Home ဆောင်းပါး “ဟီးရိုးမေမေများ ”

“ဟီးရိုးမေမေများ ”

သန့်ရှင်းထွန်း။ ။

“ ဒီတွန်းလှည်းက ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက် ကျေးဇူးရှင်ပဲ။ တွန်းလှည်းရဲ့ဘီးတွေ တစ်လိမ့်ချင်းလိမ့်ပြီး ရွေ့လျားနေသလို ကျွန်မဘဝရဲ့အချိန်တွေကလည်း တွန်းလှည်းရဲ့ဘီး ရွေ့လျားတာမှာ ကုန်ဆုံးနေပါတယ် ”

အထက်ပါစကားကို ဆိုလာသူကတော့ ရေတွန်းလှည်းဖြင့် ရေလှည့်ပတ်ရောင်းနေသူ ရေသည်အမျိုးသမီး မညို ညိုခင်ပင်ဖြစ်သည်။

ဘေးနှစ်ဖက်တွင် တာယာဘီးအကြီးနှစ်လုံး၊ အရှေ့ဘက်အလယ်တည့်တည့်တွင် သံဘီးတစ်လုံးနှင့် ၁၀ ပေ ပတ်လည် ရေတွန်းလှည်းပေါ်တွင် ရေနှစ်ဆယ်လီတာခန့်ဆန့်သော အဝါရောင်ကော်ဗူးများကို အစီအရီတင်ကာ ရေလှည့်လှည်ရောင်းချနေသည်မှာ မညိုညိုခင် အပျိုဘဝမှ ယခု သားသမီး သုံးဦးရှိလာသည့် အချိန်ထိပင်။

ရေခပ်၍ ရောင်းရသည့်အလုပ်မှာ မည်မျှပင်ပန်းသည်ကို မညိုညိုခင်တစ်ယောက် ပါးစပ်က ထုတ်ဖော်မပြော သော်လည်း ရေတွန်းလှည်း၏ ရှေ့သံဘီး တွန့်လိမ်နေသည်ကိုကြည့်၍ မှန်းဆနိုင်ပါသည်။

“ ရေက မိုးတွင်းထက် နွေရာသီမှာ ပိုရောင်းရတယ်၊ ရေရောင်းလို့ တစ်ရက်ကို ငွေတစ်သောင်း ခွဲလောက်ရ တယ်။ တစ်ရက်တစ်လေမှာတော့ တစ်သောင်းလောက်ပဲရတယ်”ဟု သူ၏ နေ့စဉ်ဝင်ငွေကို ပြောပြသည်။

အသက် ၃၀ ခန့်သာရှိသည့် မညိုညိုခင်သည် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့၊ မြို့မမြောက်ရပ်ကွက်၊ မြို့ဦးတွင်နေထိုင်သူဖြစ်ပြီး သူများမြေနေရာတွင် အိမ်ငယ်တစ်လုံး ဆောက်ကာနေထိုင်နေခြင်း ဖြစ်သည်။

သူ့တွင် တတိယတန်း သားငယ်တစ်ဦး၊ ပထမတန်း သမီးငယ်တစ်ဦးနှင့် တစ်နှစ်ကျော်အရွယ်သားငယ်တစ်ဦး ရှိသည်။ အိမ်ထောင်ဖက်ဖြစ်သူမှာ အိမ်ထောင်ကျပြီးနောက် မိသားစုအဆင်မပြေသည့်အတွက် တကွဲတပြားစီ ဖြစ်နေသည်မှာ အငယ်ဆုံးသားတစ်သက်ရှိနေပြီဖြစ်သည်။

ထို့ကြောင့် သူသည်သာ အဖေ ၊ သူသည်သာအမေ အဖြစ် သားသမီးသုံးဦးကို ရှာဖွေကျွေးမွေးကာ ရုန်းကန် နေရခြင်းပင်ဖြစ်သည်။

