Home ဆောင်းပါး အပင်တွေ ပြန်လည် ရှင်သန်စေသူ “အပင်ဆေးရုံ” ပဲ့ကိုင်ရှင်

အပင်တွေ ပြန်လည် ရှင်သန်စေသူ “အပင်ဆေးရုံ” ပဲ့ကိုင်ရှင်

ဒေဝီ။ ။

“အပင်ဆေးရုံ”လို့ ကြားတာနဲ့ အပင်တွေကို ဆေးကုသပေးတဲ့ နေရာလား၊ အပင်တွေက နာမကျန်းဖြစ်တာလား ဆိုပြီး တွေးမိမှာပါ။

အပင်ချစ်သူတွေမှာ အပင်အကြောင်း နားလည်တတ်ကျွမ်းသူ ရှိကြသလို အပင်အကြောင်း မသိသေးသူတွေလည်း ရှိကြပါတယ်။ ကိုယ်စိုက်ပျိုးလိုက်တဲ့ အပင်လေးက ဝေဝေဆာဆာနဲ့ ကြီးထွားလာရင် စိတ်ပျော်ရွှင်ရသလို စိုက်ပျိုးပြီး မရှင်သန်ရင် နှမြောကြတယ်။

ဆိုင်ကနေ ဝယ်ယူသွားပြီးနောက် အပင်လေးတွေ နာမကျန်းဖြစ်တဲ့အခါ တတ်နိုင်သမျှ အပင်လေးတွေ ပြန်လည် ရှင်သန်လာအောင် ပြုစု စောင့်ရှောက်ပေးနေသူတစ်ဦး ရှိပါတယ်။

သူကတော့ Precious Garden အပင်အရောင်းဆိုင်ရဲ့ Founder တစ်ဦးဖြစ်တဲ့ မဝတ်ရည်ပါ။

အပင်စိုက်ပျိုးတာ ဝါသနာပါတဲ့ မိခင်ကြောင့် ငယ်စဉ်ကတည်းက အပင်တွေနဲ့ မစိမ်းတဲ့ မဝတ်ရည်ဟာ ဘွဲ့ရပြီးနောက် အိမ်တွင်းအလှစိုက်အပင် (indoor plant)တွေ စိုက်ပျိုးရင်း အပင်တွေကို ပိုစိတ်ဝင်စားလာတာပါ။

အပင်လေးတွေ ချစ်မြတ်နိုးတဲ့ မဝတ်ရည်တို့ ညီအစ်မသုံးဦးက ဝါသနာကို အကောင်အထည်ဖော်တဲ့ အနေနဲ့ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က သူ့တို့ရပ်ကွက် လမ်းထိပ်မှာ အပင်အနည်းအကျဉ်း ခင်းကျင်းပြီး တပိုင်တနိုင် ရောင်းချခဲ့ကြတယ်။

မဝတ်ရည်တို့ ဖွင့်လှစ်ထားတဲ့ အပင်ဆိုင်လေးက ပျဉ်းမမြိုင်လမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့မှာ တည်ရှိတာပါ။

ဆိုင်ဖွင့်ပြီး လအနည်းငယ်အကြာမှာ ကိုဗစ် ကပ်ရောဂါကြောင့် ဆိုင်ပိတ်ခဲ့ရပြီး အပင်တွေကို နေအိမ်မှာ ထားရှိကာ အွန်လိုင်းကနေ ရောင်းချခဲ့ပါတယ်။ ကိုဗစ်ကာလမှာ လူတွေက အိမ်မှာပဲ နေထိုင်တာများတော့ ဝါသနာပါရာ ရှာဖွေ လုပ်ဆောင်ရင်း အချို့ကလည်း အပင်စိုက်ပျိုးတာကို ပိုစိတ်ဝင်စားလာကြပါတယ်။

အပင်ဝါသနာပါသူတွေက သီးပင်စားပင်တွေသာမက အိမ်တွင်းစိုက်ပျိုးနိုင်တဲ့ အပင်တွေ၊ လေထု သန့်စင်ပေးတဲ့ အပင်တွေ စိုက်ပျိုးကြတဲ့အတွက် သူတို့ လုပ်ငန်းလေးလည်း အရှိန်ရလာတယ်။

