Home ဆောင်းပါး တန်ဖိုးကြီးတဲ့တရားမျှတမှု

တန်ဖိုးကြီးတဲ့တရားမျှတမှု

Honest Information (HI)

ကားပေါ်တက်လာတဲ့အချိန်ကနေ ခရီးဆုံးတဲ့အထိ ပအိုဝ်းဝတ်စုံနဲ့ ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ်ဟာ အခြားသူတွေကို စကားတခွန်းတလေမျှမပြောဘဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ လိုက်ပါလာခဲ့ပါတယ်။

သူမရဲ့နှုတ်က စကားသံမထွက်လာခဲ့ပေမယ့် ရင်ထဲမှာတော့ ပြောစရာစကားတွေပြည့်နေပြီး စိတ်လှုပ်ရှား နေတယ်ဆိုတာ မျက်နှာအမူအရာတွေကပြသနေပါတယ်။

ထိုနေ့က ၂၀၂၁ မေလ ၄ ရက်နေ့ဖြစ်ပြီး သူမကို သုံးနှစ်ကျော်ကြာ ခြိမ်းခြောက် မုဒိမ်းမှုပြုကျင့်ခဲ့တဲ့ တရားခံကို နောက်ဆုံးအမိန့်ချမယ့်နေ့လည်းဖြစ်ပါတယ်။

သူမနေထိုင်ရာ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးကနေ တရားရုံးရှိရာ ဆီဆိုင်မြို့ဆီ ထွက်ခွာလာတဲ့ကားဟာ တောင်တန်းတွေကိုဖြတ်ဖောက်ထားတဲ့ လမ်းမပေါ် တရွေ့ရွေ့မောင်းနှင်နေပါတယ်။ တစ်နာရီကျော် နှစ်နာရီနီးပါး သွားရတဲ့ ခရီးတလျှောက်မှာ မှန်ဖွင့်ထားတဲ့ကားတံခါးဝကနေ အပြင်ကိုသာ သူမလှမ်းလှမ်းကြည့်နေခဲ့ပါတယ်။

အမျိုးသမီးငယ်ဟာ နန်းအေး(အမည်လွှဲ) ဖြစ်ပြီး ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်ထဲက ကျေးရွာလေးတရွာမှာ နေထိုင်ပါတယ်။ နန်းအေးဟာ မိသားစု ၆ ယောက်ရှိတဲ့ထဲမှာအကြီးဆုံး သမီးဖြစ်ပြီး မိဘတွေကတော့ တောင်ယာကို အဓိကလုပ်ကိုင်ပြီး အသက်မွေးဝမ်းကျောင်း ပြုကြပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်ခန့်က သူမအသက် ၈ တန်းကျောင်းသူဘဝ ၁၄ နှစ်အရွယ်မှာ ကျေးရွာလူကြီး ခွန်ကျော်လှ ဆိုသူက သူမကို မုဒိမ်းပြုကျင့်ခဲ့ပြီး နောက်ပိုင်းတွေမှာလည်း အခြားသူတွေကို ပြောပြရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားပြီး အကြိမ်ကြိမ် ပြုကျင့်ခဲ့တယ်လို့ နန်းအေးက တရားရုံးကို တိုင်ကြားခဲ့ပါတယ်။

ထိုစဉ်က ဟိုပုံးမြို့နယ်ထဲကပရဟိတကျောင်းတကျောင်းမှာ ပညာသင်နေတဲ့ နန်းအေးကို အဓမ္မပြုကျင့်ခဲ့တဲ့သူဟာ အသက် ၃၀ အရွယ်အိမ်ထောင်သည် သားသမီး ၂ ယောက် ဖခင်တစ်ဦးလည်း ဖြစ်ပါတယ်။

တခြားသူကို ပြောပြလျှင်“သတ်မယ် တာဝန်မယူဘူး”လို့ ခြိမ်းခြောက် ပြောဆိုတာကြောင့် တာဝန်မယူမှာ စိုးရိမ်ပြီး နန်းအေးက မည်သူတစ်ဦးတစ်ယောက်ကိုမျှ မပြောရဲတာ လေးနှစ်နီးပါးရှိခဲ့တယ်လို့ဆိုပါတယ်။

ခွန်ကျော်လှသည် မည်သူကိုမျှ မပြောပြရင် ကျောင်းပြီးတဲ့ အထိစောင့်ပြီး တာဝန်ယူပေါင်းသင်း လက်ထပ်ပါမည်လို့ ကတိပေးထားတာကြောင့် ထိုနှစ်တွေမှာ နန်းအေးဟာ ပတ်ဝန်းကျင်ကသူတို့အကြောင်း သိပြီး ခွန်ကျော်လှက တာဝန်မယူမှာကိုတော့ သူစိုးရိမ်နေခဲ့ပါတယ်။

