Home ဆောင်းပါး “ရင်သွေးငယ်တွေအတွက် နောက်ထပ် ဒီလိုအဖြစ်ဆိုးတွေ ထပ်မကျရောက်စေချင်ပါ”

“ရင်သွေးငယ်တွေအတွက် နောက်ထပ် ဒီလိုအဖြစ်ဆိုးတွေ ထပ်မကျရောက်စေချင်ပါ”

ဒေဝီ။ ။

ပါးဖောင်းဖောင်းလေးနဲ့ နဖူးပေါ်မှာ သနပ်ခါး ပါးကွက်ညီညီညာညာဝိုင်းထားတဲ့ ချစ်စဖွယ် လသားအရွယ် ကလေးငယ် လေးပေါ်မှာ သေဆုံးသူတွေအတွက် ပြင်ဆင်ထားတဲ့ ထမင်းပန်းကန်တစ်ချပ်ကိုတင်ထားတယ်။

ကလေးရဲ့ ခန္ဓာကိုယ်ပေါ်နဲ့ ဘေးနားမှာတော့ ဘေးကင်းလုံခြုံဖို့နဲ့ ရဲစွမ်းသတ္တိရှိစေဖို့ အယူသဘောနဲ့ ဆောင်တဲ့ ဓား၊ လွယ်ပလိုင်းနဲ့ လေးမြှားတစ်ခု။

နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျဟန်နဲ့ လသားကလေးငယ်တစ်ဦးအဖို့ မနိုးသောအိပ်စက်ခြင်းနဲ့ အိပ်စက်နေတဲ့မြင်ကွင်းက မြင်တွေ့ရသူတိုင်း ရင်ကို ဆို့နစ်ကြေကွဲစေပါတယ်။

မောင်ခွီရှိန်းဘူနိန်လို့ အမည်ရတဲ့ အသက်ခုနှစ်လအရွယ် ကလေးငယ်ကတော့ မိခင်ရင်ခွင်မှာ တီတီတာတာ ဆော့ကစား ရမဲ့အစား အေးစက်တဲ့ မြေပြင်မှာ လဲလျောင်းနေရပါပြီ။

မင်းတပ်မြို့နယ်က စစ်ဘေးရှောင်သူများထဲက တစ်ဦးဖြစ်တဲ့ မောင်ခွီရှိန်းဘူနိန်က မိသားစုနဲ့အတူ စစ်ပွဲတွေကနေ ဘေး လွတ်ရာပြေးရင်း အအေးမိ ဖျားနာကာ သေဆုံးခဲ့ခြင်းပဲဖြစ်ပါတယ်။

တောတောင်ထဲ ပြေးလွှားရင်း ဖျားနာခဲ့ပေမဲ့ ကျန်းမာရေးစောင့်ရှောက်ပေးနိုင်သူမရှိ၊ တိုက်ကျွေးစရာ ဆေးဝါးမရရှိတဲ့ အတွက် မိုးဒဏ်လေဒဏ်ကြား သေဆုံးခဲ့တာဖြစ်တယ်လို့ ကူညီဆောင်ရွက်သူတွေက ဆိုတယ်။

စစ်ပွဲကနေဘေးလွတ်ရာတိမ်းရှောင်ရင်း ဖျားနာသေဆုံးခဲ့တဲ့ ကလေးငယ်တွေက မောင်ခွီရှိန်းဘူနိန်တစ်ယောက်တည်း မဟုတ်ပါဘူး။ စစ်အာဏာသိမ်းပြီး စစ်ကောင်စီတပ်တွေရဲ့ ဖိနှပ်ပစ်ခတ် ရက်စက်မှုတွေကြောင့် စစ်ဘေးရှောင်ရရင်း ဆေးဝါး မရရရှိမှုကြောင့် ကလေးငယ်တွေသေဆုံးရတဲ့ ဖြစ်စဉ်တွေ စစ်ရှောင်စခန်းတွေမှာ ဖြစ်နေကြတာပါ။ ဒါ့အပြင် အဟာရချို့တဲ့မှု နေထိုင်ဆင်းရဲရမှုနဲ့ ကျန်းမာရေး အန္တရာယ်တွေလည်းရှိနေပါတယ်။