တစ်နေ့တာတွင်မနက်ပိုင်း၌ သားသမီးများစားရန် မုန့်ဝယ်ရခြင်း၊ ကျောင်းသားနှစ်ဦး ကျောင်းတက်အမီ ချက်ပြုတ်ရခြင်းတို့ကို ဆောင်ရွက်ပေးရသည်။ အငယ်ဆုံးသားငယ်မှာ မိခင်၏ ရေတွန်းလှည်းပေါ်တွင် တက်စီး၍ မိခင်နှင့်အတူ ရေခပ်ရန် လိုက်ပါတတ်သည်။

“ မိဘတွေကလည်း နဂိုကတည်းက ဆင်းရဲကြတယ်။ ကြုံရာကျဘမ်းလုပ်စားရတဲ့မိသားစုမို့ ငယ်ငယ်တည်းက ကျောင်းမတက်နိုင်ခဲ့ဘူး။ စာမတတ်တော့ ပင်ပန်းဆင်းရဲတဲ့အလုပ်နဲ့ပဲ ဘဝကို ဖြတ်သန်းနေတယ်” ဟု မညိုညိုခင်က သူ၏ မိဘတွေအခြေနေကို ပြောပြသည်။

မိဘဆင်းရဲ၍ ပညာမတတ်ခဲ့သော်လည်း သူ၏ သားသမီးများကိုမူ ပညာတတ်စေချင်ပြီး သူ့ကဲ့သို့ ပင်ပန်းသည့် အလုပ်ကို မလုပ်ရအောင် ကြိုးစားသင်ကြားပေးမည်ဟု သားသမီးကို ဖြစ်စေချင်သည့်ဆန္ဒကို မညိုညိုခင်က ဖွင့်ဟသည်။

မညိုညိုခင်၏ သားကြီးက “သားကျောင်းမတက်ရတဲ့နေ့တွေဆို အမေရေခပ်တဲ့အလုပ်မှာ ဝိုင်းလုပ်ပေးတယ်။ တွန်းလှည်းကို ဝိုင်းတွန်ပေးပါတယ်” ဟု ဆိုသည်။

မညိုညိုခင်ကို ရေဝယ်သည့် ရပ်ကွက်သူ၊ ရပ်ကွက်သားများက မိုးတွင်းကာလထက် ရေရှားပါးသည့် နွေရာသီ တွင် ပို၍ သတိရတတ်ကြသည်။

မညိုညိုခင် နေထိုင်သောရပ်ကွက်ရှိ လူများမှာ သောက်ရေကို သုံးဖာလုံခန့်ဝေးသည့် တခြား ရပ်ကွက်တစ်ခုရှိ ရေတုံကင်က ခပ်ယူကြရပြီး လျော်ဖွတ်ရန်နှင့် သုံးရေများမှာ မြို့ကဖြန့်ဝေပေးသည့် ကန်တော်ကြီး ရေစုကန်များ ရှိနေသဖြင့် သုံးရေအတွက် လုံလောက်ကြသည်။ ရပ်ကွက်အတွင်းရှိ တစ်ချို့အမျိုးသမီးများက မညိုညိုခင်ကို အားပေးချင်သည့်အတွက် ကန်တော်ကြီးရေကို မသုံးဘဲ မညိုညိုခင်ဆီကရေကို ဝယ်ယူသုံးစွဲကြသည်။

“ရေခပ်တဲ့နေရာက သုံးဖာလုံလောက်ဝေးတယ်။ တစ်ကြိမ်မှာ ရေဗူး ၁၀ လုံးကျော်တင်ပြီး တွန်းနိုင်တယ်။ ရေတစ်ဗူးကို ငါးရာဆိုတော့ တစ်ခေါက်ကို ငွေငါးထောင်ရတယ်။ ဒါပေမယ့်ရာသီဥတု အရမ်းပူတဲ့အချိန်ကျရင် တော့ နဖူးကချွေး ခြေမထိကျတယ်”ဟု မညိုညိုခင်က ဆိုသည်။

မညိုညိုခင်ကဲ့သို့ အမျိုးသမီးတာဝန်အပြင် အမျိုးသားတာဝန်ကိုပါ ထမ်းဆောင်နေရသည့် အမျိုးသမီးတစ်ဦး လည်း ရှိနေသေးသည်။