နန်းအေးကို ကူညီနေသော ပအိုဝ်းအမျိုးသမီးသမဂ္ဂလည်း “ အသက်လည်း မပြည့်သေးတဲ့အချိန်ကတည်းက မုဒိမ်းပြုကျင့်ခံရတာ အခြားသူတွေ သိပြီး တာဝန်မယူမှာစိုးရိမ်ပြီး သူ့ခမျာ ဘယ်လောက်တောင် အကျဉ်းအကျပ်ထဲနေရခဲ့ရမှာလဲ။ ဘယ်လောက်ထိတောင် စိတ်ပင်ပန်းခဲ့မှာလဲ။ ကျောင်းစာကတစ်ဖက်နဲ့ ဘယ်လောက်ထိတောင် စိတ်သောကရောက်နေမှာလဲ”ဟုလည်း ဆိုပါတယ်။

သိုပေမဲ့ ပတ်ဝန်းကျင်က တစတစ သိလာပြီး ၂၀၂၀ ဇူလိုင်လထဲမှာတော့ နန်းအေးက ခွန်ကျော်လှကို တာဝန်ယူဖို့ ပြောခဲ့ပေမယ့် တာဝန်မယူနိုင်ဘူးဟု ငြင်းဆန်တာကြောင့် အရှက်ရသည့်အပြင် သူ့ကြောင့်နဲ့ မိဘမျက်နှာငယ်မှာကို မလိုလားတာကြောင့် ပေါင်းသတ်ဆေးသောက်ပြီး မိမိကိုယ်ကို သေကြောင်း ကြံစည်ခဲ့တယ်လို့ နန်းအေးကပြောပါတယ်။

“အရှက်နဲ့ အသက်ကို လဲလိုက်တာ သေသွားတာဘဲ ကောင်းတယ်”ဟု တွေးမိသောကြောင့် ပေါင်းသတ်ဆေး တစ်ဖုံးစာလောက် သောက်လိုက်တယ်လို့ ကာယကံရှင် အမျိုးသမီးက ဆိုပါတယ်။

ပေါင်းသတ်ဆေးသောက်လိုက်တာကို မိသားစုဝင်တွေက အချိန်မီ သိလိုက်ရသောကြောင့် ချက်ချင်း တောင်ကြီးမြို့ရှိ စစ်စံထွန်းဆေးရုံကို ပို့ဆောင်ခဲ့တာကြောင့် အသက်ရှင်ခွင့်ရခဲ့ပါတယ်။

နန်းအေး ဆေးရုံတက်တဲ့နေ့မှာဘဲ ခွန်ကျော်လှကိုလည်း ဟိုပုံးမြို့မ ရဲစခန်းက ချက်ချင်းသွားရောက် ဖမ်းဆီးထားပါတယ်။

နန်းအေး ဆေးရုံတက်တဲ့ အချိန်မှာလည်း လက်ထဲမှာ ငွေကြေးမပါဘဲ ဆေးရုံကို တက်လာရပါတယ်။ “အဘတို့ဆီမှာက ပိုက်ဆံမရှိတော့ ပွဲစားနားကချေးပြီး တက်လာရတာ လက်ထဲမှာပိုက်ဆံတပြားမှမရှိဘူး” ဟု နန်းအေးရဲ့ ဖခင်က ဆိုပါတယ်။

နန်းအေး ဆေးရုံက ဆင်းပြီးချိန်တွင် ရဲတွေစစ်ချက်ယူပြီး နိုဝင်ဘာလ ၂၀ ရက်နေ့ ဟိုပုံးမြို့နယ် တရားရုံးမှာ ပုဒ်မ ၃၀၉ မိမိကိုယ်ကို သေကြောင်း ကြံမှုနဲ့ နန်းအေး ငွေဒဏ် တစ်သောင်းပေးဆောင်ရပါတယ်။

ပအိုဝ်းလူမျိုး၏ လက်ခံကျင့်သုံးသည့် ဓလေ့ထုံးတမ်းအရ ရွာအပြင်မှာ ခေါ်ထုတ်ပြီး ဖြေရှင်းတာမျိုး လုပ်ကြသလို မုဒိမ်းမှုဖြစ်ပွားမှုကြောင့် ရွာနာသည်ဟု ဆိုကာ ငွေကြေးဖြင့် ကျေးရွာရှိ လူကြီးပုဂ္ဂိုလ် အာဏာရှိသူ၊ လူပျိုအပျိုခေါင်းဆောင်တွေကို လိုက်ကန်တော့ရပါတယ်။