မေလတုန်းကလည်း ချင်းပြည်နယ်မင်းတပ်မှာ စစ်ဘေးရှောင်လာတဲ့ ကိုးရက်သားအရွယ် ကလေးငယ်တစ်ဦး မိုးလေတွေ ကြားထဲ အအေးမိဖျားနာရင်း သေဆုံးခဲ့ရပါသေးတယ်။

” စစ်ဘေးရှောင်သူတွေထဲ မိုးဒဏ်လေဒဏ်မခံနိုင်လို့ဆုံးသွားတဲ့ ကလေးတွေရှိတယ် ။ ဒါက လိုင်းပေါ်တက်လာလို့သာ လူတွေသိကြတာ၊ လူတွေမသိဘဲ ပြေးရင်းလွှားရင်း သေဆုံးတဲ့ ဖြစ်စဉ်တွေလည်းရှိတယ်။ ကိုးရက်သားကလေးဆို မွေးတာ မကြာသေးဘူး။ သူတို့ပြေးတဲ့ရက်က မိုးကြီးနေတာ မိုးဒဏ်လေဒဏ်မခံနိုင်လို့ဆုံးသွားတာ” လို့ မင်းတပ်စစ် ဘေးရှောင် တွေကို ကူညီပေးနေတဲ့ ဒေသခံ မဝင်းဝင်း(အမည်လွှဲ) ကပြောတယ်။

ပုံမှန်ချိန်ဆို မိဘရင်ခွင်ထဲ တီတီတာတာ ချွဲနွှဲ့၊ ကျောင်းဝတ်စုံ အဖြူအစိမ်းဝတ်ပြီး စာသင်ခန်းထဲမှာ စာသင်ကြားရင်း အားလပ်ချိန်မှာ အပေါင်းအဖော်တွေနဲ့ ပျော်ရွှင်စွာဆော့ကစားရမဲ့အစား မြန်မာပြည်က ဒေသတစ်ချို့က ကလေးငယ်တွေ ကတော့ မိုးရေကြားထဲ တောထဲတောင်ထဲပြေးလွှား နေရပါတယ်။

စစ်အာဏာသိမ်းမှု နောက်ပိုင်း မငြိမ်မသက်ဖြစ်စဉ်တွေကြောင့် ကရင်၊ချင်း၊ကချင် ၊ကယား စတဲ့ဒေသတွင်းက ဒေသ ခံထောင် သောင်းပေါင်းများစွာက အိုးအိမ်စွန့်ခွာ ထွက်ပြေးရပြီး ဘေးလွတ်ရာရှောင်တိမ်းရင်း နေထိုင်နေရပါတယ်။
စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားရာနေရာတိုင်းက ရွာတွေထိခိုက်တာ လူနေအိမ်တွေဖျက်စီးခံရတာတွေကြောင့် စစ်ဘေး ရှောင်ရတဲ့ လူဦးရေ အရေအတွက်က တစ်နေ့တခြားတိုးလာနေပါတယ်။ ဒီလို စစ်ဘေးရှောင်ရတဲ့ထဲမှာ ကလေးငယ် တွေက ထက်ဝက်နီးပါးခန့်ရှိနေတယ်လို့ ခန့်မှန်းထားကြတယ်။

ပြီးခဲ့တဲ့မေလက မင်းတပ်နဲ့ ကန်ပက်လက်မြို့ အပါအဝင် ကျေးရွာတစ်ချို့တွေမှာ စစ်ကောင်စီနဲ့ ချင်းပြည်နယ် ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲတွေကြာင့် ဒေသခံတွေက စစ်ဘေးကင်းလွတ်ရာရွာတွေကို တိမ်းရှောင် လာကြပါတယ်။

