်ဆိုးလာတာတွေရှိတယ်။ အမြန်ပြန်ခိုင်း လိုက်ရင် ကောင်းမယ်ဆိုတာမျိုးတွေ ပြောလာတာတွေရှိတယ်”

အခုချိန်ထိ တရုတ်နယ်စပ်ဘက် စစ်ပြေးဒုက္ခသည်စခန်း(၂၀)ကျော်အထိ ရှိနေပြီဖြစ်ပြီး အများ အားဖြင့် ပလောင်၊ လီဆူ၊ ကချင်စသည့် တိုင်းရင်းသားလူမျိုးများနှင့် တရုတ်လူမျိုးများလည်း ပါဝင် ကြပါတယ်။

ကလေး(၃)ဦးနှင့်အတူ တရုတ်နိုင်ငံ၊ လောင်မင်ကျိန်းသို့ ထွက်ပြေးတိမ်းရှောင်လာသော အသက် (၃၆)နှစ် အရွယ်ဒေါ်မန်ရှန်ဘောမ်လွေက ကလေးတွေရဲ့ပညာရေးအတွက် စိုးရိမ်ပူပန်နေရသလို၊ ခရစ်ယာန်ဘာသာရေးနှင့်ပတ်သက်၍လည်း အခက်အခဲဖြစ်နေတယ်လို့ သူကပြောပါတယ်။

“ဒီမှာက စည်းကမ်းရှိတော့ ကျမတို့အတွက် နည်းနည်းခက်ခဲတယ်။ ဘာသာရေးနဲ့ပတ်သက်လို့ လည်း ဆန်းဒေးစကူးတွေ သင်လို့မရဘူး။ ကလေးတွေ ပညာရေး ဘယ်လိုဖြစ်လာမလဲ စိတ်ပူနေ တယ်” ဟု ဖောင်းဆိုင်ဒေသ၊ အမျိုးသမီးအဖွဲ့အစည်းမှ အထွေထွေအတွင်းရေးမှူးလည်းဖြစ်သူ ဒေါ် မန်ရှန်ဘောမ်လွေက ပြောသည်။

နိုဝင်ဘာလ(၂၀)ရက်မှစတင်၍ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်တပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်လာသဖြင့် ဒေသခံရွာ သားတွေကို တပ်မတော်က ဖမ်းဆီးတာတွေရှိလာတဲ့အတွက် ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းဖြစ် ကြောင်း ဒုက္ခသည်များကပြောသည်။

တိုက်ပွဲဖြစ်ပွားလာပြီဆိုရင် ကလေးတွေနဲ့အမျိုးသမီးတွေ၊ အထူးသဖြင့် ကလေးရှိတဲ့အမျိုးသမီး တွေအတွက် ပိုပြီးဒုက္ခကြုံတွေ့ရတဲ့အတွက် အမှန်တကယ်ငြိမ်းချမ်းလိုတဲ့ဆန္ဒနဲ့ လူထုကို ငဲ့ကြ ဖို့ ကျားမရေးရာတန်းတူညီမျှကွန်ရက် (Gender Equality Network) ဒေါ်မေစံပယ်ဖြူက ပြော သည်။

“ဘယ်လိုအကြောင်းကြောင်းကြောင့်ဖြစ်ဖြစ် စစ်မက်ပဋိပက္ခတွေဖြစ်ရင် ဒုက္ခရောက်ရတာက ပြည် သူတွေ၊ ကလေးတွေ၊ အမျိုးသမီးတွေနဲ့ အထူးသဖြင့် ကလေးရှိတဲ့မိခင်တွေအတွက် သိပ်ကိုဒုက္ခ ရောက်ပါတယ်။ တိုက်ပွဲရက်ကြာရင်ကြာသလို ကလေးတွေနဲ့ အမျိုးသမီးတွေမှာ စားဖို့၊ နေဖို့၊ လုံ ခြုံမှု ရှိဖို့၊ ဖျားနာ၊ နေထိုင်မကောင်းဖြစ်မှာ စိုးရိမ်ရတယ်။ ငြိမ်းချမ်းရေးကို စားပွဲပေါ်မှာ၊ အစည်း အဝေးတွေထဲမှာ၊ စာရွက်ပေါ်နဲ့မီဒီယာတွေထဲမှာ ရှာနေကြတာမျိုးမဟုတ်ပဲ တကယ်ငြိမ်းချမ်းချင်တဲ့ စိတ်အမှန်နဲ့ ပြည်သူတွေဘက်ကိုလည်း ငဲ့ကြပါဦးလို့ လက်နက်ကိုင်ထားကြသူအားလုံးကို ပြော ချင်တယ်”

လတ်တလောအခြေအနေမှာ ဒုက္ခသည်တွေအတွက် လုံခြုံမှုရှိနေသော်လည်း ဒီဇင်ဘာလ(၄)ရက် နေ့ညတွင် မုံးကိုးမြို့ရှိ ၎င်းတို့၏နေအိမ်များကို တပ်မတော်မှလေယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်ခြင်း၊ မီးရှို့ ဖျက်ဆီးခြင်းများရှိသဖြင့် စိတ်မကောင်းဖြစ်နေရတယ်ဟု ဒေါ်လဘန်ခေါန်ရှောင်ကပြောသည်။

“အခုတော့ လေယာဉ်နဲ့လာပစ်တာထက် စစ်တပ်က ကျမတို့အိမ်နဲ့ စပါးပုံတွေကို မီးရှို့တာက ပိုများနေတယ်။ ရပ်ကွက်(၆)ကနေ မီးစရှို့တာ တပ်မတော်က။ အိမ်ပြန်မယ်ဆိုရင်လည်း အိမ်မရှိ တော့ဘူးထင်တယ်။ မီးထဲပါသွားပြီထင်တယ်။ မနေ့ကတညလုံး အိပ်လို့တောင် မရဘူး။ အခုက မုံးကိုးမှာ မြန်မာတပ်တွေ နေနေကြတယ်။ သူတို့က ပြန်လာပါလို့တော့ပြောတယ်တဲ့။ ဒါပေမဲ့ ဘယ်သူမှ မပြန်ရဲဘူး။ ဗုံးတွေထောင်ထားတယ်လို့လည်း ပြောတယ်”လို့ ဒေါ်လဘန်ခေါန်ရှောင်က ပြောပါတယ်။

 

 

Related Articles