ထိုသို့ ကန်တော့လိုက်ခဲ့လျှင် ကျေးရွာတွင် ပြန်လည်နေထိုင်ခွင့်ပေးကာ ထိုရွာသူ ရွာသားအဖြစ် သတ်မှတ်ကြပါတယ်။

အကယ်လို့ မကန်တော့ခဲ့လျှင် ကျေးရွာကနေ ပစ်ပယ် ဖယ်ကျဉ်ကြတဲ့ ဓလေ့ထုံးတမ်းကို ယုံကြည်လက်ခံ ကြတဲ့အလျှောက် ခွန်ကျော်လှနဲ့ နန်းအေး အပါအဝင် နှစ်ဦးစလုံး ကျေးရွာ၏ လေးဘက်လေးထောင့်ကို ဆေးသည့် အနေနဲ့ တစ်ယောက် ၂ သိန်း ပေးရပါတယ်။

“ ကျူးလွန်တာလည်း ခံရတယ်။ ပိုက်ဆံလည်းကုန်တယ် ဆိုတော့ ဝမ်းနည်းတယ်။ ပိုက်ဆံမရှိလည်း ရှိအောင်လုပ်ရတယ်။ ရှာရတယ် တပူပေါ် တပူဆင့်ဆိုသလိုပဲ ခံစားရတယ်” ဟု နန်းအေးက ဆိုပါတယ်။

နန်းအေးကို ကူညီပေးနေသော ပအိုဝ်းအမျိုးသမီးသမဂ္ဂအဖွဲ့ကလည်း “ကျမတို့နဲ့ ချိတ်ဆက်တယ်။ သိုပေမဲ့ ၂ သိန်းတောင်းတဲ့ ကိစ္စကို ကျမတို့ကို မပြောပြတော့ ပေးပြီးတဲ့အချိန်မှ သိလိုက်ရတယ်။ အမျိုးသမီးအတွက် နှစ်ခါနာတယ် မမျှတဘူး မဖြစ်သင့်ဘူး ကျုးလွန်တဲ့သူဘဲ ပေးသင့်တယ်လို့ မြင်တယ် ”ဟု ဆိုပါတယ်။

လနဲ့ချီကြာမြင့်တဲ့ တရားရုံးစစ်ဆေးမှုတွေအပြီး မေလ ၄ ရက် ၂၀၂၁ ခုနှစ်မှာတော့ ခွန်ကျော်လှကို ဆီဆိုင်မြို့နယ် တရားရုံးက ပုဒ်မ ၃၇၆ ( မုဒိမ်းမှု) နဲ့ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ကျခံစေဖို့အမိန့် ချမှတ်ခဲ့ပါတယ်။

တရားမျှတမှုရှာဖွေခဲ့တဲ့ နန်းအေးဟာ သူကို ကျုးလွန်ခဲ့တဲ့ ခွန်ကျော်လှကို ပြစ်ဒဏ်ချနိုင်ဖို့ တရားရုံးချိန်းကို သွားရတဲ့ခရီးက နီးတဲ့ ခရီးတော့ မဟုတ်ပါဘူး။

သူနေထိုင်ရာကျေးရွာကနေ ဟိုပုံးမြို့ကို ဆိုင်ကယ်နဲ့ တစ်ဆင့် မောင်းလာပြီး တရားရုံးရှိရာ ဆီဆိုင်မြို့နယ်ကို သွားရာတွင် ကားဖြင့် ၂ နာရီကျော်နီးပါးလောက် ထပ်မောင်းရပါတယ်။ ဆီဆိုင်မြို့နယ်ကို ခေါက်သွား ခေါက်ပြန်လုပ်ရတာလဲ ခေါက်ရေပေါင်းမနည်းခဲ့ပါဘူး။

“ ရွာကနေ အမေနဲ့ဟိုပုံးထိ ဆိုင်ကယ်မောင်းလာတယ်။ ပြီးမှ ဆီဆိုင်ကို သွားတာက ကားနဲ့သွားတယ်” လို့သူမကဆိုပါတယ်။

ရုံးချိန်းဆိုပြီး တရားရုံးကို ရောက်လာပြီးမှ ရုံးချိန်းမရှိဖြစ်ဘူး ဟိုရက် ဒီရက်ကျရင် လာခဲ့ပါဆိုပြီး ပြန်ချိန်းတဲ့ အချိန်တွေလည်း ရှိပါတယ်။