” စစ်ဘေးရှောင်တွေနေတဲ့ camp အနီးမှာလည်း လက်နက်ကြီးကျကွဲတာတွေလည်းရှိတယ်။ နဂိုမင်းတပ်မှာရှိတဲ့စစ် ဘေးရှောင်သာမက ရွာမှာရှိတဲ့လူတွေလည်းစစ်ဘေးရှောင်ရတယ်။ ဒီထဲမှာကလေးဦးရေက အရမ်းများတယ်။ ” လို့ မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းစီမံခန့်ခွဲမှု ကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုလောရန့်ကပြောပါတယ်။
မေလကကောက်ယူထားတဲ့အချက်အလက်အရ စစ်ရှောင်ဦးရေ တစ်သောင်းနှစ်ထောင်ကျော် ရှိရာကနေ ဇွန်လမှာ ဖြစ်လာ တဲ့တိုက်ပွဲတွေကြောင့်နဂိုမူလစစ်ဘေးရှောင်သူတွေရော အသစ်တွေပါ တိုးလာတဲ့အတွက် စာရင်းအတိအကျ မသိနိုင် တော့ဘူးလို့ဆိုပါတယ်။

” အကုန်လုံးက နေရာအတည်တကျမရှိဘဲ ပြေးလွှားနေရဆဲပဲ၊ တစ်ချို့ဆို သုံးကြိမ်မြောက်ရွှေ့တယ်။ တစ်ချို့ ဆို လေးကြိမ် မြောက်ရွှေ့တယ် “လို့ ကိုလောရန့်ကပြောပါတယ်။
မင်းတပ်မြို့မှာ စစ်ဘေးရှောင်လာတဲ့ဦးရေမှာ အမျိုးသမီးနဲ့ အသက်ကြီးသူတွေ၊ ကလေးတွေက အများဆုံးပါ။ ဒီထဲမှာဆို ကလေးက ခြောက်ဆယ်ရာခိုင်နှုန်းဝန်းကျင်လောက်ရှိနေပါတယ်။ အများစုက ၁၀ကျော်သက်အရွယ်တွေနဲ့ ငါးနှစ်အောက် ကလေးတွေပါ။

” အကုန်လုံးက ဘေးလွှတ်ရာပြေးနေတာပေါ့။ တောထဲတောင်ထဲ ပြေးနေရတာ၊ ကလေးတွေကို မိခင်ကျောပိုး ဖခင်ကျော ပိုးနဲ့ပြေးရတဲ့အနေအထားလို့ ” မဝင်းဝင်းကပြောပါတယ်။

နို့စို့အရွယ်ကလေးတွေဆိုလည်း မိခင်နို့ရည်ကလွဲပြီး အခြားဖြည့်စွက်ကျွေးစရာမရှိ၊ အစာစားနိုင်တဲ့ ကလေးဆိုလည်း လူကြီးမိဘတွေ တစ်နိုင်တစ်ပိုင်သယ်ခဲ့တဲ့ အစားအသောက်လောက်ပဲစားနေရတယ်လို့ သူကဆက်ပြောပါတယ်။
စစ်ဘေးရှောင်တွေရောက်သွားတဲ့ရွာတွေမှာ ကလေးသူငယ်တွေအတွက် အထူးဂရုတစ်စိုက် စီစဉ်ပေးဖို့ အဆင့်သင့်မဖြစ် သလို၊ ပြေးလွှားရတဲ့မိဘတွေကလည်း ကလေးသူငယ်တွေအတွက် လိုအပ်တာတွေကို သယ်ဆောင်မသွားနိုင်ပါဘူး။

အစာရိက္ခာ လုံလုံလောက်လောက်မရှိတာတွေအပြင် ဒီရက်ပိုင်းမှာ မိုးကလည်းဆက်တိုက်ရွာနေတော့ စစ်ရှောင်တဲ့ မိသားစုတွေက တောထဲတောင်ထဲမှာ တာလပတ်မိုးပြီး မိုးမလုံရေမလုံနဲ့ နေထိုင်နေရတယ်။ ဒီကြားထဲ ကလေးငယ် တွေကလည်း ခြင်တွေ ၊ကျွတ်တွေ ပုရွတ်ဆိတ်တွေ ကိုက်ခံရတာတွေက အမြဲပဲလို့ မဝင်းဝင်းက ပြောပါတယ်။