အပင်ချစ်သူတွေက မဝတ်ရည်တို့ Precious Garden ကနေ ဝယ်ယူသွားတဲ့အခါ အပင်နဲ့ ပတ်သက်တဲ့ ဆောင်ရန် ရှောင်ရန်တွေကို ရှင်းပြပေမယ့်လည်း အိမ်ရောက်လို့ လက်တွေ့စိုက်ပျိုးတဲ့အခါ နည်းစနစ် မကျွမ်းကျင်တာကြောင့် အပင်တွေက ဝါသွားတာ၊ အရွက်ကျသွားတာ၊ သေသွားတာမျိုးတွေ ရှိပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် သူတို့ဆီက ဝယ်ယူထားတဲ့ အပင်လေးတွေ ကောင်းကောင်းမွန်မွန် မရှင်သန်ဘဲ သေဆုံးတာကို ပြန်ကြားရတဲ့အခါ အပင် ချစ်မြတ်နိုးသူပီပီ မဝတ်ရည်က စိတ်မကောင်းဖြစ်ခဲ့တယ်။

အဲ့ဒီအတွက် သူ့ဆိုင်ကနေ ဝယ်ယူသွားတဲ့ အပင်တွေ မကျန်းမာတဲ့ အခြေအနေ ကြုံတွေ့ရင် ပြန်လည် သန်စွမ်းအောင် ပြုလုပ်ပေးဖို့ စဉ်းစားခဲ့တယ်။

လူတွေဖျားနာတဲ့အခါ ဆေးရုံဆေးခန်းသွားသလို တိရစ္စာန်လေးတွေ ဖျားနာတဲ့အခါလည်း ဆေးရုံဆေးခန်း ပြကြပါတယ်။ ဒီတော့ သက်ရှိဖြစ်တဲ့ အပင်တွေမှာလည်း ဆေးရုံရှိသင့်တယ်ဆိုတဲ့ စိတ်ကူးလေးနဲ့ အပင်ဆေးရုံ ဆိုပြီး အကောင်အထည်ဖော် လုပ်ဆောင်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဆိုင်ကနေ ဝယ်ယူသွားတဲ့ အပင်လေးက မရှင်သန်တော့တဲ့ အရိပ်အယောင်ပြတဲ့အခါ ဆိုင်ကို ပြန်ပို့စေပြီး အကြောင်းရင်း ရှာဖွေကာ အပင်ပြန်လည် သန်စွမ်းအောင် အချိန်ပေးပြီး ပြန်လည် ပြုပြင်ပေးပါတယ်။

“အပင်ဆိုတဲ့ သဘောကလည်း သက်ရှိပဲလေ။ သက်ရှိဆိုတော့ ထိန်းသိမ်းရတာ နည်းနည်းတော့ ဂရုစိုက်ပေးရ တယ်။ ကိုယ့်ဆီက ဝယ်သွားတဲ့ အပင်အားလုံးကို ကောင်းတာတွေ ကျန်းမာတာတွေပဲ ကြားချင်တာပါ”လို့ အသက် ၂၈ နှစ်အရွယ် မဝတ်ရည်က ပြောပါတယ်။

သူတို့ဆီ ရောက်လာတဲ့အခါ အဓိက ပြဿနာက ရေလောင်းတာ အနည်းအများကြောင့် အပင်ဝါပြီး ဖြာကျ လာတာ၊ အမြစ်ပုတ်တာတွေ အဖြစ်များပြီး စိုထိုင်းစများလို့ အပင် မှိုလိုက်တာ၊ ပိုးတက်တာနဲ့ အသုံးပြုတဲ့ မြေကြောင့် မကျန်းမာတာတွေ များတယ်လို့ ဆိုပါတယ်။