သူသည်စစ်တွေမြို့နယ် ငတောက်တူကျေးရွာက ဘေးတွဲဆိုင်ကယ်မောင်းသည့် ဒေါ်ချိုမာအေးဖြစ်သည်။ ဘေးတွဲ ဆိုင်ကယ်ကို သာမန်အမျိုးသားအချို့ပင် မောင်းနိုင်ခြင်းမရှိသော်လည်း လုပ်စရာအလုပ်မရှိသည့် ဒေါ်ချိုမာအေး အတွက် ဘေးတွဲဆိုင်ကယ်မောင်းတတ်အောင် သင်ကြားခဲ့ရသည်။

“ ဒီဟာက အမျိုးသားအလုပ်၊ ဟိုဟာက အမျိုးသမီးအလုပ်ဆိုပြီး ခွဲခြားနေရင် ထမင်းတောင် ငတ်မယ်”ဟု ဒေါ်ချိုမာအေးက ဆိုသည်။

ဒေါ်ချိုမာအေး၏ ဘဝသည်လည်း ဘေးတွဲဆိုင်ကယ်၏ ဘီးများ လမ်းပေါ်တွင် ရွေ့လျားနေသလို သူ၏ အချိန် အများစုမှာလည်း လမ်းမပေါ်တွင် အများဆုံး ကုန်ဆုံးနေသည်။

“ ခရီးသည်ကို မောင်းပို့နေတဲ့အချိန် ဆီကုန်သွားတာနဲ့ စက်ရပ်သွားတာကို စိတ်အတိုဆုံးပါ။ တစ်ခါတစ်ခါ စက်နှိုးမရလို့ တွန်းရတာက သာမန်ခွန်အားနဲ့မရနိုင်ပါဘူး”ဟု ဒေါ်ချိုမာအေးက ပြုံး၍ပြောသည်။

ဒေါ်ချိုမာအေးမှာလည်း သားသမီးသုံးဦးရှိပြီး ခင်ပွန်းဖြစ်သူမှာလည်း ကျဘမ်းအလုပ်လုပ်ကိုင်နေသူဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံ၏ လူနေမှုစနစ်၊ ကုန်ဈေးနှုန်းအခြေအနေအရ လစာဝင်ငွေကောင်းသည့်အလုပ်လုပ်ကိုင် နေသူများပင် နှစ်ယောက်လုပ်၍ မလုံလောက်သည့်အနေအထားဖြစ်နေသည်။

ခိုင်ပြည်နယ်တွင်ယခင်ကပင် အလုပ်လက်မဲ့များပြားခြင်း၊ တပ်မတော်နှင့် ရခိုင်တပ်တော်(AA)တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ပြည်နယ်အတွင်းရှိ လက်လုပ်လက်စားများ၏ဘဝများ ခက်ခဲကြမ်းတမ်းနေသည့် အချိန်မှာ ပင် စစ်အာဏာသိမ်းလိုက်ခြင်းက လက်လုပ်လက်စားများ၏ ဘဝကို ပိုမိုခက်ခဲလာစေပါသည်။

စစ်အာဏာသိမ်းလိုက်ခြင်း၏ နောက်ဆက်တွဲပြသနာများမှာ ကုန်ဈေးနှုန်းများ မြှင့်တက်လာခြင်းနှင့် ဆောက် လုပ်ရေး ပစ္စည်းများ အဆမတန်ဈေးတက်လာခြင်းဖြစ်သည်။

စစ်အာဏာမသိမ်းချိန်ကလို လူငါးဦးရှိသည့် မိသားစုတစ်စုတွင် တစ်လလျှင် ငွေသုံးသိန်းခန့်ဝင်ငွေရှိရုံဖြင့် စား သောက်ရေးကို ဖြေရှင်းနိုင်မှုမရှိတော့ချေ။ အာဏာမသိမ်းမှီက ဆီတစ်လီတာကို ၁,၆၀၀ ကျပ်သာရှိသော စားအုန်းဆီမှာ လက်ရှိတွင် ၂,၆၀၀ ကျပ်ထိဈေးမြှင့်နေသည်။