” မိုးတောက်လျှောက်ရွာနေတဲ့ကြားထဲ ပလတ်စတစ်မိုးကာလေးနဲ့ ပြေးလွှားရတဲ့ အနေထားမှာ ကျွှတ်လိုသွေးစုတ်ကောင် တွေကလည်းသွေးစုတ်၊ ကလေးတွေကလည်း ချမ်းလွန်းလို့ နှုတ်ခမ်းတွေပြာပြီး တုန်နေတာ ဘာနွေးထွေးမှုမှမရှိဘူး” လို့ မဝင်းဝင်းက သူကြုံတွေ့ခဲ့ရတာကိုပြောပါတယ်။

အစောပိုင်းတုန်းက အနယ်နယ်အရပ်ရပ်က အလှုရှင်တွေ လှုဒါန်းမှုကြောင့် စားနပ်ရိက္ခာတွေ ရခဲ့ပေမဲ့ ဇွန်လဆန်းက တိုက်ပွဲတွေ ပြန်ဖြစ်ပွားပြီး စားနပ်ရိက္ခာပို့တဲ့ လမ်းကြောင်းတွေကိုပါ ဖြတ်တောက်ထားတာကြောင့် လက်ရှိမှာ ဘာအထောက်အပံ့မှ မရရှိတော့ဘူးလို့ စစ်ဘေးရှောင်သူ တွေကို ကူညီပေးနေသူတွေကပြောပါတယ်။

လက်ရှိမှာ အလှုရှင်တွေပို့ထားတဲ့ စားနပ်ရိက္ခာတွေက အတော့်ကို နည်းပါးနေပြီဖြစ်တဲ့အတွက် စစ်ရှောင်သူတွေအတွက် တစ်နေ့နှစ်ကြိမ်စားသောက်ဖို့တောင် ခက်ခဲနေတယ်လို့ ကိုလောရန့်က ဆိုပါတယ်။

photo Credit-မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းစီမံခန့်ခွဲမှုကော်မတီ

အဲ့ဒီထဲက စစ်ဘေးရှောင်နေရတဲ့ ကလေးတွေအတွက် လိုအပ်တာတွေကအများအပြားပါ။ အစာရိက္ခာမပြည့်စုံတာ ၊ သောက်သုံးရေသန့်မရှိတာ၊ ဆေးဝါးနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေမရှိတာ တွေပါ။ ကလေးငယ်တွေအတွက် အသက် အရွယ်အလိုက် ကြီးထွားဖွံ့ဖြိုးစေတဲ့ အစားအသောက်တွေ ဖြည့်စွက်စာတွေ ရရှိနိုင်ဖို့အရေးကြီးပေမဲ့ ရှိတဲ့ရိက္ခာနဲ့ ဝမ်းဝအောင် စားသောက်နေရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာကလေးငယ် သုံးသန်းကျော်ကရေနဲ့သန့်ရှင်းရေးဝန်ဆောင်မှုတွေ လိုအပ်နေပြီး လက်ရှိဖြစ်ပွားနေတဲ့ အကျပ် အတည်းတွေကြောင့် ယင်းဝန်ဆောင်မှုတွေကို ကလေးငယ်တွေရရှိနိုင်ဖို့ ပိုမိုအဟန့်အတားဖြစ်စေနိုင်တဲ့ အန္တရာယ်ရှိ နေပြီး ရောဂါဖြစ်ပွားနိုင်ခြေများလည်း ရှိနေတယ်လို့ ယူနီဆက်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ဘေးရှောင်နေရတဲ့သူတွေထဲ မီးဖွားတဲ့အမျိုးသမီးတွေ မွေးကင်းစနဲ့ ကလေးငယ်တွေ အများအပြားရှိပေမဲ့ ကျန်းမာ ရေးစောင့်ရှောက်သူမရှိ ဆေးဝါးမရှိတာတွေကြောင့် ကျန်းမာရေးဆိုင်ရာ ပြသနာတွေ ကြုံတွေ့နေရတယ်လို့ စစ်ဘေးရှောင် အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။