အသုံးပြုတဲ့မြေကြောင့် ဖြစ်တဲ့အခါ အိုးအသစ်လဲပြီး အော်ဂဲနစ်မြေ အစားထိုးပေးပါတယ်။ ရေနည်းတာကြောင့် ဖြစ်တာဆို ရေရွှဲအောင် လောင်းပေးရင် ရက်ပိုင်းလောက် ပြန်ကောင်းပြီး ရေလောင်းများလို့ အမြစ်ပုတ်တာမျိုး ဆိုရင်တော့ ကယ်ဖို့ နည်းနည်းခက်ခဲတယ်လို့ ဆိုပါတယ်။

“အဓိက ရေပြဿနာ၊ ရေနည်းတာဆို အပင်က ဖျာကျသွားတာ လန့်သွားတာပေါ့။ မသိတဲ့လူအတွက်ဆို အဲ့ဒီ လိုကြီး ပြိုကျတာ ဘာဖြစ်လို့လဲဆိုပြီးတော့ လာပေးတာတွေ ရှိတယ်”လို့ မဝတ်ရည်က ပြောပါတယ်။

တခါတရံ လက်လွန်ပြီး ရောက်လာတဲ့ အပင်တွေလည်း ရှိပြီး ပြန်လည် ပြုစုပေမယ့် မကယ်နိုင်တော့ဘဲ အပင် သေဆုံး သွားပါတယ်။ အဲ့ဒီအခါ ဝယ်သူက ဒီအပင်အမျိုးအစား ပြန်ဝယ်ချင်တဲ့အခါ ရာခိုင်နှုန်း ပြန်လျှော့ပေးတာတွေ လုပ်ပေးတယ်လို့ ဆိုတယ်။

သူတို့ဆီ ပို့လာတဲ့ နာမကျန်းတဲ့ အပင်တွေကို သေချာ ဂရုစိုက်ပြီး အစာကျွေး၊ အချိန်မှန် ရေလောင်း၊ နေရောင်ပြ၊ အကိုင်းအခက်တွေ ဖြတ်တောက်၊ အားဆေးကျွေးနဲ့ ကျန်းမာသန်စွမ်းမှ အပင်ပိုင်ရှင်ဆီကို ပြန်လည် ပေးအပ်ပါတယ်။

ဝယ်သူတွေမှာလည်း သူတို့လက်ထဲမှာ သေဆုံးတော့မယ့် အပင်တွေကို ဆိုင်က တာဝန်ယူပြီး ရှင်သန်အောင် ပြန်လည် ပြုစုပေးလို့ အကောင်းအတိုင်း ပြန်ဖြစ်လာတဲ့အခါ စိတ်ချမ်းသာပြီး ပျော်ရွှင်ရတယ်ဆိုတာ ပြန်ကြားရတဲ့အတွက် ကျေနပ်ပီတိဖြစ်တယ်လို့ ဆိုပါတယ်။

“ကိုယ့်အပင်က လုံးဝ အခြေအနေ မကောင်းဘူးဆိုပြီး လာပေးကြတာ။ ရောက်တဲ့အခါ အကုန်အဆင်ပြေ ချောမွေ့ပြီး နဂိုအတိုင်း ပြန်ယူသွားရတော့ အကုန်လုံးက သူတို့ရဲ့ ပီတိစားရတာပေါ့”လို့ မဝတ်ရည်က ပြောပါတယ်။

လတ်တလောမှာ သူတို့ဆိုင်က ဝယ်ယူသွားတဲ့ အပင်တွေကိုသာ ပြန်ပြုစုပေးနိုင်ပြီး အခြားက ဝယ်ယူထားတဲ့ အပင်တွေနဲ့ ပတ်သက်လို့ အကူအညီတောင်းတာတွေကိုတော့ ဖုန်းနဲ့ဖြစ်စေ၊ အွန်လိုင်းက ဖြစ်စေ နည်းလမ်း ညွှန်ပြပေးတယ်လို့ ဆိုပါတယ်။

တခါတရံ ဝယ်သူတွေက သူတို့ဆိုင်မှာမရှိတဲ့ အပင်တွေ၊ အပင်ကြီးမျိုးတွေနဲ့ ပတ်သက်ပြီး အကူအညီ တောင်းတဲ့အခါ မဝတ်ရည်တို့က စိုက်ပျိုးရေး ပညာရှင်တွေဆီ မေးမြန်းပြီး လိုအပ်တာတွေကို ပြန်ပြောပြပေးတာမျိုး ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