ဆန်အနေဖြင့်လည်း အခြေခံလူတန်းစားများစားသည့် ဆန်တစ်အိတ်ကို ယခင်က တစ်သောင်းငါးထောင်ကျပ်ရှိ ခဲ့ရာမှာယခုအချိန်တွင်ဆန်တစ်အိတ်ကို နှစ်သောင်းကျော်ထိ ဈေးမြှင့်တက်နေသဖြင့် ယခုကာလတွင် မိသားစု များအတွက် စားသောက်ရေးက ပိုမိုကြပ်တည်းလာကြသည်။

“ အရင်တုန်းက လစာထဲက ငွေနှစ်သိန်းလောက် စုနိုင်ပေမယ့်အခုတော့ တစ်ကျပ်မှ မစုနိုင်တဲ့ အနေအထားပါ” ဟု လစာဝင်ငွေ ငါးသိန်းရှိသူတစ်ဦးက ပြောသည်။

ကုန်ဈေးနှုန်းက မညိုညိုခင်အတွက် လက်ရှိစိန်ခေါ်မှုများထဲက တစ်ခုဖြစ်နေသော်လည်း သူ့အနေဖြင့် အဆိုပါ စိန်ခေါ်မှုကို အစီစဉ်ချ၍ ဖြေရှင်းနေသည်။

“ အရင်တစ်ရက်ကို ရေနှစ်ခေါက်တွန်းရင် အခုလိုကာလမှာ သုံးခေါက်တွန်းပြီးရောင်းနိုင်အောင် ဖောက်သည်ရှာတယ်။ ရေဈေးကိုတော့မမြှင့်ပါဘူး။ နောက်တစ်ခုက ရေမတွန်းတဲ့အချိန်တွေမှာ ချောင်းထဲ ဆင်းပြီး ကဏန်းရှာတယ်၊ ဂုံးရှာတယ်။ ရတဲ့ဟာကို အိမ်မှာ ဟင်းစားလုပ်တော့ ဈေးဖိုးက သက်သာ သွားတယ်”ဟု မညိုညိုခင်က ရှင်းပြသည်။

အလားတူစွာပင် ဒေါ်ချိုမာအေးမှာလည်း ဘေးတွဲသုံးဘီးဆိုင်ကယ်စီးမည့် ဖောက်သည်ကို ပိုမိုရှာ၍ ဝင်ငွေ တိုးအောင် လုပ်နေရသည်ဟုဆိုသည်။

“ အရင်တုန်းကတော့ လမ်းမှာထွက်ရင်းတဲ့ စီးမယ့်သူတွေကို လိုက်ပို့တယ် ။ အခုတော့ အဲလိုလုပ်လို့ မရတော့ ဘူး။ မနက်ဖက် ဈေးထွက်မယ့်သူ သုံးယောက်လောက်နဲ့ ကျောင်းသားတွေရှိတဲ့ အိမ်သုံးအိမ်လောက်နဲ့ ချိတ်ပြီးတော့ နေ့တိုင်း အပို့-အကြိုလုပ်ပေးတဲ့ စနစ်ကို ဆောင်ရွက်နေပါတယ်”ဟု သူကဆိုသည်။

သာမန်အမျိုးသားများပင် လုပ်ရန်ခက်ခဲသော အလုပ်များကို ပင်ပန်းကြီးစွာလုပ်၍ မိသားစု ဘဝရပ်တည်ရေး အတွက် ရုန်းကန်နေကြရသာ မညိုညိုခင်နှင့် ဒေါ်ချိုမာအေးတို့က ၎င်းတို့မိသားစုအတွက် စံပြပုဂ္ဂိုလ်များ ဖြစ် နေသလို လေးစားစရာကောင်းနေသည်။

မညိုညိုခင်ဆိုလျှင် အိမ်ပြန်ရောက်သည့်အခါ တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှုများက သူ၏သားသမီးသုံးဦး၏ နှုတ်ဆက် စကားကြောင့် ပြေပျောက်သွားရသည်ဟု ဆိုလေသည်။

မညိုညိုခင် အိမ်ပြန်ရောက်တိုင်း သူမ၏ သားသမီးများနုတ်ဆက်သည့် “ဟီးရိုးမေမေ ပြန်လာပြီ” ဆိုသော စကားများကြောင့်ပင်ဖြစ်လေသည်။

Related Articles