လက်ရှိမှာလည်း မိုးကဆက်တိုက်ရွာသွန်းနေတော့ မိုးကာလဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါအန္တရာယ်တွေ ကြုံတွေ့ရမှာ စိုးရိမ် တယ်လို့ ရေနှင့်သန့်ရှင်းရေးဆောင်ရွက်နေသည့် Water Aid အဖွဲ့မှ အကြီးတန်းအကြံပေး ပါမောက္ခ ဒေါက်တာ သန်းထွဋ်ကပြောပါတယ်။

ဒါကြောင့် ရာသီအပြောင်းအလဲမှာဖြစ်တတ်တဲ့ ရာသီတုတ်ကွေး၊ အသက်ရှုလမ်းကြောင်းနဲဆိုင်တဲ့ အဆုတ်အအေးမိ ရောဂါ၊ဝမ်းပျက်ဝမ်းလျှော ရောဂါတွေ၊သွေးလွန်တုတ်ကွေးနဲ့ ငှက်ဖျားရောဂါတွေ ဖြစ်လာနိုင်တဲ့အတွက် ဒီအတွက် ပြင်ဆင် တာတွေ လှုဒါန်းတာတွေလုပ်သင့်တယ်လို့ ပြောပါတယ်။

တောတောင်ထဲပြေးလွှားနေရတဲ့ ကလေးတွေကတော့ အန္တရာယ်အမြင့်ဆုံးအုပ်စုထဲကျရောက် နေပြီး စစ်ရှောင်စခန်းလို ယာယီအခြေစိုက်တဲ့ နေရာမှာ နေရတဲ့သူတွေ အတွက်လည်း အဟာရစားနပ်ရိက္ခာ၊သောက်သုံးရေသန့်အပြင် တစ် ကိုယ်ရေ သန့်ရှင်းရေး၊ စခန်းသန့်ရှင်းရေးတို့ကို အလေးထားဖို့ လိုမယ်လို့ ဒေါက်တာသန်းထွဋ်ကပြောပါတယ်။

” ခေတ္တခဏရှောင်ရတဲ့အခါ နေရထိုင်ရတဲ့အပိုင်းနဲ့ စားရသောက်ရတာတွေမှာ အဟာရချို့တဲ့တာတွေလည်း ကြုံလာနိုင် တယ်။ တောထဲပြေးလွှားရတဲ့ကလေးတွေဆို ပိုဆိုးတာပေါ့။ ဖြစ်နိုင်ချေ အမြင့်မားဆုံး အုပ်စုထဲပါသွားတာပေါ့” လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် လက်ရှိမှာ COVID-19 ရောဂါအန္တရာယ်ကရှိသေးတော့ ဒီလိုအစုအဖွဲ့နဲ့နေရတဲ့ကာလမျိုးမှာ ပိုသတိထားဖို့ လိုတယ်လို့ ဒေါက်တာသန်းထွဋ်ကပြောပါတယ်။

ပြေးလွှားပုန်းရှောင်နေရတဲ့ ကလေးတွေမှာ အရွယ်မျိုးစုံပါဝင်နေတဲ့အတွက် အားလုံးကိုဂရုစိုက် စောင့်ရှောက် ဖို့လိုပေမဲ့ မွေးစကနေ ငါးနှစ်အရွယ်ကတော့ပိုပြီး အလေးထား စောင့်ရှောက်ဖို့လိုပါတယ်။ ဒီထဲက အကြီးဆုံးကွက်လပ်ကတော့ ကာကွယ်ဆေးပါ။