မဝတ်ရည်က B.E (Civil) နဲ့ကျောင်းပြီးထားပေမယ့် ဝါသနာပါတဲ့အပင် စိုက်ပျိုးရေးနဲ့ ပတ်သက်လို့ အားတဲ့အချိန်တွေမှာ စိုက်ပျိုးရေးနည်းစနစ်တွေ လေ့လာတာတွေ၊ စိုက်ပျိုးရေးပညာရှင်တွေရဲ့ ဟောပြောမှုတွေကို နားထောင်ဖြစ်ပြီး ပြန်အသုံးချဖြစ်တယ်လို့ ဆိုပါတယ်။

“ကိုယ်ဘယ်လောက်ပဲသိသိ၊ ဒီဘက်ကို ရောက်လာတဲ့ အပင်တွေက တစ်ပင်နဲ့တစ်ပင် မျိုးစိတ် မတူဘူးလေ၊ မျိုးစိတ် မတူတော့ ကိုယ်မသိတဲ့ အရာမျိုးတွေဆို ပြန်ရှာပြီး ဖတ်ရတာပေါ့”လို့ ပြောပါတယ်။

ကိုယ်တိုင်ကလည်း အပင်ချစ်မြတ်နိုးသူတစ်ဦး ဖြစ်တာကြောင့် အပင်တွေ ပြုစုထိန်းသိမ်းရာမှာ အခက်အခဲမရှိဘဲ အပင်မျိုးစိတ်တွေ ပိုစုံလင်အောင် တိုးချဲ့သွားဖို့ရှိတယ်လို့ မဝတ်ရည်က ဆက်ပြောပါတယ်။

သီးပင်စားပင် ဖြစ်စေ၊ အခန်းတွင်း အလှစိုက်ပျိုးတဲ့ အပင်ဖြစ်စေ အပင်စိုက်ပျိုးတာက ပတ်ဝန်းကျင်အတွက် ရော လူတွေရဲ့ကျန်းမာရေးအတွက်ရော အထောက်အကူ ဖြစ်စေပါတယ်။

အိမ်မှာ မြေကွက်လပ်ရှိမှ စိုက်ပျိုးကြတာကနေ အခုနောက်ပိုင်းမှာ နေရာ နည်းနည်းရှိပေမယ့် စိတ်ဝင်တစား နဲ့ အပင်တွေ စိုက်ပျိုးလာတာကို အားပေးတယ်လို့ သူက ဆိုပါတယ်။

“ခြံထဲကနေ အိမ်ထဲအထိတောင် ပန်းခြံဖြစ်လာပြီ။ လူတွေက နောက်ပိုင်း ကွန်ပျူတာကြည့်တာတွေ များတော့ နီးစပ်တဲ့ ပတ်ဝန်းကျင်မှာ စိမ်းစိမ်းစိုစိုလေး ထားပေးတာ ကောင်းတယ်။ မျက်လုံးအတွက်ရော ဦးနှောက်အတွက် လန်းဆန်းစေတယ်”လို့ မဝတ်ရည်က ပြောပါတယ်။

ဆိုင်မှာ အပင်လာဝယ်သူတွေကိုလည်း အပင်ရဲ့သဘော သဘာဝ၊ ထိန်းသိမ်း စောင့်ရှောက်နည်း၊ အပင် အားဆေး၊ မှိုဆေး အသုံးပြုနည်းတွေကို သေချာပြောပြပြီး ဝယ်သွားပြီးနောက် ကိုယ်တိုင် ဂရုတစိုက် စောင့်ရှောက်နိုင်အောင် အားပေးဖြစ်တယ်လို့ ဆက်ပြောပါတယ်။

ဝယ်ယူသွားတဲ့ အပင်လေးတွေ တစုံတစ်ရာ မကျန်းမာခဲ့ရင်လည်း အမြဲတစေ အကူအညီ ပေးသွားဖို့ အဆင်သင့်ပဲလို့ မဝတ်ရည်က ဆိုပါတယ်။

Author:

Related Articles