Hi သတင်းထောက်အနေဖြင့်လည်း ၃ ကြိမ်လိုက်သွားဖူးခဲ့တာကြောင့် သူ့အခက်အခဲကို မျက်မြင်တွေ့ခဲ့တာ ဖြစ်ပြီး အဲဒီရောက်ခဲ့တဲ့ ၃ ကြိမ်စလုံးလည်း တရားရုံးရောက်ပြီး တရားရုံးရှေ့ ထိုင်ခုံပေါ် ထိုင်ပြီး ၅ မိနစ်အကြာမှသာ ရုံးချိန်းမဖြစ်ဘူး ဆိုပြီးသိခဲ့ရလို့ ပြန်လာလိုက်ရတဲ့ အချိန်တွေကိုယ်တွေ့ကြုံခဲ့တာပါ။

နန်းအေးဟာ ရုံးချိန်းမရှိတဲ့ ရက်တွေဆို မိခင်နဲ့အတူ လုပ်နိုင်ကိုင်နိုင်သော ဘယ်အလုပ်ကို မဆို နေ့စား လိုက်ပါတယ်။ နန်းအေး နေ့စားလိုက်လျှင် တစ်ရက် ၄၀၀၀ ရပါတယ် မိခင်နှင့် အတူတူသွားသောကြောင့် တစ်ရက်ကို ၈၀၀၀ ရပါတယ်။

သားအမိနှစ်ယောက် ရလာတဲ့ လုပ်အားခကို မိသားစုစားဝတ်နေရေး ပြေလည်အောင် စားသောက်နေရပါတယ်။

နန်းအေးတို့ မိသားစု ၆ ယောက်အနက် ယခုလက်ရှိ အိမ်တွင် နန်းအေးတို့ သားအမိသာ နှစ်ယောက်သာ ဝင်ငွေရှိတာဖြစ်ပါတယ်။ နောက်ထပ် ရက်အနည်းငယ်ဆိုရင် နေ့စားမလိုက်တော့ဘဲ ကိုယ်ပိုင် သနပ်ဖက်ခြံကို စတင်ဝင်လုပ်တော့မယ်လို့လည်း ပြောပါတယ်။

“ ရလာတဲ့ ပိုက်ဆံကို အိမ်ကိုဘဲ အကုန်ပေးရတယ် အဆင်မပြေ ပေမယ့် အဆင်ပြေအောင် နေရတာပေါ့” လို့သူကဆိုပါတယ်။

ဒါ့အပြင် နန်းအေးဟာ သူ့ကိုမခံနိုင်အောင် ထိုးနှက်တဲ့စကားတွေ ပြောဆိုကြတာတွေလည်းရှိတဲ့အတွက် တရားရုံးကအမိန့်ချပြီးတာတောင် ကြောက်ရွံ့တုန်လှုပ်မှုတွေရှိတယ်လို့ဆိုပါတယ်။

“ ညီမလေးရဲ့ အဖေကို အောက်လမ်းနဲ့ ပြုစားမယ် ဝေဒနာခံစားရအောင်လုပ်မယ်” လို့သူမကပြောပါတယ်။

နန်းအေးကတော့ လက်ရှိ သူရဲ့ လုံခြုံရေးအတွက် စိုးရိမ်ရတဲ့ အနေအထားရှိသလို အပြင်ထွက်ရင်လည်း သူ့ ကို တစ်ခုခုများလုပ်မှာလား ဆိုတဲ့ စိုးရိမ်မှုနဲ့နေနေရပါတယ်။

နန်းအေးဟာ မိသားစု အတွင်းမှာလည်း စိတ်ပိုင်းဆိုင်ရာ အိမ်တွင်းအကြမ်းဖက်မှုကိုလည်း ခံရပါသေးတယ်။

“ အိမ်ပေါ်ကနေဆင်း နင့်ကြောင့် ပိုက်ဆံအများကြီးကုန်တယ် မျက်နှာငယ်ရတယ်” လို့ ဖခင်ဆီက အဲဒီ စကားတွေနဲ့ အပြောခံရတိုင်း ကိုယ့်ကိုယ်ကို သတ်ပစ်ချင်စိတ်တွေ ဖြစ်ပေါ်လာစေတယ်လို့လည်း ဆိုပါတယ်။

Photo: Kyi Phyu (HI)

“ကျေးရွာအများစုက မုဒိမ်းမူ ကျုးလွန်ခံရတဲ့ အမျိုးသမီးတွေကို နှစ်သိမ့်အားပေးစကားမပြောကြဘဲ အတင်းပြောမယ် ဖယ်ကျဉ်ကြတာကများတယ် သူတို့နဲ့ မဆိုင်ဘူး ဒီတိုင်းနေကြတာများတယ်”ဟု ပအိုဝ်းအမျိုးသမီးသမဂ္ဂအဖွဲ့ ဆိုပါတယ်။