မွေးစကနေ ငါးနှစ်အောက်ကလေးတွေက အရေးကြီးတဲ့ ကာကွယ်ဆေးကို မရရှိတာကလည်း စိုးရိမ်စရာ အခြေအနေပါ။ အသက်အရွယ်လိုက်ထိုးနှံသင့်တဲ့ကာကွယ်ဆေးကိုအပြည့်အဝထိုးနှံမှသာ ဘဝတစ်သက်သာကျန်းမာရေးအတွက် စိတ်ချ ရမှာလို့ ဒေါက်တာသန်းထွဋ်က ပြောပါတယ်။

“ သူ့မူလအတိုင်း အပြည့်အဝရသွားမှ တစ်သက်တာလုံး ရောဂါဘေးက ကင်းဝေးသွားမှာ၊ အခုက ပုံစံတကျ စနစ်တကျ တိုက်ကျွေးထိုးနှံရမဲ့ ကာကွယ်ဆေးလုံးဝမရတာ အနုတ်လက္ခဏာပြတယ်” လို့ ဒေါက်တာသန်းထွဋ်ကပြောပါတယ်။

စစ်ဘေးရှောင်တဲ့ကလေးတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေအပြင် စိတ်ပိုင်းဆိုင်ရာ ကုစားမှုတွေလည်း လုပ်ဖို့လို အပ်တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီသူတွေက ပြောပါတယ်။ အာဏာသိမ်းမှု ဖြစ်စဉ်အပြီး ပဋိပက္ခဖြစ်ရပ် တွေကြောင့် ကလေးငယ်တွေက ရုပ်ပိုင်းရော စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်မှုတွေ ကြုံတွေ့နေရပါတယ်။

သူတို့မျက်စိရှေ့တင် စစ်ပွဲတွေကြုံခဲ့ရတာ၊မိဘအမျိုးအဆွေတွေ သေဆုံးတာ နေထိုင်ရာနေရာ တွေဆုံးရှုံးတာတွေကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေလည်း ကြုံရတဲ့အတွက် ဒါတွေလည်း လုပ်ဆောင်ပေးဖို့လိုတယ်လို့ ယင်းတို့ကဆိုပါတယ်။
လက်ရှိမှာတော့ စစ်ဘေးရှောင်သူတွေထဲက အချို့က ဘေးကင်းလုံခြုံတဲ့ ရွာတွေကို ရောက်ရှိသွားပြီဖြစ်သလို အချို့က လည်း တောထဲတောင်ထဲမှာပဲကျန်ရှိနေပါသေးတယ်။

တော်တော်များများကတော့ တောထဲမှာတဲထိုးနေသလို.တောထဲပြေးနေရဆဲဖြစ်ပြီး တိုက်ပွဲဖြစ်မဲ့ အလားလာတွေ ကလည်း ရှိနေဆဲပါလို့ ကိုလောရန့်က ပြောပါတယ်။

စစ်ဘေးရှောင်တွေအတွက် လုံလုံခြုံခြုံနေထိုင်နိုင်ဖို့ Safe Zone လိုနေရာမျိုး လိုအပ်တယ်လို့ဆိုပါတယ်။ ဒ့ါအပြင် လက်ရှိမှာ နဂိုရှိတဲ့ စားနပ်ရိက္ခာတွေ ပြတ်တောက်တော့မှာဖြစ်တဲ့အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကလည်း လိုအပ် နေပါသေးတယ်။

ဒါအတွက်လည်း စစ်ကောင်စီက ပိတ်ဆို့ထားတဲ့ ရိက္ခာပို့တဲ့လမ်းကြောင်းတွေ အမြန်ဆုံး ပြန်ဖွင့်ပေးဖို့ အလျှင်အမြန်လို အပ်နေတယ်လို့ စစ်ဘေးရှောင်တွေကိုကူညီပေးသူတွေက ဆိုပါတယ်။ ဒါမှသာ စစ်ဘေးရှောင်တွေအတွက် လိုအပ်တဲ့ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေရရှိမှာဖြစ်ပြီး မောင်ခွီရှိန်းဘူနိန်တို့လို ကလေးတွေထပ်မပေါ်လာတော့မှာ ဖြစ်တယ်လို့ဆိုပါ တယ်။

Related Articles