နန်းအေးကတော့ သူ့ကို ကျုးလွန်ခဲ့တဲ့သူကို ဖြစ်နိုင်ရင် ထောင်ထဲမှာဘဲ တသက်လုံးစေချင်ခဲ့ပေမဲ့ မြို့နယ်တရားရုံးက ချမှတ်နိုင်တဲ့ အမြှင့်ဆုံးပြစ်ဒဏ် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ပါတယ်။

“ ရွာသူကြီးဘဲဖြစ်ဖြစ်၊ အာဏာဘယ်လောက်ဘဲ ရှိရှိ ဒီလိုမတရားမှုကို ကျုးလွန်ခံရပြီဆိုရင် ရှက်စရာဆိုပြီး ဒီတိုင်းတိတ်တိတ်လေးမနေပါနဲ့ တိုင်တန်းပါ ဥပဒေတွေနဲ့ ပတ်သက်တာ မသိခဲ့ဘူးဆိုရင် အမျိုးသမီးတွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ရှေ့ဆက်ပါလို့”လည်း ဆိုပါတယ်။

ကျေးရွာသူကြီးကို တရားပြန်စွဲနိုင်တဲ့အတွက်ကြောင့် “အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်လို့ရတယ်၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်လို့ရတယ် သူတို့ဘာမှ မပြောရဲမှာ လုပ်ရဲမှာ မဟုတ်ဘူး ဆိုပြီး အမျိုးသမီးကို အကြမ်းဖက်ကြတယ် ဒီရွာသူကြီးကို ပြန်တရားစွဲနိုင်တဲ့အတွက်ကြောင့် ကျေးရွာမှာ ရှိနေတဲ့သူတွေကို သင်ခန်းစာရတယ်လို့ မြင်တယ်” ပအိုဝ်းအမျိုးသမီးသမဂ္ဂက တာဝန်ရှိသူက ဆိုပါတယ်။

ဒီဖြစ်စဉ်ကို ကြားသိရတဲ့ သူတိုင်း အမျိုးသမီးအကြမ်းဖက်မှုကို လျော့လာနိုင်တယ်လို့ မြင်တယ် ကျေးရွာသူကြီးဘဲဖြစ်ဖြစ် ၊ ဘယ်သူဖြစ်ဖြစ် အမျိုးသမီးအပေါ် မတရားကျုးလွန်သူတိုင်း တရားဉပဒေနည်းလမ်းနဲ့ သွားလို့ ရတယ်လို့လည်း ပအိုဝ်းအမျိုးသမီးသမဂ္ဂက ဆက်ဆိုပါတယ်။

နန်းအေးရဲ့ တရားမျှတမှုအတွက် ဦးဆောင်ပေးသော သူရဲ့ ရှေ့နေကလည်း “ ကိုဗစ် ၁၉ ရောဂါဘဲရှိရှိ ရုံးချိန်းတိုင်းကို အစ်မအတတ်နိုင်ဆုံး လိုက်သွားဖြစ်တယ် လိုက်တာကြောင့် တဖက်ကလည်း လုပ်ချင်တာ လုပ်လို့ မရဘူး ။ ဆီဆိုင်က ကိုယ်ဒေသမဟုတ်တော့ နိုင်ငံရေးအခြေအနေကြောင့် ရုံးချိန်းရှိလို့ သွားရမယ်ဆိုရင် လမ်းခရီးရဲ့ အခြေအနေကို ကြိုတင်စုံစမ်းထားရတယ်”ဟု ဆိုပါတယ်။

ဒီလိုကျောင်းမဖွင့်သေးတဲ့ အချိန်တွေမှာတော့ ရရာ ပိုက်ဆံသွားရှာပြီး စာသင်ကျောင်း ပြန်ဖွင့်တဲ့ အချိန်တွေကျရင်တော့ နန်းအေး ၁၀ တန်း ပညာရေးကို ပြီးမြောက်အောင် ဆက်လက်သင်ယူချင်တယ်လို့ ဆိုပါတယ်။

“ မြို့တွေမှာ အလုပ်လုပ်ချင်တယ် စက်ချုပ်တတ်ချင်တယ် ရွာမှာနေရတာ အရမ်းမျက်နှာငယ်ရတယ် ပညာရေးကိုလည်း ပြီးဆုံးတဲ့အထိလည်း သင်ချင်တယ်”လို့ သူမရဲ့စိတ်ကူးအိပ်မက်တွေကို ပြောပါတယ်။

Related Articles